လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု <> နိုင်ငံရေး မတည်ငြိမ်မှု

18 January 2009

တိုင်းပြည်တွေအတွက် စီးပွားရေး တိုးတက်ဖို့ အဟန့်အတားတွေက ဘာတွေ ဖြစ်မလဲ။ ဘောဂဗေဒ ပညာရှင်တွေ အနေနဲ့ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့အတွက် ဖြတ်လမ်းနည်း၊ ဂါထာ မန္တန်တွေ ရှာမတွေ့သေးပါဘူး။ ဒီ အဆင့် ၁၊ ၂၊ ၃ ကို အစီအစဉ်တိုင်း လိုက်လုပ်ရင် ကြီးပွားတိုးတက်မယ်၊ မလုပ်ရင် မဖွံ့ဖြိုးဘူးလို့ ဘယ်သူမှ အတိအကျ မပြောနိုင်ဘူး။ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး ပြဿနာတွေက နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးရေး စီမံကိန်းတွေအတွက် အဟန့်အတားပါ။ အဲဒါတွေက သီးခြားစီ လေ့လာလို့ မရနိုင်အောင်ကို တစ်ခုနဲ့တစ်ခု ယှက်တင်ပြီး ဆက်စပ်နေပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံ အများစုမှာ အစိုးရအဖွဲ့အစည်းတွေဟာ နေ့ချင်းညချင်းဆိုသလိုပဲ နောက်အစိုးရအသစ်ရဲ့ အစားထိုးခြင်းကို ခံနေကြရတယ်။ အာဏာသိမ်းခံလိုက်ရရင် ချက်ချင်းဆိုသလိုပဲ အစိုးရအသစ်ပြောင်းသွားပြီး ဥပဒေ စနစ်တွေကအစ လမ်းကြောင်း ပြောင်းသွားတယ်။ အဲဒီလို နိုင်ငံမျိုးတွေမှာ စီးပွားရေး လုပ်နေကြတဲ့ ကုမ္ပဏီတွေအတွက်တော့ ဒုက္ခတွေပါပဲ။ စဉ်းစားကြည့်ပါ။ တကယ်လို့ အပတ်တိုင်း ဆရာမအသစ်တစ်ယောက် ပြောင်းပြီး သင်ရိုးညွှန်းတမ်းကအစ လိုက်ပြောင်းနေရင် ကျောင်းသားတွေအတွက် ဘယ်လောက် ဒုက္ခရောက်လိုက်မလဲ။ သေချာတာတော့ ဘယ်တော့မှ စာမတတ်တော့ပါဘူး။ သူတို့ရဲ့ သင်ရိုးညွှန်းတမ်း ဘယ်လောက်ကောင်းကောင်းပါ။ ကုမ္ပဏီတွေ ကြုံတွေ့ရတဲ့ အခက်အခဲကလည်း အဲဒါလိုပါပဲ။

"ဖွံ့ဖြိုး တိုးတက်ဖို့ ဒါတွေ အစီအစဉ်တကျ လုပ်သွားပါ" လို့ အကြံဉာဏ် မပေးနိုင်ပေမယ့် ဘောဂဗေဒ ပညာရှင်တွေအနေနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေအတွက် တိုးတက်ဖို့ အဟန့်အတားတွေကို တင်ပြထားတယ်။ အဲဒီအထဲက နိုင်ငံရေး မတည်ငြိမ်မှု ကြောင့် ဖြစ်လာရတဲ့ အဟန့်အတားအကြောင်း နည်းနည်းလေး ဆွေးနွေးချင်ပါတယ်။ နိုင်ငံရေး တည်ငြိမ်မှု မဖော်ဆောင်နိုင်တဲ့ နိုင်ငံတစ်နိုင်ငံဟာ သူ ဘယ်လောက်ပဲ ကြိုးစားကြိုးစား စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဘယ်တော့မှ မရနိုင်ပါဘူး။ နိုင်ငံရေး တည်ငြိမ်ဖို့ ဆိုတာ တည်ငြိမ်တဲ့ နိုင်ငံရေးစနစ်ကို လက်ခံကျင့်သုံးဖို့လည်း လိုပါတယ်။ မတည်ငြိမ်ဘူးဆိုတာ အပြောင်းအလဲများခြင်းကို ဆိုလိုတာပါ။ အစိုးရအဖွဲ့ အမျိုးမျိုး ပြောင်းတာလဲ မတည်ငြိမ်တာ ဖြစ်သလို၊ အစိုးရအဖွဲ့တစ်ဖွဲ့တည်းကပဲ ဟောတစ်မျိုး၊ ဟောတစ်မျိုး ဥပဒေတွေ ပြောင်းနေတာလည်း မတည်ငြိမ်တာပါပဲ။ နောက်ပြီး ဥပဒေတွေ မပြောင်းဘဲ လုပ်ထုံးလုပ်နည်းတွေ မကြာမကြာ ပြောင်းနေတတ်တာလည်း မတည်ငြိမ်တာပါပဲ။ ဒါတွေ အားလုံးဟာ အုပ်ချုပ်မှုယန္တရား မတည်ငြိမ်မှုထဲမှာ ပါပါတယ်။

