လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။
ပညာရေး ရှုမြင်ကွင်း (၃)
01 May 2012
"အရွယ်ရောက်နေတဲ့ သားသမီးတွေကို အိမ်ပြန်လာခွင့်ပေးတဲ့ သတ္တဝါဆိုလို့ လောကမှာ လူ တစ်မျိုးပဲ ရှိတယ်။"
ဆိုတဲ့ နိုင်ငံခြား အဆိုအမိန့်လေးတစ်ခု ကျနော် ဖတ်ဖူးတယ်။ ဒါက ဘာကို အဓိက ရည်ညွှန်းချင်သလဲ ဆိုတော့ လူတွေမှာ ရှိတဲ့ မိဘရဲ့ မေတ္တာပေါ့။ မိဘရဲ့ မေတ္တာ ကြီးမားပုံ၊ အကန့်အသတ်မဲ့ပုံကို တခြား သတ္တဝါတွေနဲ့ နှိုင်းပြလိုက်တယ်လို့ နားလည်မိတယ်။ ကျနော့အနေနဲ့ ပြောရရင် မိဘမေတ္တာ အင်မတန်မှ ကြီးမားပါတယ် ဆိုတာကို နည်းနည်းလေးမှ သံသယ မရှိပါဘူး။ မိဘတွေ သားသမီးတွေအပေါ်မှာ ထားတဲ့ ချစ်ခြင်းကို ဘယ်တုန်းကမှ ပေါ့ပေါ့တန်တန် မတွက်ခဲ့ဖူးဘူး။ ဒါပေမယ့် ကျနော် သံသယရှိနေတာက မိဘတွေဟာ ကိုယ့်သားသမီးကို ချစ်ပါတယ်လို့ အားရပါးရ ခံယူထားကြပေမယ့် တကယ်ကော ချစ်တတ်ရဲ့လား ဆိုတာကို အင်မတန် သံသယ ရှိပါတယ်။ အထူးသဖြင့် ကျနော်တို့ နိုင်ငံမှာ နေထိုင်ကြတဲ့ မြန်မာမိဘတွေပေါ့။ သူတို့ တကယ်ကော သားသမီးအပေါ်မှာ ချစ်တတ်ရဲ့လား။ တစ်ခါတလေ သူတို့ ချစ်တယ်ဆိုတာက ကိုယ့်ကိုယ်ကို ချစ်တာ နည်းနည်း ပိုနေသလားလို့ပဲ။ ကျနော် အဲဒီလို ပြောရတာ အကြောင်း ရှိပါတယ်။ ကိုယ်တွေ့လေးပေါ့။
၂၀၁၂ ခု မတ်လ ကုန်ပိုင်းက ကျနော်ဟာ အင်မတန်မှ ခေါင်တဲ့ ရွာတစ်ရွာကို ရောက်ခဲ့ပါတယ်။ အဲဒီရွာမှာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်တာကြောင့် ကူညီပေးဖို့ ရောက်ခဲ့ခြင်းပါ။ အဲဒီရွာက မန္တလေးတိုင်း၊ ပဲခူးတိုင်း နဲ့ မကွေးတိုင်း တိုင်းသုံးတိုင်း ဆုံတဲ့ နေရာနားမှာ ရှိပါတယ်။ ခေါင်ဆို လွန်ခဲ့တဲ့ ငါးနှစ်လောက်ကမှ ရွာကလူတွေ မော်တော်ကားကို မြင်ဖူးကြတယ်ဆိုပဲ။ ရွာမှာ မူလွန်ကျောင်းတစ်ကျောင်း ရှိတယ်။ ရွာကလူကြီး ပြောပြချက်အရ သူတို့ မူလွန်ကနေ အလယ်တန်းကျောင်း ဖြစ်ဖို့ ကြိုးပမ်းကြပေမယ့် ကျောင်းအုပ်ဆရာက သဘောမတူလို့ မအောင်မြင်ဘူးတဲ့။ သူတို့ ကြိုးစားခဲ့တာ လွန်ခဲ့တဲ့ (၇) နှစ်ကပေါ့။ ဒီတော့ ရွာက ကလေးတွေက ကိုယ့်ရွာမှာ ကိုယ် ကျောင်းတက်ပြီး အတန်းကုန်ရင်တော့ ရွာမှာပဲ လယ်လုပ် နွားကျောင်းနဲ့ အချိန် ကုန်ကြရတယ်ပေါ့။ ပိုက်ဆံ တတ်နိုင်တဲ့ မိဘတချို့ကတော့ အနီးနားမှာ ရှိတဲ့ ရွာကြီးမှာ ကျောင်းသွား ထားကြတယ်။ အဲဒီ ရွာကြီးက စောနရွာထက် မဝေးလွန်းပေမယ့် နွေလမ်းပဲ ရှိတယ်။ မိုးကျလို့ လမ်းလျှောက်ရရင် ရွံ့ထဲ နွံထဲ (၂) နာရီ လောက်သွားရတော့ အထက်တန်းကျောင်းရှိတဲ့ ရွာမှာပဲ ညအိပ်ညနေ ကျောင်းတက်ကြရတယ်။ ဒီတော့ တော်တန်ရုံပဲ တတ်နိုင်တဲ့ မိဘတွေဆို ကျောင်း ဘယ်ထားနိုင်မလဲ။ ဒါနဲ့ သူတို့ လူကြီးကို မေးကြည့်မိတယ်။ နေပါဦး ခင်ဗျားတို့ ကျောင်းအုပ်က ဘာလို့ သဘောမတူတာလဲ လို့ မေးလိုက်တယ်။ အခု လက်ရှိ ကျောင်းအုပ်က ပညာအရည်အချင်း အများကြီး မရှိတော့ အစိုးရ သက်မှတ်ချက်အရ အလယ်တန်းကျောင်းအုပ် လုပ်လို့ မရဘူးတဲ့။ သဘောက တကယ်လို့ အလယ်တန်းကျောင်း ဖြစ်သွားပြီဆိုရင် လက်ရှိကျောင်းအုပ်က ကျောင်းဆရာ လုပ်ချင်လုပ်၊ မလုပ်ချင်ရင် တခြား မူလတန်းကျောင်းတစ်ကျောင်းမှာ ကျောင်းအုပ်သွားလုပ်ပေါ့။ ဒါကြောင့်လည်း အဲဒီ ကျောင်းအုပ်က သူ့စီးပွားရေး တုတ်နဲ့ ထိုးခံနေရတော့ လွယ်လွယ်နဲ့ လက်သင့်မခံဘူး။ တကယ်တော့ သူလက်သင့်မခံပေမယ့်လည်း ရွာအနေနဲ့ လုပ်ချင် လုပ်လို့တော့ ရပါတယ်။ ဒါပေမယ့် ရွာက အရိုးခံတွေဆိုတော့ တခြားသူ တစ်ဦးတစ်ယောက်ကိုလည်း မထိခိုက်စေချင်တာတစ်ကြောင်း၊ ကျေးဇူးရှင် ဖြစ်နေတာက တစ်ကြောင်းမို့ အတင်းအကြပ် မတောင်းဆိုကြတော့ဘူး။ ဒါပေမယ့် ရွာအတွက် ကံကောင်းတယ် ပြောရမှာပါ။ ကျောင်းအုပ်ဆရာကြီးက အခုတော့ စိတ်ကောင်းဝင်လာပြီး အလယ်တန်းကျောင်း လျှောက်ပေးလိုက်တာ လာမယ့်စာသင်နှစ်ကစပြီး အလယ်တန်းကျောင်း ဖြစ်တော့မယ်လို့ သိရတော့ အဲဒီ ကျောင်းအုပ်ကြီးကို သာဓုခေါ်မိပါတယ်။ အများအကျိုးကို သူ ဦးစားပေးလာနိုင်တဲ့ သတ္တိကြောင့်ပါ။
အဲဒီရွာရဲ့ ပညာရေးနဲ့ ပတ်သက်ပြီးတော့ ဝမ်းနည်းစရာတွေကလည်း ရှိနေသေးရဲ့။ ယဉ်ကျေးလိမ္မာ ဗုဒ္ဓစာပေ အခြေခံလေးတွေ သင်ပေးတာဆိုတော့ ကလေးတွေ တအား ငယ်နေလို့လည်း မတော်ဘူးလေ။ ဒီတော့ (၅) တန်း တက်မယ့် ကလေးတွေကို အောက်ထစ်ထားပြီး သင်ပေးရတယ်။ လာတက်တဲ့ ကလေးတွေက စုစုပေါင်း (၁၁၃) ယောက် ရှိတယ်။ သင်တန်းက စုစုပေါင်း (၁၀) ရက်မှာ (၈) ရက်သင်ပြီး (၂) ရက်က စာမေးပွဲ စစ်တယ်။ သင်တာက (၈) ဘာသာလောက် ခွဲသင်ပြီး စာမေးပွဲစစ်တော့ (၄) ခါ စစ်ပေးတယ်။ စာမေးပွဲ စစ်တယ်ဆိုတာလည်း မလေးမစား သဘောထားကြမှာ စိုးလို့ စစ်တဲ့ သဘောပါ။ တကယ်တော့ (၈) ရက်တည်း သင်တာကို စာမေးပွဲ စစ်တယ်ဆိုတော့ ကလေးတွေအတွက်လည်း မချောင်ဘူး။ ဒါပေမယ့် ကလေးတွေလည်း ကြိုးစားကြရှာပါတယ်။ စာတွေ ကျက်ကြတယ်။ မှတ်ကြတယ်။ သူတို့တွေ ဗုဒ္ဓစာပေတွေ ကျက်မှတ်နေတဲ့ အသံကြားနေရတာလည်း ကျက်သရေ တစ်မျိုးပါပဲ။ ဒီလိုနဲ့ စာမေးပွဲကြီး ရောက်လာတော့ သူသူကိုယ်ကိုယ် ကြောက်ကြတာပဲ။ လူကြီးတွေက ဖြေဆိုလို့တာ ဖြေကြရတယ်။ မရတဲ့ သူတွေက အများကြီး။ ကျနော်တို့လည်း ကလေးတွေ စာမရတာကို အပြစ်မမြင်ပါဘူး။ ပြောပြီးပြီပဲ ... သူတို့မှာ ၈ ရက်တည်းသင်ပြီး တန်း စာမေးပွဲ ဖြေကြရတာလေ။ အဲဒီမှာ ဝမ်းနည်းစရာ တစ်ခု တွေ့ရတာက စာကို အာဂုံဆောင် အလွတ်ကျက်ကြရတော့ ထုံးစံအတိုင်း မိန်းကလေးတွေက စာရကြတယ်။ ခက်တာက စာဆိုတာ ရနေရုံနဲ့ မပြီးသေးဘူးလေ။ ရေးတတ်ဦးမှကိုး။ အဲဒီမှာ ကလေးတချို့က စာတော့ ကျက်ထားတာ မွတ်လို့။ ဒါပေမယ့် သူတို့ မရေးတတ်ကြဘူး။ အဲဒီတော့ ကျနော်တို့မှာ ဘာလုပ်ရသလဲဆို အဲဒီ ကလေးတွေနားမှာ လူကြီး တစ်ယောက်ဆီ ထားပေးပြီး သူတို့ နှုတ်က ဆိုပြသမျှကို စာလုံးပေါင်းပေးရတယ်။ သ ရေး သ၊ ရ ကောက်ရေး ရ၊ ဏကြီးရေး ဏ၊ ဂငယ် သေးသေးငင် တစ်ချောင်းငင် ဂုံ၊ သရဏဂုံ ။ အဲဒီလိုမျိုး ဘေးကလူက ရွတ်ပေးရတယ်။ အင်း .... ။ ခက်တာက ဗျာ။ အဲဒီ ငါးတန်းအောင် ဆိုတဲ့ ကလေးတွေက ဘေးကနေ စာလုံးပေါင်း ရွတ်ပြနေတာတောင် မရေးတတ်ဘူးဗျို့။ ဒါနဲ့ နောက်ဆုံးတော့ အဲဒီ လူကြီးတွေက "ကဲ ပေးပေး၊ ငါတို့ပဲ ရေးပေးမယ်၊ နင်တို့ ငါ့ကို ရွတ်ပြ" ဆိုပြီး သူတို့ဖာသာ အစအဆုံး ရေးပေးလိုက်ရတယ်။ အဲဒီ ကလေးတွေအတွက် စာဖြေတော် သီးသန့် ခန့်ပေးလိုက်ရတာပေါ့ဗျာ။ ကဲ စဉ်းစားကြည့်ပါဦး။ အဲဒီ ကလေးတွေ စာလုံးပေါင်း ခက်ခက်တွေ မရေးတတ်တာဆို ထားဦး။ ဘေးက စာလုံးပေါင်းပြတာကိုတောင် မရေးတတ်တဲ့ ငါးတန်းကျောင်းသားတွေ။ တစ်ယောက်တည်း မဟုတ်ဘူးနော်။ လေး ငါးယောက် ရှိတယ်။ ကဲ ဘာတွေ မှားနေသလဲ။ အဲဒီ ကလေးတွေရဲ့ အမှားလား။ ကျနော်တို့ အဲဒီလို မသက်မှတ်ချင်ဘူး။ ဒါဆို လူကြီးတွေရဲ့ အမှားတွေပဲလား။
အဲဒီ ကလေးတွေရဲ့ ကြားမှာမှ ထူးထူးခြားခြား ကလေးတစ်ယောက်ကို သွားတွေ့တယ်။ အဲဒီကလေးက ဒီနှစ် (၈) တန်း တက်ရမယ်။ အဖြေလွှာတွေ အားလုံးစစ်ပြီးတော့ အဲဒီ ကလေးက ပထမ ရတယ်။ ပထမက ရိုးရိုး ပထမ မဟုတ်ဘူးနော်။ ရှယ် ပထမ။ ဘာလို့ ရှယ်လို့ ပြောသလဲဆို သူဟာ လေးဘာသာလုံး တစ်မှတ်မှ မလျော့ဘဲ အမှတ်ပြည့်နဲ့ချည်း ပထမဆုကို ထိုက်ထိုက်တန်တန် ယူထားတယ်။ ကျနော် အဲဒီ ကောင်ကလေးကို စိတ်ဝင်စားလို့ သူ့ကို ခေါ်ပြီး စကားပြောကြည့်တယ်။ သားကြီးလာရင် ဘာလုပ်မလဲပေါ့။ သူက ဆရာဝန်ကြီး ဖြစ်ချင်တယ်တဲ့။ အင်း သူရဲ့ လက်ရှိ အရည်အချင်းကို အကောင်းဆုံး ဖြစ်အောင် မွမ်းမံပေးရင် ရနိုင်တာပေါ့။ ဒါနဲ့ ကျနော် စိတ်ဆုံးဖြတ်ချ ချပြီး "ကဲ သား၊ ဒါဆို မင်းရဲ့ ပညာရေးကို ဆရာဝန်ဖြစ်တဲ့အထိ အစအဆုံး တာဝန်ယူမယ်ဆိုရင်ကော" ဆိုတော့ ပေကလက် ပေကလက်နဲ့ ကျနော့်ကို ကြည့်နေတယ်။ "မင်းကို မန္တလေးမြို့ပေါ်မှာ စည်းကမ်းရှိတဲ့ ဘော်ဒါဆောင်တစ်ခုကို လိုက်အပ်ပေးမယ်။ ဆယ်တန်းအောင်ရင် မင်း မန္တလေးမှာပဲ ဆေးတက္ကသိုလ် ဆက်တက်နိုင်အောင် စီစဉ်ပေးမယ်။ ကဲ မင်း မန္တလေး သွားနေမယ်မလား" လို့ မေးလိုက်တော့ သူ တော်တော် ပျော်သွားပုံပဲ။ သူ သဘောတူကြောင်း ခေါင်းညိတ်တယ်။ ဒီတော့ ကျနော်က "ဒါဆိုကွာ သင်တန်းဆင်းပွဲနေ့ကျ မင်းမိဘတွေကို ခေါ်လိုက်။ လူကြီးတွေနဲ့ တိုင်ပင်ရအောင်။ သူတို့လည်း