လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

ကပ်ပါပေ့ မြို့စားရယ် (၂)

30 April 2009

အဲဒီနေ့မှာ သေတဗျမြို့ တစ်မြို့လုံး နံနက် မိုးလေး လင်းတာနဲ့ ကျွက်ကျွက်ညံနေလေရဲ့။ ဟိုနေရာလည်း ရုံးစုရုံးစု ဒီနေရာလည်း ရုံးစုရုံးစုနဲ့ လူတွေ ဟိုနားတစ်အုပ်၊ ဒီနားတစ်အုပ် စုပြီး ကျွတ်ထိုးနေကြတယ်။ နောက်တော့ လူစုလိုက်ကြီး မြောက်စူးစူးကို အကုန် ဦးတည်သွားနေကြတယ်။ ဦးတည်ဆို မြောက်ဘက်စူးစူးက ယင်းတိုက်တောထဲမှာ ရဟန္တာတစ်ပါးဟာ နောက်ပါ ရဟန်း (၅၀၀) နဲ့အတူ ရောက်ရှိနေတယ်လို့ သတင်းကြားကြလို့ပါပဲ။ မဇ္ဈိမဒေသမှာ ဗုဒ္ဓမြတ်စွာဘုရား ပွင့်တော်မူပြီလို့ သတင်းကြားကတည်းက နာမည်သတင်း မွှေးလာခဲ့တဲ့ ဗုဒ္ဓသားတော် ရဟန်းသံဃာတွေရဲ့ ဂုဏ်သတင်းကြောင့် မြို့ရွာအသီးသီးက လူတွေဟာ ဖူးချင် တွေ့ချင် မြင်ချင်နေကြတာ တစ်ပိုင်းကို သေလို့။ အခု တကယ် ကြွလာပြီ ဆိုတော့ ရတဲ့အခွင့်အရေး ဘယ်လက်လွှတ်ခံကြမလဲ။ အပြေးအလွှားကို သွားဖူးဖို့ စုရုံးနေကြပြီလေ။ ကြွမယ့် ကြွလာတော့လည်း မယ်မယ်ရရ ပုဂ္ဂိုလ် မဟုတ်ပြန်ဘူး။ စကားအရာမှာ၊ စာအရာမှာ၊ ပရိယာယ်အရာမှာ အင်မတန်မှ ကျွမ်းကျင် လိမ္မာတယ်လို့ နာမည်ကြီးတဲ့ ကုမာရကဿပ မထေရ်ပါပဲ။

