လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

လမ်းပေါ်မှ တရားများ

17 January 2009

မနက် ၈ နာရီနဲ့ ညနေ ၆ နာရီ ဝန်းကျင် မန္တလေးမြို့ရဲ့ သိပ္ပံလမ်းမပေါ်မှာ ပြုံခဲအောင် သွားလာနေကြတဲ့ စက်ဘီးတွေ၊ ဆိုင်ကယ်တွေဟာ ကြက်ပျံမကျ များပြားလှတာ မန္တလေး ရောက်ဖူးသူတိုင်း သိပါလိမ့်မယ်။ မန္တလေးမြို့ဟာ လမ်းစုံလမ်းခွ များတဲ့ မြို့တစ်မြို့ ဖြစ်ပေမယ့် မီးပွိုင့် အင်မတန် နည်းပါတယ်။ မီးပွိုင့် နည်းရတဲ့အထဲ တကယ် အလုပ်လုပ်တဲ့ မီးပွိုင့်ဆိုတာ မန္တလေးမြို့မှာ ရှာမှရှားပေါ့။ မီးပွိုင့်မရှိတာနဲ့ အသားကျနေတဲ့ မန်းသူမန်းသားတွေကတော့ မီးပွိုင့်ရှိခြင်းကိုတောင် သတိ မထားမိတော့ပါဘူး။ ရပ်ကြည့်သွား ဆိုတဲ့ ဆောင်ပုဒ်ကို လိုက်နာတဲ့သူ ရှိသလို သွားကြည့်ရပ်ဆိုတဲ့ ခံယူချက်နဲ့ သွားလာနေတဲ့သူလည်း များသား။ တစ်ခါတုန်းက တာဝန်ကျနေတဲ့ သူငယ်ချင်း လမ်းပြပုလိပ်ကို တွေ့တော့ သူ့ကို လှမ်းနောက်ဖူးတယ်။ "ဟေ့ကောင်၊ မင်းက ယာဉ်တွေ အဲဒီလောက် ရှုပ်နေတာ လမ်းမရှင်းဘဲ ဘာချောင်ခိုနေတာလဲ" လို့ သူ့ကို ပြောလိုက်တော့ သူက ပြန်ပြောတယ်။ "မင်းကလဲကွာ သိရဲ့သားနဲ့။ သူဖာသာ သွားနေတာ အကောင်းသား။ ငါ ဝင်ပြလိုက်ရင် ပိုရှုပ်ကုန်မှာပေါ့။ ငါ ဝင်မပါတာ ငါ့ရဲ့တာဝန်ကို အကောင်းဆုံး ထမ်းဆောင်နေတာပဲကွ" လို့ ဆောဒက တက်တာကို မှတ်သားဖူးတယ်။ မှန်ပါတယ်။ မန်းမြို့ရဲ့ လမ်းတွေပေါ်မှာ ပုလိပ်တွေ လမ်းမပြရင် ယာဉ်ပိတ်ဆို့မှု မဖြစ်ဘူးဗျ။

