လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

ကပ်ပါပေ့ မြို့စားရယ် (၄)

08 September 2009

ရှင်ကုမာရကဿပရဲ့ ခွင့်ပြုချက်ကို ရလျှင်ရချင်း ပြုံးနေတဲ့ မျက်နှာထား၊ တွေ့ကြသေးတာပေါ့ ဆိုတဲ့ စိတ်အကြံနဲ့ သူရဲ့ စိတ်ဝင်စားစရာ ကောင်းလှတဲ့ လက်တွေ့ သာဓက တစ်ခုကို တင်လျှောက်ပါတော့တယ်။

အိုအရှင် ... တစ်နေ့မှာ အကျွန်ုပ်ရဲ့ မင်းမှုထမ်းတွေက သူခိုးတစ်ယောက် ဖမ်းမိလို့ ကျွန်ုပ်ဆီ လာအပ်ကြတယ်။ ဘယ်လို စီရင်ချက် ချမလဲလို့လည်း အမိန့် တောင်းခံလာတယ်။ အဲဒီလို တောင်းခံနေတုန်း ခေါင်းထဲ အတွေးတစ်ခု ဝင်လာတယ်။ ငါရဲ့ ဝါဒ ခိုင်မာမှုအတွက် ဒီလူကို အသုံးချပြီး အမြတ်ထုတ်ရင် ကောင်းမှာပါပဲလို့ စိတ်ကူးရလိုက်တယ်။ ဒါနဲ့ မင်းချင်းတွေကို ဒီလို အမိန့် ချမှတ်ပေးခဲ့တယ်။ အဲဒီ သူခိုးကို အရှင်လတ်လတ် မြေအိုးကြီး တစ်လုံးမှာ ထည့်ပြီး အိုးဝကို အလုံပိတ်ခိုင်းထားတယ်။ နောက်ပြီး မြေသရွတ်တွေနဲ့ အိုးတစ်လုံးလုံးကို အထပ်ထပ် လိမ်းကျံ မံခိုင်းလိုက်တယ်။ နောက်တော့ အဲဒီအိုးကို မီးပြင်းထိုးပြီး အဖုတ်ခိုင်းတယ်။

မင်းချင်းတွေလည်း အကျွန်ုပ်ရဲ့ အမိန့်အတိုင်း အဲဒီအိုးကို မီးဖုတ်ကြတယ်။ အိုးတွင်းက သူခိုး သေလောက်ပြီ ထင်ရတဲ့အခါ ကျွန်ုပ်နဲ့အတူ အားလုံး အဲဒီ အိုးကို ဝိုင်းရံထားပြီး ရွှံ့သရွတ်တွေကို ခွာခိုင်းတယ်။ အိုးအဖုံးကို ဖွင့်လိုက်တဲ့အခါ သူခိုးရဲ့ အသက် ဘယ်နားက ထွက်လေမလဲဆိုတာကို မျက်လုံးပေါင်း ရာထောင်နဲ့ ဝိုင်းကြည့်နေကြတယ်။ အဲဒီလို မျက်လုံးပေါင်း တစ်ထောင်နဲ့ ဂရုတစိုက် စောင့်ကြည့်ပေမယ့် သူရဲ့ အသက်ကို မြင်တဲ့သူ တစ်ယောက်မှ မရှိလိုက်ဘူး။ အကျွန်ုပ်လည်း မမြင်လိုက်သလို၊ တခြား ဘယ်သူမှလည်း မမြင်လိုက်ပါဘူး။ ဒီ အသက်ကောင်လေးဟာ ဘယ်ကိုမှ ထွက်မသွားတာကို ထောက်ဆခြင်းအားဖြင့် တမလွန်လောက နောက်ဘဝဆိုတာ မရှိဘူးလို့ ဆုံးဖြတ်လို့ ရနေပါတယ်။ ဒါကြောင့် အကျွန်ုပ်ရဲ့ အယူဝါဒသာ မှန်ကန်သင့်မြတ်ကြောင်း ပေါ်လွင် ထင်ရှားနေပါပြီ ဘုရား။ ဒီလို လက်တွေ့ကျတဲ့ စမ်းသပ်ချက်တွေရဲ့ ခိုင်မာလှတဲ့ အဖြေကြောင့် အကျွန်ုပ်ရဲ့ အယူဝါဒကို နည်းနည်းလေးမှ အတိမ်းပါး မခံနိုင်ပါဘူး။


