လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

ဒိုင္ယာရီမ်ား၏ မွတ္စု (၃)

25 February 2012

"ဟေ့ကောင် ပြုံးချို၊ မင်း မျက်နှာလည်း မကောင်းပါလား။ ဘာတုန်း ကိုထွန်းမောင် နေမကောင်းလို့လား"
"မဟုတ်ပါဘူးကွာ နေမကောင်းတာက ငါ"
"မနေ့ကမှ အကောင်းကြီးပါ ဘယ်လို ဖြစ်တာတုန်း"
"လူမဟုတ်ဘူး၊ စိတ် စိတ်၊ စိတ် နေမကောင်း ဖြစ်နေတာ"
"ဘယ်လို ဖြစ်လာရ ပြန်တာတုန်းကွ"
"နောက်မှ ပြောမယ်ကွာ၊ မင်း အလုပ်တွေ ပြီးရင် ငါတို့ တီး သွားဆွဲရအောင်"
"အေး သွားတာပေါ့။ ပေးရှန့် (Patient) လည်း မရှိတော့ဘူး။ ငါ ပစ္စည်းတွေ သိမ်းလိုက်ဦးမယ်၊ ခဏစောင့်"
ဟု ပြောပြီး အောင်ကျော်သည် ပစ္စည်းများကို သိမ်းဆည်းနေလေသည်။ ကျွန်တော်သည် သူ့ကိုပဲ ကြည့်နေမိသလား၊ ဘာကို ကြည့်နေသနည်း ဆိုသည်ကို ကိုယ့်ကိုယ်ကို မဝေခွဲနိုင်ဘဲ ဖြစ်နေရာ လက်ဘက်ရည်ဆိုင်တွင် လက်ဘက်ရည်လာချသော ချာတိတ်ကို မြင်မှ သတိဝင်လာတော့သည်။

"အောင်ကျော်၊ ငါ ဒီနေ့ လက်ဘက်ရည် မသောက်ချင်ဘူး၊ ဘာလို့ မှာလိုက်တာတုန်း"
"ငါ မမှာပါဘူး၊ မင်း ဖာသာ ကောင်လေးကို မှာလိုက်ပြီးတော့"
"ရော၊ ငါ မှာရင် ငါ သိရမှာပေါ့"
"အင်း ... ၊ အဲဒါကြောင့် မင်းရဲ့ ငယ်နာမည်က ဂေါက် ဖြစ်နေတာကိုး"
"အာ ... ၊ မဆိုင်တာ။ ဒါနဲ့ ငါ တကယ် မှာလိုက်တာလား။"
".... ...."
"အင်း၊ ဒါဆိုလည်း သောက်ရတော့မှာပေါ့"
"နေဦး၊ ကိုယ့်ဖာသာ မှာလိုက်တာကို မသိရအောင် မင်း စိတ်တွေ ဘယ်ရောက်နေတာတုန်း"
"Auto-suggestion နည်းအရ ပြောရရင် လုပ်ရိုးလုပ်စဉ်မို့ သူ့ဖာသာ ခိုင်းသွားတာ ဖြစ်မယ်"
"ရူးကြောင်မူးကြောင် လျှောက်ပြောမနေနဲ့။ ကဲ ပြော ဘာတွေ ဖြစ်လာတာတုန်း"
"ရော့၊ ဒီမှာကြည့်"
"အဲ့ စာအုပ်တွေက ဘာလုပ်ဖို့တုန်း"
"ဖတ်ဖို့လေ"
"ဟ၊ ဖတ်ဖို့ကတော့ ငါလည်း သိတာပေါ့ကွ၊ ဘယ်သူက ချီးကုန်းဖို့ ဒါမျိုးတွေ ပေးမတုန်း"