သဘောတူတယ်ဆိုရင် နောက်နှစ် (၈) တန်းကို မင်း မန္တလေးမှာ သွားတက်နိုင်အောင် စီစဉ်ပေးမယ်။" ဆိုတော့ သူက သူ့မိဘတွေကို လာဖို့ ခေါ်ထားလိုက်တယ်။ ကျနော်ရဲ့ အမြင်က ဒီကလေး ဒီရွာမှာပဲ ဆက်နေရင် (၁၀) တန်း ပြီးကောင်း ပြီးသွားမယ်။ ဒါပေမယ့် ဆေးကျောင်း ဝင်မဝင် မသေချာဘူး။ ဆေးကျောင်း ဝင်တယ်ပဲ ထားဦး။ မြို့သားတွေနဲ့ တန်းတူ အခြေခံ မကောင်းဖို့ သေချာတယ်။ ဒါကြောင့် ဒီကလေးကို ဆရာဝန်ဖြစ်တဲ့အထိ၊ ဆေးကျောင်းပြီးတဲ့အထိ အပြည့်အဝ ထောက်ပံ့ပေးမယ်လို့ စိတ်ကူးလိုက်တာ။ ဘယ်မိဘမဆို ကိုယ့်သားသမီး ကြီးမြင့်စေချင်ကြတယ်၊ အဆင့်အတန်း မြင့်စေချင် ကြတာပဲ မဟုတ်လား။ အဲဒီ ကလေးရဲ့ မိဘဆို ဝမ်းသာမဆုံး ဖြစ်တော့မပေါ့။
သင်တန်းဆင်းပွဲရက်မှာ ကလေးရဲ့ အမေ လိုက်လာပါတယ်။ အခမ်းအနားပြီးတော့ သူ့ အမေနဲ့ စကားပြောဖို့ ခေါ်လိုက်တော့ ကလေးခမျာ မျက်နှာငယ်လေး ဖြစ်နေတာ သတိထားမိတယ်။ မျက်နှာလေး ညှိုးလို့ပါ။ သူ့အမေနဲ့ စကားပြောကြည့်မှ သူ ဘာကြောင့် စိတ်မချမ်းမသာ ဖြစ်နေသလဲဆိုတာ သိတော့တယ်။ သူ့အမေ ထပ်တလဲလဲ ပြောနေတဲ့ စကားက တစ်ခွန်းတည်းပါ။ "ကျွန်မသားက အဖေအမေနဲ့ မခွဲနိုင်ဘူးလို့ ပြောနေတာကြောင့် ဒီရွာမှာပဲ ထားတော့မယ်" တဲ့။ ဒါ သားသမီးရဲ့ ရှေ့ရေးပါ၊ လို့ ဟိုဟိုဒီဒီ ပြောကြည့်ပေမယ့်လည်း သူ့အမေ ပါးစပ်က ထွက်လာတာ ဒီစကားလုံးတွေချည်းပဲ။ မိဘလုပ်တဲ့သူကတောင် လုပ်ရက်သေးတာပဲ ဆိုတဲ့ အတွေးနဲ့ပဲ ကျနော်တို့ လက်လျှော့ပြီး ပြန်ခဲ့ရပါတယ်။ ကဲ ... မိဘတွေ ကိုယ့်သားသမီးကို တကယ် ချစ်တတ်ကြရဲ့လားဗျာ။ ကျနော် တော်တော်လေး သံသယ ရှိတယ်။ ဒီအဖြစ်အပျက်နဲ့ ဆက်စပ်ပြီး ကျနော် အလက်ဇန္ဒားဖလန်းမင်း (Alexander Fleming) ကို သွားသတိရမိတယ်။ ပင်နယ်စလင်ခေါ်တဲ့ ပဋိဇီဝဆေးကို ပထမဆုံး တွေ့ရှိခဲ့လို့ သန်းပေါင်း ထောင်ချီတဲ့ လူတွေရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တဲ့ လူသားအားလုံးရဲ့ ကျေးဇူးရှင်တစ်ယောက်ဆိုလည်း မမှားပါဘူး။ သူဆိုရင်လည်း