လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

ပို့စ် အသစ်ရေးရန် အရှိန်ယူခြင်း ...

04 February 2009

ဘလော့ဂ်နဲ့ တစ်ဆယ့်ငါးရက်လောက် အဆက်အသွယ် ပြတ်ပြီး တကာလ အခု စာပြန်ရေးမယ်ဆိုတော့ ဘယ်ကဘယ်လို စရေးရမလဲ စဉ်းစားရ ခက်နေတယ်။ ဇန္နဝါရီလ (၂၁) ရက်နေ့ စထွက်လိုက်တဲ့ ခရီးက မနေ့ မနက်မှ ရန်ကုန် ပြန်ရောက်တော့တယ်။ ဒီ ခရီးစဉ် (၁၅) ရက် ကာလအတွင်းမှာ စာ မရေးဖြစ်ပေမယ့် စာရေးဖို့ အတွက် ကုန်ကြမ်းတွေ အတော်များများ စုဆောင်းမိပါတယ်။ ဘလော့ဂ် မရေးဖြစ်ပေမယ့် သုံးရက်ခြား တစ်ခါလောက်တော့ ဘလော့ဂ်ကို သွားကြည့်မိတယ်၊ အီးမေးလ် စစ်ဖြစ်ပါတယ်။ ကျနော် စာ လုံးဝ မရေးဖြစ်တဲ့ (၁၅) ရက်တာ ကာလအတွင်းမှာ လာရောက် လည်ပတ်သူ မပြတ် တွေ့ရတော့ အတော်လေး ဝမ်းသာ ပီတိ ဖြစ်မိပါတယ်။ မေးလ်လာစစ်တိုင်းလည်း ပေးထားတဲ့ ကွန်းမန့်တွေ ဖတ်ရတော့ အားတက်မိသလိုပဲ၊ လာလည်ပြီး အတွေးဗလာ ပြန်သွားရတဲ့ စာဖတ်သူတွေကိုလည်း အားနာမိတယ်။ ဒါကြောင့်လည်း အခု စာပြန်ရေးမယ် ဆိုတော့ ဘာမှ နိဒါန်း ပျိုးမနေတော့ဘဲ ပုံမှန် စာစရေးရင် ကောင်းမလား စဉ်းစားမိပြန်တော့ တစ်မျိုးကြီး ခံစားရတာနဲ့ ကျေးဇူးတင်ကြောင်း၊ အားနာကြောင်း၊ စာ စရေးတော့မှာ ဖြစ်ကြောင်း ရေးပြီး အရှိန်ယူလိုက်ဦးမယ်လို့ စိတ်ကူးမိတာကြောင့် ဒီပို့စ်ကို ရေးလိုက်ရပါတယ်။

ဒီ (၁၅) ရက် ခရီးစဉ်မှာ မကွေး၊ မန္တလေးနဲ့ မုံရွာ မြို့ သုံးမြို့ကို ရောက်ဖြစ်ပြီး မန္တလေးမှာ အချိန် အကြာဆုံး နေဖြစ်ခဲ့ပါတယ်။ (၂၁) ရက်နေ့မှာ မကွေးကို သွားပြီး (၂၄) ရက်နေ့ ညကြီးမိုးချုပ် မန်းကို ပြန်ရောက်ပါတယ်။ ဖေဖော်ဝါရီလ (၁) ရက်နေ့ နံနက်စောစော မုံရွာကို သွားခဲ့ပြီး (၂) ရက်နေ့မှာ ရန်ကုန် ပြန်ဆင်းလာခဲ့တယ်။ မန်းမှာ နေနေတုန်း ကာလအတွင်း ဦးဇင်း ဦးကောဝိဒနဲ့ ဆက်သွယ်ပြီး သူရဲ့ အခမဲ့ အင်တာနက် သင်တန်း ကျောင်းလေးမှာ သွားရောက်ပြီး (၄) ရက်တာ သင်ကြားပေးနိုင်ခဲ့ပါတယ်။ စစ်ကိုင်းမှာလည်း လိုက်သင်ပေးဖို့ ဦးဇင်းကို ကတိပေးထားပေမယ့် အချိန်ကြပ်တာကြောင့် ရက်ရွှေ့ပြီး ရန်ကုန် ပြန်လာခဲ့ရတယ်။ သင်တန်း အတွေ့အကြုံကိုတော့ နောက်မှ သီးသန့် ပို့စ်တစ်ပုဒ်အနေနဲ့ တင်ပြဖို့ စီစဉ်ထားပါတယ်။