"အဲဒါ ပေသီးရဲ့ ဒိုင်ယာရီစာအုပ်တွေ"
"ဒါနဲ့၊ စာအုပ်နဲ့ မင်း စိတ်လေနေတာနဲ့ ဘာဆိုင်လဲ"
"သက်မဲ့ကတော့ စိတ်လေအောင် ဘယ်လုပ်လို့ ရမလဲကွ၊ စာအုပ်ထဲမှာ ပါတဲ့ စာတွေကို တွေးမိပြီး လေ နေတာ"
"မင်းက ဖတ်ပြီးပြီမို့လား"
"ဟင့်အင်း"
"ဟ ... ၊ မဖတ်ရသေးဘဲနဲ့များကွာ။ ကြိုပြီး လေ နေရတယ်လို့"
"ဒေစီကလည်း စာအုပ်တွေ ပေးထားတယ်ကွာ၊ ဟော အခု လာပြန်ပြီ နောက်တစ်ယောက်။ ပေသီးကလည်း ပေးပြန်ပြီ။ ငါက ဒါတွေကို ဘာလုပ်ရမှာတုန်း။"
"အဲ၊ ငါ့ကို ပြန်လာမေးနေပြန်ပြီ။ ဖတ်ပေါ့ကွ၊ မင်းကို ဖတ်ဖို့ သူတို့က ပေးထားတာ မဟုတ်လား။"
"ငါ မဖတ်ချင်ဘူး အောင်ကျော်။ ဘဝဆိုတာ နောက်ပြန်ဆုတ်လို့ရတဲ့ ရုပ်ရှင်တစ်ကားမှ မဟုတ်ဘဲ။ သိတော့ကော၊ မသိတော့ကော။"
"ဖတ်လိုက်လို့ ဘာမှ အသစ်တွေ ဖြစ်မလာနိုင်တော့ပေမယ့် အဟောင်းတွေကိုတော့ သိထားသင့်တယ်"
"ဝဒနာအသစ်တွေ ဖြစ်လာမယ် ဆိုရင်ကော"
"အဲဒီ ဝေဒနာက နောင်တကြောင့် ဆိုရင်တော့ ငါလည်း မတတ်နိုင်ဘူးပေါ့ကွာ"
"ငါ မဖတ်ချင်ဘူးကွာ၊ အမှန်အတိုင်း ပြောရရင် မဖတ်ရဲတာလည်း ပါတယ်"
"အင်း ... ၊ ဘာပဲ ဖြစ်ဖြစ် မင်း အဲဒီလောက် ပေခံနေတာကိုတော့ ငါ တော်တော် စိတ်ဝင်စားတယ်"
"ဘယ်လို"
"ဟုတ်တယ်လေကွာ၊ တွေ့သမျှစာအုပ် ဘယ်စာအုပ်မှ မရှောင် အကုန် လိုက်ဖတ်တဲ့ကောင်က ရည်စားဟောင်းရဲ့ ဒိုင်ယာရီစာအုပ်ကျ မဖတ်ရဲဘူးဆိုတော့ စိတ်ဝင်စားစရာ မကောင်းဘူးလား။ ရယ်စရာလည်း ကောင်းနေသလိုပဲ"
"ချစ်သူဟောင်းပါကွ၊ ငါနဲ့ ရည်စားမှ မဖြစ်တာ"
"ကိုထွန်းမောင် ဘယ်လိုလူလည်း ဆိုတာတော့ ငါ မသိဘူး။ ဒါပေမယ့် မင်းက စက်ရုပ်လိုကောင်၊ စက်ရုပ်တောင်မှ ဂေါက်နေတဲ့ စက်ရုပ်ဆိုတော့ ရည်းစားမရတာ သိပ်မဆန်းပါဘူး။ ဟား ဟား ... "
"ဟေ့ကောင်၊ ငါ ညစ်နေတာနော်။ ညစ်နေတဲ့ကြားထဲ ငါ့ကို မင်းက စော်ကားလိုက်သေးတယ်။ သေတော့မယ် မင်းတော့"
