လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

သာဓုခေါ်ကြောင်း ကောင်းမှုမင်္ဂလာ (၁)

07 May 2012

ကျနော်ဟာ အင်မတန် ကံကောင်းတဲ့ လူတစ်ယောက်လို့ ကိုယ့်ဖာသာကိုယ် ယုံကြည်တယ်။ ဘာလို့လဲ ဆိုတော့ ကျနော်ရဲ့ မိဘအသိုင်းအဝိုင်းကြောင့် ကျနော်ဟာ ငယ်ငယ်ကတည်းက ဘာသာရေးနဲ့ မဝေးခဲ့လို့ပါ။ ကျနော်ရဲ့ မိသားစုကြီး (မိဘတင်မက အဘွား၊ ဦးလေးအဒေါ်ရဲ့ မိသားစုတွေ အားလုံးပေါင်းပြီး) ထဲမှာ တစ်နှစ်ကို အလှူကြီးတွေ သုံးလေးကြိမ်လောက်တော့ နှစ်စဉ် ကြုံကြရတယ်။ နှစ်ပတ်လည် ဆွမ်းကပ်ကြတာ အများဆုံးပဲပေါ့။ ဒီတော့ ကျနော်က ငယ်ငယ် ကတည်းက ဘာသာရေး လိုက်စားရတာ ဝါသနာပါလာခဲ့တယ်။ လူမှုရေးလည်း ကျနော် လိုက်စားပါတယ်။ ဘာလို့လဲဆိုတော့ ကျနော့် အဖေက စီးပွားရေးသမားဆိုတော့ ခရီး ခဏခဏ ထွက်တယ်။ ဒီတော့ အဖေ့နာမည်နဲ့ တပ်ပြီး အလှူ ဖိတ်တာတို့ မင်္ဂလာဆောင် ဖိတ်တာတို့ဆို ကျနော်ပဲ သွားရတယ်။ ဒီတော့ ကျနော်ဟာ မိဘရဲ့ ကျေးဇူးတော်ကြောင့် ငယ်ငယ်ကတည်းက ဘာသာရေးနဲ့ လူမှုရေး လိုက်စားတတ်တဲ့ အထုံ ဝါသနာလေး ပါလာတာပေါ့။ နာရေးကျတော့ ကျနော် သိပ်မသွားဘူး။ ကျနော်က မျက်နှာကို မွေးရာပါ ရှုံ့ထားလို့ မရတဲ့ လူတစ်ယောက်ပါ။ ဒါကြောင့် ကျနော်က အသုဘရှုဆို ဘယ်တော့မှ မသွားဘူး။ အမျိုးအိမ်က လွဲလို့။ (ဘာမှ ကောင်းကောင်းကန်းကန်း မကျွေးလို့လည်း ဖြစ်နိုင်တယ်နော်။) ရက်လည်တို့၊ နှစ်ပတ်လည်တို့တော့ မရောက်အရောက် သွားတယ်။ ဒီလိုပေါ့ဗျာ။ ကျနော်က အတွေးသမားမို့လို့ ထင်တယ်။ ဘယ်သွားသွား ဘာလုပ်လုပ်  တွေးစရာတွေ ရရ နေတတ်တယ်။

ဗုဒ္ဓဘာသာဝင်တွေ အားလုံးလိုလို သိကြပါတယ်။ ကျနော်တို့ အလှူလုပ်ပြီးတိုင်းမှာ ရေစက်ချကြတယ်။ ရေစက်ချပြီးရင် အမျှဝေတယ်။ အမျှဝေတော့ အားလုံးက လိုက်ပြီး သာဓု ခေါ်တယ်။ ငယ်ငယ်က "သာဓုခေါ်တာ ဘာလုပ်တာတုန်း" ၊ "အမျှဝေတယ်ဆိုတာကော ဘာလုပ်တာတုန်း" လို့ မေးကြည့်ဖူးတယ်။ လူကြီးမိဘတွေက ရှင်းပြပါတယ်။ "အမျှဝေတယ် ဆိုတာကွာ ကိုယ်လုပ်ထားတဲ့ ကုသိုလ်ကောင်းမှုကို ဝေလိုက်တဲ့ သဘောပေါ့။ သာဓု ခေါ်တာကျတော့ အဲဒီ ဝေထားတဲ့ အမျှကို လက်ခံယူလိုက်တဲ့ သဘောလေ" တဲ့။ လူကြီးတွေက ရှင်းတော့ရှင်းပါတယ်၊ ဒါပေမယ့် ကျနော်က မလင်း။ 