ရန်ကုန်ကနေ လာတဲ့သူတွေ အမြဲပြောလေ့ရှိတဲ့ စကားတစ်ခွန်း ရှိပါတယ်။ "မင်းတို့ မန်းကကောင်တွေ စည်းကမ်းကို မရှိဘူး။ ဆိုင်ကယ်ကို မောင်းချင်သလိုမောင်း၊ စက်ဘီးကို နင်းချင်သလိုနင်းနဲ့။ မျက်စိကိုနောက်နေတာပဲ။ ကားတောင် မမောင်းရဲဘူး" တဲ့။ အဲဒီလို ပြောခံရရင် ကျနော်တို့ မန္တလေးသားတွေ ပြန်ပြောလေ့ရှိတဲ့ စကားတစ်ခွန်းလည်း ရှိပါတယ်။ "ငါတို့ မန္တလေးမှာ နားလည်မှုရှိမှ မောင်းလို့ရတာကွ" ။ ဒီစကားပြောရင် သူတို့ နားကြားပြင်းကပ်ကြတယ်။ သူတို့ မမောင်းတတ်တာပဲ နားလည်မှု မရှိသလိုလို။ ရန်ကုန်သားတွေ အနေနဲ့ နားလည်မှု ဆိုတဲ့ စကားကို သဘောပေါက်မယ် မထင်ဘူး။ ကျနော်တို့တွေ လမ်းစုံကို ကူးတော့မယ်ဆိုရင် တခြားဘက်က ယာဉ်တွေရဲ့ အရိပ်အခြေကို ကြည့်လိုက်တယ်။ မလွတ်ဘူးဆိုရင် ကျနော်တို့ ရပ်လိုက်တယ်။ လွတ်ရင် ကူးတယ်။ အဝေးက လာတဲ့ယာဉ်ရဲ့ အရှိန်နဲ့ ဦးတည်ရာကို ခန့်မှန်းပြီး ကျနော်တို့ လွတ်မလွတ် ဆုံးဖြတ်တယ်။ တစ်ခါတလေ တစ်ယောက်ကိုတစ်ယောက် မျက်နှာရိပ် မျက်နှာခြေပြပြီး သူ့ကူးမလား၊ ကိုယ်ကူးမလား အပေးအယူလုပ်ပြီးမှ လမ်းဖြတ်ကူးတယ်။ အဲဒါ ကျနော်တို့ခေါ်တဲ့ နားလည်မှုပါ။ မန္တလေးမှာ နေချင်တယ်ဆိုရင်တော့ အဲဒီ နားလည်မှုကို တတ်မှ ဖြစ်မယ်။ ယာဉ်ရှင်းမှ ကူးမယ် ဆိုရင်တော့ တစ်သက်လုံး လမ်းမကူးပါနဲ့တော့။ ကျနော်တို့ မန္တလေးသားတွေပဲ သူတို့ သက်မှတ်တဲ့ ဖရိုဖရဲတွေကြားမှာ အသားကျနေသလားတော့ မသိ။

လမ်းဘေး ပလက်ဖောင်းဆိုတာ လူလျှောက်ဖို့လား၊ ဈေးရောင်းဖို့လား ဆိုတဲ့ မေးခွန်းကို ကျနော် စဉ်းစားနေတာ အတော်ကြာပြီ။ မန္တလေးမှာ ပလက်ဖောင်းဆိုတာ မရှိဘူးလို့ကို ပြောလို့ရတော့ ဒီမေးခွန်းကို ကျနော် ရန်ကုန်ရောက်မှ စဉ်းစားမိတာပါ။ အရင်ခေါ် ဖရေဇာ၊ အခုခေါ် အနော်ရထာလမ်းပေါ်မှာ လမ်းလျှောက်ဖြစ်ရင် ဒါမှမဟုတ် သိမ်ကြီးဈေးနား လမ်းလျှောက်ဖြစ်ရင် အမြဲ စဉ်းစားမိတယ်။ လမ်းပေါ်မှာ မောင်းနေတဲ့ ကားက လူကို ရှောင်ရတယ်။ ရှောင်ဆို လူတွေက ကားလမ်းပေါ် တက်လျှောက်နေတာကိုး။ ပလက်ဖောင်းပေါ် မလျှောက်ရ ကောင်းလားလို့လည်း အပြစ်တင် မစောပါနဲ့ဦး။ ပလက်ဖောင်းပေါ်မှာ ဖွင့်ထားတဲ့ ဆိုင်တွေကို ရှောင်ရလို့သာ လူတွေက လမ်းပေါ်ရောက်လာတာလေ။ အင်း .... ပလက်ဖောင်းပေါ်က ဆိုင်တွေကလည်း စည်ပင်ကို ရှောင်ရတယ်ဗျ။ တောင်းသလောက် မပေးနိုင်လို့လေ။ ဒီလိုနဲ့ပဲ ရန်ကုန်မြို့ကြီးက စည်ကားတာလား၊ ရှုပ်တာလား မသိနိုင်လောက်အောင်ကို ကားတွေ၊ လူတွေ၊ ဆိုင်တွေနဲ့ ရှုပ်ပွနေတယ်။ ကျနော်လည်း ရန်ကုန်မှာ ကိုးယိုးကားယားနဲ့ အသားကျနေပါပြီ။

