လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

တံခါးခေါက်သံများ (၂)

08 March 2009

ကျနော်ဘဝမှာ အင်မတန်မှ ချစ်ရတဲ့ သူငယ်ချင်းတစ်ယောက် ရှိခဲ့ပါတယ်။ အခုအချိန်ထိလည်း ချစ်နေရတဲ့ သူငယ်ချင်းပါ။ ဒါပေမယ့် သူ မရှိရှာတော့ဘူး။ သူနဲ့ ပတ်သက်ပြီး သူငယ်ချင်းတစ်ယောက်ထံမှ ဆိုတဲ့ ပို့စ်မှာ အနည်းအကျဉ်း ရေးဖူးပါတယ်။ ကျနော်အကြောင်း ရေးတဲ့ ပို့စ်မှန်သမျှမှာလည်း သူ့အကြောင်း မပါတဲ့ ပို့စ် မရှိသလောက်အောင် ချစ်ခဲ့ကြတယ်။ ကျနော်တို့ အရမ်း ချစ်ခဲ့ကြသလို ကျနော်တို့ နှိပ်စက်တာကိုလည်း အတော် ခံခဲ့ရတာပါ။ သူရဲ့ သူငယ်ချင်းအပေါ် ယုံလွယ်တဲ့ စိတ်နဲ့တင်ကို ခဏခဏ အနိုင်ကျင့် ခံခဲ့ရတယ်။ အရိုးခံစိတ်နဲ့ ကျနော်တို့ကို ပေါင်းတာဆိုတော့ ကျနော်တို့ လှိမ့်သမျှလည်း ခံနေရတာပေါ့။ အဲလောက်တုံး၊ အဲလောက် အ ပါလားလို့ အပြစ်တင် မစောပါနဲ့။ ကျနော်တို့ သူငယ်ချင်း (၈) ယောက်ထဲမှာ သူက စာ အတော်ဆုံးပါ။ တစ်ကျောင်းလုံးမှာ ပထမ ရထားတဲ့ သူတစ်ယောက်ပါ။ မြန်မာစာ အရေးအသားပိုင်းမှာလည်း စာစီစာကုံး ပြိုင်ပွဲတိုင်း ပထမ ရနေကျလေ။ ကပ်သီးကပ်ဖဲ့ ပြောကြကြေးဆို သူ့ကို ဘယ်တော့မှ မနိုင်ဘူး။ ကျောင်းက လုပ်တဲ့ ကျဘန်းစကားပြော ပြိုင်ပွဲတိုင်းမှာ သူက ပထမ ရနေကျကိုး။ ကျနော် ကျောင်းတက်ရင် ဖျားလို့ နာလို့ ခဏခဏ ခွင့်ယူတတ်ပေမယ့် သူ တစ်ခါမှ ကျောင်းမပျက်ဖူးဘူး။ ကျန်းမာရေးကလည်း ဒေါင်ဒေါင်မြည်။ ခန္ဓာကိုယ်ကလည်း ထွားထွားကြိုင်းကြိုင်းနဲ့ လေ။ ရံဖန်ရံခါတောင် ဖျားလေ့မရှိတဲ့ သူ့ကို ကျနော်တို့ အားကျမိတာ အမှန်ပါ။ ဆယ်တန်း စာမေးပွဲဖြေအပြီး တက္ကသိုလ် မတက်ခင် လေးနှစ်အကြား ရရာအလုပ်ကို အယုတ်အမြတ် မရွေးဘဲ အမေကို လုပ်ကျွေးနေတဲ့ သားတစ်ယောက်၊ သူငယ်ချင်းတစ်ယောက်ကို မုန့်ဖိုး လက်ဖြန့်တောင်းပြီး ထိုင်စားနေတဲ့ ကျနော်တို့က လေးစားလျက်ပါပဲ။ ဒီလောက်တောင် လူတော်လူကောင်းလို့ ပြောလို့ရတဲ့သူ တစ်ယောက်ကို လာခေါ်တဲ့ တံခါးခေါက်သံ ကြားလိုက်ရတာတောင်၊ ထွက်သွားတာ မြင်နေရတာတောင် ကျနော်တို့တွေ မယုံနိုင်ခဲ့ဘူး။ အဖြစ်မှန်ကို လက်မခံနိုင်ခဲ့ဘူး။