ဖွံ့ဖြိုးတိုးတက်ဖို့ ဘယ်လို နည်းဗျူဟာတွေပဲ ချချ တည်ငြိမ်တဲ့ အစိုးရအဖွဲ့အစည်း ရှိဖို့က အင်မတန် အရေးကြီးပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံအများစုမှာ အဲဒီလို တည်ငြိမ်မှုမျိုး လိုအပ်နေပါတယ်။ တိကျတဲ့ ဥပဒေ၊ အဆင်ပြေတဲ့ လုပ်ထုံးလုပ်နည်းတွေကို အစိုးရအနေနဲ့ မချမှတ်နိုင်ခဲ့ပါဘူး။ လက်ရှိ အစိုးရအပေါ် အာဏာသိမ်းမှုတွေ၊ ဆန္ဒပြမှုတွေဟာ အဲဒီလို နိုင်ငံမျိုးတွေမှာ အမြဲလိုလို ကြုံတွေ့နေရပါတယ်။ ဥပမာတစ်ခုက ဆိုမာလီးယား နိုင်ငံပါ။ ၁၉၉၀ ကတည်းက နိုင်ငံတွင်း အုပ်စုတွေရဲ့ ပြည်တွင်းစစ်တွေကြောင့် နိုင်ငံဖွံ့ဖြိုးဖို့ ဘက်ကိုတောင် ခြေဦး မလှည့်နိုင်သေးပါဘူး။ တည်ငြိမ်တဲ့ အစိုးရ ဖွဲ့စည်းနိုင်ရေး ဆိုတဲ့ ရည်ရွယ်ချက်အတွက် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့နဲ့ အမေရိကန်နိုင်ငံက စစ်တပ်တွေ စေလွတ်ခဲ့ပေမယ့် ပြဿနာတွေက ပို ဆိုးသထက် ဆိုးလာခဲ့ပါတယ်။ ဒါကြောင့်လည်း ၁၉၉၅ ခုနစ်မှာ အမေရိကန်နိုင်ငံဟာ သူ့ရဲ့ စစ်တပ်ကို ပြန် ရုတ်သိမ်းခဲ့တယ်။ ဆိုမာလီးယားအတွက် တစ်ခုတည်းသော ဗဟိုအစိုးရ အခုထိကိုပဲ မရှိသေးပါဘူး။ နိုင်ငံရေး မတည်ငြိမ်မှုကို ဖွံ့ဖြိုးဆဲ နိုင်ငံ အတော်များများမှာ တွေ့ရပြီး အာဖရိကနိုင်ငံတွေမှာ အများဆုံး တွေ့ရပါတယ်။

မတည်ငြိမ်မှုတွေဟာ အစိုးရအဖွဲ့အစည်းအတွက် လက်ရှိအာဏာကို စွန့်လွတ်ရလောက်အောင် မချိန်းခြောက်နိုင်ဘူးပဲ ထားဦး။ အဲဒီ ပြဿနာတွေကြောင့် တစ်ဦးချင်းစီရဲ့ စီးပွားရေး လုပ်ငန်းဆောင်တာတွေကို တစ်နည်းမဟုတ် တစ်နည်း အခက်ခဲဖြစ်စေတာ အမှန်ပါ။ တကယ်တမ်း အလုပ်ဖြစ်ဖို့ ဆိုရင် နိုင်ငံ့စီးပွားရေးအတွက် တာရှည်ခံမယ့် စည်းမျဉ်း ဥပဒေတွေ လိုအပ်ပါတယ်။