တစ်နေ့ မထသက စီမံချက်တစ်ခု ချတယ်။ ကားမှတ်တိုင်တွေမှာ ဘတ်စ်ကားတွေ ကျောက်ချပြီး ထိုင်နေတာကြောင့် ဘတ်စ်ကားတွေ တစ်ပြီး လမ်းပိတ်တယ်။ ဒီတော့ လမ်းတလျှောက်လုံး ဘတ်စ်ကားတွေနဲ့ ပိတ်ပြီး ကိုယ်ပိုင်ကားတွေလည်း မသွားနိုင်ဘဲ ဖြစ်ရတယ်။ အဆိုးဆုံးကတော့ မဟာဗန္ဓုလလမ်းပေါ်က ကုန်ဈေးတန်း မှတ်တိုင်ပေါ့။ သိမ်ကြီးဈေးကလည်း အနီးနားမှာ ရှိတော့ အဲဒီလမ်း အမြဲလိုလို ကြပ်နေတတ်ပါတယ်။ နောက်ပြီး ကုန်ဈေးတန်းမှာ ကျောက်ချတဲ့ ဘတ်စ်ကားကလည်း များတော့ လမ်းအမြဲ ပိတ်တတ်တယ်။ အဲဒီလို လမ်းမပိတ်အောင်လို့ ဆိုပြီး ဘတ်စ်ကားတွေ ကျောက်ချလို့ မရအောင် ယာဉ်ထိန်းရဲတွေက လိုအပ်ရင် ဖမ်းဆီးဖို့ စီမံချက်နဲ့ အရေးယူပါတယ်။ တစ်နေ့က ကျနော် ဘတ်စ်ကားစီးရင်းနဲ့ ကုန်ဈေးတန်း မှတ်တိုင် မရောက်ခင် မီးပွိုင့်မှာ ပိတ်မိနေတာ နာရီဝက်လောက် ကြာပါတယ်။ သေချာ သတိထားကြည့်လိုက်မှ မီးပွိုင့် ပျက်နေမှန်းသိတယ်။ ရန်ကုန်မြို့က လမ်းတွေမှာ မီးပွိုင့်ပျက်ရင် သိတဲ့အတိုင်းပဲ။ ဟိုဘက်ကားနဲ့ ဒီဘက်ကား အလုအယက်မောင်းကြရင်း သူလည်း သွားလို့မရ ကိုယ်လည်း သွားလို့မရဖြစ်ပြီး လုံးဝ လမ်းပိတ်သွားတယ်။ လမ်းရှင်းပေးမယ့် ယာဉ်ထိန်းရဲက ဘယ်ရောက်နေလဲဆိုတော့ မှတ်တိုင်မှာ ကျောက်ချနေတဲ့ ဘတ်စ်ကားတွေကို ဖမ်းနေလေရဲ့။ အော် အော်။ တာဝန်ကျေပါပေတယ်။ နိုင်ငံတော်က ချမှတ်ထားတဲ့ လမ်းမပိတ်ရေး စီမံချက်ကို တတက်တအား ကူညီနေလိုက်တာ မီးပွိုင့်မှာ လမ်းပိတ်နေတာတောင် ဂရုမစိုက်အားပါလား။ တစ်ချိန်က မြန်မာစာ ပညာရှင်တွေ မြန်မာမှု ပြုထားတဲ့ "ယာဉ်ထိန်းရဲ" ဆိုတဲ့ ဝေါဟာရကို "ယာဉ်ဖမ်းရဲ" လို့ ပြောင်းပေးရင် ကောင်းမလား စဉ်းစားမိတယ်။

