လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

ကပ်ပါပေ့ မြို့စားရယ်

26 April 2009

ကျနော်တို့တွေ အားလုံးဟာ အယူသီးတဲ့လူ၊ တစ်ယူသန်တဲ့ လူတွေချည်းပါပဲ။ တစ်နည်းမဟုတ် တစ်နည်းပေါ့။ အနည်းနဲ့အများ ဆိုသလိုပါ။ ကိုယ်ခံယူထားတာ မှန်တယ်လို့ ယုံကြည်ထားတာကြောင့် တစ်ယူသန်ကြတယ်။ တချို့လည်း အတင်းကို မျက်စိမှိတ်ပြီး မှန်ပစ်လိုက်ကြတယ်။ တချို့ကျတော့လည်း ကိုယ့်အယူအဆနဲ့ ကိုယ့်ဖာသာ သက်သေတည်ပြီး မှန်ပစ်လိုက်ကြတယ်။ ဒါပေမယ့် ကိုယ်ရဲ့ အယူအဆကို အခိုင်အမာ ယုံကြည်ထားတဲ့ လူတိုင်းကိုတော့ တယူသန်တယ်လို့ မခေါ်ပါဘူး။ မတူညီတဲ့ အယူဝါဒနှစ်ခု အားပြိုင်လာတဲ့အခါမှာ ကိုယ်ရဲ့ ခံယူချက်ကို မယိုင်လဲအောင်၊ မဖုံးလွှမ်းနိုင်အောင် အတင်းကို မျက်စိစုံမှိတ်ပြီး အကာအကွယ်ယူတဲ့အပြင် တစ်ဖက်လူရဲ့ အယူဝါဒကို မှန်လေမလားလို့ မဆန်းစစ်တတ်တဲ့ သူကို တစ်ယူသန်တဲ့သူလို့ ခေါ်ပါတယ်။ ပညာမတတ်တဲ့သူနဲ့ ပညာတတ်တဲ့သူနဲ့ ဘယ်သူက ပို တစ်ယူသန်သလဲလို့ ဆန်းစစ်ကြည့်ရင် ပညာတတ်တဲ့သူက ပိုပြီး တစ်ယူသန်ပါတယ်။ ဒီထက် ပို တိတိကျကျ ပြောရရင် ကိုယ့်ကိုယ်ကို ပညာတတ်လို့ ခံယူထားတဲ့ သူတွေက ပိုပြီး တစ်ယူသန်တယ်။ ဒီထက်ကို ပိုပြီး တိတိကျကျ ပြောရရင် စကားပြောကောင်းတဲ့ ပညာတတ်တွေက ပိုပြီး တစ်ယူသန်ပါတယ်။ ဒီထက် ပို တစ်ယူသန်တာက စကားကို ကပ်ဖဲ့ ပြောတတ်တဲ့သူပေါ့။ ကျနော် အခု ပြောပြချင်တာက အထက်က အင်္ဂါရပ်တွေနဲ့ ညီညွတ်တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်က မြို့စားတစ်ယောက် အကြောင်းပါ။