  1. ကိုယ်လုပ်ထားတဲ့ ကုသိုလ်ကောင်းမှုကို သူများဆီ ဒီအတိုင်း ဝေပစ်လိုက်လို့ ရသလား။
  2. ဝေလိုက်ရင်ကော ကိုယ့်ဆီကဟာ ကိုယ်ပိုင်ထားတဲ့ဟာက လျှော့မသွားဘူးလား။ (မုန့်ဝေသလိုပေါ့)
  3. တစ်ဘက်သူကကော သူများဝေတဲ့ ကုသိုလ်တွေကို "သာဓု သာဓု သာဓု" ခေါ်ပြီး လက်ခံတယ် ဆိုတော့ အဲဒီလို သာဓု သုံးကြိမ် ခေါ်လိုက်ရုံနဲ့ ရသွားသလား။
  4. ရတယ် ထားဦး။ တခြားသူက အဲဒီ ကုသိုလ်ကို ပင်ပင်ပန်းပန်း လုံ့လစိုက်ပြီး လုပ်ထားရတယ်။ ကိုယ်ကတော့ သာဓု သုံးကြိမ် ပေါ့ပေါ့ပါးပါး ခေါ်ပြီး ကုသိုလ်ရှင်နဲ့ ထပ်တူ ယူသွားတယ်ဆိုတော့ နည်းနည်းများ မတရားဘူးလား။ (သာဓုခေါ်လျှင် အမျှဝေသူ ကုသိုလ်ရှင်နှင့် ကုသိုလ် ထပ်တူရသည်)
.... လား၊ .... လား၊ လားပေါင်း များစွာနဲ့ ပေါ့။ ကျနော် ငယ်ငယ်က မေးခွန်း များများ မေးတတ်ပါတယ်။ ဒါကြောင့် အရစ်ရှည်တယ် ဆိုတဲ့ ဘွဲ့၊ လျှာရှည်တယ် ဆိုတဲ့ ဘွဲ့၊ အတွန့်တက်တယ် ဆိုတဲ့ ဘွဲ့တွေကို တစ်ဦးတည်း ပြိုင်ဘက်မရှိ ဆွတ်ခူးထားခဲ့တယ်။ သားသမီးတွေ၊ လူငယ်တွေ မေးတဲ့ မေးခွန်းတွေကို လူကြီးတွေ ဖြေနိုင်အောင် ကြိုးစားထားသင့်တယ်လို့ ကျနော်တော့ ထင်တယ်။ နောက်ပြီး မဖြေနိုင်ရင်လည်း ရှက်ရမ်းရမ်းပြီး ကလေးကို ပစ်ပစ်နှစ်နှစ် ပြောပစ်မယ့်အစား၊ မသိဘူးလို့ ဝန်ခံရဲတဲ့ သတ္တိတွေ၊ ငါလေ့လာရဦးမယ်ဆိုတဲ့ စိတ်နဲ့ အဖြေရှာချင်တဲ့ ဆန္ဒတွေလည်း ရှိဖို့ လိုအပ်လိမ့်မည်။ ကျနော် အခု လူကြီး ဖြစ်လာတော့ ဒါတွေ ပိုပြီး သတိထားမိလာတယ်။ ကိုယ် ငယ်ငယ်က ကိုယ့်ကိုယ်တွေ့အတိုင်း နောင်လာမယ့် လူငယ်တွေကို မဖြစ်စေချင်ဘူး။ သိသလောက် ပြောပြချင်တယ်။

ဒါတွေက ကျနော် ငယ်ငယ်က အတွေးတွေ၊ မေးခွန်းတွေပါ။ ကျနော့် ဘဝမှာ မေးခွန်းတွေ အတော်များများကို ဂလုဂလုနဲ့ မျိုချခဲ့ရပေါင်း မနည်းပါဘူး။ ဘယ်လောက်ပဲ မျိုချမျိုချ၊ ကျနော်ရဲ့ အတွင်း အဇ္ဈတ္တ မှတ်ဉာဏ်ထဲမှာ ကိန်းအောင်းနေတော့ စိတ်တိုင်းကျတဲ့ အဖြေကို မရမချင်း တစ်သက်လုံး အဖြေရှာနေဦးမှာပဲ။ ဒီမေးခွန်းတွေကိုလည်း ကျနော် မသိလိုက် မသိဖာသာ အဖြေရှာနေခဲ့မိတယ်။ ဘာသာရေး စာအုပ်တွေ အတော်များများ ဖတ်လာဖြစ်တော့ အဲဒီ မေးခွန်းရဲ့ အဖြေတွေကို အလိုအလျောက်ပဲ ရှာဖွေနေခဲ့တယ်။ သိလာတဲ့ အသိတွေကလည်း တဖြည်းဖြည်းနဲ့ နက်ရှိုင်းလာတော့ လိုချင်တဲ့ အဖြေအတွက်က ပိုပိုပြီး ပုံပေါ်လာတယ်။ ရေးရေးပေါ်လာတဲ့ အချိန်မှာ ကိုယ်သိသလောက် အားလုံးကို ဝေမျှချင်တဲ့ ဆန္ဒနဲ့ ဒီပို့စ်ကို ရေးပါတယ်။ တကယ်လို့ ကိုယ့်ထက် ပိုသိတဲ့သူ ရှိရင်လည်း ဝေမျှပေးပါ။

ကုသိုလ်ကောင်းမှုကို အမျှဝေတဲ့ ကိစ္စ ပြောမယ်ဆိုရင် မပြောမဖြစ်တဲ့ အကြောင်းက ကောသလမင်းကြီးရဲ့ အကြောင်းပါ။ ကျနော်တော့ ငယ်ငယ်က ကောသလမင်းကြီး ဆိုတာနဲ့ မျက်လုံးထဲ မြင်မြင်ယောင်လာတာက အစားအသောက်တွေကို သဖြဲနှဖြဲ စားနေတဲ့ လူဝကြီးတစ်ယောက်ပဲ။ အင်မတန်မှ အစားအသောက် သောင်းကျန်းတဲ့ ဘုရင်လို့ လူသိများကြတယ်။ နောက်ပိုင်း စာတွေဖတ်မှ သိလိုက်ရတာက အင်မတန်မှ သံသယကြီးတဲ့ ဘုရင်၊ ဘာသာရေးနဲ့ နိုင်ငံရေးအရ ကိုးကွယ်တဲ့ ဘုရင်။ (ဒါ ကျနော့် အမြင်ပါ) မြတ်စွာဘုရားကို အမေးအမြန်း အထူဆုံး ဘုရင်၊ ဒါကြောင့်လည်း ကောသလမင်းကြီးကို အကြောင်းပြုပြီး ဟောတဲ့ တရားတွေက အများဆုံးပဲ။ ဒါပေမယ့် အသိခေါက်ခက် အဝင်နက်တဲ့ ဘုရင်၊ မြတ်စွာဘုရားဆီ မကြာခဏ သွားပြီး တရားတော့ နာပါရဲ့ အိပ်ငိုက်နေတဲ့ အချိန်တွေကပဲ များနေတယ်။ စိတ်လိုလက်ရ မဟုတ်ဘဲ ဂုဏ်ပကာသန အရပဲ လှူတတ်တဲ့ ဘုရင်။ ဘုရားရှင် သက်ရှိထင်ရှား ရှိစဉ်မှာ အကြီးကျယ် အခမ်းနားဆုံး အလှူကို ကောသလမင်းကြီးက လုပ်ခဲ့တာ ဆိုပေမယ့် အားလုံးဟာ ဂုဏ်ပကာသနကို အရင်းခံတာ တွေ့ရတယ်။ ဘုရားရှင်ကို ကြည်ညိုလို့ ဆိုတာကတော့ ပါတာပေါ့လေ။ ပြောချင်တာက တရားသိလို့ လှူတာ မဟုတ်ဘူး၊ ကြွားချင်လို့ လှူတာပါ။ အဲဒီလို ဘုရင်။ ဒါပေမယ့်လည်း သူ့ ကျေးဇူးကြောင့် ကျနော်တို့တတွေ ဘုရားရှင်ရဲ့ တရားတော် အတော်များများကို ကြားနာခဲ့ရတာပါ။

