လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။
မျက်နှာများတဲ့လူ
05 February 2009
မျက်နှာများတာ ကောင်းသလားလို့ ကျနော် မေးကြည့်ချင်တယ်။ မျက်နှာများတတ်တဲ့ ကာယကံရှင်တွေကတော့ ကောင်းတယ်လို့ ဖြေမလားပဲနော်။ ဒီပြင် အများစုကတော့ ဟင့်အင်း လို့ပဲ ဖြေမယ်ထင်တယ်။ လူတွေ အများစု သိထားတဲ့ မျက်နှာများတယ်ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်က ပွေတယ် ဆိုတာနဲ့ အတူတူပါပဲ။ ပွေတယ် ဆိုမှတော့ ဘယ်ကောင်းပါ့မလဲနော့။ ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုအရ တစ်လင်တစ်မယား စနစ်ပဲ ရှိပါတယ်။ လူတစ်ယောက်က တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ ရည်စားတစ်ယောက်တည်း ထားရမယ်လို့ သက်မှတ်ချက် မရှိပါဘူး။ ဒါပေမယ့် သာမာန် ယောက်ျားလေး၊ မိန်းကလေးတွေအနေနဲ့ တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ ချစ်သူ၊ ရည်စား တစ်ယောက်တည်း ထားကြတာ များပါတယ်။ တချို့က စောဒက တက်ပါတယ်။ တစ်ယောက်တည်း ထားတာပါပဲ။ ဒါပေမယ့် ချစ်သူကတစ်ယောက်၊ ရည်စားကတစ်ယောက် လို့ ပြောလာတဲ့ သူတွေလည်း ရှိတယ်။ ဘယ်လို အဆင့်အတန်းမျိုးကို ချစ်သူခေါ်ပြီး၊ ဘယ်လို အဆင့်အတန်းမျိုးကို ရည်းစား ခေါ်သလဲဆိုတဲ့ သက်မှတ်ချက်ကို မဖွင့်ဆိုတော့ပါဘူး။ တကယ်လို့သာ လူတစ်ယောက်ဟာ ကိုယ့်ချစ်သူအပေါ်မှာ ထားတဲ့ မျက်နှာထား၊ အမူအရာမျိုး တခြားသူ တစ်ဦးတစ်ယောက် (သို့) အများအပေါ်မှာ ထားခဲ့မယ်၊ အဲဒီ မျက်နှာထားမျိုးနဲ့ ဆက်ဆံခဲ့မယ်ဆိုရင် အဲဒီလူကို မျက်နှာများတဲ့သူလို့ သက်မှတ်ကြပါတယ်။ ရည်စားအများကြီး တပြိုင်တည်း ထားမှ မျက်နှာများတယ်လို့ မခေါ်ပါဘူး။
