လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

တံခါးခေါက်သံများ (၆)

16 September 2009

သေနတ်ကို ကျည်အပြည့်နဲ့ ချိန်ထားပြီးခါမှ မပစ်ရတော့တဲ့ ဖီလင်၊ မေတ္တာကို ခူးဆွတ်ဖို့ ခြင်းတောင်း အသင့်နဲ့ လက်လှမ်းပြီးခါမှ ပြန်ရုတ်လိုက်ရတဲ့ ဖီလင်၊ ပါးစပ်ထဲကို လှမ်းထည့်လိုက်တဲ့ မုန့်တစ်တုံး ချော်ပြီး မြေကြီးပေါ် ကျသွားလို့ ခံစားလိုက်ရတာတွေဟာ အတူတူပဲ နှိုင်းယှဉ်လို့ ရပါ့မလား။ အဲဒီ ကတိကို ပေးလိုက်တဲ့ အချိန်မှာ ကျနော် မြင်ယောင်မိတာ တစ်ယောက်တည်း။ အဲဒါ အမေပါ။ ဖုန်းချပြီးတော့မှ ဆက်တိုက်ဆိုသလို လူတွေ အများကြီး တစ်ယောက်ပြီးတစ်ယောက် မြင်ယောင်လာပြီး အတွေးတွေ အားလုံး ထွေနေတော့တယ်။ ပထမဆုံး တွေးလိုက်မိတာက သူ့အကြောင်း။ ဟုတ်တယ်။ အိစုအကြောင်းပါ။ ကျနော် ဘာဆက်လုပ်ရမလဲ ဆိုတာ ဆက်စပ် တွေးလိုက်တဲ့အခါမှာ မျက်နှာပူလာတယ်။ မျက်လုံးထဲမှာ ဝိုင်းလှော်ပေးကြတဲ့ သူငယ်ချင်းတွေ အကုန်လုံးကို မြင်ယောင်လာတယ်။ ကျနော် ဘာဆက်လုပ်မရ။ တကယ်ကို မသိတော့ပါဘူး။ ငုတ်တုတ်ထိုင်ရင်း "ရှေ့ဆက်ပြီး ဘာဆက်လုပ်ရမလဲ၊ မင်းနဲ့လည်း ခွဲမနေချင်ဘူးကွယ်" ဆိုတဲ့ သီချင်းစာသားကို ဆိုနေရုံပါ့။

ပေးထားတဲ့ ကတိကိုတော့ ဖျက်လို့ မဖြစ်။ အမေ ပြောတဲ့အထဲမှာ စကားလုံးတစ်လုံးပါ။ တစ်နှစ်တည်းပါ တဲ့။ ဒီတော့ ကျနော် စိတ်ဒုန်းဒုန်း ချလိုက်တယ်။ ၁၉၉၉ မရောက်မချင်း ရှောင်နေလိုက်ရုံ။ ကျနော် သူနဲ့ ထိပ်တိုက် ရင်မဆိုင်ရဲပါ။ ကြောက်လို့တော့ မဟုတ်ပေမယ့် မျက်ဝန်းအဆုံမှာ ပေးထားတဲ့ ကတိ မေ့သွားမှာ စိုးလို့။ ဒီတော့ ကျနော် လုပ်နိုင်တာ တစ်ခုပဲ ရှိတော့တယ်။ ရှောင်စေတဲ့ ရှားစေ။ အသားလွတ် ရှောင်နေဖို့ မသင့်တာကြောင့် ရှောင်နိုင်ဖို့ အကြောင်း ဖန်ရတော့တယ်။ ကျနော်တို့ အတန်းချိန်က နေ့ခင်း ၁၂း၃၀ ကနေ ညနေ ၅း၀၀ အထိ။ အရင်က ၁၂ နာရီ မထိုးခင် ရောက်နှင့်နေပြီး အခွင့်ကောင်းရင် ကောင်းသလို၊ လက်ဘက်ရည်ဆိုင်၊ မုန့်ဆိုင် အတူသွားနေကြ။ သူငယ်ချင်းတွေ အလှော်ကောင်းတာလဲ ပါတယ်။ ဒီတော့ အခုဆိုရင် ၁၂ နာရီ မခွဲမချင်း ကျောင်းကို ရောက်လို့ မဖြစ်။ အစီအစဉ်တစ်ခု ဖန်တီးရတော့တယ်။ ကျနော် လှည်းတန်းမှာ သင်တန်း တစ်ခု တက်လိုက်တယ်။ အဲဒီ သင်တန်းက နံနက် ၈း၃၀ ကနေ နေ့လယ် ၁၂း၀၀ အထိ ဆိုတော့ လှည်းတန်းကနေ ဆိပ်ကမ်းသာလမ်းက သင်တန်းလာဖို့ အနည်းဆုံး နာရီဝက် အချိန်ပေးရမယ်။ ဒီတော့ သင်တန်းတက်တာနဲ့ တပြိုင်နက် ၁၂း၃၀ မရောက်တောင် အတန်း နောက်ကျဖို့က များနေပြီ။ ဒီလိုနဲ့ သင်တန်းတွေကို ဆက်တိုက် အပေါက်အကြားမရှိ စီစဉ်လိုက်တော့ သူနဲ့ တွေ့ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ကျနော်မှာ နေ့တိုင်း နေ့လယ်စာ ထမင်းစားချိန်တောင် မရလို့ နေ့တိုင်း ဘက်စ်ကားပေါ်မှာပဲ ပေါင်မုန့် နှစ်လုံးကို နေ့လယ်စာအဖြစ် သက်မှတ်ပြီး နှစ်ပါးသွားနေရတယ်။

