လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

တံခါးခေါက်သံများ (၅)

13 September 2009

တံခါးခေါက်သံများ ခေါင်းစဉ်နဲ့ လွန်ခဲ့တဲ့ ခြောက်လလောက်က ()၊ ()၊ ()၊ () ဆိုပြီး အပိုင်း(လေး) အထိ ရေးပြီး ဆက်မရေးဖြစ်တော့ဘူး။ ကျနော် ဘဝရဲ့ ကောက်ကြောင်းတချို့ကို ချရေးတာဆိုတော့ အပိုင်းတွေ အများကြီး အများကြီး ထပ်ရေးလို့ ရနေသေးတာပေါ့။ ဒါပေမယ့် ရေးရင်းရေးရင်းနဲ့ အတော်ကို ကြွေကျလုမတက် ဆွေးမြေ့လာတယ်။ ဖတ်နေတဲ့လူတော့ မပြောတတ်ဘူး။ အေးပေါ့လေ။ ကျနော်က တကယ် အဖြစ်မှန်နဲ့ ကြုံတွေ့ခဲ့ရတဲ့ သူဆိုတော့ ပြန်တွေးမိတိုင်း အဟောင်းတွေ အသစ်အသစ် ဖြစ်ဖြစ်လာတာတော့ အမှန်ပဲ။ ဒီ အပိုင်း (၅) ကို ဆက်ရေးရတော့မယ် ဆိုရင် ပိုပြီးတော့ကို စိတ်ထိခိုက်စေမယ့် လူတစ်ယောက်အကြောင်း ဖြစ်နေလို့ ကျနော် လွန်ခဲ့တဲ့ ခြောက်လကတည်းက ရေးဖို့ လက်တွန့်ခဲ့တယ်။ တံခါးခေါက်သံများ ပို့စ်ကို ရေးလို့ တစ်ပိုင်းပြီးတိုင်း ပြီးတိုင်းမှာ ကျနော်ရဲ့ ဦးနှောက်မှာ အတိတ်က ပုံရိပ်တွေနဲ့၊ မျက်ဝန်းမှာတော့ မိုးရွာတော့မယ်။ အပိုင်း (၄) ကိုပြီးလို့ နောက်တစ်ပိုင်း ဆက်ရတော့မယ် ဆိုရင် နောက်ထပ် လူတစ်ယောက်ရဲ့ အကြောင်းကို ကျနော် ရေးရတော့မယ်။ အဲဒီ အကြောင်းကို ရေးဖို့ စဉ်းစားရမှာတောင် ကျနော် ရင်လေးနေမိတယ်။ အဲဒီ အတိတ်ကို မတူးဆွချင်တော့လို့ပါ။ ကျနော်အနေနဲ့ ဆက်မရေးချင်တဲ့ အကြောင်းအရင်း (၃) ခု ရှိတယ်။

သူဟာ ကျနော့်ဘဝမှာ သိပ်အရေးကြီးတဲ့ လူတစ်ယောက် ဖြစ်ခဲ့ဖူးတယ်။ အဲဒီလို သိပ်အရေးကြီးခဲ့တဲ့ လူတစ်ယောက်ကို ဆုံးရှုံးခဲ့ရလို့ ကြားလိုက်ရတဲ့ တံခါးခေါက်သံဟာ အခုထိကို ကြားယောင်နေဆဲပါ။ အခုထိကို မမေ့မပျောက် လွမ်းဆွတ်နေမိလို့ ကျနော် ဆက်မရေးဖြစ်တာပါ။ ကိုယ့်အကြောင်းကိုယ် ပြန်ရေးလိုက်တိုင်း အတိတ်ရဲ့ အကြောင်းကို သေသေချာချာ ပြန်စဉ်းစားမိလိုက်တိုင်း ဝမ်းနည်းစရာတွေ ထပ်ထပ် ပေါ်လာတော့ ဆက်ရေးဖို့ကို မရဲတော့ဘူး။ သူက ကျနော် ပထမဆုံး ချစ်ခဲ့ဖူးတဲ့ လူတစ်ယောက်ပါ။ ဒီလောက်ဆို အခြေအနေကို သိလောက်ပြီ ထင်ပါတယ်။ သူရဲ့ အကြောင်းကြောင့် ကြားခဲ့ရတဲ့ တံခါးခေါက်သံကို မပြောခင်မှာ သူအကြောင်း အနည်းအကျဉ်းတော့ ပြန်ပြောသင့်မယ် ထင်တယ်။ အဲဒီအကြောင်း ပြန်ပြောကြေး ဆိုရင်တော့ ကိုယ့်ပေါင်ကိုယ် လှန်ထောင်ရမှာမို့ ပိုလို့တောင် မရေးချင်တော့ဘူး။ နောက်ပြီး အရင်ချစ်သူအကြောင်း အကျယ်တဝံ့ ရေးနေဖို့ မသင့်ဘူးလို့ ယူဆမိလို့လည်း အပိုင်း (၄) ပြီးတာနဲ့ ဆက်မရေးဖြစ်တော့ဘူး။ ဒါပေမယ့် ကျနော် အခု ဆက်ရေးနေပါပြီ။ ဘာလို့လဲ ဆိုတာ သိချင်ကြပါလိမ့်မယ်။ ရှင်းရှင်းလေးပါ။ ကျနော် ရခဲ့တဲ့ သင်ခန်းစာ၊ အတွေ့အကြုံကို တစ်ယောက်စာအတွက်ပဲ သိမ်းမထားချင်လို့ပါ။ ရယ်ချင်လည်း ရယ်ကြပါတော့၊ ဟားချင်လည်း ဟားကြပါတော့၊ ဆွေးချင်လည်း ဆွေးကြပါတော့၊ ငိုချင်လည်း ငိုကြပါတော့။ သေချာတာကတော့ ဘဝဆိုတာ သင်ခန်းစာတွေကို နေရာမလပ် ဆက်တိုက် ရေးမှတ်ထားတဲ့ သင်ရိုးညွှန်းတမ်းတစ်အုပ်လို့ မြင်နိုင်ပြီဆိုရင် ကျနော် ရေးပျော်ပါပြီ။