လူ အားလုံးလိုလိုဟာ ကိုယ်သာ မျက်နှာများချင်များမယ်၊ မျက်နှာများတဲ့ သူကိုတော့ သဘောကျမှာ မဟုတ်ပါဘူး။ ဒါကို ကြည့်ခြင်းအားဖြင့် မျက်နှာများတာကို မကောင်းတဲ့ အပြုအမူလို့ အားလုံးက သက်မှတ်ထားလို့ပေါ့။ တကယ်လို့ လူတစ်ယောက်ကသာ မျက်နှာများတာ ကောင်းတယ်လို့ ပြောလာခဲ့ရင် မေးခွန်းတစ်ခု မေးကြည့်ပါ။ "ဒါဆို ခင်ဗျားရဲ့ နှမ (သို့) ဆွေမျိုးသားချင်း တစ်ယောက်ယောက်ကို မျက်နှာများတဲ့သူနဲ့ ခပ်လွယ်လွယ် သဘောတူနိုင်ပါ့မလား" ဆိုတဲ့ မေးခွန်းရဲ့ အဖြေက ရှင်းရှင်းလေးပါ။ နိုးပဲ။ သဘောတူချင် တူမယ်၊ ဒါပေမယ့် အသေးစိတ် လေ့လာဦးမှာပါ။ အခု ကျနော် တင်ပြခဲ့သမျှဟာ မျက်နှာများခြင်းရဲ့ Dark Side ပါ။ မနှစ်လိုဖွယ် မျက်နှာစာပေါ့။ တကယ်လို့ ကျနော်က မျက်နှာများတတ်ခြင်းဟာ ကောင်းကွက်တွေ အများကြီး ရှိပါတယ်။ ကောင်းကျိုးတွေ ရှိပါတယ်လို့ ပြောလာခဲ့ရင်ကော။ အင်း .... ။ အခုကိုပဲ မျက်မှောင်ကျုံ့ပြီး ကြည့်နေပြီ ထင်တယ်။ ဆက်လေ့လာကြည့်ပါဦး။

ကျနော်ရဲ့ ဆရာတစ်ယောက်အကြောင်း နည်းနည်း ပြောပြချင်ပါတယ်။ သူဟာ ကျောင်းမှာ စာအသင်အပြကောင်းလို့၊ စည်းကမ်းကြီးလို့ နာမည်ရပေမယ့် အိမ်ထောင်ရေး အဆင်မပြေရှာပါဘူး။ ကျောင်းသားတွေအပေါ် စေတနာ ထက်သန်တဲ့ ဆရာဟာ ဇနီးမယားနဲ့ အမြဲ တကြပ်ကြပ် ရန်ဖြစ်ကြတယ်။ ကျောင်းဆရာဆိုတော့လည်း စရိုက်ပေါင်းစုံရှိတဲ့ ကျောင်းသားတွေကို ဆက်ဆံနေရတာပေါ့။ ဆရာဟာ စည်းကမ်းကကြီးတော့ ဆိုးပေ့ဆိုတဲ့ အတန်းကို အမြဲတမ်း ကိုင်ရတယ်။ ဒီတော့ ဆူဆဲကြိမ်းမောင်းသံက နေ့တိုင်းလိုလို ကြားနေရတာပေါ့။ တဖြောင်းဖြောင်း၊ တဖျန်းဖျန်နဲ့ ထုနှပ် ရိုက်ခတ်သံကလည်း ခဏတိုင်းလိုလို ကြားရတယ်။ ဆရာက အရိုက်ကြမ်းတယ်လို့လည်း နာမည်ရ သဗျ။ ဒါပေမယ့် ဆရာရဲ့ ထိန်းကွပ်မှုကြောင့် လမ်းမှန်ပေါ် တည့်တည့်မတ်မတ် လျှောက်သွားနိုင်တဲ့ ကျောင်းသားတွေကလည်း မနည်းပါဘူး။ ကျောင်းသားတွေ အားလုံးအတွက် ဆရာကောင်းအဖြစ် နာမည်ရတဲ့ ဆရာဟာ အိမ်မှာရှိတဲ့ သူ့ဇနီးအတွက်တော့ ခင်ပွန်းကောင်း ဖြစ်မနေရှာဘူး။ သူတို့ လင်မယားနှစ်ယောက် ရန်ဖြစ်ရင် အမြဲ ကြားရတဲ့ စကားတစ်ခွန်း ရှိပါတယ်။
"ကျမကို ရှင့်တပည့်များ မှတ်နေလား၊ ထစ်ခနဲဆို ကြိမ်းလား မောင်းလားနဲ့။ ဆရာလုပ်မယ်ဆိုတာချည်းပဲ။"