ကျနော် ရန်ကုန်ကနေ ရထားစီးလို့ အိမ်ရောက်ရောက်ချင်း အမေကပြောတယ်။ “ငသက် နေမကောင်းလို့ ဆေးရုံတက်နေတာ သုံးရက်ရှိပြီ။ ဒီနေ့ ဆေးရုံဆင်းမယ် ပြောတယ်။ မင်း သွားကြည့်လိုက်ဦး။ သက်သာပြီထင်တယ်” ဆိုတဲ့ စကားကို ကြားလိုက်တော့ ကျနော် ဘယ်လိုမှ မနေမိပါဘူး။ ဒီလောက် ကျန်းမာတဲ့သူတစ်ယောက် ဘယ်လောက် ကြီးကြီးကျယ်ကျယ် ဖြစ်မှာမို့လဲပေါ့။ ဒါပေမယ့် ရုတ်တရက် ခေါင်းထဲ အတွေးတစ်ခု ဝင်လာလို့ စိုးရိမ်သွားမိတယ်။ ဒါကြောင့် အမေကို “ဘာဖြစ်လို့လဲ” လို့ အသည်းအသန် မေးလိုက်မိတယ်။ “ရိုးရိုးဖျားတယ်လို့ ပြောတာပဲ” ဆိုတဲ့ အဖြေ ကြားလိုက်မှ သက်မ ချနိုင်တော့တယ်။ ခွေးရူးပြန်ရောဂါများလား လို့ ကျနော် တွေးလိုက်မိလို့ပါ။ ဘာကြောင့် အဲလို တွေးမိရသလဲ ဆို လွန်ခဲ့တဲ့ ရှစ်လကအကြောင်းကို ပြန်ပြောရလိမ့်မယ်။

လွန်ခဲ့တဲ့ ရှစ်လက အကြောင်းကို မပြောခင် ကျနော်တို့ သူငယ်ချင်းတွေရဲ့ အလေ့အကျင့် တစ်ခုအကြောင်း အရင် ပြောပြရဦးမယ်။ ကျနော်တို့တွေ နေ့ခင်းနေ့လယ် စုမိကြပြီ ဆိုရင် တစ်ခုခု သွားစားတတ်ကြတယ်။ ယောက်ျားလေး သူငယ်ချင်း (၅) ယောက် စုစားကြတာ ဆိုတော့ စားပြီးရင် ရှင်းရမယ့် ပိုက်ဆံကလည်း မနည်းဘူး။ တစ်ယောက်တည်းက ဒိုင်ခံရှင်းဖို့ ဆိုတာလည်း ရေရည်မလွယ်ဘူး။ အလှည့်ကျ ရှင်းဖို့ ဆိုတာလည်း လက်တွေ့တော့ သိပ်အဆင်မပြေဘူး။ ငါ ဒီတစ်ခေါက် ပိုက်ဆံမပါလို့ မင်းရှင်းလိုက်ကွာ ဆိုပြီး အလှည့်ကျော်တတ်ကြလို့လေ။ ဒီတော့ မုန့်စားဖို့ ပိုက်ဆံလည်းရ၊ ဒကာလည်း အလွန်တကူ ရှာလို့ အဆင်ပြေအောင် ကျနော်တို့ လုပ်လေ့ရှိတဲ့ အလေ့အကျင့် တစ်ခုက ဖဲ စုရိုက်ကြတယ်။ မုန့်စားဖို့အတွက် သက်မှတ်ငွေက (၁၀၀၀) ကျပ် ဆိုပါစို့။ ဒါဆို တစ်ယောက်ချင်းစီရဲ့ နိုင်တဲ့ငွေ စုစုပေါင်းက (၁၀၀၀) ကျပ် ပြည့်ရင် ပွဲကို နားပြီး မုန့်ဆိုင် ဒိုးကြတယ်။ ဒါမှ မျှတမှာပေါ့။ အဲဒီမှာ ကျနော် လူလည် လုပ်ထားတာ တစ်ကွက်ရှိတယ်။ မမျှတမှန်း သိပေမယ့် သူတို့ ကျနော်ကို ဘာမှ မတတ်နိုင်တော့ ဒီအတိုင်း အလျှော့ပေးရတယ်။ သူတို့ ဖဲကစားတိုင်း ဘယ်တော့မှ ကျနော် ပါလေ့မရှိဘူး။ ဘာလို့လဲဆို ပိုက်ဆံနဲ့ ကစားတဲ့ ပွဲ မှန်သမျှ အရင်ကတည်း ကျနော် ဝင်ကစားလေ့ မရှိလို့ပါ။ အရင်ကတည်းက မကစားခဲ့တာ ဆိုတော့ သူတို့လည်း ဘာမှ မတတ်နိုင်ဘူး။ မုန့်သွားစားမယ် ဆိုလိုက်တိုင်း ကျန်တဲ့ လေးယောက်ကပဲ တစ်လှည့်စီ ရှုံးပြီး ကျနော်ကတော့ အမြဲ အနိုင်နဲ့ ပိုင်းပြီး မုန့် အသားလွတ် စားရတယ်။ မိုက်တယ်မလား။ အဲဒီ နည်းနဲ့ မုန့် ဒကာ ရှာတာ မျှတပါတယ်။ ဘာလို့လဲဆို လေးယောက်ဆော့ရင် များသောအားဖြင့် တစ်ယောက်တည်းကပဲ ဒိုင်ခံနိုင်ပြီး ကျန်တဲ့ သုံးယောက်က အနည်းနဲ့အများတော့ ရှုံးရတာချည်းပါ။ အင်မတိ အင်မတန် ကံဆိုးမှ တစ်ယောက်တည်းက ဒိုင်ခံ ရှုံးတတ်တာပါ။ အဲဒီနေ့က ငသက် တစ်ယောက်တည်း ဒိုင်ခံ ရှုံးတယ်။

