လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

ပညာရေး ရှုမြင်ကွင်း (၁)

21 April 2012

နိုင်ငံတကာမှာ လူမျိုးတိုင်း၊ လူမျိုးတိုင်းဟာ ပညာရေးရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို အားလုံး အသိအမှတ် ပြုကြပါတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံဖြစ်ဖြစ်၊ ဖွံ့ဖြိုးဆဲ နိုင်ငံပဲ ဖြစ်ဖြစ် ကိုယ့်နိုင်ငံရဲ့ ရေရှည်တိုးတက် ဖွံ့ဖြိုးရေးဟာ ပြည်သူတွေရဲ့ ပညာရေး အဆင့်အတန်းပေါ်မှာ တည်မှီနေတယ်လို့ လူတိုင်း လက်ခံထားကြတယ်။ ကမ္ဘာပေါ်မှာ ရှိတဲ့ အုပ်ချုပ်သူ၊ အုပ်ချုပ်ခံ လူတန်းစား အားလုံး တပြိုင်နက် အတည်ပြုထားတဲ့ ယူဆချက်လည်း ဖြစ်ပါတယ်။ ဒီမှာ ပြည်သူဆိုတာ တိုင်းပြည်တစ်ပြည်အတွင်း မှီတင်းနေထိုင်တဲ့သူ အားလုံးကို ဆိုလိုပါတယ်။ နိုင်ငံတစ်နိုင်ငံဟာ ပညာရေးကဏ္ဍမှာ ဘယ်လောက် ရင်းနှီးမြှုပ်နှံထားသလဲ ဆိုတာနဲ့ ဘယ်လို စီမံချက်ချပြီး အကောင်အထည် ဖော်နေသလဲ ဆိုတာကို ကြည့်ပြီး အဲဒီ နိုင်ငံရဲ့ အနာဂတ်ကို ခန့်မှန်းကြတယ်။ အမေရိကန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ဘယ်သူမှ အံတုဖို့ မလွယ်တဲ့ မဟာအင်အားကြီး နိုင်ငံတစ်ခု အနေနဲ့ ရပ်တည်လာနိုင်တာ နှစ်ပေါင်း (၁၀၀) တစ်ရာစု ပြည့်ပါတော့မယ်။ ဘာဖြစ်လို့ ရပ်တည်နေနိုင်တာလဲ။ အဓိက အကြောင်းအရင်းကတော့ သူတို့ရဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်နေတဲ့ သိပ္ပံပညာကြောင့်ပါ။ " သိပ္ပံပညာရှင် လူငယ်တစ်ယောက်ဟာ ဝါရင့်နိုင်ငံရေးဂုရု အယောက် (၂၀) ထက် တန်ဖိုး ပိုရှိပါတယ် " ဆိုတာ သူတို့နိုင်ငံ့ခေါင်းဆောင်တွေရဲ့ အမြင်နဲ့ ခံယူချက်ပါ။ ကျွန်တော်တို့ နိုင်ငံနဲ့ အနီးမှာ ရှိတဲ့ နိုင်ငံငယ်လေး စင်္ကာပူကိုပဲ ကြည့်မလား။ အခုဆို စင်္ကာပူဟာ အရှေ့တောင်အာရှမှာ ဖွံ့ဖြိုးတိုးတက်မှုအရ ထိပ်ဆုံးက ရပ်တည်နေတဲ့ နိုင်ငံတစ်နိုင်ငံပါ။ သဘာဝ သယံဇာတ အရင်းအမြစ် ဘာမှ မရှိတဲ့ နိုင်ငံတစ်နိုင်ငံဟာ ကမ္ဘာ့အလည်မှာ ဝံ့ဝံ့ကြွားကြွား ရပ်တည်နိုင်ဖို့ဆိုရင် ပညာသာ အားကိုးစရာ ရှိတယ်လို့ လီကွမ်ယု အစိုးရဟာ ကောင်းကောင်းကြီး သဘောပေါက်ခဲ့တယ်။ ဒါကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ လောက်က တံငါရွာကြီးဟာ အခုဆိုရင် ကမ္ဘာ့အကြီးဆုံး ကုန်တင်ဆိပ်ကမ်းမြို့ထဲမှာ တစ်မြို့ အပါအဝင် ဖြစ်လာပါပြီ။ ကမ္ဘာ့အကြီးဆုံး out-sourcing လုပ်တဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်လာပါပြီ။ ကမ္ဘာပေါ်မှာ Software ထုပ်ကုန်တွေ အများဆုံး ထွက်တဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်ခဲ့ပါပြီ။ အဲဒီလို ဖြစ်ဖို့ ဘာတွေကို အခြေခံခဲ့တာလဲ။ ပညာရေး ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၆၀) က ပိုက်ကွန်တွေ ကိုင်ခဲ့တဲ့ သူတွေဟာ အခုဆိုရင် အိုင်တီပစ္စည်းတွေကို ပြောင်းကိုင်နေကြပြီ။

ကျွန်တော်တို့အတွက် လေ့လာစရာ နောက်ထပ် တစ်နိုင်ငံ ရှိပါသေးတယ်။ တရုတ်ပြည်ပါ။ တစ်ချိန်က အတုမှန်သမျှ ထွက်တဲ့ တရုတ်ပြည်။ တစ်ရက်စုတ် တရုတ်စက် လို့ နာမည်ကောင်း ရခဲ့တဲ့ တရုတ်ပြည်ပါ။ စု တု ပြု ဆိုတဲ့ မြန်မာစကားလေး တစ်ခွန်း ရှိပါတယ်။ စုပြီး တုနိုင်ရမယ်၊ တုပြီး အသစ်ပြုလုပ်နိုင်ရမယ်။ ဒါမှ တိုးတက်မယ် ဆိုတဲ့ သဘောပါ။ တကယ်လို့ တရုတ်ပြည်ဟာ တုဆိုတဲ့ အဆင့်၊ အတုတွေပဲ လိုက်လုပ်နေတဲ့ အဆင့်မှာပဲ သာယာနေမယ်ဆိုရင်တော့ ခိုင်းဖက်ဘဝကနေ ဘယ်တော့မှာ တက်မှာ မဟုတ်တော့ဘူး။ အမျှော်အမြင် ရှိတဲ့ တရုတ်အစိုးရတွေကြောင့် လွန်ခဲ့တဲ့ နှစ် အစိပ် (၂၅) လောက်ကတည်းက "ပြုတဲ့ အဆင့်ကို တစ်နေ့ တက်ရမယ်" ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နိုင်ငံခြားပညာတော်သင်တွေ နှစ်စဉ် ပို့ပေးနေခဲ့တယ်။ ထူးချွန်တဲ့ တရုတ်ပညာရှင်တွေကို ပြည်တွင်း ပြန်ခေါ်ပြီး ပြည်သူတွေရဲ့ ပညာအဆင့်ကို ဆွဲတင်နေကြတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၈၀) တုန်းက ဂျပန်တွေဟာ အမေရိကန်တွေကို အန်တုပြီး ပြုတဲ့ အဆင့်ကို တက်လှမ်းလာနိုင်ခဲ့တယ်။ အခုအချိန်မှာလည်း တရုတ်ပြည်ဟာ ပြုတဲ့ အဆင့်ကို ရောက်ပြီလို့ ပြောလို့ မရပေမယ့် ပြုတဲ့အဆင့်ဆီကို ဝင်ရောက်လာပြီလို့ ပြောနိုင်ပါတယ်။ အဲဒီလို ဖြစ်ဖို့ တရုတ်အစိုးရဟာ ပညာရေးကဏ္ဍအတွက် နှစ်စဉ်နှစ်စဉ် အသုံးစားရိတ်တွေ တိုးတိုးပြီး ချပေးနေတယ်။ အထူးသဖြင့် သုတေသနပိုင်းကို ဦးစားပေးပြီး ဘဏ္ဍာငွေ သုံးစွဲတယ်။ ပြီးခဲ့တဲ့နှစ်မှာ ကမ္ဘာ့ သုတေသနစာတမ်း စုစုပေါင်းရဲ့ ထက်ဝက်နည်းပါးဟာ တရုတ်ပြည်က ပြုစုခဲ့တယ်လို့ အွန်လိုင်းတစ်နေရာမှာ ဖတ်လိုက်ရတယ်။ တရုတ်ပြည်ဟာ စီးပွားရေးကို ဦးစားပေးတဲ့ နိုင်ငံ ဖြစ်ပါလျက်နဲ့ ဘာလို့ ပညာရေးကို မဲတင်းနေရတာလဲ။ သူတို့ နိုင်ငံ့စီးပွားရေးရဲ့ အနာဂတ်ဟာ ပညာရေးကဏ္ဍမှာ တည်မှီနေတယ်လို့ သူတို့ တစ်ထစ်ချ လက်ခံ ယုံကြည်ထားလို့ပါပဲ။ အစောပိုင်း တင်ပြခဲ့သလို တုနေတဲ့ အဆင့်မှာတင် ထိုင်မနေဘဲ ပြုနိုင်တဲ့ အဆင့်ကို တက်လှမ်းပါမှ ကမ္ဘာ့အလယ်မှာ ကောင်းကောင်း ရပ်တည်နိုင်မယ်လို့ သူတို့ ကောင်းကောင်း သဘောပေါက်ကြတယ်။

သူများအကြောင်းတွေ လျှောက်စဉ်းစားပြီးတော့ ကျွန်တော့ ခေါင်းထဲ မေးခွန်းတစ်ခု ဝင်လာတယ်။
ကျွန်တော်တို့ နိုင်ငံရဲ့ ပြည်သူတွေကကော ပညာ ကို ဘယ်လို မြင်သလဲ။

အဲဒီ မေးခွန်းကို မဖြေခင် ကျွန်တော်ရဲ့ ကိုယ်တွေ့လေးတစ်ခု တင်ပြပါ့မယ်။ (၂၀၀၉) ခုနှစ်ကပါ။ မင်္ဂလာဒုံမြို့နယ်မှာ ရှိတဲ့ ဘ.က ကျောင်း (ဘုန်းတော်ကြီး ပညာသင်ကျောင်း) တစ်ကျောင်းကို အလှူအတန်း ကိစ္စနဲ့ ရောက်သွားခဲ့ပါတယ်။ အဲဒီကျောင်းရဲ့ ကျောင်းထိုင်ဟာ သက်တော် (၃၅) နှစ် သာသာ ရှိသေးတဲ့ ဆရာတော်လေး တစ်ပါးပါ။ ဆရာတော်ဟာ လူငယ်ပီပီ တက်ကြွတယ်၊ ရည်မှန်းချက်ကြီးတယ်၊ စေတနာကြီးတယ်၊ လူမျိုးအပေါ် မျှော်လင့်ချက်ကြီးတယ်။ သူ့ကျောင်းမှာ (၂၀၀၉) ခုနှစ်က ၈ တန်းအထိပဲ သင်ပေးခွင့် ရသေးတယ်။ ဒါကြောင့် တရားဝင်ခွင့်မပြုသေးတဲ့ ၉ တန်း နဲ့ ၁၀ တန်းကို မြို့ပေါ်က ဆရာတွေ ငှားပြီး ဝိုင်းပုံစံ သင်ကြားပေးတယ်။ ကျွန်တော် ရောက်သွားတဲ့အချိန်က လာတက်နေတဲ့ ၁၀ တန်း ကျောင်းသား အယောက် (၁၀၀) ကျော် ရှိတယ်။ ကျောင်းကို အဆင့်မှီအောင်ဆိုပြီး အနီးနားမှာ ရှိတဲ့ ပညာတတ် လူကြီးတွေနဲ့ တိုင်ပင်ပြီး စည်းကမ်းတွေ ပြဋ္ဌာန်းချက်တွေ စီစဉ်တယ်။ ဆရာတော်က ဘ.