လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။
လက်ထပ်ခွင့် ပြုပါ
05 March 2009
ပထမဆုံး အကြိမ် ကျနော် သူ့ကို လက်ထပ်ခွင့်တောင်းခဲ့တာ ခြောက်နှစ်သား အရွယ်ကပေါ့။
“ငါ မင်း ယောက်ျား လုပ်မယ်။ ဒါဆို နင်က ငါ့ မိန်းမဖြစ်ပြီ။” လို့ ပြောတော့
“ဟင့်အင်း” လို့ပဲ ရိုးရိုး ပြန်ငြင်းလိုက်တယ်။
“ဟုတ်တယ်”
“ဟုတ်ဘူးပဲ” လို့ ပြောပြီး အိမ်ထဲက ပြေးထွက်သွားတယ်။
ခဏလေး ကြာတော့ ကျနော်လည်း ထွက်လာခဲ့လိုက်တယ်။ အိမ်ထဲမှာ တစ်ယောက်တည်း ကစားရတာ အတော် ပျင်းစရာ ကောင်းတာပါကလား။
ဒုတိယအကြိမ် လက်ထပ်ခွင့် တောင်းခဲ့တာ ကျနော်တို့ (၁၄) နှစ်သားလောက်ကပေါ့။ နှစ်စဉ် လုပ်နေကျဖြစ်တဲ့ ကျောင်း ကပွဲတစ်ပွဲမှာ ကျနော်တို့ နှစ်ယောက် တွဲ က ရတယ်လေ။ အ၀တ်လဲခန်းကနေ သူ ထွက်အလာကို ကျနော် စောင့်နေခဲ့တယ်။ အ၀တ်လဲခန်းကနေ ထွက်လာတော့ ပန်းရောင်ဝတ်စုံလေးနဲ့ သူ့ကို မြင်ရတော့ အသက်ရှူတောင် မ၀ချင်တော့ဘူး။ နတ်ပြည်ကနေ ဆင်းလာတဲ့ နတ်သမီးလေး အလား လှရက်လွန်းလို့ ပြောမယ့်စကားတွေတောင် ရှာမရဘဲ ပါးစပ်လေး အဟောင်းသားနဲ့ သူ့ကို ငေးနေမိတော့တယ်။
“ဟေ့ ... ဘာကြည့်နေတာလဲ” လို့ ကျနော်ကို ကြည့်ရင်း ပြုံးစိစိနဲ့ လှမ်းမေးတယ်။
“ငါ့ကို လက်ထပ်ခွင့် ပြုပါလား” လို့ ကျနော် ရုတ်တရက် ပြောချလိုက်တော့ ပြုံးနေရာကနေ စပ်ဖြဲဖြဲလုပ်ပြီး ခဏကြာတော့ ရယ်ချပါတော့တယ်။ ကျနော် အပြစ်မယူပါဘူး။ သူ့မျက်လုံးတွေ လင်းလက်နေတာ ကျနော် မြင်နေရတာကိုး။ ရယ်ရင်းနဲ့ပဲ သူ ကျနော်လက်ကို ဆွဲရင်း ကပွဲစင်ပေါ် တက်သွားတော့တယ်။

တတိယအကြိမ် ကျနော် သူ့ကို လက်ထပ်ဖို့ ပြောခဲ့တာ သူ့ရဲ့ တစ်ဆယ့်ခြောက်နှစ်မြောက် မွေးနေ့မှာပါ။ ကျနော်တို့ အဲဒီနေ့က တခြား သူငယ်ချင်းတွေနဲ့ ပျော်ပွဲစား ထွက်ခဲ့ကြတယ်။ သူငယ်ချင်းတွေ ဘာဂိမ်း ထပ်ကစားရင် ကောင်းမလဲလို့ ငြင်းခုန်နေကြတဲ့ အချိန်မှာ ကျနော်နဲ့သူနဲ့ သစ်ပင်တစ်ပင်အောက်မှာ ထိုင်နေခဲ့ကြတယ်။ ငြင်းနေ ခုန်နေကြတာကို ကြည့်ရင်း ရယ်ရွှင်နေတဲ့ သူ့ကို ကျနော် ကြည့်လို့မဝ ဖြစ်နေခဲ့တယ်။ သူ့ရယ်သံဟာ ဆည်းလည်းသံလေးလို ချိုမြနေတယ်။ ကျနော် ဘေးနားမှာ ပေါက်နေတဲ့ ဂန္ဓမာပန်းပွင့်လေးကို ခူးလိုက်ပြီး သူ့ကို ကမ်းပေးလိုက်ရင်း
“ငါရဲ့ ဘဝလက်တွဲဖော်အဖြစ် နေပေးပါလား”