နံနက်စောစော ပါယာသိမြို့စားကြီး လေသာဆောင် ပြတင်းကနေ လှမ်းကြည့်လိုက်တော့ တစ်မြို့လုံး ရုတ်ရုတ်ကျွက်ကျွက် ဖြစ်နေတာ တွေ့သွားတယ်။ ဒါနဲ့ သူရဲ့ မင်းစေ (စကေရီတယ်ရီ) ကို ခေါ်မေးတယ်။ ဒီတော့ မင်းစေကလည်း သူသိသလောက် မချွင်းမချန် လျှောက်တော့တာပေါ့။ ဒီတော့ မြို့စားကြီးက စဉ်းစားတယ်။
"အင်း ... ငါ့ကောင်တွေတော့ ဒုက္ခပဲ။ ဟိုဘုန်းကြီးက စကားတတ်မှတတ်နဲ့။ ငါ့လူတွေကလည်း ဝေးလေးဝါးလားဆို သိပ်ဖြစ်။ အခုလည်း ဘာရယ်မဟုတ်ဘူး။ လူစည်တော့ ပျော်ပြီး လိုက်ကုန်ကြပြီ။ ဟိုဘုန်းကြီး တစ်ခွန်းနှစ်ခွန်း ပြောလိုက်တာနဲ့ ငါ့လူတွေက ကြွေပြီး အယူဝါဒတွေ လွဲမှားကုန်တော့မယ်။ အစကတည်းက ဝါဒက မခိုင့်တခိုင်။ မဖြစ်ချေဘူး။ ငါမှ မကယ်ရင် အားလုံး အယူတွေ တလွဲရောက်ကုန်ပြီး ဒုက္ခတွေ့ကုန်တော့မယ်။"
ပထမ သူ့မြို့သူမြို့သားတွေ အပေါ် ကရုဏာ သက်မိတယ်။ နောက်တော့ ဟို ဘုန်းကြီးကို ဒေါသ ထွက်မိတယ်။ သူ အသေအချာ ပြန်စဉ်းစားလိုက်တော့ ဒေါသရဲ့ အရင်းခံက မနာလိုမှု ဣဿာ ဖြစ်နေတာ သူ တွေ့လိုက်ရတယ်။ ဘာပဲ ဖြစ်ဖြစ်လေ "ငါ တားမှ တော်ရာ ကျတော့မယ်" ဆိုတဲ့ အတွေးနဲ့အတူ မြို့ထဲက လူတွေကို မင်းစေကနေတဆင့် စကား သွားပါးခိုင်းလိုက်တယ်။ မြို့စားကြီးလည်း အတူတကွ လိုက်မှာမို့ အားလုံး မသွားကြသေးဘဲ မြို့စားအလာကို စောင့်ပေးကြပါလို့ သွားပြောခိုင်းလိုက်တယ်။ မသွားနဲ့ ဆိုပြီး တားလို့ ဘယ်ဖြစ်မလဲ။ ဒီတော့ အချိန်ဆွဲရုံပဲ ရှိမှာပေါ့။ လူတွေ ယင်းတိုက်တောထဲ မသွားခင် မြို့စားကြီးက ဖျောင်းဖျပြီး အိမ်ပြန်ခိုင်းမယ် ဆိုတဲ့ စိတ်ကူးနဲ့ပေါ့။

မြို့စားကြီးပါ လိုက်မယ်ဆိုတော့ အားလုံးက စောင့်နေကြရပြီပေါ့။ အမောတကောနဲ့ ပြေးလာတဲ့ မြို့စားကြီးကို အားလုံးက အံ့အား သင့်နေကြတယ်။ ကိုယ်ပိုင် အယူဝါဒတစ်ခုနဲ့ မာန်တက်နေတဲ့ လူတစ်ယောက်က တခြား ဝါဒရှင်တစ်ယောက်ကို တွေ့ဖို့ အဲဒီလောက်ပဲ စိုင်းပြင်းနေရသလား ဆိုတဲ့ အတွေးတွေကို သူ့ကို ကြည့်နေကြတယ်။ မြို့စားကြီးကလည်း သူ့အကြံနဲ့ သူကိုး။ အားလုံးကို စည်းရုံးပြီး အိမ်ပြန်ခိုင်းမယ် ဆိုတဲ့ အတွေးနဲ့ပေါ့။ ဒါပေမယ့် အဲဒီ အတွေးက လမ်းမှာ ပြေးလာရင်း တဖြည်းဖြည်းနဲ့ ပြေလျော့လာတယ်။ ဟိုအရင်ကတည်းက ဗုဒ္ဓရဲ့ ဂုဏ်သတင်းနဲ့ အရှိန်အဝါ၊ တရားတော်ရဲ့ ခိုင်မာမှု နဲ့ ပြတ်သားမှု တွေကို ကြားသိဖူးပြီးသား ဖြစ်တဲ့ မြို့စားကြီး အနေနဲ့ အခုလို ကြုံတောင့်ကြုံခိုက်မှာ ဟိုဘုန်းကြီးရဲ့ အမြင်နဲ့ ဖလှယ်ရရင် ကောင်းမှာပဲ ဆိုတဲ့ အတွေးတွေ တဖွားဖွား ပေါ်လာနေတယ်။ "ကျွန်တော်မျိုးတို့ ဗုဒ္ဓရဲ့ သားတော် ကုမာရကဿပ မထေရ်ကို ဖူးချင်လို့ စောင့်နေတာ ကြာပါပြီ မြို့စားကြီး။ မြို့စားကြီးလည်း လိုက်မယ်ဆိုတော့ အရှေ့ကနေ ဦးဆောင်ပြီး ကြွတော်မူပါ" ဆိုတဲ့ ဖိတ်ခေါ်သံကို ရောက်ရောက်ချင်း ကြားလိုက်ရတော့ ဘာမှတောင် မပြောလိုက်ရတော့ဘဲ ရှေ့ဆုံးကနေ ဦးဆောင်ပြီး ယင်းတိုက်တောဆီကို လူစုလိုက် ချီတက်ကြပါတော့တယ်။