ဖြေရှင်းခွင့်လည်း မရှိ။ ဖြေရှင်းစရာလည်း မရှိတော့ အားလုံးကို ရှောင်နေရုံ သက်သက်နဲ့ ၁၉၉၈ ခုနစ် တစ်နှစ်လုံးကို ဖြတ်သန်းလာရတယ်။ မဟာအခွင့်အရေးလို့ ထင်ထားတဲ့ ၁၉၉၈ ခုနစ်ကြီးဟာ မဟာအလွမ်းအဆွေးနဲ့ပဲ မွန်းကြပ်နေမိတော့တယ်။ သူငယ်ချင်းတွေ အမြင်စောင်းလည်း မတတ်နိုင်တော့ဘူး။ ကိုယ်ချစ်တဲ့သူက မကြည်ဖြူလည်း ဘာတတ်နိုင်မှာလဲ။ ကိုယ်ကိုက သားလိမ္မာတစ်ယောက် လုပ်ချင်ခဲ့တာကိုး။ အဲဒီလို ဥပေက္ခာ အပြုခံလိုက်ရတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ခံစားချက်ကို နားလည်နိုင်ခဲ့မယ် ဆိုရင် ရှေ့ဆက်ပြီး ဘယ်မှားရက်ပါတော့မလဲ။ ဘယ်သူမှ မရည်ရွယ်ဘဲ ဖြစ်လာတာကြောင့် ဘဝပေး လို့ ခေါ်ကြတာပေါ့။ သူရဲ့ မျက်နှာကို မမြင်မိအောင် အတန်းကို အမြဲတမ်း နောက်ကျမှ ဝင်ပြီး အားလုံးထက် စောစောထွက်နေတဲ့ ကျနော်ဟာ တစ်ရက်မှ သူ့ကို မေ့မရခဲ့ပါဘူး။ မေ့မရလေ၊ မေ့ချင်လေ၊ မေ့ချင်လေ၊ မေ့မရလေနဲ့ လုံးချာလယ်လိုက်နေတယ်။ ဒီတော့ မဖြစ်ဖြစ်အောင် မေ့မှ ရမယ်ဆိုပြီး မမေ့မချင်း ကိုယ့်ကိုယ်ကို ဒဏ်ခတ်မိနေတော့တယ်။ တစ်ခါ သတိရမိတိုင်း ကိုယ့်ပါးကိုယ် တစ်ချက် ရိုက်နေမိတယ်။ ဒီလိုနဲ့ နေ့စဉ်ရက်ဆက် အကြိမ်ကြိမ် ကိုယ့်ပါးကိုယ် ရိုက်နေမိတဲ့ အချက်ရေကို ရေတွက်ရင်းနဲ့ ၁၉၉၉ ခုနစ် ဆိုတာ ရောက်လာတယ်။