ကျနော့်အထင် ပြောရရင် ကောသလမင်းကြီးရဲ့ သက်တမ်းတလျှောက်မှာ အလှူအတန်း လုပ်တာ အတော်လေး နည်းပုံရတယ်။ ဘုရင်တစ်ယောက်အနေနဲ့ ပြောတာပါ။ နောက်ပြီး အနာတပိဏ်တို့၊ ဝိသာခါတို့၊ ဗိမ္မိသာရမင်းတို့၊ အဇာတသတ်မင်းတို့နဲ့ ယှဉ်လိုက်ရင် ဘာမှ မပြောပလောက်တော့ဘူး။ ဘာလို့ အဲသလို ပြောသလဲဆို အကြောင်း ရှိပါတယ်။ ကောသလမင်းကြီး အလှူအတန်းလုပ်ပြီးတဲ့ ညကြီးတစ်ညမှာ မင်းကြီး အိပ်ပျော်ခိုက် သူ့နန်းဆောင်နားက ဆိုးဆိုးရွားရွား မကောင်းဆိုးဝါး အော်သံတွေ ကြားရလို့ လန့်နိုးပြီး အိပ်မရတော့ဘူး။ ဒါနဲ့ သူ ဘုရားရှင်ကို အဲဒီအကြောင်း မေးလျှောက်တယ်။ မြတ်စွာဘုရားက မိန့်တော်မူတယ်။ "အဲဒါ တခြားသူတွေ မဟုတ်ဘူး။ ဒကာတော်မင်းကြီးရဲ့ ဟိုးလွန်လေပြီးသောဘဝတစ်ခုက ဆွေမျိုးတွေပဲ။ သူတို့ရဲ့ မကောင်းမှုကံကြောင့် ပြိဿာဘဝ ဖြစ်နေခဲ့တာ ကြာပြီ။ သူတို့မှာ ဆင်းရဲ ပင်ပန်းလွန်းလို့၊ ကုသိုလ်တွေ ဝေမျှမယ့်သူ မရှိလို့ ခက်ခက်ခဲခဲ ရှင်သန်နေကြရတာ။ သူတို့မှာ မျှော်စရာ ဆိုလို့ သူများဝေမျှမယ့် ကုသိုလ်ပဲ ရှိတယ်။ နောက်ပြီး အဲဒီလို ဝေမျှပေးမယ့်သူ ဆိုလို့လည်း အသင် ဒကာတော်မင်းကြီးပဲ ရှိတယ်။ သူတို့မှာ ဘဝပေါင်း အရာအထောင်ချီပြီး ဒကာကြီးရဲ့ အမျှအတန်းကို မျှော်လင့်ခဲ့ကြရတာပါ။ ဒါပေမယ့် ဒကာတော်ကတော့ အမျှဝေဖို့ မေ့လျော့နေခဲ့တယ်။ ဒါကြောင့် သူတို့မှာ မျှော်လင့်တဲ့အတိုင်း မဖြစ်ခဲ့လို့ စိတ်ပျက်ငြီးငြူပြီး အော်ဟစ်နေကြတာပါ" လို့ မြတ်စွာဘုရားက မိန့်ကြားတော်မူတယ်။ ဒီစကားတွေကို ကြားတော့ ကောသလမင်းကြီးဟာ သူတို့ကို အမျှဝေပေးဖို့ ဆိုပြီး အလှူအတန်းကြီး တစ်ခု ထပ်လုပ်ပါတယ်။ နောက်ပြီး အဲဒီ ဆွေမျိုးပြိဿာတွေကို အမျှအတန်း ဝေပေးလိုက်တယ်။ သူုတို့ရသွားပုံပဲ။ ထပ် မအော်ကြတော့ဘူး။ ဒါက ဘုရားရှင် လက်ထက်တော်က အဖြစ်အပျက်လေးပါ။ သိပ်မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ ကိုယ်တွေ့ အဖြစ်အပျက်လေးကိုလည်း တင်ပြပါရစေ။