ဒီအကြောင်းကို စရေးတော့မယ် ဆိုရင် သူနဲ့ ပတ်သက်ခဲ့တဲ့ အတိတ်ရဲ့ ရက်စွဲတွေကို ပြန်လှန်ရတော့မယ်။ အင်း ... ကိုယ့်ဟာကိုယ် ပြန်လှန်ရာတောင် ကျနေမလား မသိဘူး။ သူ့နာမည်က အိစုလှိုင်ပါ။ ကျနော်တို့က အိစုလို့ ခေါ်ပါတယ်။ အိစုဆိုတာ ဂျပန်လိုတော့ ထိုင်ခုံပေါ့။ ၁၉၉၇ ခုနစ် ဇူလိုင်လ၊ ကောင်းကင်ကြီး မျက်ရည် ဖြိုင်ဖြိုင်ကျတဲ့ မိုးရာသီမှာ ကျနော်တို့ သိခွင့်၊ ခင်ခွင့်ရခဲ့တယ်။ မိုးရာသီရဲ့ အစဟာ မျက်ရည်မိုးနဲ့ပဲ ဆုံးရလိမ့်မယ်လို့ အဲဒီတုန်း ဘယ်လိုလုပ် သိခဲ့ပါ့မလဲ။ ပျော်လို့ မော်လို့ပေါ့။ စာမေးပွဲ ဖြေဖို့ စာအတူတူ လုပ်ကြရင်း ကျနော်တို့ ခင်မင်ခွင့်ရခဲ့တယ်။ ဒါပေမယ့် (၁၅) ရက်တည်း ဆုံဆည်းခွင့် ရခဲ့တယ်။ နောက်တော့ တစ်တန်းပြီး ကျောင်းတွေ ပိတ်လို့ ကိုယ်စီကိုယ်စီ အိမ်မှာပဲ နေကြတော့ ကျနော်တို့ ဝေးသွားပြန်ရော။ ဒီရက်ပိုင်းတွေ အတွင်း သူပတ်သက်ပြီး ကျနော် သိလိုက်တာက ဘာမှ မများ။ နာမည်က အိစုလှိုင်၊ အင်းစိန်က နိဗ္ဗာန်လမ်း (ပြင်ထားပါသည်) မှာ နေတယ်။ အိမ်နံပါတ် မသိ။ အိမ်မှာ ဖုန်းရှိတယ်။ ဒါပေမယ့် နံပါတ်မသိ။ အဖေနာမည်မှာ "အောင်" တစ်လုံး ပါတယ်။ ကျန်တာ ဘာမှ မသိ။ ကျနော် သူနဲ့ တအား တွေ့ချင်တယ်။ သူ့ကို မြင်ချင်တယ်။ လိပ်စာကမသိတော့ သွားလို့မရ။ သူနဲ့ ခင်တဲ့ တခြား ယောက်ျားလေး သူငယ်ချင်းတော့ ရှိတယ်။ လိပ်စာသိ၊ ဖုန်းနံပါတ်သိပေ့မယ် ကျနော် မမေးချင်။ မာနကြီးတဲ့ လူတစ်ယောက်လို့ ကိုယ့်ကိုယ်ကိုလည်း မြင်မိတယ်။ ကိုယ့်ဖာသာ သိအောင် လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ပထမဆုံး ဖုန်းနံပါတ်ကို ရအောင် ရှာပါတော့တယ်။ ဒီလိုနဲ့ လူတစ်သန်းမှာ တစ်ယောက်တောင် လုပ်ဖူးချင်မှ လုပ်ဖူးမယ့် ရူးရူးမိုက်မိုက် အလုပ်ကို လုပ်မိတော့တယ်။ ဖုန်းနံပါတ် ရအောင် ဘာလုပ်မယ် ထင်လဲ။

