လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

ပညာရေး ရှုမြင်ကွင်း (၂)

26 April 2012

ကျနော်တို့အားလုံး လူငယ်ဘဝမှာ အိမ်မက် ကိုယ်စီ၊ ရည်မှန်းချက် ကိုယ်စီ ရှိခဲ့ကြတာပါ။ အဲဒီ လူငယ်တွေရဲ့ ရည်မှန်းချက်တွေကို အကောင်အထည် ဖော်နိုင်အောင် သူနေတဲ့ တိုင်းပြည်က ဘယ်လောက် အထောက်အပံ့ ပေးနိုင်သလဲ။ ဒါ တော်တော်လေး အရေးကြီးလိမ့်မယ် ထင်တယ်။ နိုင်ငံတစ်နိုင်ငံမှာ 
  • ရည်မှန်းချက် ကြီးတဲ့ လူငယ်တွေ ဘယ်လောက်များများ ရှိသလဲ၊ 
  • သူတို့ရဲ့ ရည်မှန်းချက်ကို နိုင်ငံရဲ့ ပညာရေးက ဘယ်လောက်အထိ အရောင်တင်ပေးနိုင်သလဲ၊
  • သူတို့ရဲ့ ရည်မှန်းချက်ကို အဲဒီနိုင်ငံမှာ ဘယ်လောက် အတိုင်းအတာအထိ လွတ်လွတ်လပ်လပ် အကောင်အထည် ဖော်ခွင့်ရှိသလဲ၊
  • အဲဒီ နိုင်ငံမှာ ရှိတဲ့ သူတွေရဲ့ ရည်မှန်းချက်နဲ့ သူတို့ရဲ့ ဘဝဟာ ဘယ်လောက်အထိ ထပ်တူ ကျသလဲ၊

ဒီအချက် လေးချက်ကို ကြည့်ပြီး အဲဒီနိုင်ငံရဲ့ အနာဂတ်ကို ခန့်မှန်း တွက်ချက် နိုင်မယ်လို့ ကျနော်ကတော့ ယူဆတယ်။

ကျနော် မှတ်မိနေသေးတယ်။ နင်ကြီးလာရင် ဘာလုပ်မလဲလို့ ကျနော်ကို ငယ်ငယ်က မေးလာရင် အင်ဂျင်နီယာလုပ်မယ်လို့ ဖြေလေ့ရှိတယ်။ တခြား သူငယ်ချင်းတွေကို မေးရင်လည်း တချို့က ဆရာဝန် ဖြစ်ချင်ကြတယ်။ တချို့က ဆရာမ လုပ်မယ်ပေါ့။ ကျနော် ထင်တယ်။ ဘယ်ကလေးမှတော့ ကြီးလာရင် သူတောင်းစား လုပ်မယ်၊ သူခိုးလုပ်မယ်လို့တော့ စိတ်ကူးယဉ်ကြလိမ့်မယ် မထင်။ မြို့ပေါ်က ကလေးအများစုဟာ ရည်မှန်းချက်ကြီးကြီး ရှိကြတာ ဝမ်းသာစရာပါပဲ။ ဒါပေမယ့် ကျေးလက်မှာ နေတဲ့ ကလေးအတော် များများကို ကျနော် မေးကြည့်ဖူးတယ်။ နင်တို့ ကြီးလာရင် ဘာလုပ်မလဲပေါ့။ အများစုက တောင်သူ လုပ်မယ်လို့ပဲ ဖြေကြတယ်။ တချို့ကလေးက ဝက်မွေးမယ်၊ နွားမွေးမယ်လို့ ဖြေကြတယ်။ ဟင့်အင်း ဘာမှ မလုပ်ဘူး လို့ ဖြေတဲ့ ကလေးတွေကလည်း ရှိလေရဲ့။ အဲဒီလို အဖြေတွေ ကြားရတော့ "အော် အဲဒါ မြန်မာနိုင်ငံပဲ" လို့တောင် ဟင်ချမိတယ်။ အဲဒါ တို့နိုင်ငံရဲ့ အနာဂတ်ပဲလေ။