ကျနော်တို့ ပိုက်ဆံ တစ်ထောင်ရလို့ မုန့်သွားစားမယ် ဆိုတော့ သူက လက်ခါပြတယ်။ “ခဏနေဦး။ ငါ့အမေအတွက် ဆေး သွားဝယ်ပေးလိုက်ဦးမယ်။ ခဏစောင့် အမြန်ပြန်လာခဲ့မယ်” လို့ ပြောပြီး သူ့ဆိုင်ကယ်မောင်းပြီး ထွက်သွားတော့တယ်။ ကျနော်တို့ ဗွီဒီယိုခွေ ကြည့်ပြီး ထိုင်စောင့်ရင်းက ရောက်သင့်တဲ့အချိန် ပြန်မရောက်တော့ ဒီကောင် လစ်ပြေးပြီလား မသိဘူးလို့ အားလုံး ဝိုင်းပြောမိကြတယ်။ နည်းနည်း ကြာတော့ လောလော လောလောနဲ့ ပြန်ရောက်လာတယ်။ ပြီးတော့ “ဟဲ့ကောင်တွေ ငါ့ကို ခွေးကိုက်လို့ကွ” လို့ ပြောတော့ သူ့ ခြေထောက်ကို ဝိုင်းကြည့်ကြတယ်။ ခြေထောက်များ အကိုက်ခံရလားပေါ့။ သူက မျက်မှောင်ကျုံ့ပြီး “#@$&#!*$#!” နဲ့ ဆဲပါတော့တယ်။ ဆဲလို့ အားရမှ “လက်ကို ကိုက်တာကွ လက်ကို” လို့ ပြောပြီး လက်ညိုးထောင်ပြမယ်။ သူ့ လက်ညိုးကို ကြည့်ပြီး ကျနော်တို့ ဝိုင်းဟားကြပါတော့တယ်။ ဟားဆို လက်ညိုး တံခါးညပ်ခံရတဲ့ အနာကမှ သူ့ထက် ကြီးဦးမယ်။ ကိုက်ခံရတယ် ဆိုတဲ့ သူ့အနာကို ကြည့်လိုက်လို့ ငြောင့်စူးရုံလောက်သာသာ။ အနာကို ဝိုင်းကြည့်နေကြရင်း သူငယ်ချင်းတစ်ယောက်က ရုတ်တရက်
“နေစမ်းပါဦး။ မင်းဟာက ထူးထူးဆန်းဆန်း။ ခွေးကိုက်တယ်လည်း ပြောသေး။ ကိုက်ခံရတော့လည်း သူများလို ခြေထောက်တို့၊ လက်မောင်းတို့ မဟုတ်ဘဲ ရှာရှာပေါက်ပေါက် လက်ညိုးမှ အကိုက်ခံရတယ်လို့ကွာ” လို့ ထဖောက်ပါတော့တယ်။ အဲဒီအခါ နောက်တစ်ယောက်ကလည်း ဝင်ဆော်တယ်။
“ထူးတော့ ထူးဆန်းတယ်ကွ။ ဘယ်ပြောနိုင်မလဲကွာ။ ဒီကောင်က ခွေးကို လက်ညိုးနဲ့ ဘာသွားလုပ်မှန်းမှ မသိတာ။ သေချာပြောစမ်း။ ခွေးက အမမှ ဟုတ်ရဲ့လား”