အချိန်ကတော့ နံနက် ၉ နာရီ ကျော်ကျော်လောက် ဖြစ်မယ်။ ဘုန်းကြီးကျောင်း တစ်ကျောင်းထဲကို လူငယ်သုံးယောက်နဲ့ လူကြီးနှစ်ယောက် ဝင်လာတယ်။ အဲဒီအထဲမှာ အမျိုးသမီး ငယ်လေးတစ်ယောက်ကို သူ့ဘေးနားက အမျိုးသမီး နှစ်ယောက်က တွဲခေါ်လာတယ်။ ကျနော်က ခပ်လှမ်းလှမ်းက ဆိုတော့ နေမကောင်းလို့ တွဲလာတယ် အောက်မေ့တာ။ အနီးနားရောက်လာမှ သတိထားကြည့်လိုက်တော့ စောန အမျိုးသမီးလေး ကြည့်ရတာ နုံးချိနေတဲ့ ပုံမျိုး။ နောက်ပြီး တစ်မျက်နှာလုံး ရွှဲစိုလို့ ငိုနေဆဲ။ ဒါပေမယ့် ထူးခြားတာက သူ့ မျက်လုံးတွေ၊ ငိုနေပေမယ့် အားငယ်တဲ့ပုံ မရဘဲ စူးစူးရဲရဲကြီး။ အလိုမကျ မကျေနပ်လို့ ဂြိုဟ်ပေးတဲ့ မျက်လုံး။ တရှုံ့ရှုံ့ငိုလိုက်၊ ပတ်ဝန်းကျင်ကို ဘုကြည့်ကြည့်လိုက်နဲ့။ အင်မတန်မှ ထူးဆန်းနေတော့ ကျနော်လည်း မလှမ်းမကမ်းကနေ ငြိမ်ကြည့်နေတယ်။ အခု လာတဲ့ လူတွေရဲ့ လက်ထဲမှာ ဘုန်းကြီးတွေကို လှူဖို့ မုန့်တွေလည်း ပါလာတယ်။ ဆရာတော်က အကျိုးအကြောင်း မေးကြည့်လိုက်တယ်။ အဖြစ်မှန်က ဒီလို။ စောနက ငိုယိုပြီး နေမကောင်းပုံ ပေါက်နေတဲ့ ကလေးမလေးက အဲဒီမနက် ရေချိုးဖို့ ဆိုပြီး ရေကန်ကို သွားတယ်။ ရေကန်ကနေ ပြန်ရောက်တော့ ပုံပန်းအမူအရာက ပြောင်းနေပြီ။ ဒါကြောင့်လည်း သူတို့ ဘုန်းကြီးကျောင်းကို ခေါ်လာခဲ့ကြတယ်။ တကယ်တော့ အဲဒီ ကလေးမကို မကောင်းဆိုးဝါးတစ်ကောင်က ဝင်ပူးထားနေပြီ။

ဆရာတော်အရှေ့ ရောက်တော့လည်း စောနက ကလေးမက အရှေ့မှာ ထိုင်ပြီး ငိုလိုက်၊ ဘုရှိုးရှိုးလိုက်၊ ငိုလိုက်နဲ့လေ။ သူ တစ်ချက် တစ်ချက် ကြည့်လိုက်ရင် ကြက်သီးထစရာ။ ဒါပေမယ့် ထူးဆန်းတာက အဲဒီ ကလေးမကို ဝင်ပူးနေတဲ့ မကောင်းဆိုးဝါး (ဗုဒ္ဓစာပေအရဆိုရင် ပြိဿာ ဒါမှမဟုတ် အညံ့စား နတ် ပေါ့) က ဒုက္ခပေးချင်တဲ့ အမူအရာတော့ မပြဘူး။ တကယ်တော့ သူက အကူအညီ တောင်းနေတာပါ။ သူ့ ပါးစပ်ကနေတောင်းတဲ့ အကူအညီက ဒီလို။ သူ့နာမည် အေးကြည်မတဲ့။ သူ အသက် ၅၃ နှစ် (အတိအကျ မမှတ်မိတော့) မှာ သေခဲ့တယ်။ သူ အဲဒီ ရေကန်နားမှာ နေနေတာ ဆယ်နှစ် မကတော့ဘူးတဲ့။ သူတို့ (ပြိဿာ) ဘဝတွေ အင်မတန်မှ ကြမ်းတမ်းပင်ပန်းပါတယ်တဲ့။ သူတို့ တစ်နေ့တစ်နေ့ အစားအသောက်လည်း ဝဝလင်လင် မစားရဘူး။ သူတို့ကို အုပ်ချုပ်တဲ့ ခေါင်းကလည်း အလုပ် တအားခိုင်းတယ်။ သူတို့မှာ အစားစားချိန်တောင် ကောင်းကောင်း မရပါဘူးတဲ့။ တစ်နေ့တော့ သူ သူ့ရဲ့ အလုပ်သမားခေါင်းကို