ကလေးတွေဟာ ပတ်ဝန်းကျင်ရဲ့ အရောင်ဆိုးမှုကို ခံပြီး ကြီးပြင်းလာရတာချည်းပါပဲ။ ဒီတော့ ကိုယ့်ကိုယ်ကို ဘာရယ်မှန်း မသိတဲ့ မိဘနှစ်ပါးရဲ့ အရိပ်အောက် ကြီးပြင်းလာရတဲ့ ကလေးတစ်ယောက်ဟာ ဘာရည်မှန်းချက်မှ မရှိတာ မဆန်းပါဘူး။ ကျနော်ရဲ့ အဘွားတောင်မှ ကျနော့အစ်မ ဆယ်တန်းအောင်တော့ တက္ကသိုလ် ဆက်ထားဖို့ သဘောမတူခဲ့ဘူး။ သူပေးတဲ့ အကြောင်းပြချက်က ဘာလဲဆိုတော့ တစ်နေ့ အိမ်ထောင်ပြု ယောက်ျားယူတော့ မီးဖိုချောင်ထဲပဲ နေရမှာပဲတဲ့။ မီးဖိုချောင်ထဲ နေဖို့ ဘွဲ့ မလိုပါဘူးတဲ့လေ။ ကျနော့အဖေက အတင်း မရမက ပြောမှ ကျနော့အစ်မ တက္ကသိုလ် ဆက်တက်ခဲ့ရတယ်။ ကျနော် ပြောချင်တာက လူကြီးတွေရဲ့ အမြော်အမြင်ပါ။ ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့်၊ ဆုံးဖြတ်နိုင်စွမ်း မရှိသေးတဲ့ လူငယ်တွေရဲ့ ဘဝကို အဓိက ပဲ့ကိုင်နေတာ သူတို့ကို အုပ်ထိန်းတဲ့ လူကြီးတွေပါ။ အဲဒီ လူကြီးတွေ အတွေးတိမ်လေလေ၊ အမြော်အမြင် နည်းလေလေ၊ သူတို့ရဲ့ အုပ်ချုပ်ခံ လူငယ်တွေရဲ့ ဘဝက နစ်မွန်းလေလေပဲ။

ကျနော်ရဲ့ ကိုယ်တွေ့လေးတစ်ခု တင်ပြပါရစေ။

တစ်နေ့က ကျနော် ဘက်စ်ကား စီးပြီး ကမ္ဘာအေးဘုရားလမ်းအတိုင်း မြို့ထဲကို ပြန်လာခဲ့တယ်။ ကမ္ဘာအေး ဘုရားနားမှာ ကျောင်းဝတ်စုံနဲ့ ကလေးတစ်ယောက် ဘတ်စ်ကားပေါ် တက်လာတယ်။ ကျောင်းဝတ်စုံ ခပ်နွမ်းနွမ်းလေးပါ။ ကျနော်က အပေါက်ဝတည့်တည့်က ထိုင်ခုံမှာ ထိုင်နေတာဆိုတော့ သူတက်လာတာကို ကျနော် သတိထားမိလိုက်တယ်။ ကျောင်းပိတ်ချိန်ဆိုတော့ လွယ်အိတ်တွေ ဘာတွေ မပါဘူးပေါ့။ ကလေးကို ကြည့်ရတာ အလွန်ဆုံးရှိမှ (၈) တန်းပါ။ နေ့လည်ခင်းဆိုတော့ ဘတ်စ်ကားက မကျပ်ပါဘူး။ အဲဒီကလေးဟာ ဘတ်စ်ကား အနောက်ထဲထိ ဝင်သွားတယ်။ နည်းနည်းကြာလို့ ကျနော် လှမ်းကြည့်လိုက်တော့ အဲဒီကလေးက ဘတ်စ်ကားပေါ်မှာ ပိုက်ဆံတောင်းနေတာ တွေ့လိုက်ရတယ်။ အင်း ... မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ဒီမြင်ကွင်းက မဆန်းတော့ပါဘူးလေ။ ဒါနဲ့ ကျနော်လည်း သူကို ဂရုမစိုက်ဖြစ်တော့ပါဘူး။ 

အဲဒီ ဘတ်စ်ကားက ရွှေဂုံတိုင်မီးပွိုင့် လွန်လာတော့ စောန ကလေးက ဆင်းတော့မလို့ ထင်ပါရဲ့။ အပေါက်ဝနား ကပ်လာတယ်။ ကျနော့ ဘေးနားမှာ မတ်တပ်လာရပ်နေတယ်။ သူ့ လက်ထဲမှာလည်း ပိုက်ဆံ လက်တစ်ဆုတ် နဲ့။ ခဏကြာတော့ သူ့ အင်္ကျီအတွင်းထဲကို လက်နှိုက်ပြီး တစ်ခုခု ဆွဲထုတ်နေတယ်။ ကျနော့်အရှေ့မှာ ဆိုတော့ ကျနော် မသိသလို သိသလိုနဲ့ စိတ်ဝင်တစား ကြည့်နေမိတယ်။ သူ့ ရင်ဘက်ထဲက ပိုက်ဆံ နောက်ထပ် တစ်ထုပ် ထပ်ထွက်လာတယ်။ အဲဒီ ပိုက်ဆံတွေကို ပေါင်းလိုက်ပြီး သူ ရေတွက်နေလေရဲ့။ သူ ရေတွက်နေတော့မှ သူ့လက်ထဲမှာ ပိုက်ဆံ စုစုပေါင်း ဘယ်လောက်ရှိသလဲဆိုတာ သတိထားမိတယ်။ အားပါးပါး။ သူကိုင်ထားတဲ့ လက်တစ်ဆုတ်စာ ပိုက်ဆံထဲမှာ တစ်ထောင်တန်တွေလည်း မနည်းမနောပဲ။ အားလုံးစုစုပေါင်း ဆိုရင် တစ်သောင်းခွဲ (၁၅၀၀၀) တော့ အနည်းဆုံး ရှိမယ်။ ဟိုက် သူကတောင် ဝင်ငွေ ပိုဖြောင့်နေပါလားလို့ ရုတ်တရက် တွေးလိုက်မိတယ်။ အဲဒီ အတွေးရဲ့ နောက်ကွယ်မှာ အင်မတန် ကြေကွဲဖို့ ကောင်းတဲ့ မေးခွန်းတစ်ခုကို ကျနော် စဉ်းစားလိုက်မိတယ်။
ဒီကလေးဟာ ဒီလောက် ဝင်ငွေရှိတဲ့ တောင်းစားရတဲ့ ဘဝကို ကျေနပ်နေမိပြီလား။