ဒီတစ်ခေါက် မန်း ရောက်တော့ ထူးဆန်းတဲ့ မြင်ကွင်းတစ်ခုကို မြင်ခဲ့ရတယ်။ ကျနော်အတွက် ထူးဆန်းတာပေါ့နော်။ စာဖတ်သူ အနေနဲ့ ဆိုင်ကယ်မောင်း ပြိုင်ပွဲတွေ ရုပ်သံမှာ ကြည့်ဖူးလား မသိဘူး။ မကြည့်ဖူးလည်း ကျနော် နည်းနည်း ပြောပြမယ်ဗျ။ တာထွက်တဲ့ စည်းကို နင်းပြီး ဆိုင်ကယ်တွေ တန်းစီထားကြတယ်။ အားလုံးက ပြိုင်ပွဲဝင်ဖို့ တာဆူနေကြတယ်။ ဆိုင်ကယ်စက်နှိုးပြီး လီဗာ တဗျူးဗျူး တဗျင်းဗျင်းနဲ့ မီးပွိုင့် အလွတ်ကို ခေါင်းကလေး တမော့မော့နဲ့ စောင့်မျှော်နေကြတယ်။ ဘရိတ်အုပ်လျက် လီဗာ ပုတ်နေတာ ဆိုတော့ ဆိုင်ကယ်က ကြိုးချည်လျက် ပြေးဖို့ ကြိုးစားနေတဲ့ ခွေးတစ်ကောင်လို ရှေ့တိုးနောက်ငင်နဲ့ အတင်းကို မောင်းထွက်ဖို့ အားယူနေတယ်။ ဒိုင်လူကြီး အချက်ပြလို့ မီးပွိုင့်က စိမ်းပြီး ဆိုတာနဲ့ သူ့ထက်ငါ ဦးအောင် အပြိုင်အဆိုင် မောင်းထွက်ကြပါတော့တယ်။ အဲဒီ မြင်ကွင်းကို မြင်ချင်ရင် ကျနော်တို့ မန်းမြို့ရဲ့ လမ်းမတွေပေါ်မှာ ကြည့်နိုင်ပါတယ်။ မီးပွိုင့်က စိမ်းမယ်မှ မကြံသေးဘူး တဗျူးဗျူး တဗျဲဗျဲနဲ့ ထွက်ဖို့ အတင်း တာဆူနေတယ်။ စိမ်းပြီ ဆိုတာနဲ့ တာလွှတ်လိုက်တဲ့ ဆိုင်ကယ်တွေလို အလုအယက် သူ့ထက်ငါ အပြိုင်အဆိုင် တိုးဝှေ့ပြီး မောင်းထွက်ကြတယ်။ ယာဉ်ကလည်း များတော့ အဓိက လမ်းစုံတွေဆိုရင် နေ့ခင်းဘက် ယာဉ်ကြော ပြတ်တယ်ရယ်လို့ မရှိပါဘူး။ မီးပွိုင့် စိမ်းရာကနေ နီဖို့ မီးဝါလည်း လင်းရော အလှူမဏ္ဍပ် ပိတ်တော့မှာမို့ အတင်း တိုးဝင်နေတဲ့ လူတွေအတိုင်း မီးဝါကို မရမက ဖြတ်မောင်းတော့တယ်။ အဲဒီအချိန် လမ်းတစ်ဘက်ကလည်း မီးနီရာကနေ စိမ်းတော့မှာမို့ ဗျူးဗျဲနေတဲ့ ဆိုင်ကယ်တွေနဲ့ လမ်းလည်ခေါင်မှာ ထိပ်တိုက်တွေ့ကြပါရော။ ဒါ မန်းမြို့မှာ နေ့စဉ်နီးပါး မြင်တွေ့နေရတဲ့ မြင်ကွင်းပါ။ ဒါပေမယ့် ထူးဆန်းတာက ဘာဖြစ်လို့လဲ မသိဘူး။ ဒီတစ်ခေါက် မန်း ပြန်ရောက်တော့ မီးပွိုင့်က မီးစိမ်းလေး မှိတ်တုတ်မှိတ်တုတ် ဖြစ်ပြီဆိုတာနဲ့ ကိုယ်တော်ချော ဆိုင်ကယ်တွေက မီးအဝါကိုတောင် ဖြတ်မကူးတော့ဘဲ လမ်းထိပ်အရောက် တုန့်ခနဲ ရပ်လိုက်ကြတယ်။ အလွန် ထူးဆန်းတဲ့ မြင်ကွင်းပါတကား လို့ ကောက်ချက်ချမိတယ်။ မန်းလေးမှာ မီးဝါကို အတင်း ဖြတ်ကူးရင်း လမ်းတစ်ဘက်က ယာဉ်တွေ ခဏခဏ ပြဿနာတက်ကြတယ်။ အခုတော့ လမ်းဆုံတွေမှာ မီးပွိုင့်နဲ့ အသားကျနေတဲ့ မန်းသားတွေ မြင်ရတော့ အတော်လေး ဝမ်းသာမိပါတယ်။