ကုမာရကဿပ မထေရ်ရဲ့ ကြည်ညိုဖွယ် ရုပ်အဆင်းနဲ့ သပ္ပာယ်လှတဲ့ အသွင်သဏ္ဍာန်ကြောင့် မြင်လိုက်ရုံနဲ့ပဲ အားလုံးလိုလိုဟာ ကြည်ညိုသဒ္ဓါပွားပြီး ထိုင်ရှိခိုးကြတော့တယ်။ ပါယာသိမြို့စားကတော့ အရှေ့ဆုံး သင့်လျော်တဲ့ တစ်နေရာမှာ ထိုင်နေရင်း နှုတ်ဆက်စကားနဲ့ အတူ အလ္လာပ၊ သလ္လပ စကားတချို့ ပြောပြီး သံဃာတွေကို ကြည့်လိုက်၊ သူ့ ပရိသတ်ကို အကဲခတ်လိုက်နဲ့ပဲ ခပ်ဆိတ်ဆိတ် နေနေတယ်။ တချို့သော ပရိသတ်က ကိုယ်ရဲ့ အမည်နာမ၊ မျိုးရိုးဇာတိကို ထုတ်ဖော်ပြောပြီး ကိုယ့်ဖာသာ မိတ်ဆပ်ရင်း စကားစမြည် ပြောနေကြတယ်။ တချို့ကတော့ အေးအေးသာကြည် သူများ ပြောတဲ့ စကားကိုပဲ နားထောင်နေကြတယ်။ မြို့စားကြီးမှာတော့ "ငါ့ကောင်တွေတော့ ပါသွားတော့မှာပဲ" ဆိုတဲ့ အတွေးနဲ့ စကားပြောနေကြတဲ့ သူတွေကို စိတ်ထဲကနေ ငြူစူနေမိတယ်။ စိတ်ထဲက စိုးရိမ်တကြီးနဲ့ ဖြစ်နေတဲ့ ကြားထဲက ဝါဒပြိုင်ချင်တဲ့ မာနလေးက ထောင်ထောင်ပြီး ထွက်လာတယ်။
"ဒီကိုယ်တော် နာမည်ကတော့ ကြီးပါ့။ တကယ်ကော တော်မှာမို့လား။ တကယ်တော်မတော်၊ တတ်မတတ် စမ်းကြည့်မှ သိမယ်။ ဟုတ်တိုင်းကျော်၊ ကျော်တိုင်းဟုတ် မဟုတ် ငါ့ဝါဒကို တင်ပြပြီး ဆန်းစစ်ကြည့်မယ်။ အသားလွတ် နာမည်ကြီးတာ ဆိုရင်လည်း ငါ့ဝါဒဟာ ခိုင်မာသထက် ခိုင်မာလာပြီး ယုံကြည်သူလည်း တိုးလာတာပေါ့"
ဆိုတဲ့ အတွေးကြောင့် နှုတ်က စကားလုံးတွေ ပွင့်အန် ထွက်လာတယ်။
"အရှင်၊ အရှင်ခွင့်ပြုမယ်ဆိုရင် စကားနည်းနည်း ပြောချင်ပါတယ်။"
"ဒကာ မြို့စား၊ ပြောနိုင်ပါတယ်။ ပြောပါ။"