အိန္ဒိယနိုင်ငံ ကောသလတိုင်း သေတဗျမြို့ကို အပိုင်စားတဲ့ ပါယာသိ ဆိုတဲ့ မြို့စားတစ်ယောက် ရှိတယ်။ တိုင်းပြည်ကို အုပ်ချုပ်တဲ့ ကောသလမင်းကြီးက ဘာသာရေး လွတ်လပ်ခွင့် ပေးထားတော့ ကြိုက်တဲ့ဘာသာကို ကိုးကွယ်ယုံကြည် ပိုင်ခွင့်ရှိသလို စွမ်းတဲ့သူက စွမ်းသလို၊ တတ်တဲ့သူက တတ်သလို ဘာသာအသစ်တွေ၊ အယူဝါဒ အသစ်တွေ၊ ဂိုဏ်းဂဏ အသစ်တွေ ဖွဲ့စည်းလည်း မင်းကြီး သတိရှိရှိ လေ့လာတာက လွဲလို့ ဘာမှ မပြောဘူး။ ဒါကြောင့်လည်း ပါယာသိ ဟာ သူကိုယ်တိုင်လည်း လက်ခံနိုင်အောင်၊ သူ့ နောက်လိုက်တွေလည်း လက်ခံလာနိုင်အောင် သူရဲ့ ကိုယ်ပိုင် ခံယူချက်၊ ယုံကြည်ချက်ကို သက်သေများစွာ စိုက်ထူခဲ့တယ်။ သူရဲ့ ခံယူချက်ဟာ ခိုင်မာလွန်းအားကြီးတာက တစ်ကြောင်း၊ သူ့လို စကားတတ်သူ ရှားပါးတာက တစ်ကြောင်း၊ လက်တွေ့ကျကျ လေ့လာထားတာက တစ်ကြောင်းကြောင့် အဲဒီ ဒေသ တစ်ဝိုက်မှာ ဝါဒသစ် တီထွင် ဖန်တီးရှင် တစ်ယောက်အနေနဲ့ ကို နာမည်ကြီးလာတယ်။ မြို့စားကြီး ဆိုတာထက် ဂိုဏ်းခေါင်းဆောင်အနေနဲ့ကို ထင်ရှားတယ်။ သူ့အယူအဆကို လက်ခံလို့ မရပေမယ့် သူ့လောက် စကားမတတ်တဲ့သူကျ ခပ်ဆိတ်ဆိတ်ပဲ နေနေကြရတယ်။ ဒီတော့ သူ့နယ်တစ်ဝိုက်မှာ သူ့ကို တွန်းလှန်နိုင်သူ မရှိ ဖြစ်လာတော့ ပိုပြီး ပိုပြီး ထောင်လွှားလာတာပေါ့။

ပါယာသိမြို့စားကြီးရဲ့ ထူးခြားချက်က သူရဲ့ အယူဝါဒကို ပေါ့ပေါ့တန်တန် လက်ခံခဲ့တာ မဟုတ်ဘဲ သူကိုယ်တိုင် ဆန်းစစ်မှုတွေ၊ စမ်းသပ်ချက်တွေ မျိုးစုံ လုပ်ပြီးမှ နောက်ဆုံး ကောက်ချက်ကို ဆွဲခဲ့တာပါ။ လုပ်ခဲ့သမျှကလည်း သူ ဉာဏ်မီသလောက်ပေါ့။ သူရဲ့ တွေ့ရှိချက်တွေကြောင့် သူ့ကိုယ်သူတော့ သိပ်အထင်ကြီးတာပေါ့။ အဲဒီခေတ် အဲဒီအခါက သိပ်ကို ငြင်းလို့ ခုန်လို့ ကောင်းတဲ့ ဘာသာရေး ပြဿနာတွေ ရှိပါတယ်။ အဲဒါတွေက
  1. တမလွန်လောက ရှိ၊ မရှိ။ သတ္တဝါတွေ သေပြီးနောက် ပြန် ဖြစ်၊ မဖြစ်။
  2. ကုသိုလ်လုပ်၍ ကောင်းကျိုး ရ၊ မရ။
  3. အကုသိုလ်လုပ်၍ အပြစ်ဒါဏ် သင့်၊ မသင့်။
  4. ကုသိုလ်၊ အကုသိုလ်ကို လုပ်လုပ်၊ မလုပ်လုပ် ဘာမှမဖြစ်။
အဲဒီခေတ်မှာ ဝါဒရှင် အမျိုးမျိုးက အယူအဆ အမျိုးမျိုးကို ဖြန့်ချီနေတော့ ဘယ်သူ့ကို ယုံလို ယုံရမှန်း မသိအောင်ကို ဖြစ်ကြရတယ်။ အများစုလို ပါးစပ်ပြောနဲ့တင် ဒါက ဒီလိုရှိတယ်လို့ ပြောနေမယ့်အစား မြို့စားကြီးကတော့ သူ ကိုယ်တိုင် သုသေတနတွေ လုပ်ပြီး လက်တွေ့ကျကျ လေ့လာနိုင်ခဲ့တာကြောင့် နာမည်ကြီးရတာပါ။ အထက်မေးခွန်းတွေက အတော်ကို ရေပန်းစားတဲ့ မေးခွန်းတွေပါ။ သေပြီးနောက် ဘာဖြစ်သလဲ။ ဒါ လူတိုင်း သိချင်ကြမယ်။ တချို့က လူပဲ ပြန်ဖြစ်တယ် ပြောတယ်။ တချို့က ဘာမှကို မဖြစ်ဘူးလို့ ဟောတယ်။ တချို့ကျပြန်တော့ ကောင်းတာလုပ်ရင် နတ်ပြည်ရောက်မယ်၊ မကောင်းတာ လုပ်ရင် ငရဲပြည် ရောက်မယ်လို့ ယုံကြပြန်တယ်။ ဒီယူဆချက်ကို အများစုက လက်ခံထားကြတယ်။ အဖြေမှန်ကို သိပ်သိချင်တဲ့ သူတွေထဲမှာ မြို့စားကြီးက တစ်ယောက် အပါအဝင်ပေါ့။ မြို့စားကြီး အနေနဲ့ သူများ ပြောသမျှကို အလွတ်ယုံလိုက်မယ့်အစား သူကိုယ်တိုင် လက်တွေ့ မှန်မမှန် စမ်းသပ်ကြည့်သေးတာ။ ဒါ သူရဲ့ ဆွဲဆောင်မှု အကောင်းဆုံး အဓိက အချက် ဖြစ်သွားတယ်။