"စတာပါကွာ၊ မင်း ရုပ်ကြီးက ချီးပုံထဲက ဗူးသီးအပုတ်ကြီး လှည်းနင်းခံထားရတဲ့ ရုပ်ဖြစ်နေလို့ နည်းနည်းလေး ရွှင်သွားမလား ဆိုပြီး"
"တော် တော်၊ မင်းဟာက ပြောလေဆိုးလေ ဖြစ်လာပြီ။ ဒါနဲ့ မင်းပြောသလိုပါပဲ ဒေစီလည်း ငါ့ကို တစ်ခါ ပြောဖူးတယ်"
"ဟုတ်လား၊ ဘယ်လိုတုန်း"
" 'နင် အဲ့လိုတာ လုပ်နေရင် တစ်သက်လုံး မိန်းမ ရမှာမဟုတ်ဘူး' တဲ့လေ"
"မင်း ဘာသွားလုပ်လို့တုန်း"
"ဘာမှ မလုပ်လို့လေ။ အေးတိအေးစက်ကြီး နေနေလို့ ဖြစ်မှာပေါ့"
"အေး ဟုတ်တာပဲ။ ဒါဆို ဒေစီက မင်းအတွက် အစောကြီးကတည်းက ကြို နိမိတ်ဖတ်ပေးလိုက်တာပဲ။ ဒါနဲ့ အဲ့စကားကို ဘယ်တုန်းက ပြောတာတုန်း"
"ငါနဲ့သူနဲ့ နှစ်ယောက်တည်း ချိန်းတွေ့တုန်းက"
"ဟုတ်ပါ့မလားကွာ"
"ဟုတ်ပါတယ်။ ဒါပေမယ့် ရည်စားစကား ပြောဖို့တော့မဟုတ်ဘူး"
"ဘယ်လိုကြီးတုန်း မင်းဟာက၊ တစ်ဖက် မိန်းကလေးက သူ့ကို ရည်စားစကား ပြောမလို့ပါလို့ ထင်နေရင် ဘယ်နှယ့်လုပ်မတုန်း"
"အဲဒီလို ထင်ခဲ့လို့ပဲ ပြဿနာတွေ ပိုကြီး ကုန်တာပေါ့။ ဒါပေမယ့် အဲဒီတုန်းက ငါ သတိမထားမိဘူးလေ"
"နေဦး၊ မင်းက သူ့ကို ဘယ်လို ပြောပြီး ချိန်းတာတုန်း"
"နင့်ကိုငါ ပြောစရာရှိလို့ အေးအေးဆေးဆေး ပြောရအောင် မနက်ဖြန် အအေးဆိုင်မှာ ဆုံရအောင်လို့ ချိန်းတာလေ"
"သေလိုက်ပါတော့ ငါ့ကောင်ရာ၊ မင်း အဲဒီ စကားကို နူးနူးညံ့ညံ့လေးပဲ ပြောလိုက်တယ် မဟုတ်လား"
"အေးပေါ့၊ ငါ စကားပြောတာ ဘယ်တုန်းက မာရည်ကျောရည် ပြောဖူးလို့တုန်း"
"အေးပါ အေးပါ၊ အဲဒါကြောင့်လည်း ဟိုက သူ့ကို ရည်စားစကား ပြောတော့မယ်လို့ ထင်တာ နေမှာပေါ့။ အဲဒီတုန်းက သူ ညတောင် အိပ်ပျော်ရဲ့လား မသိဘူး"
"ငါလည်း အိမ်ပြန်ရောက်တော့မှ မှားမှန်းသိတာကွ။ ငါတို့ စကားစပြောတဲ့အချိန် သူ ရှက်နေတာကိုတော့ ငါ သတိထားမိတယ်၊ ဒါပေမယ့် သူ အဲဒီလို ယူဆလိမ့်မယ်လို့ မထင်မိခဲ့ဘူး"
"အေး ... ၊ ဒါဆို ဒေစီ မမှားဘူးကွ။ ဘယ်တော့မှ မိန်းမရမှာ မဟုတ်ဘူးဆိုတဲ့ စကား ပြောထိုက်တယ်"