သူငယ်ချင်းတစ်ယောက် အကြောင်း ပြောပြရဦးမယ်။ သူက သူငယ်ချင်းတွေ ကြားမှာတော့ အပစား ပေးခံရတဲ့ သူပေါ့။ သူ့ကိုဆို သူငယ်ချင်းတွေ အားလုံးက ဦးစားပေးတယ်။ သူ့ရဲ့ မိသားစု မပြည့်စုံမှု အတွက်လည်း သူငယ်ချင်းတွေ အားလုံးက စာနာပြီး အစစ အရာရာမှာ သူ့ကို ကူညီကြတယ်။ ဒါကို အခွင့်ကောင်းယူပြီး အနိုင်ယူတတ်တဲ့ သူရဲ့ အကျင့်ကို အားလုံးက ဗွေမယူဘဲ သူငယ်ချင်းဆိုတဲ့ ဝိသေသ တစ်ခုတည်းနဲ့ပဲ အားလုံးကို သည်းခံပေးကြတယ်။ အဲဒီလို အလိုက်သင့် နေလာကြတော့ ကျနော်တို့ သူငယ်ချင်းတစ်သိုက်ရဲ့ နေ့စဉ်ဘဝက ပျော်စရာပါ။ ငယ်သူငယ်ချင်းကောင်းတွေ ပီပီ သည်းခံ ခွင့်လွတ်ရင်း သဘောထားကြီးစွာ နေလာကြတာကိုး။ ဒါပေမယ့် သူ့ခမျာ လုပ်ငန်းခွင်ထဲ ဝင်တော့ ခဏခဏ ပြဿနာတက်လို့ အလုပ်ပြောင်းရတာလည်း မနည်းတော့ဘူး။ ကျနော်တို့ တတွေ သူ့ကို အမြဲ ပြောဖြစ်တဲ့ စကားတစ်ခွန်း ရှိပါတယ်။
"ကိုယ့်ရဲ့ အထက်အရာရှိ၊ လက်ဖော်ကိုင်ဖက်ဆိုတာ ငယ်သူငယ်ချင်းတွေမှ မဟုတ်ကြဘဲ။ သူတို့ကတော့ သည်းခံ ခွင့်လွှတ်လိမ့်မယ် မထင်နဲ့။"
ကျနော်တို့ဟာ ဘဝဆိုတာကို လက်ခံရရှိပြီ ဆိုတာနဲ့ တာဝန်နဲ့ ဝတ္တရားတွေက အလိုလို အနောက်ကနေ ကပ်ပါ လာပါတယ်။ အူဝဲလို့ အော်နေတဲ့ ကလေးတစ်ယောက်ရဲ့ တာဝန်ဟာ သူပိုင်ဆိုင်လာတဲ့ အသက်တစ်ချောင်း ဆက်လက်တည်မြဲဖို့အတွက် အစာအဟာရ ဖြည့်တင်းပေးနေရတယ်။ အားလုံး သစ်နေတဲ့ ပတ်ဝန်းကျင်ကို အမြဲ မပြတ် လေ့လာနေရတယ်။ ဖေဖေ၊ မေမေ၊ ကိုကို၊ မမ၊ ဦးဦး၊ ဒေါ်ဒေါ် ဆိုတဲ့ ဆွေးမျိုးတွေနဲ့ ရင်းနှီးဖို့ ချိပ်ဆက် ယူနေရတယ်။ အသက်တွေ တဖြည်းဖြည်း ကြီးလာတာနဲ့ အမျှ သူရဲ့ အခန်းကဏ္ဍနဲ့ တာဝန်၊ ဝတ္တရားတွေက များသထက် များလာတယ်။ နှစ်အနည်းငယ်ကြာတော့ အလိုအလျောက် တခြားလူတစ်ယောက်ရဲ့ အစ်ကို (သို့) အစ်မ ဖြစ်လာတယ်။ ဒီတော့ အစ်ကိုတစ်ယောက်ရဲ့ တာဝန်အရ အငယ်ကို ထိန်းကောင်း ထိန်းရတော့မယ်။ ကျောင်းနေပြီ ဆိုတဲ့ အရွယ်မှာ တပည့်တစ်ယောက်ရဲ့ တာဝန်တွေကို စပြီး ထမ်းဆောင်ရတော့တယ်။ စာကျက်မယ်၊ အိမ်စာလုပ်မယ်၊ စာမေးပွဲ အောင်အောင် ဖြေမယ်ဆိုတဲ့ အလုပ်တာဝန်တွေ အပြင် ဆရာသမားကို ရိုသေရမယ်ဆိုတဲ့ အမူအကျင့် တာဝန်တွေပါ အလိုအလျောက် ယူလာရတယ်။