ဘုန်းကြီးဆီက ခွင့်ပြုချက် ရတယ် ဆိုရင်ပဲ မြို့စားကြီးဟာ သူရဲ့ စမ်းသပ်ချက်တွေ၊ ယုံကြည်မှုတွေ၊ အယူဝါဒတွေကို တစ်ခုပြီးတစ်ခု ခင်းကျင်းပြသပါတော့တယ်။ မြို့စားရဲ့ စကား အဆုံးမှာ ပြောလိုက်တဲ့ မထေရ်ရဲ့ စကားကြောင့် မြို့စားကြီးက ကြောင်စီစီနဲ့ ကြည့်နေမိတယ်။
"ဒကာ မြို့စား၊ အဲဒီလို ပြောလေ့ရှိတဲ့ လူကို ငါ မြင်လည်း မမြင်ဖူးဘူး။ ကြားလည်း မကြားဖူးပါဘူး။ အသင် ပြောလို့သာ ဒါ ပထမဆုံး ကြားဖူးခြင်းပါ။ အသင်ရဲ့ အယူဝါဒက ထူးဆန်းလိုက်တာ"
မထေရ်ရဲ့ စကားကို ကြားပြီး ကြောင်အန်းအန်း ဖြစ်နေတုန်းမှာပဲ မထေရ်က ဆက်ပြောပါတယ်။
"ဒကာ မြို့စား၊ တမလွန်လောက မရှိဘူးလို့ သင် ပြောခဲ့တယ်။ အဲဒီ အယူနဲ့ ပတ်သက်ပြီး ခိုင်မာပြီး အားကိုးလောက်တဲ့ အထောက်အထားများ ရှိပါရဲ့လား"
ဒီလိုများ မေးမှ မေးလာပါ့မလားလို့ တွေးနေမိတဲ့ မြို့စားတစ်ယောက် မျက်လုံးတွေ လက်ခနဲ ဖြစ်သွားတယ်။ သူရဲ့ လက်တွေ့ကျတဲ့ သုတေသနတွေနဲ့ ကိုယ်တော်ကို မလှုပ်နိုင်အောင် ဖိပစ်လိုက်မယ် ဆိုတဲ့ စိတ်ကူးပီတိနဲ့
"ဘာပြောကောင်းမလဲ၊ သိပ်ရှိတာပေါ့" လို့ အားရပါးရ ဖြေလိုက်တယ်။
"ကဲ ရှိရင် လျှောက်စမ်းပါဦး။ တကယ်ပဲ ဘယ်လောက်တောင် ခိုင်မာသလဲဆိုတာ ငါ သိချင်တယ်"
မထေရ်ရဲ့ ဖိတ်ခေါ်မှုကြောင့် ဝမ်းပမ်းတသာ ရှိလှတဲ့ မြို့စားကြီးဟာ သူရဲ့ သုတေသန တစ်စိတ်တစ်ပိုင်းကို စပြီး ပြောပြပါတော့တယ်။ ငရဲကို အမှန်တကယ် ရောက်နိုင်မယ့် ငမိုက်သား လူရမ်းကားတွေကို ငရဲရောက်ရင် သူ့ကို အကြောင်းကြားဖို့ မှာလိုက်တဲ့ အကြောင်းနဲ့ ငရဲပြည်က သတင်းတစ်စွန်းတစ်စ ရလိမ့်နိုးနိုး အမျှော်ကြီး မျှော်ခဲ့ရပုံတွေကို လျှောက်တင်လိုက်ပြီး
"အရှင်၊ အခုလို ငရဲသားတွေဆီကနေ နည်းနည်းလေးတောင်မှ သတင်း ပြန်မကြားရတာကို ကြည့်လိုက်ရင်ကိုပဲ ပရလောက ဆိုတာ တကယ် မရှိကြောင်း၊ သေပြီးတဲ့နောက် ဘာမှ ပြန်မဖြစ်ဘူးဆိုတာ ထင်ရှားနေပါပြီ။ ဒီလောက် ခိုင်မာနေတဲ့ အထောက်အထားတွေ ရှိနေပါလျက်နဲ့ ဘယ်လိုအကြောင်းပြချက်နဲ့ လက်ရှိ အယူဝါဒကို စွန့်လွှတ်နိုင်ပါ့မလဲ ဘုရား"