မျက်မြင်ကိုယ်တွေ့ ကျနော့အနေနဲ့ ဖြေရမယ်ဆိုရင်တော့ ဒီကလေး သဘောကျကျေနပ်နေတယ်လို့ ဖြေရမှာပဲ။ သူ့ဘဝကို သူ သာယာ နေပုံပဲ။ သူဟာ ရှစ်တန်း ကျောင်းသားတစ်ယောက်ပဲ ထားဦး။ သူတက်နေတဲ့ အတန်းပညာဟာ တောင်းစားတာလောက် ဝင်ငွေ မရပါဘူးကွာလို့ သူ မြင်သွားရင် ဘယ်နှယ်လုပ်မလဲ လို့ ကျနော့်ရင်ထဲမှာ စိုးရိမ်စိတ်တွေ တဖွားဖွား ပေါ်လာမိတယ်။ "အမလေး ... မိဘတွေကလည်း ခိုင်းရက်လေခြင်း" လို့သာ အော်ပြီး ငိုလိုက်ချင်တော့တယ်။ အဲဒီ ကလေးနေရာကနေ ကျနော် ဝင်ပြီး စဉ်းစားကြည့်တယ်။ ငါ အခု ရှစ်တန်း တက်နေတယ်။ အဲဒါ ဘာလုပ်ဖို့တုန်း။ ဆယ်တန်းအောင် တစ်ယောက်ဖြစ်ရင်ကော တစ်နေ့တစ်နေ့ ဒီလောက် ဝင်ငွေ ရနိုင်မလား။ ကဲ တက္ကသိုလ် ဆက်တက်ပါပြီတဲ့ ဒီလောက် ဝင်ငွေ ရနိုင်မလား။ သူ ဒီလိုတွေ တွေးလာရင်တော့ ခက်ရချည်ရဲ့နော်။ ကျနော် တွေးရင်း ရင်လေးလာတယ်။ မြန်မာနိုင်ငံမှာ ဒီလို ကလေးတွေ ဘယ်လောက်များ များနေလိမ့်မလဲ။ အဲဒီလို ခိုင်းရက်တဲ့ မိဘတွေ ဘယ်လောက်များ များနေလိမ့်မလဲ။ မတွေးဝံ့ပါ။

ကျနော် စာဖတ်သူတွေကို မေးခွန်းလေးတစ်ခု မေးချင်ပါတယ်။ ကိုယ့်ဖာသာပဲ လွတ်လွတ်လပ်လပ် ဖြေကြည့်ပါ။ 
"တကယ်လို့ ကိုယ်သင်ထားတဲ့ ပညာဟာ ကိုယ့်ဘဝ အသက်မွေးဖို့အတွက် အထောက်အကူ မဖြစ်ပါဘူးလို့ ယူဆသွားမယ်ဆိုရင် အဲဒီလို လူတွေနေတဲ့ တိုင်းပြည်ဟာ ဘာဖြစ်သွားမလဲ။"
စာဖတ်သူတွေထဲမှာ ပညာရေးနဲ့ ပတ်သက်တဲ့ ပညာရေးဝန်ထမ်းတွေ၊ ဆရာ/ဆရာမတွေ ပါမယ်ဆိုရင် အဲဒီမေးခွန်းကို မဖြစ်မနေ ရဲရဲကြီး ဖြေကြည့်ပါ။ အော် ... ကျနော်ရဲ့ အဖြေကို သိချင်တာလား။ ကျနော်ကတော့ ဖြေပြီးသားပါ။ စောနက ပြောခဲ့တဲ့ ကလေးမျိုးတွေ ကြီးစိုးတဲ့ နိုင်ငံတစ်နိုင်ငံပဲ ဖြစ်လာတော့မယ် ထင်တယ်။