သူနဲ့ ပတ်သက်ပြီး ကျနော် သိတာ သိပ်မများဘူး။ ဖုန်းနံပါတ်ရဖို့ ဆိုရင် ရှာလို့ရတာ ဖုန်းစာအုပ်ပဲ ရှိတော့တယ်လေ။ ဒီတော့ ကျနော် Yangon Directory စာအုပ်ကို ချပြီး လှန်ရှာပါတော့တယ်။ အဖေနာမည် သိလား ဆိုတော့ မသိဘူး။ လိပ်စာ ဆိုပြန်တော့လည်း အင်းစိန်၊ နိဗ္ဗာန်လမ်းလို့ပဲ သိတယ်။ ဒီတော့ ကျနော်မှာ လုပ်စရာ တစ်နည်းပဲ ရှိပါတော့တယ်။ စာမျက်နှာ တစ်ထောင်ကျော်ပါတဲ့ Yangon Directory စာအုပ်ကို တစ်မျက်နှာချင်းစီ လှန်ပြီး အင်းစိန်၊ နိဗ္ဗာန်လမ်းလို့ လိပ်စာတပ်ထားတဲ့ ဖုန်းနံပါတ် မှန်သမျှ ကူးရေးပစ်လိုက်တယ်။ Data ပေါင်း သိန်းဂဏန်း၊ စာမျက်နှာ တစ်ထောင်ကျော် ရှိတဲ့ "ဘာပဲလိုလို" စာအုပ်ကို တစ်ခုမကျန် တစ်ရွက်ချင်း လှန်လိုက်တာ (၃) ရက်လောက် အချိန် ယူလိုက်ရတယ်။ မျက်လုံးလည်း အတော် ညောင်းသွားပြီ။ ဘာမှ မရလိုက်တာနဲ့ စာရင်တော့ ဖုန်းနံပါတ် (၇) ခု ရလိုက်တာ အမြတ်ပဲ။ ဒီတော့ အဲဒီ ဖုန်းနံပါတ်တွေကို တစ်လုံးချင်းဆီ ခေါ်ပြီး ခပ်တည်တည်နဲ့ "အိစုလှိုင် ရှိပါသလားခင်ဗျာ" လို့ မေးပစ်လိုက်တယ်။ ကဲ ... နောက်ဆုံးတော့ ကျနော်ရဲ့ စွန့်စားမှုက အလဟသတ် မဖြစ်လိုက်ပါဘူး။ ဖုန်းနံပါတ် ရတဲ့အပြင် အိမ်လိပ်စာပါ သိလိုက်ရပြီ။ သူ ဖုန်းထဲမှာ ကျနော်ကို မေးပါတယ်။ "ဒီ ဖုန်းနံပါတ် ဘယ်လိုလုပ် ရတာလဲ" တဲ့။ "ဒီလိုပဲပေါ့၊ မရရအောင် ရှာရမှာပဲ" လို့ပဲ ပြန်ဖြေလိုက်မိတယ်။ အထက်ကပြောသလို စာအုပ်လှန်ရှာတာပါလို့ ပြောရမှာ ရှက်နေမိခဲ့တယ်။ အော် မာန၊ မာန၊ လုံးဝကို မချနိုင်ခဲ့ဘူး။ အင်း ... သူ သေသွားပေမယ့် သူ့ဖုန်းနံပါတ်ကို အခုလို ရှာပြီး ရခဲ့တယ်ဆိုတာတောင် မသိရှာလိုက်ဘူး။