နိုင်ငံတွင်းက လူမှုရေး၊ ယဉ်ကျေးမှု မတူတဲ့ အုပ်စုတွေကြောင့်လည်း မတည်ငြိမ်မှုတွေ ဖြစ်တတ်ပါတယ်။ တိုင်းပြည်နယ်နိမိတ် သက်မှတ်ချက် အများစုဟာ ကိုယ့်ကို ကျွန်ပြုခဲ့တဲ့ နိုင်ငံရဲ့ မူလသက်မှတ်ချက်တွေကို အခြေခံထားကြတာ များတယ်။ သက်ဆိုင်ရာ ယဉ်ကျေးမှုနဲ့ မတူတဲ့ လူမျိုးစု တွေရဲ့ နေထိုင်ရာ နယ်နိမိတ်အရ ပိုင်းခြားကြတာ မဟုတ်တော့ မတူတဲ့ ယဉ်ကျေးမှု နှစ်ခုကို တစ်နေရာတည်း ပေါင်းစပ်မိတာတို့၊ မတည့်တဲ့ လူမျိုးစုတွေ ပေါင်းစပ် ဖွဲ့စည်းထားတဲ့ နိုင်ငံတွေ ဖြစ်နေတတ်ပါတယ်။ ဒါနဲ့ပဲ အဖွဲ့တွေကွဲပြီး နိုင်ငံတွင်း သူပုန်ထမှုတွေ၊ ပုန်ကန်မှုတွေ ဖြစ်လာရတော့တယ်။ ဥပမာအနေနဲ့ ပြောရရင် နိုင်ဂျီးရီးယား နိုင်ငံဟာ ဗြိတိန်ရဲ့ ကိုလိုနီ ဥပဒေအရ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု တစ်ခုပါ။ မတူညီတဲ့ လူမျိုးစု သုံးခုနဲ့ ဖွဲ့စည်းထားတယ်။ မြောက်ပိုင်း Hausa Fulan ဒေသ၊ အနောက်ပိုင်း Yoruba ဒေသ နဲ့ အရှေ့ပိုင်း Ibo ဒေသပါ။ အဲဒီ ဒေသ သုံးခုလုံးဟာ ယဉ်ကျေးမှုပိုင်း သိသာထင်ရှားအောင် ကွာခြားနေတော့ နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခတွေ အမြဲလိုလို ဖြစ်တယ်။ ဒါကြောင့်လည်း စစ်တပ် အာဏာသိမ်းမှုတွေ အဆက်မပျက် ဖြစ်နေပါတယ်။ ဒေသ သုံးခုဟာ သီးခြား ရပ်တည်ခွင့် ရမယ်ဆိုရင် တိုးတက်မှု အလားအလာတွေ ရှိပေမယ့် အခုဆိုရင် ဗြိတိန်ရဲ့ စနက်ကြောင့် ဒေသတွေ အားလုံး စုစည်းပြီး နိုင်ငံတစ်ခုတည်းအနေနဲ့ သက်မှတ်ထားတာကြောင့် စီးပွားရေး တိုးတက်မှုဆိုတာ ဘယ်လိုမှ မျှော်မှန်းလို့ မရတော့ဘူး။

နိုင်ငံရေး မတည်ငြိမ်မှုက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် ဘယ်လိုများ သက်ရောက်မှု ရှိမလဲလို့ သိချင်ပါလိမ့်မယ်။ ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်းတိုင်းအတွက် ငွေကြေးရင်းနှီးမြှုပ်နှံမှုက လိုကို လိုအပ်မှာပါ။ ပြည်ပ ရင်းနှီးမြှုပ်နှံမှု လိုအပ်သလို ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု လည်း လိုပါလိမ့်မယ်။ ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းရှင်တွေအတွက် နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေး တည်ငြိမ်မှု ရှိမရှိဆိုတာ ထည့်ကို စဉ်းစားရမယ့် အချက်ပါ။ ဖွံ့ဖြိုးဆဲ နိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် ပြည်ပ ကုမ္ပဏီအနေနဲ့ နိုင်ငံရေးပညာရှင်တွေ ငှားရမ်းပြီး သက်ရောက်နိုင့်မယ့် အန္တရာယ် အတိုင်းအထွာကို လေ့လာကြမှာပါ။ တကယ်လို့ အန္တရာယ် တအား ကြီးမယ်ဆိုရင် အဖြေက ရှင်းရှင်းလေးပါ။ ဘယ်တော့မှ လာပြီး မမြှုပ်နှံတော့ပါဘူး။