မိဘတွေက လယ်သမားတွေပါ။ အင်မတန်ခေါင်တဲ့ ဒေသမှာ နေကြတဲ့ လယ်သမားမိသားစုလေးပါ။ မြို့ပေါ်က လူကုံထံတစ်ယောက် ရွာကို လာလည်ရင်း သူ့သားလေး ဒုက္ခရောက်နေတာကို ဖလန်းမင်းရဲ့ အဖေက ကယ်တင်ပေးခဲ့ပါတယ်။ အဲဒီ ကယ်တင်ပေးတဲ့ ကျေးဇူးကို ဆပ်တဲ့အနေနဲ့ သားဖြစ်သူ အလက်ဇန္ဒား ဖလန်းမင်းကို မြို့ပေါ် ခေါ်သွားပြီး ကျောင်းထားပေးပါရစေလို့ ဖခင်ဖြစ်သူကို တောင်းခံပါတယ်။ ဖခင်ဖြစ်သူဟာ ဒီသားလေး သူနဲ့ နေရင် လယ်သမားပဲ ဖြစ်မှာပဲ။ ငါ့ထက် အဆင့်အတန်းမြင့်တဲ့ သူတစ်ယောက်ဖြစ်ဖို့ ပညာတတ်ဖို့လိုတယ်လို့ မျှော်မြင်နိုင်တာကြောင့် ဖလန်းမင်းလေးကို ထည့်ပေးလိုက်ပါတယ်။ ဒါနဲ့ ဆရာဝန်တွေဖြစ် သုတေသနတွေလုပ်ရင်း သူ့နိုင်ငံအတွက်ပါမက ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိအားလုံးအတွက် အကျိုးပြုတဲ့ လူသားကောင်းတစ်ယောက် ဖြစ်လာခဲ့တာပေါ့။ ကျနော်တို့ မြန်မာနိုင်ငံက စောန မိဘတွေနဲ့ ကျနော် နှိုင်းယှဉ်ကြည့်လိုက်မိမယ်။ ဖလန်းမင်းလေးရဲ့ အဖေသာ မခွဲနိုင်ပါဘူးကွာဆိုပြီး ဖလန်းမင်းလေးကို မြို့ပေါ် ထည့်မပေးခဲ့ဘူးဆိုရင် ..... ။ နောက်ဆုံးတော့လည်း ကျနော် ဖြေသိမ့်လိုက်ပါတယ်။ သူတို့နိုင်ငံမှာ ဖလန်းမင်းရဲ့ အဖေလို မိဘမျိုးတွေ များများရှိတော့ တိုင်းပြည်ကြီးက အစစအရာရာ တိုးတက်ပြီး ကျုပ်တို့ မြန်မာနိုင်ငံကလည်း စောနက မိဘမျိုးတွေ များများ ရှိလေတော့ တိုင်းပြည်ကြီးလည်း @#$$#@!*& ဖြစ်နေတာပေါ့ဗျာ။
ဆင်းရဲသားဘဝနဲ့ ကြီးပြင်းလာရတာ သင့်အပြစ် မဟုတ်ပါဘူး။
ဆင်းရဲသားဘဝနဲ့ သေသွားရတယ် ဆိုရင်တော့ အဲဒါ သင့်အပြစ်ပဲ။
ဤပို့စ်အား Tuesday, May 01, 2012 နေ့တွင် ရေးသားထားပြီး
တွေးစရာ
,
မြန်မာ့အကြောင်း
နာမည်ဖြင့် အညွှန်း သက်မှတ်ထားပါသည်။
ကွန်းမန့်များအား အချိန်နှင့် တပြေးညီ သိလိုလျှင် RSS 2.0 ဖြင့် တောင်းဆို၍ ရယူနိုင်သည်။
လာရင်းနေရာ သို့ ပြန်လည် သွားရောက်နိုင်ပါသည်။
Tuesday, May 01, 2012
|
စာညွှန်း
တွေးစရာ,
မြန်မာ့အကြောင်း