"အချိန်နှင့် ဒီရေသည် လူကိုမစောင့်" ဆိုတဲ့ စကားပုံကို ကျနော် ထည့်ဖြည့်လိုက်ချင်တယ်။ "အချိန်၊ ဒီရေနှင့် အချစ်သည် လူကို မစောင့်" လို့ ပြင်ပစ်လိုက်ချင်ပါတယ်။ နဂိုကတော့ ၁၉၉၉ ဟာ ကျနော်ရဲ့ အချစ်တွေ ပြန်ပြီး လန်းဆန်း နလန်ထူလာမယ်လို့ ထင်ခဲ့မိတာလေ။ ဥပေက္ခာပြုခဲ့မိတဲ့ ကျနော်ရဲ့ အပြစ်တွေအတွက် လျော်ကြေးပေးခွင့် ရလိမ့်မယ်လို့ တွေးခဲ့မိတာ။ ဘုန်းကြီး ခေါင်းခေါက်ပြီးမှ တောင်းပန်ချင်တဲ့ ကျနော်အဖြစ်ကို တစ်ရက်ထက်တစ်ရက် ပိုပိုပြီး သတိထားလာမိတယ်။ ဥပေက္ခာပြုခဲ့တာလည်း ... ငါ၊ ဒဏ်ရာ ပေးခဲ့တာလည်း ... ငါ၊ အေးခဲစေခဲ့တာလည်း ... ငါ၊ တစ်နှစ်အကြာမှ ပြန်ပေါင်းထုပ်ချင်တဲ့ ငါ ပါလားလို့ တစ်နေ့တစ်ခြား ဆင်ခြင်လာမိတယ်။ ဒီတစ်ခါတော့ သူ မျက်နှာလွှဲအလှည့် ရောက်ပြီပေါ့။ သူငယ်ချင်းထက်ကို ဘာမှ အပိုမခံတဲ့ သူနဲ့ အဆစ်လိုက်တောင်းနေတဲ့ ကျနော် နေ့စဉ်ရက်ဆက် မျက်နှာချင်း ဆုံရတာတောင် ပင်ပန်းလာတယ်။ ၁၉၉၉ နှစ်ဆန်းပိုင်းမှာမှ ဖြစ်သွားကြတဲ့ သူ့ချစ်သူနဲ့ မိတ်ဆက်ပေးလာတော့ ခပ်ပြုံးပြုံးလေး နေတတ်အောင် ကြိုးစားခဲ့ရတယ်။ ဒီလိုနဲ့ ၁၉၉၉ ခုနစ်မှာလည်း ကိုယ့်ပါးကိုယ် ထပ်ရိုက်နေရပြန်ပြီပေါ့။ ကျနော် ဘယ်သူ့ကို အပြစ်တင်ရမလဲ။ သတိရတတ်လွန်းတဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ပြီး ကိုယ့်ဖာသာပဲ ရိုက်နေမိတော့တယ်။ သိပ်ချစ်မိတဲ့ ကိုယ့်ကိုယ်ကိုပဲ မုန်းနေမိတယ်။ သူ့မှာ ဘာအပြစ်မှ မရှိပါဘူး။