လျှောက်ထားအပြီးမှာ ငါကွ ဆိုတဲ့ မျက်နှာပေးနဲ့ ခန့်ခန့်ကြီး ထိုင်နေလိုက်တယ်။ မြို့စားကြီးရဲ့ အလိုတော်ရိတွေကတော့ အားရကျေနပ်လှတဲ့ အမူအရာနဲ့ ထောက်ခံတဲ့ သဘောဆောင်ပြီး ခေါင်းတညိတ်ညိတ် လုပ်နေကြတယ်။ အယူနုံ့ရှာတဲ့ သူတွေကတော့ ရဟန္တာ ကိုယ်တော်မြတ်ကို ကြည့်လိုက်၊ သူတို့ မြို့စားကြီးရဲ့ အမူအရာကို ကြည့်လိုက်နဲ့ပဲ ထိုင်နေကြတယ်။ ကြားနေ သမားတွေကတော့ ခပ်ငြိမ်ငြိမ်ပဲ ဘာတွေ ဖြစ်လာဦးမလဲ ဆိုတဲ့ အတွေးတွေနဲ့ မထေရ်ရဲ့ နှုတ်ထွက်စကားကို ငံ့လင့်နေကြတယ်။
"အို ဒကာ ....."
ဆိုတဲ့ ကြည်လင်အေးမြပြီး ပရိသတ်ကို လွှမ်းမိုးနိုင်စွမ်းတဲ့ အသံထွက်လာတော့ အားလုံးရဲ့ အကြည့်ဟာ အသံရှင် မထေရ်မြတ်ကြီးဆီမှာ ဆုံဆည်းသွားကြတယ်။

"အို ဒကာမြို့စား၊ ဒါဆို သင့်ကို ငါ ပြန်ပြီး မေးရပါဦးမယ်။ သင် သိသလို၊ အဆင်ပြေသလို ဖြေနိုင်ပါတယ်။ သူခိုးတစ်ယောက်ကို ဖမ်းမိလို့ မင်းချင်းတွေက သင့်ကို လာဆက်သကြပြီ။ ခိုးသူကို ပြစ်ဒါဏ် ဘယ်လို စီရင်မလဲလို့ သင့်ကို အမိန့် တောင်းခံလာရင် သင်က ဒီလို အမိန့်ထုတ်ပြန်လိမ့်မယ်။ အဲဒီ သူခိုးကို ခေါင်းတုံးရိတ်၊ လက်ပြန်ကြိုး တုပ်ကြပြီး "ဒီလူဟာ သူခိုးပါ" လို့ လမ်းဆုံလမ်းဂွ တိုင်းမှာ မောင်းခတ်ကြေငြာရမယ်။ ဒီနောက် သင်္ချိုင်းထုတ်ပြီး ခေါင်းဖြတ် သတ်လိုက်ကြတော့လို့ အသင့်အနေနဲ့ ပြစ်ဒါဏ်ကို ဒီလို စီရင်လိမ့်မယ်။
အာဏာသားတွေ အနေနဲ့လည်း ချမှတ်ထားတဲ့ အမိန့်တော်အတိုင်း လုပ်ဆောင်ဖို့ သုသာန်ကို အခေါ်အထုတ် သင်္ချိုင်းအရောက်မှာ သူခိုးက ဒီလို တောင်းပန်လိမ့်မယ်။"

""အကိုကြီးတို့ရယ်၊ ကျနော်က သေရတော့မယ့်သူပါ။ မသင်ခင်လေး ကျနော့် မျက်နှာကို မိဘ၊ သားမယားကို သွားပြပါရစေလား။ ပြီးတော့ ကျနော် ဖွက်ထားတဲ့ ပစ္စည်းတွေရဲ့ နေရာကိုလည်း သူတို့ကို ပြောပြခဲ့ချင်ပါတယ်။ ကျနော် မှာစရာ ရှိတာတွေ မှာပြီးပြီးချင်း ဆက်ဆက်ပြန်လာခဲ့ပါ့မယ်။ ကျနော့်ကို သနားသောအားဖြင့် ဒီ နောက်ဆုံး ဆန္ဒလေးကို ခွင့်ပြုပေးဖို့ မေတ္တာရပ်ခံပါတယ်။" လို့ တောင်းပန်လာခဲ့ရင် အဲဒီ သူခိုးကို မြို့စားအနေနဲ့ သွားခွင့်ပေးမလား။ ဒါမှမဟုတ် တကြော်ကြော် အော်ဟစ်တောင်းခံနေတာကို လစ်လျူရှုပြီး သူခိုးကို သတ်ပစ်လိုက်ကြမလား။ ဘယ်လို သဘောရသလဲ ဒကာမြို့စား။"