အရှင် ကုမာရကဿပ အနေနဲ့လည်း မြို့စားကြီးရဲ့ အဲဒီဥပမာသာဓကကို ပြန်လှန် ချေပနိုင်ဖို့ သင့်တင့် လျောက်ပတ်တဲ့ ဖြေဆေးတစ်မျိုး ရှာရပြန်တယ်။ ဆေး ဆိုတာလည်း ဝန်နဲ့အား လေးနဲ့မြား ဆိုသလို သင့်တင့် ညီမျှတဲ့ ဆေးဖြစ်ပေမှ ဆီလျော်ပါလိမ့်မယ်။ ဒီတော့ မြို့စားကြီးရဲ့ သာဓကနဲ့ လိုက်ဖက်ညီမယ့် ဥပမာတစ်မျိုးကို ဖြေဆေးအဖြစ်နဲ့ မြို့စားကြီးရဲ့ မာန်စွယ်ကို ချိုးတော်မူရတော့တယ်။

အို .. ဒကာတော်၊ သင် နေ့အခါများ အိပ်ဖူးပါသလား၊ အိပ်တဲ့အခါမှာ အိပ်မက်တွေကော မက်ဖူးပါသလား။
အရှင် အိပ်ဖူးရုံတင်မက အိပ်မက်များပင် ခဏခဏ မက်ဖူးပါတယ်။
အို .. ဒကာတော်၊ သင် အိပ်လို့ အိပ်မက် မက်နေတဲ့ အချိန်တွေမှာ သင့်ဘေးပတ်လည်မှာ မောင်းမမိဿံအခြွေအရံ အစောင့်အရှောက်တွေ ရှိပါသလား။
ရှိတာပေါ့ အရှင်
အို .. ဒကာတော်၊ အဲဒီ မောင်းမတွေဟာ သင်ရဲ့ ထွက်သက်ကိုပဲ ဖြစ်ဖြစ်၊ ဝင်သက်ကိုပဲ ဖြစ်ဖြစ် မြင်မိကြပါသလား။
မမြင်ကြပါ အရှင်
ကောင်းပြီ ဒကာ။ အသက်ထင်ရှား ရှိနေတဲ့ သင်ရဲ့ ထွက်သက်ကိုလည်းကောင်း၊ ဝင်သက်ကိုလည်းကောင်း မမြင်ကြရပါလျက်နဲ့ သေသူရဲ့ ဝင်သက်၊ ထွက်သက်ကို ဘယ်လိုလုပ် မြင်ရပါ့မလဲ။ ဒီဥပမာကို ထောက်ချင့်ပြီး တမလွန်လောကဆိုတာ တကယ် ရှိတာမို့ သင်ရဲ့ အယူဆဟောင်းကို စွန့်လွှတ်ဖို့ အချိန်တန်ပါပြီ ဒကာ။

အချက်ပိုင်လှတဲ့ အရှင်သူမြတ်ရဲ့ ချေပချက်ကြောင့် မြို့စားရဲ့ ဘက်တော်သားတွေတောင် ဟုတ်ပါရဲ့ ဆိုတဲ့ အသံတွေနဲ့ ယိမ်းယိုင်စ ပြုလာကြတယ်။ ပါယာသိမြို့စားကြီးမှာ ယိုင်ဖို့ဝေးလို့ နဲ့ရုံမျှ နဲ့လာတဲ့ အမူအရာကို မတွေ့ရဘဲ နောက်ထပ် သာဓက တစ်ခုနဲ့ ထိုးစစ်ဆင်လာပြန်တော့တယ်။