လူတစ်ယောက်ဟာ ကံငါးပါး (ငါးပါးသီလ) ကို လုံခြုံအောင် စောင့်စည်းပြီး ဒါန၊ သီလ စတဲ့ ကောင်းမှု ကုသိုလ်တွေကို တတ်နိုင်သလောက် လုပ်မယ်။ ဒီလူဟာ သေသွားတဲ့အခါ နတ်ရွာသုဂတိကို လားရောက်ရမယ်။
ဒါမှမဟုတ်
လူတစ်ယောက်ဟာ ကံငါးပါးကို ကျူးလွန်မယ်။ ဒါန၊ သီလ စတဲ့ ကောင်းမှုကုသိုလ်တွေကို မပြုလုပ်ဘူး ဆိုရင် သူ သေသွားတဲ့အခါ အပါယ်လေးပါး ကျရောက်ရမယ်။
ဒါဟာ ရှေးရှေးကတည်းက ဆရာကြီးတွေ ဟောပြော ဆုံးမခဲ့တဲ့ သြဝါဒတွေပါ။ ဒါကို လက်ခံသင့် မခံသင့် သူကိုယ်တိုင် သုသေတန လုပ်ကြည့်တယ်။ အဲဒီလို သုသေတန လုပ်နိုင်ဖို့အတွက် အင်မတန်မှ မိုက်ပေ့ ဆိုးပေ့ ဆိုတဲ့ ဒုစရိုက်ကောင်တွေနဲ့ အများ လေးစားရတဲ့ သုစရိုက် ကုသိုလ်ရှင်တွေကို သူရဲ့ လက်တွေ့ အစမ်းသပ်ခံ ဇာတ်ကောင်အဖြစ်နဲ့ ရွေးချယ်လိုက်တယ်။ အထက်က ဝါဒအရ ဆိုရင် အကုသိုလ်ရှင် (လူမိုက်) တွေဟာ အပါယ်လေးဘုံကို ကျကို ကျရမှာ ဖြစ်ပြီး၊ ကုသိုလ်ရှင် (လူလိမ္မာ) တွေဟာ နတ်ပြည်ကို တက်ကို တက်ရမယ့် သူတွေပေါ့။ သူတို့ကို မူတည်ပြီး လေ့လာမယ်ဆိုရင် သေပြီး ဖြစ်မဖြစ်၊ ကုသိုလ် အကုသိုလ်ရဲ့ အကျိုး စတာတွေကို သိနိုင်တယ်လို့ ယုံကြည်ထားတဲ့ မြို့စားကြီးဟာ သူရဲ့ သုသေတန လုပ်ငန်းကို စတင်ပါတော့တယ်။ သူရဲ့ သုသေတန လုပ်ထုံးက ရိုးရိုးလေးရဲ့ စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။