"အဲဒါကြောင့်လည်း ပြောတာနေမှာပေါ့"
"ဒါနဲ့ နေပါဦး။ ဒါဆို အဲဒီနေ့က မင်း သူ့ကို ဘာပြောဖို့ ချိန်းတာတုန်း"
"ပေသီးနဲ့ ပတ်သက်ပြီး ပြောစရာ ရှိလို့"
"ဘာတွေ ပြောတာတုန်း"
"ငါတို့ အဲဒီနေ့က အအေးသောက်ရင်း ဟိုဟိုဒီဒီ စကားလျှောက်ပြောပြီး ငါက စကားစတယ်လေ။ 'ဒေစီ ပေသီးက နင့်ကို ကြိုက်နေတယ်ဆိုတာ နင်သိလား' လို့ ငါက စမေးလိုက်တယ်လေ။ အဲ့တော့ သူက 'သိတယ်' တဲ့။ ဒီတော့ ငါက 'ဒါဆို နင်ကကော သူ့ကို ကြိုက်နေလား' လို့ မေးလိုက်တယ်"
"ဟိုး ... ၊ နေဦး နေဦး။ မင်းက ပေသီးအတွက် အောင်သွယ်ပေးနေတာလား"
"မဟုတ်ဘူး။ ငါက ... "
"ဒါနဲ့များ မင်းက ဘာကြောင့် သူများအကြောင်း လျှောက်ပြောနေရတာတုန်း"
"ငါ ပြောတာလဲ ဆုံးအောင် နားထောင်စမ်းပါဦး .. "
"အေး ပြောကွာ မြန်မြန်ပြော၊ အဲ့တော့ သူက မကြိုက်ဘူးတဲ့လား"
"အင်း၊ သူက ခေါင်းခါတယ်။ ဒီတော့ ငါက 'နင် သူ့ကို မကြိုက်ဘူးဆိုရင်တော့ ငါတို့ တစ်ခုခု လုပ်မှ ဖြစ်မယ်' လို့ ပြောလိုက်တော့ 'နင်က ဘာလုပ်ချင်တုန်း' တဲ့။ ဒါနဲ့ ပေသီးအနေနဲ့ ဒေစီအပေါ် စိတ်ကုန်သွားအောင် အကွက်ဆင်ဖို့ စီစဉ်လိုက်ကြတယ်"
"ဟ ... ဒါ မင်း သူများကိစ္စကို ဝင်ပြီး ဖျက်လိုဖျက်ဆီး လုပ်တာပဲ"
"ငါ အဲဒီတုန်းက စေတနာလို့ ထင်ခဲ့တာလေ။ အဲဒီ စေတနာက ငါ့ကိုယ်ငါ ထားတဲ့ စေတနာလို့တော ဘယ်သိမတုန်း"
"အော် အော် သဘောပေါက်ပြီ၊ ဒါကြောင့် ကိုထွန်းမောင်နဲ့ မင်းနဲ့ ထိုးမယ်ကြိတ်မယ် ဖြစ်တာ ထင်တယ်"
"ဟုတ်တယ်၊ အဲဒါကြောင့်ပဲ"
"အဲဒါတော့ မင်းလွန်တာ ပြုံးချို"
"အင်း ... ၊ ငါ သိပါတယ်။ ငါ အမှားနှစ်ခုကို တပြိုက်နက်တည်း ကျူးလွန်လိုက်တာ"
"နောက်တစ်ခုက"
"ငါ ဒေစီရဲ့ ခံစားချက်ကို ထည့်မတွက်ဘဲ လုပ်ချင်ရာ လျှောက် လုပ်ခဲ့တာလေ"
"ဒါနဲ့ နေပါဦး၊ မင်းတို့ နှစ်ယောက်တည်း သိတဲ့ကိစ္စကို ကိုထွန်းမောင်က ဘယ်လိုလုပ် သိသွားတာလဲ"
"မင်းကကော ဘယ်လိုထင်လဲ"