အရှင်ရဲ့ တည်ကြည်လှတဲ့ သိက္ခာနဲ့ သမာဓိကို လေးစားပါတယ်၊ ရိုသေပါတယ်။ ဒါပေမယ့် နောက်ဆုတ်ပြီး အကျွန်ုပ်ရဲ့ ကျကျနန အဏုစိပ် လေ့လာခဲ့တဲ့ အယူဝါဒကိုတော့ မချေဖျက်နိုင်ပါ။ ယုတ္တိမတန်၊ သာမန်ကာ လျှံကာ အပေါစား ဝါဒမျိုး ဆိုရင်တော့ ဒီလောက် ကျားကုတ်ကျားခဲ သဘောမျိုး ကျွန်ုပ် ဆုတ်ကိုင်ထားမှာ မဟုတ်ပါဘူး။ လက်တွေ့ကျတဲ့ စမ်းသပ်ချက်တွေနဲ့ မှတ်ကျောက်တင်ထားတာမို့ အရှင့်အနေနဲ့ ဝန်မလေးရင် နောက်သာဓကတစ်ခု တင်ပြပါရစေ။

တစ်နေ့မှာ မင်းချင်းတွေက သူခိုးတစ်ယောက်ကို ဖမ်းမိပြီး အကျွန်ုပ်ကို လာအပ်ပါတယ်။ အကျွန်ုပ်ရဲ့ ဝါဒ ခိုင်မာကြောင်း သက်သေပြုဖို့ အထောက်အကူဖြစ်အောင် အကျွန်ုပ် ဒီလို စီရင်လိုက်တယ်။ အရှင်လတ်လတ် ချိန်ခွင်ထဲထည့်ချိန်ပြီး အလေးချိန်ကို မှတ်ထားခိုင်းပါတယ်။ အဲဒီနောက် ထွက်သက် မရှိရအောင် လည်မျိုကို လွန်ကြိုးတွေနဲ့ အတင်း ဖျစ်ညှပ်ပြီး အစ်သတ်ပစ်လိုက်တယ်။ ဒီလိုနဲ့ သေသွားတော့ သူ့အလောင်းကို ချိန်ခွင်ထဲ ထည့်ပြီး ထပ်ချိန်ခိုင်းတယ်။ အသက်ရှင်နေတုန်းကထက် အလေးချိန် ပိုများနေတာကိုသာ တွေ့ရပါတယ်။ ဒီလို လေးနေတာကို ကြည့်ရုံနဲ့ သူရဲ့ အသက်ဟာ ပြင်ပလောကတစ်ခုဆီ ထွက်မသွားဘဲ သူ့ ကိုယ်ထဲမှာပဲ ရှိနေတယ်ဆိုတာ ထင်ရှားပါတယ်။

အို ... အရှင်၊ ဒီ သာဓကကို ကြည့်ရင်ပဲ တမလွန်လောကဆို မရှိကြောင်း၊ သေပြီးတဲ့နောက် ဘာသတ္တဝါမှ မဖြစ်တော့ကြောင်း ကောင်းကောင်းကြီး ထင်ရှားနေပါပြီ။ ဒီလောက် လက်တွေ့ကျကျ စမ်းသပ်ပြီးခါမှ ကျွန်ုပ်ဝါဒကို ဘယ်လိုနည်းနဲ့ စွန့်လွှတ်နိုင်ပါတော့မလဲ။