လို့ ပြောလိုက်တယ်။ သူ ပန်းပွင့်ကို ကြည့်ပြီး အားရပါးရ ထပ်ရယ်ပြန်တယ်။ ပန်းပွင့်ကို သူ လှမ်းယူလိုက်ပြီး သူငယ်ချင်းတွေ ရှိရာကို သူ ပြေးသွားတယ်။ ကျနော်လည်း အူတိအူကြောင်နဲ့ပဲ နောက်က လိုက်သွားခဲ့တယ်။
စတုတ္ထအကြိမ်ကတော့ အသက် (၁၈) နှစ်မှာပါ။ တက္ကသိုလ်ထဲက ကန်တင်းမှာ သောက်လက်စ လိမ္မော်ဖျော်ရည်ခွက်ကို ကိုင်ရင်း စကားပြောနေဖြစ်တယ်။ သူ နောက်ဆုံး ဖတ်ခဲ့တဲ့ ကဗျာတစ်ပုဒ်ဟာ ဘယ်လောက်ကောင်းသလဲ ဆိုတာ ကျနော်ကို ပြောပြနေတယ်။ အချိန်တော်တော်ကြာ မနားတမ်း စကားပြောပြီး သူ ရပ်သွားတယ်။
“အဲ ... နင် ဘာဖြစ်နေတာလဲ။ ဘာတစ်ခွန်းမှလည်း ပြန်မပြောပါလား” လို့ သူ ကျနော်ကို မေးလိုက်တယ်။ ကျနော် သူရဲ့ လှပလွန်းတဲ့ မျက်ဝန်းလေးတွေကို အသေအချာ ကြည့်လိုက်ပြီး
“ငါဘဝရဲ့ အချိန်တွေ အားလုံးကို နင်နဲ့အတူပဲ ကုန်ဆုံးလိုက်ချင်တယ်။ ငါ့ကို လက်ထပ်ခွင့် ပြုပါလား” လို့ မေးလိုက်တော့ အရင်လိုပဲ ဟားတိုက်ပြီး ရယ်ပြန်တယ်။
“ငါတို့တွေ အိမ်ထောင်ပြုဖို့ အရွယ်မှ မရောက်သေးဘဲ” လို့ ပြန်ဖြေပြီး သူ့ကဗျာတွေ အကြောင်းပဲ တရစပ် ပြောနေတော့တယ်။
ငါးကြိမ်မြောက် ခွင့်ပန်ခဲ့တာ ကျနော်တို့ ဘွဲ့ယူတဲ့နေ့မှာပါ။ ကျနော်တို့ နှစ်ယောက်လုံး အသက် နှစ်ဆယ့်တစ်နှစ် ရှိနေပါပြီ။ ကျနော် ဒူးတစ်ဘက် ဒေါက်၊ နှင်းဆီပန်းတစ်ပွင့် လက်ထဲမှာကိုင်ပြီး သူ့ကို မရဲတရဲ ဖွင့်ပြောခဲ့တယ်။
“အခု နင်ရဲ့ ဘဝလက်တွဲဖော် အဖြစ် ခွင့်ပြုမယ်မလား”
ဒီတစ်ကြိမ်တော့ တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ဖြေတယ်။
“နင် ကြည့်ရတာ အမြဲ အလောတကြီးနဲ့နော်။ ဘွဲလွန်သင်တန်းတွေ တက်ဦးမယ်လို့ နင် စိတ်ကူးထားတာ မဟုတ်လား”
ကျနော် ဘာပြောလို ပြောရမှန်း မသိဖြစ်သွားတယ်။ မတ်တပ် ပြန်ရပ်လိုက်ပြီး ဘွဲ့နှင်းသဘင် ခန်းမထဲကို သူနဲ့အတူ လျှောက်ဝင်သွားလိုက်တယ်။
လေးနှစ်ကြာတော့ ကျနော် တက်ခဲ့တဲ့ မဟာဘွဲ့လည်း ရပြီ။ နိုင်ငံတကာ ကုမ္ပဏီတစ်ခုမှာလည်း အလုပ်ရပါပြီ။ သူ ချိန်းဆိုထားတဲ့ အအေးဆိုင်တစ်ဆိုင်မှာ ကျနော်တို့ နှစ်ယောက် ထိုင်ဖြစ်ကြတယ်။
“ဒီလေးနှစ်အတွင်း နင် ငါ့ကို လက်ထပ်ခွင့် မတောင်းခဲ့ဘူးနော်။ ဘာဖြစ်လို့လဲ။ အေးပေါ့လေ။ လူဆိုတာကလည်း အပြောင်းအလဲ မြန်တတ်တာပဲ မဟုတ်လား” လို့ ခပ်ပြုံးပြုံးလေးနဲ့ သူ ကျနော်ကို ပြောလိုက်တယ်။