ပထမဆုံး အနေနဲ့ သူလေ့လာမယ့် လူလိမ္မာ နဲ့ လူမိုက် စာရင်းကို အရင် ထုတ်ပါတယ်။ ရှေးအဆိုအမိန့် အရဆိုရင် နတ်ပြည်၊ ငရဲပြည် ရောက်ကို ရောက်နိုင်မယ့် လူမျိုးတွေပေါ့။ အဲဒီ လူတွေ သေခါနီး အချိန်မှာ သူ ကိုယ်တိုင် သွားပြီး အမှာစကား ပါးလေ့ရှိတယ်။ ကုသိုလ်ကောင်းမှု အထပ်ထပ် လုပ်နေတဲ့ လူတွေကို ပါးလိုက်တဲ့ သူရဲ့ အမှာက ဒီလိုပါ။
အသင်တို့ ကွယ်လွန်သွားတဲ့အခါ သမဏ၊ ဗြဟ္မဏ၊ ဆရာကြီးတွေရဲ့ အဆိုအရ နတ်ရွာသုဂတိကို လားရမှာ သေချာပါတယ်။ နတ်ပြည် ရောက်သွားပြီ ဆိုရင် ကျနော်၊ ကျမ ဖြင့် ဘယ်နတ်ဘုံမှာ၊ ဘယ်လို နာမည်ရှိတဲ့ နတ်သား၊ နတ်သမီး ဖြစ်နေပါတယ်လို့ ကျနော်ကို လာပြောပေးလှည့်ပါဦး။
အကုသိုလ် မကောင်းမှုတွေကို မဟားဒယား အတုံးလိုက် အတစ်လိုက် လုပ်ခဲ့တဲ့ လူမိုက်တွေကို ပါးလိုက်တဲ့ သူရဲ့ အမှာက ဒီလိုပါ။
မင်းတို့ သေသွားတဲ့အခါမှာ အပါယ်လေးပါး အစာဖြစ်ပြီး ငရဲရဲ့ ဘေး လွတ်နိုင်မှာ မဟုတ်ဘူး။ ဒီတော့ ငရဲပြည်ရောက်သွားရင် ဘယ်ငရဲမှာ ဘယ်လို ဒုက္ခမျိုးတွေ ခံစားနေရတယ်ဆိုတာ အကျွနုပ်ကို လာလျှောက်လှည့်ပါဦး။
သူရဲ့ အပေါင်းအသင်း သူငယ်ချင်းတွေကို သေရင် ဘယ်နေရာမှာ ဘာဖြစ်နေသလဲဆိုတာ လာပြောလှည့်ပါဦးလို့ အကူအညီ ကြိုကြိုတင်တင် တောင်းထားလေရဲ့။ အဲဒီလူတွေကလည်း "ဟုတ်ကဲ့ပါ၊ လာရောက် အကြောင်းပြန်ပါမယ်၊ သတင်းပို့ပါမယ်လို့ အားလုံးက တရိုတသေပဲ ကတိခံကြတယ်။"