ဘာတောင်းဆိုသလဲဆိုတော့ သူ အမဲသား စားချင်တယ်တဲ့။ သူရဲ့ ခေါင်းကလည်း တောင်းခွင့်ပြုလို့ ဖြစ်ပါလိမ့်မယ်။ ဒီတော့ သူ့ အလုပ်သမားခေါင်းက  ခွင့်ပြုပါတယ်။ တစ်နေ့တာ စားခွင့်ပေါ့။ သူစားဖို့ အမဲသားလည်း ရတယ်။ ဒါပေမယ့် သူ ပြုထားတဲ့ ကံပဲ ပေါ့။ သူ အဲဒီ အမဲသားကို စားလို့ မရဘူး။ သူ့ အလုပ်သမားခေါင်းက သူ့ကို ကောင်းမှုလုပ်ပြီးမှ စားလို့ ရမယ် ပြောတယ်။ ဒါကြောင့် သူက လူတစ်ယောက်ကို ဝင်ပူးပြီး ကောင်းမှု လာလုပ်တာပါတဲ့။ ဒီတော့ စဉ်းစားစရာက အဲဒီအပူးခံရတဲ့ သူက လုပ်တဲ့ ကုသိုလ်ကို ဝင်ပူးနေတဲ့ အေးကြည်မ က ဘယ်လိုလုပ်ပြီး ရမလဲ။

အေးကြည်မ ခမျာ အတိတ်က အကုသိုလ်ကံကြောင့် ပြိဿာဘဝ ရောက်ရပေမယ့် သူ ကံကောင်းတဲ့ အချက်က သူ ကုသိုလ်ဘယ်လို လုပ်လို့ရမလဲ သူ သိတယ်။ သူ့အနားမှာ ကုသိုလ်လုပ်စရာ အလှူခံ ပုဂ္ဂိုလ်တွေ ရှိနေတယ်။ အဓိက ကတော့ ဒီလို လုပ်ရကောင်းမှန်း သိတာပဲ။ သူရဲ့ အဖြစ်စုံကို ငိုယိုပြီး ဘုန်းကြီးကို လျှောက်ပါတယ်။ ဆရာတော်က မေးတယ်။ ဒါဆို နင်က ကုသိုလ်လိုချင်လို့ပေါ့ ဆိုတော့ မူလအသံ ပျောက်ပြီး အသံအောအော၊ အက်အက်ကြီးနဲ့ ဟုတ်တယ် ဟုတ်တယ် လို့ အားရပါးရ ပြန်ဖြေတဲ့ အသံကို အခုထိ ကြားယောင်နေမိတုန်းပဲ။ နောက်ပြီး သူက ဘုန်းကြီးကို လျှောက်တယ်။ "ငါက အဲဒီ ကုသိုလ်ရမှ အမဲသား စားလို့ရမှာလေ" ဆိုတာကလည်း ပါလိုက်သေးတယ်။ "ငါ အမဲသား စားမှာနော်၊ ငါ အမဲသား စားမှာနော်" လို့လည်း မကြာခဏ ရေရွတ်နေရဲ့။ ဒါနဲ့ ဘုန်းကြီးတွေက ပရိတ်ကလေးဘာလေး ရွတ်ဖတ်ပြီး ရေစက်ချ အမျှပေးဝေ လိုက်တယ်။ အေးကြည်မက အသာတကြည်ပဲ။ အပြင် လူခန္ဓာက ပရိတ်နာတယ်။ ရေစက်ချတယ်။ အမျှဝေတယ်။ နောက်ဆုံး အေးကြည်မက သာဓု ခေါ်လိမ့်မယ် ထင်တယ်။ အားလုံး ပြီးသွားတဲ့ အချိန်မှာ အဲဒီ ကလေးမလေးကို နင့်နာမည် ဘယ်လို ခေါ်သလဲလို့ မေးလိုက်တော့ ရောက်စက အေးကြည်မလို့ ဖြေရာကနေ အခုတော့ သူ့နာမည်အရင်းကို ဖြေရှာပါပြီ။ သဘောက အေးကြည်မ အမဲသားစားဖို့ ထွက်သွားပုံရတယ်။

ဒီအဖြစ်အပျက်ကို ကြည့်ပြီး ကျနော်အတွက် ပညာ ရစရာတွေ များပါတယ်။