ဒကာတော်၊ သင်ရဲ့ သာဓကကို ချင့်ချိန် စဉ်းစားနိုင်ဖို့ ဥပမာတစ်ခု ထုတ်ပြပါရစေ။ သံတုံးကြီးတစ်တုံးကို မီးဖုတ်လိုက်သည် ဆိုကြပါစို့။ အပူရှိန် ပြင်းထန်တာကြောင့် အဲဒီ သံတုံးကြီးဟာ မကြာခင်မှာပဲ ရဲတက်လာတယ်။ ဒီတော့ အဲဒီ သံတုံးကြီးကို မီးပူထဲက ဆယ်ယူပြီး ချိန်ခွင်မှာ ထည့်ချိန်လိုက်တယ်။ ချိန်ပြီးတာနဲ့ သံပူခဲကြီးကို အအေးခံထားတယ်။ အေးသွားတဲ့အခါ အဲဒီ သံတုံးကို ထပ်ပြီး ချိန်ခိုင်းကြည့်တယ်။ သံတုံးကြီးကတော့ တစ်ခုတည်းပါပဲ။ အဲဒီလို ချိန်ခွင့်မှာ ချိန်ကြည့်လိုက်တဲ့ အခါ အဲဒီ သံတုံးကြီးက ပူတဲ့အခါနဲ့ အေးတဲ့အခါ ဘယ်အချိန်မှာ ပိုပြီး ပေါ့ပါသလဲ၊ ပိုပြီး ပျော့ပျောင်းပါသလဲ၊ ပိုပြီး လိုရာ ပြုပြင်ရလွယ်ပါသလဲ။ ပူတဲ့အခါ ပိုလေးသလား၊ အေးတဲ့အခါ ပိုလေးသလားဆိုတာ မြို့စားကြီး သင့်သလို အဖြေပေးပါ။

ပူတဲ့အခါ ပိုပေါ့ပါတယ် အရှင်။
ကောင်းပြီ။ ဘာကြောင့်များပါလိမ့်။

အရှင်၊ အပြင် တေဇော(အပူ)ဓါတ်နဲ့ အတွင်း ဝါယော(လေ)ဓါတ်တို့ တွေ့ဆုံကြတဲ့အခါ အခိုးအငွေ့တွေ ထွက်လာပါတယ်။ အဲဒီ ဓါတ်နှစ်ခု တွန်းကန်တဲ့ အရှိန်ကြောင့် ရဲရဲတောက် ပူနေတဲ့အချိန်မှာ သံတုံးက အရင်ကထက် ပိုလည်း ပေါ့၊ ပိုလည်း ပျော့ပြီး၊ ပိုလည်း လိုသလို ပြုပြင်ရ လွယ်ကူနေပါတယ်။ အေးသွားတဲ့အခါမှာတော့ တေဇောဓါတ်နဲ့ ဝါယောဓါတ်တွေ မရှိတော့တာကြောင့် ပိုလည်း မာပြီး ပြုရပြင်ရ ပိုလည်း ခက်သွားပါတယ်။

မှန်လိုက်တာ ဒကာ။ ဒီ ကိုယ်ကာယကြီးဟာ သံတုံးကြီးနဲ့ အတော်ကို ဆင်တူပါတယ်။ အသက်ဇီဝှိန်နဲ့ ထိတွေ့နေတဲ့ အခိုက်မှာ ပိုပြီး ပေါ့လည်း ပေါ့တယ်။ ပိုပြီး ပျော့လည်း ပျော့ပျောင်းနေတယ်။ ပိုပြီး အပြုအပြင်လည်း ခံတယ်။ အဲဒီလို မဟုတ်ဘဲ အသက်ဇီဝှိန်နဲ့ ကင်းကွာနေတဲ့ အချိန်မှာတော့ (သေသွားတဲ့အခါ) ပိုပြီး လေးလည်းလေး၊ မာလည်းမာ၊ ပြုပြင်ဖို့လည်း မလွယ်ကူတော့ပါဘူး။

ကဲ ဒကာတော်၊ ဒီသံတုံးကြီး ဥပမာကို ထောက်ချင့်စဉ်းစားပြီး သင်ရဲ့ အယူဝါဒဟောင်းကို စွန့်ပယ်လိုက်ပါတော့လား မြို့စား။

အရှင်ရဲ့ စကားမှာ အသံသြဇာဟာ ပျားသကာလို ချိုမြနေပေမယ့်လည်း အနှစ်သာရ အနေနဲ့တော့ ကျွန်ုပ်အဖို့ရာ ခါးသက်လွန်းနေပါတယ်။ ကျွန်ုပ် လက်မခံနိုင်လောက်တဲ့ အထောက်အထား သာဓကတစ်ခု တင်ပြပါရစေဦး။

(ဆက်ရန်)