လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

လွမ်းတော့ လွမ်းမိပါတယ်

06 January 2012

လွမ်းတယ် ဆိုတဲ့ စကားလုံးကို ကျွန်တော့အနေနဲ့ သုံးဖို့ သိပ်မသင့်လျော်တော့ပါဘူး။ ဒါပေမယ့်လည်း အလွမ်းဓါတ်ခံ ရှိထားတဲ့သူဆိုတော့ လွမ်းတာကို လွမ်းတယ်လို့ပဲ ဝန်ခံရမှာပဲ။ ဘာတွေကို လွမ်းသလဲဆိုတော့ သက်ရှိသက်မဲ့ အစုံပေါ့။ အဲဒါတွေထဲက လွမ်းတာ တစ်ခုကို ထုတ်ပြရရင်တော့ ဟောဒီ ဘလော့ဂ်ကိုပါ။ PK ဘလော့ဂ်ကို ပစ်ထားလိုက်တာလဲ အခုဆို နှစ်နှစ်ကျော်သွားခဲ့ပြီ။ တစ်ခါတလေ ရန်ကုန်၊ မန္တလေးရောက်လို့ အင်တာနက်သုံးဖို့ အဆင်ပြေခဲ့ရင် ကိုယ့်ဘလော့ဂ်ကိုကိုယ် သွားသွားကြည့်မိတယ်။ အလွမ်းပြေပေါ့။ အခုအချိန်ထိ စာလာဖတ်နေတဲ့ သူတွေ တွေ့ရတော့ ကျေနပ်မိတာ အမှန်ပါ။ အဲဒီလို သွားသွားကြည့်နေမိလို့လား မသိဘူး။ သံယောဇဉ် အရှိန်က ပြေမသွားဘူး။

လွမ်းတယ်ဆိုကတည်းက သံယောဇဉ် ထားနေမိလို့ပါ။ သက်ရှိအပေါ်မှာ ရှိတဲ့ သံယောဇဉ်နဲ့ သက်မဲ့အပေါ်မှာ ရှိတဲ့ သံယောဇဉ်နဲ့ ဘာမှ သိပ်မကွာဘူးလို့ ကျနော်ကတော့ ထင်တယ်။ ကွာတာ တစ်ခုပဲရှိမယ်။ သက်မဲ့အပေါ် သံယောဇဉ် ထားရတာ တုန့်ပြန်မှုအား မရှိသလောက်ပါ။ တုန့်ပြန်မှုအား နည်းလေလေ ခံစားမှု လျှော့လေလေလို့ ဆိုကြတယ်။ ဒါပေမယ့် အဲဒီ သက်မဲ့အပေါ် ထားတဲ့ သံယောဇဉ်တွေထဲမှာ ဘလော့ဂ်အပေါ် ထားမိတဲ့ သံယောဇဉ်ဟာ ခံစားမှု အပေးနိုင်ဆုံးလို့ ယူဆမိတယ်။

ကိုယ့်ဘလော့ဂ်ကိုကိုယ် ဝင်ကြည့်ဖြစ်တိုင်း ပို့စ်အဟောင်းတွေ ပြန်ပြန်ပြီး ဖတ်ဖြစ်တယ်။ လွမ်းစရာပို့စ်တွေ ပါသလို ပျော်စရာပို့စ်တွေလည်း ပါတယ်။ ကြေကွဲစရာ ပို့စ်တွေလည်း ဖတ်ဖြစ်သလို ကြည်နူးစရာ ပို့စ်တွေလည်း ချန်မထားခဲ့ဘူး။ ပို့စ်အများစုက ကိုယ့်ဘဝဇာတ်ကြောင်းတွေပဲ ဆိုတော့ အတိတ်လွမ်းချင်းကြီး ငြီးနေရသလိုပါပဲ။ စာရေးတာ ဝါသနာပါတော့ ဘလော့ဂ်ပြန်ရေးဖို့ စိတ်ကူးနေခဲ့မိတာတော့ ကြာပါပြီ။ အင်တာနက် အဆင်မပြေတာလည်း မရေးဖြစ်တဲ့ အကြောင်းတစ်ခုပါ။ နောက်တစ်ခု အရင်လို လွတ်လွတ်လပ်လပ် ရေးနိုင်ပါဦးမလား၊ ရေးခွင့်ရှိပါဦးမလား ဆိုတဲ့ အတွေးကလည်း ပိတ်ကာနေခဲ့တယ်။ ကိုယ်က လွတ်လွတ်လပ်လပ် ရေးပါပြီတဲ့၊ စာဖတ်တဲ့သူက "သူကဘာကြီးဟဲ့" ဆိုတဲ့ အတွေးနဲ့ လွတ်လွတ်လပ်လပ်ကော ဖတ်နိုင်ပါဦးမလား။ တွေးမိတာတော့ အများကြီးပါ။ စာရေးသူကို စာရေးသူတစ်ယောက် အနေနဲ့ ဘလော့ဂါကို ဘလော့ဂါ တစ်ယောက် အနေနဲ့ အမြင်ထားပြီး စာဖတ်တာ ပိုကောင်းလိမ့်မယ်လို့ ထင်မိတယ်။ စာဖတ်သူတွေလည်း အဲလိုပဲ ခံယူနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပြီး ဘလော့ဂ်ကို စာရေးဖြစ်ပါပြီ။ အားတင်းပြီးတော့ပေါ့။

နှစ်နှစ်ကျော်ကြာ ခွဲခွာခဲ့တဲ့ ဘလော့ဂ်ကို ပြန်ပြီး အသက်သွင်းလိုက်ခြင်း ပါပဲ။ အရင်က ပီကေပဲဖြစ်ဖြစ် အခု ပီကေပဲဖြစ်ဖြစ် ပီကေကို ပီကေလို့ပဲ သဘောထားပြီး ပို့စ်များကို ရံဖန်ရံခါ တင်ဖြစ်မှာပါ။ ကိုယ်သိထားတဲ့ အသိတွေလည်း ဝေမျှချင်တယ်။ ကိုယ်ခံစားဖူးတဲ့ ခံစားမှုတွေကိုလည်း ဝေမျှချင်တယ်။ ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေကိုလည်း ဝေငှချင်ပါတယ်။

အားလုံး မင်္ဂလာနှစ်သစ်မှာ စိတ်သွားတိုင်း ကိုယ်ပါလို့၊ ကိုယ်သွားတိုင်းလည်း စိတ်ပါ ကြပါစေလို့ ဆုတောင်းရင်း ...