"ဒေစီ ပြောလိုက်တာပဲ နေမှာပေါ့"
"ငါလည်း အဲ့လို ထင်တာပဲ"
"ဒါ မင်းတို့ နှစ်ယောက်ကို တမင် ရန်တိုက်ပေးရာ ကျမနေဘူးလား"
"အင်း ... ၊ သူ့ ခံစားချက်နဲ့သူ ရှိမှာပေါ့ကွာ"
"ဘယ်လို ခံစားချက်ပဲ ဖြစ်ဖြစ်လေကွာ၊ ကိုယ့်ကို ချစ်နေတဲ့ ယောက်ျားနှစ်ယောက်ကိုတော့ ရန်တိုက်ပေးဖို့ မသင့်ဘူး။ ငါတောင် ဒေစီရဲ့ ဒိုင်ယာရီ စာအုပ်ကို ဖတ်ချင်လာပြီ"
"ဘာလုပ်ဖို့တုန်း"
"အဲဒီအချိန်က ဖြစ်နေမယ့် သူရဲ့ ခံစားချက်ကို သိချင်လို့ပေါ့ကွ၊ ငါ့ကို ငှားပေးပါလား၊ အဲ့ဒီ နားလေးပဲ ဖတ်ချင်တာ"
"ငါ့ဆီမှာ မရှိဘူး"
"မင်းပဲ ပြောတော့ မင်းကို ပေးထားတယ်ဆို"
"အင်း ပေးတော့ ပေးထားတယ်၊ သွားမယူရသေးဘူး"
"ဘယ်သွားယူရမှာလဲ၊ အခု သွားယူရအောင်"
"ဟ မင်းဟာက ဇွတ်ပါလားကွာ၊ ဖြစ်မယ့်ဖြစ် ငါက ဖြစ်ရမှာပါကွ"
"မင်းက မဖတ်ချင်ဘူး ပြောတာလေ၊ ငါက ဖတ်ချင်နေပြီ၊ မင်း မဖတ်လည်း နေပေါ့၊ ငါ ဖတ်မယ်၊ ဘယ်သွားယူရမှာလဲ ပြော"
"သူ့ ယောက်ျားအိမ်မှာ၊ မရမ်းကုန်းဘက် Junction 8 နောက်ကျော"
"လာလာ ထ၊ အခုသွားမယ်"
ဟု အတင်းဇွတ်ဆွဲခေါ်၍ မလိုက်ချင် လိုက်ချင်ဖြင့် ကျွန်တော်တို့ကားမှာ ယခု မရမ်းကုန်း ရှစ်မိုင်သို့ ဦးတည် မောင်းနှင်နေလေပြီ။

ဒေစီ၏ အမျိုးသား ဦးဇော်ထက်မှာ နေမကောင်းနေသဖြင့် ကျွန်တော်တို့ သူ၏ အိပ်ခန်းထဲတွင် ဝင်တွေ့ရသည်။ သူ၏ နားဘေးတွင်လည်း အနီးကပ်ပြုစုရန် ငှားရမ်းထားသော သူနာပြုဆရာမ တစ်ယောက် ရှိနေသည်။ နှာခေါင်းတွင်လည်း အောက်စီဂျင်ပိုက် တန်းလန်းနှင့် တွေ့ရသောအခါ စာအုပ်များ တောင်းရမည်ကိုပင် ဝန်လေးသွားသည်။ မြင်ကွင်းများကြောင့် အားနာစရာ ဖြစ်နေသည်။ လူနာမြင်လျှင် အငြိမ်မနေနိုင်သော အောင်ကျော်တစ်ယောက် လူနာကို အကဲခတ်၍ အတွေးများနေပုံရသည်။ ကျွန်တော်တို့ ထိုင်ခုံပေါ် ထိုင်ပြီး ခဏမှာပင် ဦးဇော်ထက်မျက်လုံး ဖွင့်ကြည့်၍ ကျွန်တော်တို့ကို မမှတ်မိသလို ကြည့်နေသည်။ ထိုနောက် အတန်ကြာမှ သတိရလာသော အပြုံးဖြင့်