ဒီလို ဒီလိုနဲ့ လိပ်စာလည်း သိရော ရှေးထုံးမပယ်ဘဲ အကြောင်းမရှိ အကြောင်းရှာပြီး ချောင်းပေါက်အောင် သွားနေဖြစ်တယ်။ ၁၉၉၈ ခုနစ် သင်တန်းတွေ ပြန်ဖွင့်တော့ ကျနော်တို့နှစ်ယောက် တစ်ခန်းတည်း လာကျတယ်။ ဒါ အခွင့်ကောင်းပဲ။ ဒီထက်ကောင်းတာတောင် ဒီလောက် မကောင်းနိုင်ဘူး။ ကျနော်ရဲ့ မလှုပ်တလှုပ်၊ မရဲတရဲ ဖြစ်နေတာကို အားမလို အားမရ ဖြစ်နေတဲ့ လူတွေ ရှိတယ်။ မမီတို့၊ နန်းအိတို့ သူငယ်ချင်း တစ်စုပေါ့။ သူငယ်ချင်းတို့ရဲ့ ထုံးစံအတိုင်း အားရပါးရ ဝိုင်းလှော်ကြပါတော့တယ်။ ဒီတစ်ခါမှ ရည်စားမရလည်း တစ်သက်လုံး ရမှာ မဟုတ်တော့ဘူး ဆိုတဲ့ ဘုရင့်နောင် ဖောင်ဖျက် စိတ်ဓါတ်နဲ့ အတင်းကို ဝင်လုံးပစ်လိုက်တယ်။ "ရာသီဥတုက အခုဆို ကိုယ့်ဘက်ပါတယ်" ဆိုတဲ့ အေးချမ်းမေ သီချင်းလိုပဲ အခြေအနေတွေ အလိုကျ ဖြစ်လာပြီး ကံကြမ္မာက လက်ဖျောက်တီး အချက်ပေးလာလို့ အောပစ်လိုက်တော့မယ် ဆိုကာမှ ဘဝကြီးက ကုလားဖန် အထိုးခံလိုက်ရတယ်။ ဘယ်သူ့အပြစ်လို့ မဆိုသာခဲ့ပါဘူး။ ဒါပေမယ့် သူ့အတွက်တော့ ကျနော်ဟာ အပြစ်အကြီးဆုံး လူတစ်ယောက်ပါ။

၁၉၉၈ ခုနစ်၊ ဖေဖော်ဝါရီလရဲ့ မနက်ပိုင်း တစ်ခုမှာ မန္တလေးက အမေနဲ့ ဖုန်းပြောဖြစ်တယ်။ အမေပြောခဲ့တဲ့ စကားကို အနှစ်ချုပ် ပြောရရင် "သား၊ ဒီနှစ်ထဲမှာ မိန်းမရကိန်း ရှိတယ်တဲ့။ ဒီတော့ ဒီတစ်နှစ်လုံး မိန်းကလေးတွေကို ခပ်ဝေးဝေးနေပါ" တဲ့။ အသက် (၂၀) မပြည့်သေးတဲ့ သားတစ်ယောက်ကို စိတ်ပူတာ သဘာဝကျပေမယ့် စိတ်ပူတဲ့ အကြောင်းအရင်းက သဘာဝ ကျမနေဘူး။ ဒီတော့ ဘယ်လိုလုပ် ကျေနပ်နိုင်ပါ့မလဲ။ "အမေ့ကို ဘယ်သူ ပြောတာလဲ" လို့ မေးလိုက်တော့ ဗေဒင်မေးတာတဲ့လေ။ ကျနော့်ဘဝမှာ အယုံအကြည် မရှိဆုံးလူတွေထဲမှာ ဗေဒင်ဆရာ အပါအဝင်ပဲ။ ဒီတော့ အမေရဲ့ စကားကိုလည်း ကြားရော ကျနော် ဟားတိုက်ပြီး ကျယ်ကျယ်လောင်လောင် အော်ရယ်ပစ်လိုက်တယ်။ ကျနော် ရယ်သံရဲ့ အဆုံးမှာ ထွက်လာတဲ့ အမေရဲ့ အသံတွေဟာ ကရုဏာစိတ်ကြောင့် အတော်ကို တုန်ခါနေပါပြီ။ "သားရယ်၊ မဟုတ်ရင်တော့ အကောင်းဆုံးပေါ့။ မိန်းမရလို့ ဒီမိန်းကလေးဟာ သားအတွက် အကျိုးများမယ်ဆိုရင် အမေကိုယ်တိုင် လာတောင်းပေးမှာပါ။ အခုတော့ သားအတွက် ဘယ်လိုမှ မကောင်းဘူး ပြောလို့ အမေက တားနေရတာပေါ့" ဆိုတဲ့ အမေရဲ့ ငိုမဲ့မဲ့ အသံကြောင့် ကျနော် ဘယ်လိုမှ မရယ်နိုင်၊ မပြုံးနိုင်တော့ပါ။ ဒီလိုနဲ့ ကျနော် အမေ့ကို ကတိတစ်ခု ပေးလိုက်ရတော့တယ်။
"ကြည်ဖြူတာပဲ ဖြစ်ဖြစ်၊ မကြည်ဖြူတာပဲ ဖြစ်ဖြစ် မိန်းကလေးမှန်သမျှကို သတိရှိရှိ ဝေးဝေးက ရှောင်ပါ့မယ် မေမေ"

(ဆက်ရန်)