ဒီလိုနဲ့ အချိန်တွေ ကုန်ဆုံးလာပေမယ့် ဟိုလူဆီက သတင်း ကြားရနိုးနိုး၊ ဒီလူဆီက ကြားရနိုးနိုးနဲ့ စောင့်မျှော်နေလာလိုက်တာ သူ ထင်သလို ဘယ်သူကမှ လာမပြောကြဘူး။ နတ်ပြည်ကလည်း သတင်းမရောက်၊ ငရဲပြည်ကလည်း သတင်းမရောက်။ ဘယ်သူဆို ဘယ်သူကမှ သတင်းလာမပို့တော့ သူရဲ့ သုသေတနဟာ အဖြေတစ်ခု ကောက်ချက်တစ်ခု ရလာတယ်။ လူတစ်ယောက်ဟာ သေပြီးနောက် တစ်နေရာရာသာ ရောက်ခဲ့မယ်ဆိုရင် အနည်းနည်း တစ်ယောက်ယောက်ကတော့ သူ့ဆီ အကြောင်းပြန်သင့်တာပေါ့။ လူမှာလိုက်တဲ့ လူတွေ အဲလောက် အများကြီးထဲကမှ တစ်ယောက်တလေတော့ လာပြောသင့်တယ်လို့ သူ ယူဆတယ်။ လာပြောဖို့ အဆင်မပြေဘူးပဲ ထားဦး။ တစ်ယောက်လောက်တော့ အဆင်ပြေသင့်တာပေါ့ လို့လည်း သူ ခံယူထားတယ်။ အခု ဘယ်သူမှ လာမပြောပုံထောက်တော့ သေပြီးနောက် ဘာမှ မဖြစ်လို့ပဲ ဆိုတဲ့ ကောက်ချက်က ဘွားခနဲ ပေါ်လာတယ်။ ဒါမှ သူရဲ့ သုတေသန အများကြီးထဲက တစ်ခုပါ။ နောက်ပိုင်း အလျင်းသင့်သလို တင်ပြသွားပါ့မယ်။ ဒါနဲ့ သူရဲ့ သုတေသန လုပ်သမျှ အားလုံးဟာ တူညီတဲ့ အဖြေတစ်ခုတည်းကိုပဲ ထပ်ခါထပ်ခါ အတည်ပြုရာ ရောက်နေတဲ့အဆုံး သူရဲ့ အယူဝါဒဟာ ပြတ်သားသထက် ပြတ်သားလာတယ်။ ခိုင်မာသတဲ့ ခိုင်မာလာတော့တယ်။ သူရဲ့ လက်တွေ့ကျတဲ့ သုတေသနတွေကြောင့် နောက်လိုက် အခြံအရံကလည်း များသတဲ့ များလာတော့တယ်။ နောက်ဆုံးတော့ သူဟာ နိုင်ငံကျော် ဝါဒရှင် မြို့စားကြီး အနေနဲ့ ထင်ပေါ်လာတယ်။

သူရဲ့ ဝါဒလမ်းစဉ်က ဒီလိုပါ။
"တမလွန်လောက တကယ်ရှိတယ်ဆိုတာ မဟုတ်ပါ။ လုပ်ကြံ ဇာတ်ခင်း သက်သက်မျှပဲ။ အမှန်တကယ် ရှိမယ်ဆိုရင် အကျွနုပ်ဆီ တစ်ယောက်မဟုတ် တစ်ယောက်တော့ အကြောင်းပြန်သင့်တာပေါ့။ သတ္တဝါတွေ အနေနဲ့ သေပြီးတဲ့နောက် ဘာမှ ထပ်မဖြစ်တော့လို့သာ မလာတာ ဖြစ်မယ်။ ကုသိုလ်၊ အကုသိုလ်ရဲ့ အကျိုးပေး ဆိုတာလည်း တကယ်တမ်းတော့ အာပလာပဲ။ လက်တွေ့ စစ်ကြည့်လိုက်တော့ အပြောသက်သက်ပဲ။ ကောင်းတာကိုပဲ လုပ်လုပ်၊ မကောင်းတာကိုပဲ လုပ်လုပ် လုပ်လိုက်တဲ့အတွက် အကျိုးလည်း မဖြစ်၊ အပြစ်လည်း မဖြစ်။ ဒါကြောင့် ကောင်းကျိုးကို မျှော်လင့်ပြီး ကုသိုလ်ကောင်းမှုလည်း လုပ်စရာ မလိုတော့ပြီ။ အပါယ်လားမှာ တွေးကြောက်ပြီး ဒုစရိုက် မကောင်းမှုကို လုပ်ရမှာ ရှိုးတိုး ရှန့်တန့်လည်း ဖြစ်စရာ အကြောင်းမရှိတော့။"