၂၀၀၀ နှစ်ဆန်းပိုင်းမှာ သူ သင်တန်း ဆက်မတက်တော့ဘဲ ထွက်သွားတယ်။ ကျနော်လည်း သင်တန်းတွေ ပြီးတော့ မန္တလေးပြန်လာခဲ့တယ်။ သူ့ကိုတော့ သတိရလျက်၊ လွမ်းလျက်၊ ဆွေးလျက်ပေါ့။ "ပျောက်သောသူ ရှာလျှင်တွေ့၊ သေသောသူ ကြာလျှင်မေ့" ဆိုတဲ့ စကားပုံ အတိုင်းပါပဲ။ ကျနော်အပေါ်မှာ သေနေပြီဖြစ်တဲ့ သူရဲ့ စိတ်ကြောင့် ကြာတော့လည်း တဖြေးဖြေး မေ့လာပြီပေါ့။ မှတ်မှတ်ရရ ၂၀၀၁ ခုနစ်မှာ ကျနော် သူနဲ့ ဖုန်း နှစ်ခါပဲ ပြောဖြစ်တော့တယ်။ နောက်ဆုံး သူ့အကြောင်းကို မတွေးမိသလောက် ဖြစ်လာတော့မှ ငါ သူ့ကို လုံးဝ မေ့နိုင်သွားပြီပဲလို့ ဂုဏ်ယူနေမိတယ်။ ကျေနပ်နေမိတယ်။ အဲဒီလို တကယ်ပဲ ဂုဏ်နေဖို့ သင့်ရဲ့လား။ ကျေနပ်စရာကော ဟုတ်ရဲ့လား။ စာဖတ်သူအနေနဲ့ ဘာမှမဟုတ်တဲ့ ကိစ္စလို့ ထင်နေမယ်နော်။ ကျနော်အတွက်တော့ မဟာအောင်မြင်မှုကြီးပဲ။ တစ်ခါ သတိရတိုင်း ပါးတစ်ချက် အရိုက်ခံရလို့ မျက်နှာ နီရဲနေတဲ့ ကျနော်။ တစ်နေ့ကို ဆယ်ချက်မက ကိုယ့်ဖာသာ ခိုးခိုး ရိုက်နေမိတဲ့ ကျနော်။ အခုတော့ လုံးဝ အရိုက်မခံရတာ လနဲ့ချီ ကြာသွားပြီဆိုတော့ ဒါ ဝမ်းသာစရာ မဟုတ်ဘူးလား။ ကျနော် ဝမ်းသာမိတာတော့ အမှန်ပါ။ သူ့ကို မုန်းသွားလို့ မဟုတ်ပါဘူး။ အတိတ်ကို အတိတ်မှာပဲ ထားခဲ့လိုက်နိုင်လို့ပါ။

ဒါဆို ကျနော် အောင်နိုင်သူကြီးပေါ့။ ကျနော် သူ့ကို ပြန်သတိရတဲ့ အချိန်မှာ ပြန်တွက်ကြည့်လိုက်တော့ သူနဲ့ အဆက်အသွယ် မရခဲ့တာ ၈ လတိတိ ရှိသွားပြီ။ ကျနော် သိပ်ချစ်ခဲ့ဖူးတဲ့ လူတစ်ယောက်၊ နေ့တိုင်း သတိမရဘဲ မနေနိုင်ခဲ့တဲ့ လူတစ်ယောက်ကို ၈လတိတိ မေ့ထားလိုက်နိုင်တာ ဝမ်းသာစရာများလား။ ဒါပေမယ့် ကျနော် ကျေနပ်နေမိတာတော့ အမှန်ပါ။
" လူတစ်ယောက်ကို မုန်းဖို့ သတ္တိလိုတယ်။ ချစ်ဖို့ ရေစက်လိုတယ်။ မေ့ဖို့ အချိန်လိုတယ် " တဲ့။
နောက်ဆုံးတော့လည်း ဘယ်သူမှ အရှုံး မရှိလိုက်သလိုပဲ။ ကျနော် ရလိုက်တာ ဇာတ်လမ်းတစ်ပုဒ်၊ သူ ရလိုက်တာ သူငယ်ချင်းတစ်ယောက်။ ဒါပေမယ့် ဆွေးနေတဲ့ သူငယ်ချင်းပေါ့။ အခုတော့ အဲဒီ သူငယ်ချင်းက ပျော်နေနိုင်ပါပြီ။ ဘာမှကို သတိမရတော့ဘဲ ၂၀၀၂ ခုနစ် ကမ္ဘာ့ဖလား ဘော်လုံးပွဲကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကြည့်လို့။ ဘော်လုံးပွဲ ပြီးလို့ နှစ်ရက်အကြာ ၂၀၀၂ ခုနစ် ဇူလိုင်လ ၂ ရက်နေ့ နေ့ခင်းမှာ ဖုန်းတစ်ကော ဝင်လာတယ်။ အဲဒီ တစ်ကောကြောင့်ပဲ ကျနော်ရဲ့ ဘဝကြီးတစ်ခုလုံး ဗြောင်းဆန်သွားတော့တယ်။

(ဆက်ရန်)