  • ပြိဿာတွေဟာ ကျနော်တို့ရဲ့ ပတ်ဝန်းကျင်မှာ ရှိနေကြတာပါ။ ဒါပေမယ့် ကျနော်တို့ မမြင်နိုင်၊ မသိနိုင်ဘူး။
  • သံသရာကြီးတလျှောက်မှာ ကျနော်တို့ ဘဝပေါင်းများစွာ ဖြစ်ခဲ့ရပြီ။ အဖေပေါင်းများစွာ၊ အမေပေါင်း များစွာ၊ အမျိုးပေါင်းများစု တော်ခဲ့ရပြီ။ ဆက်ခဲ့ရပြီ။ အဲဒီလို တွေးလိုက်ရင် ကျနော်တို့ အနားမှာ နေနေတဲ့ ပြိဿာတွေဟာ ကျနော်တို့ရဲ့ အမျိုးတွေပဲပေါ့။ သူတို့ ဒုက္ခ ခံစားနေကြရတယ်။
  • အဲဒီ ပြိဿာတွေဟာ ဆင်းဆင်းရဲရဲနဲ့ သူတို့ရဲ့ ဘဝကို ဖြတ်သန်းနေကြရတယ်။ ပင်ပင်ပန်းပန်းပဲ။
  • သူတို့မှာ ကုသိုလ်ပြုချင်တာတောင် ကုသိုလ်ပြုစရာ မရှိ၊ ကုသိုလ်ပြုခွင့် မရှိတော့ လူတွေကို အားကိုးရတယ်။
  • မကောင်းဆိုးဝါး ဝင်ပူးရင် ကြောက်တာတော့ ကြောက်ကြမှာပဲ။ ဒါပေမယ့် အကူအညီ လိုနေတဲ့ သူတွေမို့ ကူညီပေးနိုင်ဖို့ ကျနော်တို့ ကြိုးစားသင့်တယ်။
  • အရေးအကြီးဆုံး အချက်က သူတို့မှာ ကောင်းမှုကို ရစရာ အခွင့်အလမ်းဆိုလို့ သာဓု ခေါ်ဖို့ပဲ ရှိတယ်။
  • ဒါကြောင့် ကျနော်တို့ ကုသိုလ်လုပ်ရင် မကျွတ်မလွတ်သေးတဲ့ ဒုက္ခိတ သတ္တဝါတွေကို ရည်ရွယ်ပြီး မမေ့မလျော့ အမျှဝေသင့်တယ်။
  • ကျနော်အတွက် ထွက်လာတဲ့ မေးခွန်းတစ်ခုက အဲဒီ အေးကြည်မဟာ လူသားတစ်ယောက် ဖြစ်တဲ့ စောနက ကလေးမလေးကို ဘယ်လို ထိန်းချုပ်ခဲ့သလဲ။ အဲဒါကို အများစုက ဝင်ပူးတယ်လို့ သုံးကြတယ်။ လောကအခေါ်အဝေါ်မို့ ကျနော်လည်း ဝင်ပူးတယ်လို့ပဲ သုံးခဲ့တယ်။ ဒါပေမယ့် ဗုဒ္ဓစာပေတွေ အထိုက်အလျောက် လေ့လာပြီးတဲ့နောက်မှာ ဝင်ပူးတယ်ဆိုတဲ့ ဝေါဟာရကို လက်ခံလို့ မရတော့ဘူး။ ရုပ်နဲ့ နာမ်၊ နှစ်ခုပဲ ရှိတဲ့ လူတစ်ယောက်အထဲကို နောက် နာမ်တစ်ခု ဝင်လာဖို့ ဆိုတာ မဖြစ်နိုင်သလို၊ နဂိုနာမ်ခန္ဓာကို မဆိုင်တဲ့ နာမ်ခန္ဓာတစ်ခုက အစားထိုး ဝင်ရောက်တယ်ဆိုတာလည်း လက်ခံလို့ မရဘူး။ လက်တလော လက်ခံထားတဲ့ အဖြစ်နိုင်ဆုံး အဖြေကတော့ ဝင်ပူးတယ်ဆိုတာ တခြား ရုပ်ခန္ဓာတစ်ခုကို အဝေးကနေ လှမ်းထိန်းချုပ်တာပဲ ဖြစ်မယ်။ ဘယ်လိုလုပ် ထိန်းချုပ်လို့ ရမလဲ။ ကျနော် မသိဘူး။ အဖြေရှာဆဲပဲ။ ဘဝင်ကျလှတဲ့ အဖြေတော့ မဟုတ်ပါဘူး။ 
(ဆက်ရန်)