ကဲ ... ဘယ်လောက် ကြောက်စရာ ကောင်းလိုက်တဲ့ ဝါဒလဲ။ သူရဲ့ လက်တွေ့ကျတဲ့ တင်ပြချက်တွေ၊ ဆန်းစစ်မှုတွေကြောင့် နောက်လိုက်တွေ၊ သူ့ကို ယုံကြည်သူတွေ များလာတာနဲ့ အမျှ လက်မခံနိုင်သေးတဲ့ သူတွေကလည်း ဘာမှ မပြောသာတော့ဘူး။ လူအင်အား တောင့်တင်းတာက တစ်ကြောင်း၊ သူနဲ့ စကား ယှဉ်မပြောနိုင်တာက တစ်ကြောင်း၊ သူ့ထက်သာတဲ့ သက်သေ မတင်ပြနိုင်တာက တစ်ကြောင်းကြောင့် သူ့ကို ယှဉ်ရဲတဲ့သူ ဘယ်မှာလာ ရှိတော့မှာတုန်း။ တစ်တောင်ပေါ် တစ်တောင်ဆင့်ပြီး မြင့်သထက် မြင့်တဲ့ တောင်ဆိုတာတော့ ရှိစမြဲပါ။ သုတေသန ပေါင်းစုံ လုပ်ပြီး ကိုယ့်ကိုယ်ကို ဟုတ်လှပြီလို့ အထင်ရောက်နေတဲ့ မြို့စားကြီးရဲ့ အထင်ကတော့ သူလိုလူ ဇမ္ဗူမှာ ရှာမှရှားပေါ့။ သူတို့ခေတ် သူတို့ အခါကလည်း ဝါဒပြိုင်ပွဲတွေက များမှများ။ တရုတ်ကားတွေထဲမှာ သိုင်းလိုက်ပြိုင်သလို အိန္ဒိယမှာလည်း ဝါဒလိုက်ပြိုင်တဲ့ သူတွေကလည်း ပေါပါဘိသနဲ့။ ဘယ်သူ ပြိုင်ပြိုင် မယိုင်မလဲ အမြဲပဲ နိုင်နေတဲ့ ပါယာသိအနေနဲ့ ဝါဒက ခိုင်မြဲသထက် ခိုင်မြဲ လာပြီပေါ့။ ဒီလိုနဲ့ နေလာလိုက်တာ တစ်နေ့တော့ တုပြိုင်စံရှား ထောင်လွှားနေတဲ့ မြို့စားကြီး အဖို့ ဝါဒကိုအုတုပြီး ရန်ပြုဖို့ ရွှေဧည့်သည်တစ်ယောက် သေတဗျမြို့ပေါ် ရောက်လာချေပြီ။

ရည်ရွယ်ချက် ။ ။ စာဖတ်သူ အများစုဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်သလို အဲဒီအထဲက အများစုကလည်း မိရိုးဖလာတွေပါ။ အဲဒီလို မိရိုးဖလာ ဖာသိဖာသာ ဗုဒ္ဓဘာသာဝင်တွေ အခုလို မြို့စားကြီးနဲ့ တွေ့ရင် ဒုက္ခရောက်ကြတော့မှာ အမှန်ပါ။ လက်တွေ့ကျတဲ့ စမ်းသပ်ချက်တွေနဲ့ အခြေတည်ထားတဲ့ မြို့စားကြီးရဲ့ သုတေသန လုပ်ဆောင်ချက်တွေကို သိစေချင်တဲ့ ဆန္ဒနဲ့အတူ မြို့စားကြီးကို ဘယ်လိုများ စကားရည်လုပြီး အမှန်တရားဘက် စွဲဆောင်နိုင်သလဲဆိုတာကိုလည်း သင်ခန်းစာ ယူစေချင်ပါတယ်။ လေ့လာ မှတ်သားစေချင်ပါတယ်။ စာဖတ်သူ အနေနဲ့ နောက်ဆက်တွဲကို မဖတ်ခင် အခုလို မြို့စားကြီးရဲ့ လက်တွေ့ကျတဲ့ တင်ပြချက်ကို ဘယ်လိုများ ချေပရင် ကောင်းပါလိမ့်မလဲ ဆိုတာ စဉ်းစားကြည့်စေချင်တယ်။ ဒါမှလည်း အယူဝါဒတစ်ခုကို စုံမှိတ် အဟုတ်ထင်တတ်တဲ့ ဉာဏ်ကန်းဗုဒ္ဓဘာသာဝင် မဖြစ်မှာပါ။

ကိုးကား - ဒီဃနိကာယ်၊ သုတ်မဟာဝါပါဠိတော်၊ ပါရာသိရာဇသုတ်

(ဆက်ရန်)