“နင် ဘယ်လို ထင်လို့လဲ”
“ငါ နင့်ကို နောက်တစ်ခေါက် ထပ်ငြင်းမှာကို နင့်အနေနဲ့ ခံနိုင်ရည် မရှိတော့ဘူးလို့ ထင်တယ်”
“ဒါပေမယ့် ငါ မှတ်မိသလောက် နင် အခုချိန်ထိ တစ်ခါမှ ပြတ်ပြတ်သားသား မငြင်းဖူးဘူးလေ။ နင် ငါ့ကို နိုးလို့ တစ်ခါမှ မပြောဖူးသေးဘူး”
“ငါ ပြောဖူးပါတယ်။ အဲဒီတုန်းက ငါတို့ ခြောက်နှစ်ပဲ ရှိသေးတယ်”
“အော် သူ မှတ်မိသားပဲ” လို့ ကိုယ့်ဖာသာ ရေရွတ်လိုက်မိတယ်။ တခဏအတွင်း အတိတ်ကို ပြန်မြင်ယောင်လိုက်တော့ ပြုံးနေမိတယ်။
ကျနော် ရေခဲမုန့် တစ်ဇွန်း ခပ်လိုက်ပြီး သူစားဖို့ ထိုးပေးလိုက်တယ်။ နောက်ပြီး
“အင်း ဟုတ်တာပေါ့။ နင် ငါ့ကို တစ်ခါ ငြင်းခဲ့ဖူးတာပဲ” လို့ ပြောလိုက်တော့
“အဲဒီတော့ .... ” လို့ ပြောပြီး ကျနော် လှမ်းထားတဲ့ ရေခဲမုန့်ကို စားလိုက်တယ်။
“အဲဒီတော့ ဘာမှ မဟုတ်ပါဘူး”
သူ မပြုံးနိုင်တော့ဘဲ မျက်လုံးလေး ပေကလပ် ပေကလပ်လုပ်နေတယ်။
“ကောင်းပြီလေ။ ငါ့စိတ်တွေ ပြောင်းသွားပြီလို့ နင် ထင်ထားတာလား”
“ငါ မသိဘူး” လို့ ပြန်ဖြေပြီး မှိုင်နေတော့တယ်။ သူ မှိုင်နေတာတောင် အင်မတန်မှ ချစ်စရာ ကောင်းနေပါလား။ သူ့ကို ခပ်ကြာကြာ စိုက်ကြည့်နေမိပြီး
“ဒီတစ်ခါ နင့်ကို ငါက လက်ထပ်ယူဖို့ နင့်အနေနဲ့ ဘာလို့ မတောင်းဆိုရတာလဲ”
“ငါက ....” လို့ မျက်လုံး အပြူးသား အံ့သြနေတဲ့ မျက်နှာနဲ့ လှမ်းပြောလိုက်တယ်။
“အင်းလေ။ ဘာဖြစ်လို့လေ။ ဘာမှားနေလို့လဲ”
“မဟုတ်သေးပါဘူး”
“နင် ငါ့ကို နောက်ထပ်တစ်ခါ ထပ်ငြင်းလိုက်တာလား”
“အာ ... မဟုတ်ဘူး။ မဟုတ်ဘူး” လို့ ခပ်မြန်မြန် ဖြေလိုက်တယ်။
“ဒါဆို လက်ခံလိုက်တာပေါ့ ဟုတ်လား”
ကျနော် ဘယ်ခွင်ဆင်နေသလဲဆိုတာ သူ သိသွားတော့ ကျနော်ကို လျှာထုတ်ပြပြီး သူ့ ရေခဲမုန့်ပဲ သဲကြီးမဲကြီး စားနေတော့တယ်။
“ဟေ့” ကျနော် သူ့လက်ကို ဖမ်းဆုတ်ထားလိုက်ပြီး ပြောလိုက်တယ်။
“လက်ထပ်ခွင့် ပြုနော်”
သူ နှာခေါင်းလေးကို ရှုံ့ပြီး ပြန်ပြောတယ်။
“နင်က သေချာလို့လား”
ကျနော် ခြောက်နှစ်သားကတည်းက သေချာနေခဲ့ပြီးပြီပဲ။ ကျနော် ခပ်ရိုးရိုးလေးပဲ ဖြေလိုက်တယ်။ “အင်း” လို့။ ကျနော် ဒီတစ်သက် မမေ့နိုင်တဲ့ အပြုံးတစ်ခုနဲ့ အတူ သူ ခေါင်းညိတ်ပြတာ မြင်လိုက်ရတယ်။