နိုင်ငံရေး မတည်ငြိမ်မှုဟာ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုကိုပါ ကန့်သတ်ပစ်နိုင်ပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံ အတော်များများမှာ ဝင်ငွေဖြန့်ဝေမှု အချိုးဟာ အလွန်ကိုပဲ ကွာဟလှတယ်။ အင်မတန်မှ ချမ်းသာလှတဲ့ လူနည်းစု ရှိသလို အစပေါင်း များစွာ များပြားလှတဲ့ ဆင်းရဲသားတွေလည်း ရှိနေပါတယ်။ ဒါပေမယ့် လူလတ်တန်းစား အတော်လေး နည်းတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံက လူကုံထံ လူ့ဘော်ကျော့ သူဌေးတွေအတွက် ဝင်ငွေအပိုအလျှံတွေ ရှိနေတာကြောင့် အဲဒီ ငွေတွေဟာ နိုင်ငံအတွက် မြှုပ်နှံဖို့ အလားအလာ ရှိတဲ့ ငွေကြေး၊ စုဆောင်းငွေတွေပါ။ နိုင်ငံရေး မတည်ငြိမ်မှုကြောင့် သူတို့ရဲ့ ငွေကြေးတွေ ဆုံးရှုံးမှာ ကြောက်တာနဲ့ပဲ ထပ်ဆင့် ရင်းနှီးမြှုပ်နှံဖို့ လက်တွန့်ကြပါလိမ့်မယ်။ နိုင်ငံရေး အခြေအနေ အပြောင်းအလဲ ဖြစ်တောင် အေးဆေး နေနိုင်ဖို့အတွက် တချို့သူတွေက ဖွံ့ဖြိုးပြီး နိုင်ငံတွေ ဖြစ်တဲ့ အနောက်နိုင်ငံတွေမှာ သွားပြီး မြှုပ်နှံကြပါတော့တယ်။ ကိုယ့် နိုင်ငံမှာ ရှိသင့်တဲ့ ငွေကြေး၊ ပိုင်ဆိုင်မှုဟာ တခြား နိုင်ငံရဲ့ လက်ထဲကို ကျရောက်သွားတာကြောင့် ကိုယ့်နိုင်ငံဟာ ဆင်းရဲမြဲ ဆင်းရဲ နေရဦးမှာပါ။

ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ဝင်ငွေ ဖြန့်ဝေမှုအချိုး ကွာဟလွန်းတာကလည်း နိုင်ငံရေး မတည်ငြိမ်မှုကို ဦးတည်သွားစေနိုင်ပါတယ်။ ဆင်းရဲသား အများစုအနေနဲ့ လက်ရှိ နိုင်ငံရေး စနစ်နဲ့ အခြေအနေအပေါ် နည်းနည်းလေးမှ ယုံကြည်မှု မရှိတော့ဘဲ ထိန်းသိမ်း မြှင့်တင်ဖို့အတွက်လည်း ဆန္ဒ မရှိကြတော့ပါဘူး။ တော်လှန် ပုန်ကန်မလား။ မလုပ်နိုင်စရာ အကြောင်းမရှိဘူးလေ။ သူတို့ ဒီထက် ဘာမှ ဆုံးရှုံးစရာမှ မရှိဘဲ။ ဒါကြောင့်လည်း စနစ်သစ်အတွက် အာမခံချက် ပေးထားတဲ့ အတိုက်အခံ အဖွဲ့အစည်းတွေ အပေါ်မှာ သူတို့ရဲ့ ဘဝနဲ့ ယုံကြည်ချက်ကို အပြည့်အဝ ပုံအပ်ပြီး လက်ရှိစနစ်ကို တွန်းလှန်ဖို့ တိုက်ပွဲ ဝင်နေတာကြောင့် ရလဒ်ဟာ မတည်ငြိမ်မှုကိုပဲ ပြန်ဦးတည်သွားပါတယ်။ မတည်ငြိမ်မှုရဲ့ အကျိုးကြောင့် ဖွံ့ဖြိုးတိုးတက်မှုဟာလည်း ဘယ်လိုမှ အကောင်အထည် မပေါ်နိုင်တော့ပါဘူး။