က ကျောင်း ဖွင့်ထားတော့ အနီးပတ်ဝန်းကျင်မှာ ရှိတဲ့ အရွယ်ရောက်တဲ့ ကလေးတိုင်းကို ကျောင်းတက်စေချင်တယ်။ အခမဲ့ သင်ပေးတာပါပဲ အကုန် လာတက်နိုင်ရမှာပေါ့ လို့ သူ တွေးထင်ထားတယ်။ ပညာသင်ပေးချင်လျက်နဲ့ ပိုက်ဆံ မရှိလို့ ပညာသင်မပေးနိုင်တဲ့ မိဘတွေအတွက် အတော် နေရာကျတာပဲလို့ တွေးခဲ့တယ်။ အဲဒီကျောင်းမှာ ပညာသွားသင်ဖို့ ပိုက်ဆံ တစ်ပြားမှ ကုန်စရာ မလိုဘူးလေ။ ဒီတော့ မိဘတွေ ထားကြမှာပဲပေါ့။ ဆရာတော်လည်း ဒီလို ထင်ခဲ့တာပဲတဲ့။

တကယ်တမ်း ကျောင်းဖွင့်တော့ ကျောင်းလာတက်တဲ့ ကလေးအရေအတွက်ဟာ အနီးနား ရပ်ကွက်မှာရှိတဲ့ ကလေးရဲ့ ၅၀% တောင် မပြည့်ဘူး။ နောက်ပြီး စတက်တဲ့ ကလေးရဲ့ ၃၀% လောက်ကလည်း နောက်တော့ ထွက်ကုန်ကြတယ်။ ဒီတော့ ဆရာတော်က မိဘတွေဆီ လိုက်ပြီး အခြေအနေ စုံစမ်းတော့တယ်။ နောက်ဆုံး မိဘတွေ အားလုံးနီးပါး ပေးလိုက်တဲ့ အဖြေက တစ်မျိုးတည်းပါပဲ။ သူတို့တွေ ဆင်းရဲကြတယ်။ ဘာဖြစ်လို့လဲ။ ပညာမတတ်လို့ ဆင်းရဲတာ မဟုတ်ပေမယ့် ပညာမတတ်တာကြောင့် ဆင်းရဲတွင်းက မထွက်နိုင်ကြဘူး။ ဆင်းရဲလို့ ပညာမသင်နိုင်၊ ပညာမတတ်လို့ ပိုဆင်းရဲ ဆိုတာမျိုး မဖြစ်ရအောင် ဘုန်းကြီးက ကြိုးစားပြီး လုပ်ပေးနေတာပဲ လို့ ဆရာတော်လေးက မိန့်ရှာတယ်။ ပညာကို အခမဲ့ ရအောင် သင်ပေးနေတယ်။ ရည်ရွယ်ချက်က ဘာလဲဆိုတော့ ဆင်းရဲတွင်းထဲက ဆွဲထုတ်ဖို့။ ဒါပေမယ့် သူတို့တွေ ဖင်တရွတ်တိုက်ပြီး ပြန်လျှောဆင်းသွားကြတယ်။ ကလေးတွေကို သီးသန့် ခေါ်ပြီး ဆရာတော်က မေးကြည့်တယ်။ နင်တို့တွေ ပညာမသင်ချင်ဘူးလားလို့ မေးတော့ အမေက မလွှတ်ဘူး ဘုရား၊ အဖေက မလွှတ်ဘူး ဘုရား လို့ ဖြေကြတယ်။ မိဘတွေကကော ကလေးတွေကို တကယ်ပဲ ပညာမတတ်စေချင်တာလား။ ဒီလိုတော့လည်း မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် သေချာတာတော့ မိဘတွေ ကိုယ်နှိုက်က မလွှတ်ကြဘူး။ မိဘလုပ်တဲ့သူတွေက ဘာပြောသလဲဆိုတော့