သူငယ်ချင်းတွေ ရလာတဲ့အခါမှာ သူငယ်ချင်းတစ်ယောက်ရဲ့ အခန်းကဏ္ဍကနေ ဆက်ပြီး ကပြရတယ်။ ဒီလိုနဲ့ အငယ်တန်းတွေကို စာပြပေးရင် ဂိုက် (Guide) တစ်ယောက်အဖြစ်ကနေ တဖြည်းဖြည်း ဆရာတစ်ယောက်ရဲ့ တာဝန်တွေ ယူရကောင်း ယူရလိမ့်မယ်။ အိမ်မှာ နေရင်လည်း မိသားစုဝင်တစ်ယောက်ရဲ့ တာဝန်က ရှိဦးမယ်။ တံမြတ်စည်းလှည်း၊ ကြမ်းတိုက် စသဖြင့်ပေါ့။ နောက်ပိုင်း ချစ်သူတွေ ရလာတော့ ချစ်သူတစ်ယောက်အဖြစ်၊ အိမ်ထောင်ကျတော့ အိမ်ထောင်သည်တစ်ယောက် အဖြစ်၊ သားသမီး ထွန်းကားလာတော့ မိဘတစ်ယောက် အဖြစ်၊ ဆက်လက် ကပြနေရဦးမယ်။ အလုပ်မှာဆိုရင်လည်း ကိုယ့်အထက်အရာရှိနဲ့ဆိုရင် ကိုယ်က လက်အောက်ငယ်သားအဖြစ်၊ ကိုယ့်အောက် ရာထူးငယ်တဲ့သူနဲ့ဆိုရင် အထက်အရာရှိအဖြစ်ပေါ့၊ စတဲ့ နေရာကနေ ဘဝပြဇာတ်မှာ ဆက်လက် အသုံးတော်ခံနေရတယ်။ တူတွေ တူမတွေ ကြားမှာ ဦးဦး၊ ဒေါ်ဒေါ် ဖြစ်သွားမယ်။ တပည့်တပမ်းတွေနဲ့ ဆိုရင် ဆရာ၊ ဆရာမ ဖြစ်သွားမယ်။ ကိုယ်ဟာ သူများရဲ့ မြေး ဖြစ်နေနိုင်သလိုပဲ ဘိုးဘိုး၊ ဘွားဘွားလည်း ဖြစ်နေတတ်တယ်။
ဘဝဆိုတာကို ပြဇာတ်အဖြစ် ခိုင်းနှိုင်းပြီး ပြောမယ်ဆိုရင်တော့ အဲဒီ ပြဇာတ်က တစ်ခန်းရပ် ပြဇာတ် မဟုတ်သလို၊ မြန်မာကားတွေလို အစပိုင်း ကြည့်ရုံနဲ့ နားလည်သွားနိုင်မယ့် ပြဇာတ်မျိုးလည်း မဟုတ်ပြန်ဘူး။ ပြဇာတ်ပေါင်း များစွာကို ပိပိရိရိ တည်းဖြတ်ထားတဲ့ အဆုံးမရှိ ဇာတ်ကားရှည်ပဲ ဖြစ်ရမယ်။ ဒါကြောင့်လည်း ကျနော်တို့ဟာ တစ်ချိန်တည်း တပြိုင်တည်းမှာပဲ ဇာတ်ကောင်အများကြီးကို သရုပ်ဆောင်နေရတယ်။ ကျနော် အနေနဲ့ ဆိုရင် ဆရာအနေနဲ့ သရုပ်ဆောင် ဖူးသလို၊ တပည့်အနေနဲ့လည်း ခဏခဏ သရုပ်ဆောင်ဖူးတယ်။ နောက်ထပ် သရုပ်ဆောင်နေရတဲ့ ဇာတ်ကောင်တွေက သား၊ အစ်ကို၊ ညီ၊ မောင်၊ အချစ်ဆုံး သူငယ်ချင်း၊ ငယ်သူငယ်ချင်း၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်၊ အထက်အရာရှိ၊ ဝန်ထမ်း၊ တူ၊ မိတ်ဆွေ၊ ဘလော့ဂါ၊ ဆွေမျိုး၊ စသဖြင့် ပေါ့ဗျာ။ တကယ်လို့ တစ်နေရာမှာ ကျနော်နဲ့ နောက်ထပ် လူငါးယောက် ရှိမယ်ဆိုရင် အဲဒီ အချိန် အပိုင်းအခြားမှာ ကျနော်ဟာ အနည်းဆုံး ဇာတ်ကောင် ငါးမျိုးကို တပြိုင်တည်း သရုပ်ဆောင်ရမှာပါ။ ဆိုကြပါစို့။ အဲဒီလူ ငါးယောက်က ကျနော်ရဲ့ အဖေ၊ အစ်ကို၊ ဆရာ၊ သူငယ်ချင်းနဲ့ အဘွား ဆိုရင် ကျနော်ဟာ သား၊ ညီ၊ တပည့်၊ သူငယ်ချင်းနဲ့ မြေး အဖြစ် တလှည့်စီ ကပြနေရဦးမှာပါ။
အဲဒီလို တစ်ချိန်တည်း တပြိုင်တည်းမှာ လူတစ်ယောက်က ဇာတ်ကောင် တစ်ခုထက် ပိုပြီး သရုပ်ဆောင်ရတာကြောင့်လည်း ပြဿနာတွေ တက်လာပါတယ်။ ဥပမာအနေနဲ့ စဉ်းစားကြည့်ပါ။ မဖြစ်နိုင်မှန်း လူတိုင်း သိမှာပါ။ ဒါပေမယ့် ဥပမာအနေနဲ့ပဲ တွေးကြည့်ရအောင်။ ကျနော်တို့ သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောရင် ရင်းရင်းနှီးနှီးပဲ ဟေ့ကောင် လို့ သုံးနှုန်းတတ်ပါတယ်။ တကယ်လို့သာ ကျန်တဲ့သူ လေးယောက်ကိုသာ ဟေ့ကောင်လို့ ခေါ်ပြီး ဆက်ဆံမယ်ဆိုရင် ဘာတွေ ဖြစ်လာမလဲ။ အစ်ကို ဖြစ်တဲ့သူနဲ့ ပြဿနာ သိပ် မတက်နိုင်ပေမယ့် ကျန်တဲ့ သုံးယောက်နဲ့ကတော့ အကြီးအကျယ် ကွိုင်မှာ သေချာတယ်။ ဘာဖြစ်လို့လဲ။ ရုပ်ရှင်စကားနဲ့ ပြောရရင်တော့ Acting နဲ့ Dialogue လွဲသွားလို့ပေါ့။ ပိုချဲ့ပြီး ပြောရရင် ဇာတ်ကောင်မပြောင်းဘဲ သရုပ်ဆောင်မိလို့။ ဒီထက် ပိုရှင်းရရင် မျက်နှာပေး မပြောင်းနိုင်လို့ပေါ့။
ကျနော် ဆရာတစ်ယောက်အကြောင်းနဲ့ သူငယ်ချင်းတစ်ယောက်အကြောင်း အပေါ်မှာ ပြောခဲ့ပါတယ်။ ဆရာအနေနဲ့ သူ့ဇနီးနဲ့ အဆင်မပြေတဲ့ အကြောင်းအရင်းတွေ အများကြီး ရှိပါလိမ့်မယ်။ အဲဒီအထဲမှာ ဇနီးသည်ကို တစ်ခါတစ်ခါ တပည့်တစ်ယောက်အဖြစ်နဲ့ ဆက်ဆံမိတာကြောင့် ဖြစ်လာတဲ့ ပြဿနာတွေလည်း ပါနိုင်ပါတယ်။ နောက်ပြီး သူငယ်ချင်းအနေနဲ့လည်း အလုပ်မှာရှိတဲ့ လူတွေကို သူရဲ့ သူငယ်ချင်းတွေလို အနိုင်ယူ ဆက်ဆံနေလို့ ဒီပြဿနာ တက်ရတယ်လို့ပဲ ယူဆမိတယ်။ သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောနေရင်း ကိုယ့်ရဲ့ အဖေနဲ့ စကားလှည့်ပြောတာနဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ဇာတ်ကောင်အမူအရာကနေ၊ သားတစ်ယောက်ရဲ့ ဇာတ်ကောင် အမူအရာကို ချက်ချင်း ပြောင်းပစ်နိုင်ဖို့ သိပ်အရေးကြီးပါတယ်။ ဒါ ကျနော် အမြင်ပါ။ သူငယ်ချင်းကို စကားပြောနေတဲ့ မျက်နှာထားတဲ့ ကိုယ်ရဲ့ အဖေကို ဆက်ဆံလို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်လည်း လူတစ်ယောက်ဟာ တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ မျက်နှာအများကြီးကို နေရာတကျ လှည့်ပြီး အသုံးကျတတ်ဖို့ လိုတယ်လို့ ယူဆမိတယ်။
သူငယ်ချင်းကို ဆက်ဆံတဲ့ မျက်နှာနဲ့ အဖေကို ဆက်ဆံရင် စော်ပလော် တီးခံရမယ်။ တပည့်ကို ဆက်ဆံတဲ့ မျက်နှာနဲ့ ဇနီးသည်ကို ဆက်ဆံရင် နောင်ဂျိန် ပလေးရမယ်။ ကိုယ့်အောက် ဝန်ထမ်းကို ဆက်ဆံတဲ့ မျက်နှာနဲ့ အထက် အရာရှိကို ဆက်ဆံမိရင် မာလကီးယား ကြွသွားနိုင်တယ်။ အဘွားကို ချွဲတဲ့ မျက်နှာပေးနဲ့ အကြွေးရှင်ကို သွားဆက်ဆံရင် စောင့်ကန် ခံရမှာ သေချာတယ်။ ဒါကြောင့် ကျနော်တို့ မျက်နှာပေး များများ ထားတတ်ဖို့လိုတယ်။ ဒီထက် ပိုအရေးကြီးတာက သက်ဆိုင်ရာ မျက်နှာပေးကို စနစ်တကျ၊ နေရာတကျ သုံးတတ်ဖို့ပါ။ တပည့်ကို လှမ်းဟောက်နေပေမယ့် ဇနီးသည်ကို မြင်ရင် မျက်နှာချို သွေးကောင်း သွေးရမှာပေါ့။ တကယ်လို့သာ မျက်နှာထား တစ်ခုတည်းနဲ့ပဲ ဇာတ်ကောင် အားလုံးမှာ သရုပ်ဆောင်နေမယ်ဆိုရင်တော့ အဲဒီလူဟာ အမြဲတမ်းလိုလို ပြဿနာတွေနဲ့ပဲ ရင်ဆိုင်နေရမှာ သေချာပါတယ်။

ဤပို့စ်အား Thursday, February 05, 2009 နေ့တွင် ရေးသားထားပြီး
တွေးစရာ
နာမည်ဖြင့် အညွှန်း သက်မှတ်ထားပါသည်။
ကွန်းမန့်များအား အချိန်နှင့် တပြေးညီ သိလိုလျှင် RSS 2.0 ဖြင့် တောင်းဆို၍ ရယူနိုင်သည်။
လာရင်းနေရာ သို့ ပြန်လည် သွားရောက်နိုင်ပါသည်။
Thursday, February 05, 2009
|
စာညွှန်း
တွေးစရာ