"အို အရှင်၊ ပြစ်မှုကျူးလွန်ထားတဲ့ အဲဒီ သူခိုးကို ဘာကြောင့် သွားခွင့်ပြုနိုင်မလဲ။ ဘယ်လိုနည်းနဲ့မှ ခွင့်ပြုစရာ အကြောင်းမရှိပါဘူး အရှင်။ သတ်ပစ်ဖို့သာ ရှိပါတယ် ဘုရား။"

"ဒကာမြို့စား၊ သင် အသေအချာ စဉ်းစားကြည့်ပါ။ သူခိုးဟာ လူသားတစ်ယောက်ပါ။ သူ့ကို သတ်မယ်ဆိုတဲ့ အာဏာသားဟာလည်း လူသားတစ်ယောက်ပါပဲ။ လူသားအချင်းချင်းတောင် ပြစ်မှုအရ ကျခံနေရတဲ့ ဒီ ရာဇဝတ်ကောင် သူခိုးကို သွားခွင့် မပြုနိုင်တာကို ထောက်ချင့်ပြီး သင်ရဲ့ ဒုစရိုက် ငမိုက်သားတွေဟာ သင့်ဆီ ပြန်လာပြီး အကြောင်းကြားဖို့ ဘယ်လိုနည်းနဲ့ ခွင့်ပြုချက် ရနိုင်ပါ့မလဲ။"

"ဒကာမြို့စား၊ သင့် ငရဲသား ဥပမာတစ်ခုတည်းနဲ့ သင်ရဲ့ အယူအဆဖြစ်တဲ့ တမလွန်ဘဝ မရှိဆိုတဲ့ ဝါဒကို စွန့်လွှတ်သင့်ပါပြီ။ စွန့်လွှတ်ပါတော့။"

အင်မတန်မှ စိတ်ဝင်စားစရာကောင်းတဲ့ ဥပမာကြောင့် မထေရ်မြတ်ရဲ့ အမေးကို ပါယာသိမြို့စား ဘယ်လိုများ ပြန်ဖြေမလဲ ဆိုပြီး ပရိသတ် အားလုံးက စိတ်ဝင်တစား မျှော်လင့်နေကြတယ်။ မြို့စားရဲ့ အလိုတော်ရိတချို့က မျက်နှာငယ်လေးတွေနဲ့ မြို့စားရဲ့ ချေပချက် နှုတ်ထွက်စကားကို မျှော်လင့်လင့်နဲ့ မြို့စားကြီးကို ကြည့်နေကြတယ်။ ဒီအချိန်မှာ ပါးပြင်းထောင်နေတဲ့ မြွေဟောက်တစ်ကောင်လို မာန်နည်းနည်းမှ မလျှော့ဘဲ ပြတ်ပြတ်သားသားပဲ ပြန်လည် ဖြေကြားလိုက်တယ်။

"အရှင်၊ အရှင်ရဲ့ ဥပမာဟာ သိပ်ကို ပိရိလွန်းပါတယ်။ အရမ်းကို သင့်လျော်လွန်းလှပါတယ်။ ဒါပေမယ့် တပည့်တော်ရဲ့ အယူဝါဒဟာ မှန်မြဲ မှန်နေတုန်းပါ။ ဘယ်လောက်မှန်သလဲ ဆိုတာလည်း အထောက်အထား အခိုင်အမာ တည်ရှိနေပြီးသားပါ။"

"ဘာ အထောက်အထားပါလိမ့်။ ပြောပါဦး ဒကာ။"

(ဆက်ရန်)