“အာ ... မင်းတို့ကလဲကွာ။ ဖဲ့မယ်ဆိုတာချည်းပဲ။ အဖြစ်အပျက်က ဒီလိုကွ” ဆိုပြီး ဖြစ်ရပ်မှန်ကို ပြောပြပါတော့တယ်။ ကားလမ်းပေါ်မှာ သူ့ ဆိုင်ကယ်ကို အရှိန်နဲ့ မောင်းနေခဲ့တယ်။ သူ့အရှေ့က လှုပ်ပဲ့လှုပ်ပဲ့ မောင်းနေတဲ့ လိုင်းကားကို ကျော်ပစ်မယ်လို့ ဆုံးဖြတ်အပြီး ကားရဲ့ ဘယ်ကနေ ကျော်တက်ပါတော့တယ်။ လိုင်းကားကို ကျော်တက်နေတုန်း ကားခေါင်းနား အရောက်မှာ ခွေးတစ်ကောင် ရုတ်တရက် ဘွားခနဲ ပေါ်လာပါတော့တယ်။ အဲဒီခွေးကလည်း လိပ်လို သွားနေတဲ့ လိုင်းကားကို စိတ်တော် မရှည်လို့ မစောင့်တော့ဘဲ ရှေ့က ဖြတ်ကူးတာ ဖြစ်မယ်။ ရုတ်တရက် ပေါ်လာတဲ့ ခွေးကို မတိုက်မိဖို့ ဖရိတ် အုပ်လိုက်ပေမယ့် ဘယ်လိုမှ ဆိုင်ကယ် မထိန်းနိုင်တော့တဲ့အခါ ဝင်တိုက်ပစ်ဖို့တာ ရှိပါတော့တယ်။ ဘယ်လို ဘယ်လို ဖြစ်သွားသလဲ မသိလိုက်ပေမယ့် သတိရတဲ့အချိန်မှာ ကိုယ်တော်ချော ငသက်က ခွေးကို ဖက်လျက်သား။ အဲဒီအချိန်မှာပဲ အထိတ်တလန့် ဖြစ်သွားတဲ့ ခွေးက သူ့ရှေ့နား အခန့်သင့် ရှိနေတဲ့ ငသက်ရဲ့ လက်ဖဝါးကို အလန့်တကြား ဟပ်ပြီး ထွက်ပြေးသွားပါတော့တယ်။

ခွေးရူးပြန် ရောဂါနဲ့ ပတ်သက်ပြီး ဆေးပညာ ဗဟုသုတ ရှိနေတဲ့ သူ့အနေနဲ့ ကာကွယ်ဆေး ထိုးရတော့မယ်ဆိုတာ တန်းပြီး တွေးမိမှာပါ။ ချက်ကို ဆေးထိုးရတဲ့ ခေတ် မဟုတ်တော့ပေမယ့် လက်မောင်းကို ထိုးရမယ့် ဆေးဟာ တစ်စုံစာအနေနဲ့ (၃၀၀၀၀) ကျပ်လောက် ကျနိုင်တာကြောင့် သူ မတတ်နိုင်တာ အမှန်ပဲ။ သူရဲ့ ဗဟုသုတနဲ့ ဆေးပညာအသိက သူ့ကို နောက်တစ်ခု သတိပေးနေပြန်တယ်။ တကယ်တန်း လူကို ကိုက်တဲ့ ခွေးဟာ တစ်လအတွင်း ရူးပြီး မသေခဲ့ဘူးဆိုရင် ကိုက်ခံရသူရဲ့ ဒါဏ်ရာဟာ ခွေးရူးရောဂါကို မဖြစ်စေတော့ပါဘူး။ အဲဒီ အသိကြောင့် ဆေးဖိုးပိုက်ဆံ မတတ်နိုင်တာကို ချက်ချင်း တွက်ဆမိပြီးတဲ့နောက် ခွေးကို နောက်ယောင်ခံ လိုက်ပါတော့တယ်။ ဘယ်အိမ်က ခွေးလည်း သိရအောင် လိုက်ကြည့်နေတာကြောင့် သူ နောက်ကျသွားတဲ့အကြောင်း ကျနော်တို့ကို ပြောပြတယ်။ သူ အကြောင်းစုံ ပြောပြအပြီး လူငယ်ပီပီ မေ့မေ့ပျောက်ပျောက်ပဲ တဟီးဟီး တဟားဟားနဲ့ မုန့်ဆိုင်ကို ရောက်သွားပါတော့တယ်။ သူ့ခမျာ တစ်လလုံးလုံး နှစ်ရက်ခြား တစ်ခါ ခွေးကို သွားသွား ရှာနေရတော့တယ်။ ခွေးကြည့်ပြီးရင်လည်း ကျနော်အိမ် အမြဲ ဝင်လာလေ့ရှိတယ်။ သူ ဝင်လာတိုင်း “မင်းစော်နဲ့ တွေ့ခဲ့လား” လို့ သူ့ကို အမြဲ စလေ့ရှိတာ မှတ်မိနေတယ်။

(ဆက်ရန်)