"အော် ကိုပြုံးချိုတို့ ပါလား၊ ဆရာမ အိမ်မှာ ဘယ်သူမှ မရှိကြဘူးလား။ ဖျော်ရည်လေးတစ်ခုခု လုပ်ခိုင်းပေးပါဦး"
"ရတယ် အကို၊ အကို နေမကောင်းဖြစ်နေတာ ကြာပြီလား"
"အင်း ... ၊ ကြာဆို ကုတင်ပေါ် လှဲနေရတာကို လေးနှစ်လောက် ရှိပြီပဲ"
"ဆရာဝန်က ဘာဖြစ်တာတဲ့တုန်း အကို"
"အသည်းက သိပ်အလုပ်မလုပ်တော့တာလို့ ပြောတယ်"
"ကျွန်တော်လည်း ဒေစီဆုံးပြီးကတည်းက မရောက်ဖြစ်တော့တာပဲ။ နိုင်ငံခြား ခရီးတွေလည်း ထွက်နေတော့ မလာနိုင်ဘူး။ အကို ဒီလို ဖြစ်နေတာကို မသိတာပါ"
"အင်းလေ၊ ညီတို့နဲ့ အဆက်အသွယ်ကလည်း ပြတ်နေတာဆိုတော့ ဘယ်သိမလဲ။ ဒါနဲ့ ဒေစီက မင်းရဲ့ ပစ္စည်းဆိုပြီး အထုပ်တစ်ထုပ် ပေးခိုင်းထားတာ။ အကိုလည်း နေမကောင်းတော့"
"ရပါတယ် အကို၊ ကျွန်တော်က လာယူရမှာပါ။ ကျွန်တော်လည်း ခရီးလွန်နေတာနဲ့ မယူဖြစ်ဘူး"
"အခု ကြုံတာပဲ၊ ယူသွားလိုက်ပေါ့။ နောက်တစ်ခါဆို မသေချာတော့ဘူးလေ"
"ဗျာ ... ၊ ဟုတ် ဟုတ်ကဲ့။ ယူသွားလိုက်ပါ့မယ်"

ဦးဇော်ထက်နှင့် နောက်ထက် ၁၅ မိနစ်ခန့် စကားပြောပြီး ကျွန်တော်တို့ နှုတ်ဆက်၍ ပြန်ခဲ့ပါသည်။ တစ်လမ်းလုံး အောင်ကျော်မှာ စကားတစ်လုံးမှ မပြောသဖြင့် ကျွန်တော် ထူးဆန်းနေသည်။
"ဟေ့ကောင် ငြိမ်ချက်သား ကောင်းနေပါလား"
"အင်း၊ စဉ်းစားနေတာကွ"
"ဘာတွေများ အဲ့လောက် စဉ်းစားနေတာတုန်း"
"အဲဒီ ဦးဇော်ထက်ရယ်၊ ဒေစီရယ်၊ ကိုထွန်းမောင်ရယ်။ သူတို့ သုံးယောက်အကြောင်း ဆက်စပ် စဉ်းစားနေတာ"
"သူတို့သုံးယောက်ကို ဆက်စပ်ပြီး ဘာများ စဉ်းစားစရာ ရှိလို့တုန်း"
"ငါ မနေ့က မေးခွန်း ပြန်မေးဦးမယ်၊ ကိုထွန်းမောင်ရဲ့ စာရိတ္တကို မင်း တကယ်ပဲ ယုံသလား"
"ဘာလို့ ဒီမေးခွန်း မေးလာရ ပြန်တာတုန်း"
"အေး မင်းသိအောင် ပြောရရင် ငါ တွက်တာ မမှားရင်ပေါ့ကွာ၊ ဦးဇော်ထက်မှာလည်း အေ့ဒ်စ် ရှိနေတယ်"