မြန်မာနိုင်ငံရဲ့ စက်ဘီး မြို့တော်လို့ တချိန်က တင်စားခေါ်ဝေါ်ခဲ့တဲ့ မန္တလေးမြို့ဟာ အခုဆိုရင် နောက်ထပ် ဘွဲ့တစ်ခုဖြစ်တဲ့ ဆိုင်ကယ်မြို့တော် ဆိုတဲ့ ဘွဲ့ကို ထပ်မံ ဆွတ်ခူးလိုက်သလိုပဲ မန်းမြို့ လမ်းမတွေပေါ် ဆိုင်ကယ်တွေ ပလူပျံလို့ပါပဲ။ မန်းလေး တစ်မြို့တည်းကို ဆိုင်ကယ် အစီးရေ (၃၅၀၀၀၀) သုံးသိန်းခွဲ နီးပါး ရှိမယ်လို့ ယူဆမိပါတယ်။ တကယ်တမ်း ယာဉ်အရေအတွက်နဲ့ တိုင်းတာမယ်ဆိုရင် မန်းမြို့ဟာ ရန်ကုန်ထက် ယာဉ်အစီးရေ ပိုပါတယ်။ ရန်ကုန်မှာဆိုရင် ယာဉ်ရှုပ်ထွေးမှု ခဏခဏ ဖြစ်တာကြောင့် ကိုယ်ပိုင် အသိစိတ်နဲ့ပဲ လမ်းစည်းကမ်းတချို့ကို လိုက်နာဖို့ အသားကျနေပါပြီ။ အခု ဒီတစ်ခေါက် မန်းမြို့ ပြန်တော့ မန်းသားတွေအနေနဲ့ အသားကျနေတာ မြင်ရတော့ အတော်လေး ကျေနပ်မိတယ်။ စည်းကမ်းဆိုတာ ပြဌာန်းဖို့ ထားတာ မဟုတ်သလို၊ ဒါဏ်ခတ်ဖို့ ထားတာလည်း မဟုတ်ပါဘူး။ ကိုယ်ပိုင် အသိစိတ်နဲ့ လိုက်နာမှသာ စည်းကမ်းဆိုတာ အသက်ဝင်မှာပါ။

ကဲဗျာ ကျနော်လည်း ရောက်တတ်ရာရာ လျှောက်ပြောနေတာ ပို့စ်တောင် အတော်ရှည်နေပြီ။ ဒါနဲ့ စကားမစပ် ကျနော် ဒီလ (၁၂) ရက်နေ့ မန်းမြို့ကို ပြန်ဖြစ်ဦးမယ်။ ဒီတစ်ခေါက်ကတော့ အဖေဆုံးတာ တစ်နှစ်ပြည့်အတွက် ဆွမ်းကပ်ဖို့ စီစဉ်စရာ ရှိလို့ပါ။ နောက်တစ်ခေါက် ပြန်ဖြစ်ရင်လည်း (၁၅) ရက်လောက်တော့ ကြာဦးမယ်ထင်တယ်။ ကျနော် ဘလော့ဂ်ကိုတော့ ခွဲမသွားချင်ဘူး။ မန်းမြို့ကနေ ပို့စ်တင်နိုင်အောင် ကြိုးစားပါ့မယ်။ ကျနော် မနက်ဖြန်ကနေ စပြီး တန်ဖိုးရှိမယ့် ပို့စ်တွေကို စပြီး တင်တော့မယ်ဆိုတဲ့အကြောင်းလေး ပြောရင်း အရှိန်ယူတာလေး ရပ်လိုက်တော့မယ်။ အတော်လေးလည်း အရှိန်ရနေပြီ။ အဟတ် :P