အရှင်ဘုရားတို့က အခမဲ့ သင်ပေးတာတော့ ဟုတ်ပါတယ်ဘုရား။ တပည့်တော်တို့မှာ ပညာသင်ဖို့ တစ်ပြားမှ ကုန်စရာ မလိုတာလည်း မှန်ပါတယ်။ ဒါပေမယ့်ဘုရား ကလေးတွေကို ကျောင်းပို့လိုက်ရင် တပည့်တော်တို့မှာ ဝင်ငွေ ထိခိုက်ပါတယ်ဘုရား။ ကလေးတွေ အလုပ်ထွက်လုပ်ရင် တစ်ရက်ကို နေ့စား (၂၀၀၀) လောက်တော့ အသာလေး ရတယ်ဘုရား
တဲ့။ ကဲ … အဲဒီလို ပြောတဲ့ မိဘတွေဟာ ကလေးတွေကို ပညာတတ်စေချင်တဲ့ မိဘတွေလို့ လက်ခံပေးဖို့ အတော် ခက်နေပါပြီ။ ကျောင်းတက်ချင်တဲ့ ကလေးတွေကို ပညာသင်မပေးတဲ့ မိဘတွေ များလာလေလေ အဲဒီနိုင်ငံကြီး ဆုတ်ယုတ်လာလေလေပါ။ ကျွန်တော်တို့ နိုင်ငံမှာ အဲဒီလို မိဘတွေ တစ်နေ့တခြား များလာနေတာ သိရတော့ အင်မတန် ဝမ်းနည်းမိတယ်။

ဆင်းရဲလို့ ပိုက်ဆံမရှိလို့ ပညာမသင်ရတာပါ ဆိုတဲ့ အကြောင်းပြချက်ဟာ အခုခေတ်နဲ့ဆို အံမဝင်တော့ပါဘူး။ အခုဆို နိုင်ငံတနှံ့တလျား အခမဲ့ သင်ပေးနေတဲ့ ဘ.က ကျောင်းလို ပညာသင်ကျောင်းတွေ အများကြီး ပေါ်လာပါပြီ။ ဘာသာခြားတွေအတွက်လည်း ခရစ်ယာန်သာသနာပြုကျောင်းလို နိုင်ငံအနှံ့ ရှိနေပြီးသားပါ။ ဒါကိုမှ ကျောင်းမထားပေးနိုင်တာ ဘယ်သူ့ အပြစ်လဲ။ ကျွန်တော်အမြင်ကတော့ လက်ရှိအခြေအနေမှာ မိဘတွေဟာ သားသမီးကို ခိုင်းစားချင်တဲ့ စိတ်လေးတွေ ဖျောက်ပြီး ကိုယ့်သားသမီးကို ပညာသင်ပေးဖို့ ငါ ပိုက်ဆံ ပိုရှာရမယ် ဆိုတဲ့ စိတ်လေးတွေ ပြောင်းမွေးသင့်ပြီ ထင်တာပဲ။ စောနက ဆရာတော်လေးကတော့ သူကျောင်းရဲ့ စီမံအဖွဲ့နဲ့ တိုင်ပင်ပြီး ကြေငြာချက်တစ်ခု ထုတ်ပြန်ပါတယ်။
ရပ်ကွက်အတွင်းမှာ ရှိတဲ့ မိဘများအနေနဲ့ ကလေးများကို ကျောင်းလာထားကြပါ။ ကျောင်းတက်တဲ့ ကလေးများအတွက် တစ်အိမ်ကို ငွေကျပ် (၂၅၀၀) ပေးပါ့မယ်
တဲ့ဗျာ။ ကဲ … ငယ်ငယ်က ဖတ်စာအုပ်ထဲမှာ သင်ခဲ့ရဖူးတဲ့ ဦးနာအောက် အသစ်တော့ ပေါ်လာပေပြီ။ ဟိုးအရင်က ဦးနာအောက်ကတော့ နိုင်ငံခြားသားအရင်းရှင်တွေကို အန်တုပြီး ဇာတိဂုဏ် မြှင့်တင်ဖို့ ကြိုးစားခဲ့တာပါ။ ဒီခေတ် ဦးနာအောက် တစ်ပါးက အဆင့်မရှိတဲ့ ကိုယ့်လူမျိုးကို ဇာတိဂုဏ် မြှင့်တင်ပေးဖို့ ကြိုးစားနေတာ မြင်ရတော့ ဝမ်းသာရမှာလား၊ ရင်နာရမှာလား ဆိုတာ စာဖတ်သူတွေသာ စဉ်းစားကြည့်ကြပါတော့။
(ဆက်ရန်)