မိုးကုန်ပြီဆိုရင် ကျောက်ပေါက်ခွက် ဖြစ်နေတဲ့ ရန်ကုန်မြို့ကြီးမှာ ကားမောင်းရတာ အတော် စိတ်ညစ်စရာပါ။ ချိုင့်ခွက်တွေနဲ့ ပြည့်နေတဲ့ လမ်းမတွေပေါ် သွားလာနေရတဲ့ ကားတွေအတွက်လည်း သနားစရာ။ စည်ပင်သာယာအဖွဲ့ အနေနဲ့ မိုးကုန်ရင် လမ်းတွေ ပြန်ပြင်လေ့ရှိပါတယ်။ ဒါ သူတို့အနေနဲ့ နှစ်စဉ် လုပ်ရမြဲ လုပ်ငန်းစဉ် တစ်ခုပေါ့။ သူတို့ရဲ့ လုပ်ငန်းခွင်နား ရောက်သွားတိုင်း ကျနော်တို့ အမြဲ မြင်ရတတ်တဲ့ ဆိုင်းဘုတ်တစ်ခု ရှိပါတယ်။ "သတိ လမ်းပြင်နေသည်" တဲ့။ အဲဒီ ဆိုင်းဘုတ်ကို မြင်တိုင်း ကျနော် ဝေါဟာရ တစ်ခုကို သတိရမိတယ်။ "မပြန့်ပြူးခြင်း၊ မညီညာခြင်း" ဆိုတာပါ။ လမ်းတစ်လမ်းရဲ့ ကောင်းခြင်း အင်္ဂါရပ်ထဲမှာ ညီညာပြန့်ပြူးခြင်း ဆိုတာ ပါပါတယ်။ လမ်းတစ်လမ်းက ညီညာပြန့်ပြူးဖို့ လိုပါတယ်။ ဒါ လူတိုင်း နားလည်ပြီးသားပါ။ မညီညာတဲ့ အကြောင်းအရင်းထဲမှာ ချိုင့်နေတာ ဖြစ်နိုင်သလို၊ ဖောင်းနေ မို့မောက်နေရင်လည်း မညီညာတာပဲလေ။ ဘာဖြစ်လို့ ချိုင့်နေတဲ့ နေရာတွေကို မို့မောက်နေအောင် ပြင်ခင်းရသလဲ ဆိုတာ ကျနော် အခုထိ နားမလည်နိုင်သေးပါဘူး။ သူတို့ လမ်းတွေကို ညီညာအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်နေတာကော ဟုတ်ရဲ့လား ဆိုတဲ့ သံသယ ဝင်မိတယ်။ ဒါဆိုလည်း "သတိ လမ်းပြင်နေသည်" ဆိုတဲ့ ဆိုင်းဘုတ်အစား "သတိ လမ်းဖာနေသည်" ဆိုတဲ့ ဆိုင်းဘုတ်ကို ပြောင်းသုံးစေချင်ပါတယ်။

ကျနော် ဘာတွေရေးနေမှန်း မသိဘူး၊ ဟိုရောက်လိုက် ဒီရောက်လိုက်နဲ့လို့ တချို့ ဖတ်ရင်း တွေးနေလိမ့်မယ် ထင်တယ်။ နိုင်ငံတစ်နိုင်ငံ အခြေအနေကို သိချင်ရင် ပညာရှင်ရဲ့ ကောက်ချက်၊ သုံးသပ်ချက်တွေ လေ့လာ ဖတ်ရှုမှ မဟုတ်ပါဘူး။ လမ်းမပေါ်မှာ သွားရင်း လာရင်းနဲ့ကို အဲဒီ နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေ၊ ကျင့်သုံးနေတဲ့ စနစ်ရဲ့ ဟာကွက်တွေ နဲ့ သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းရဲ့ လစ်ဟင်းချက်၊ အားနည်းချက်တွေကို သိနိုင်ပါတယ်။ အပေါ်မှာ ဖော်ပြထားတဲ့ စာတွေက မြန်မာနိုင်ငံရဲ့ လမ်းမပေါ်မှာ မြင်သာနေတဲ့ အမှန်တရားတွေပဲ မဟုတ်လား။ အဲဒါတွေဟာ အခြေအနေ အတော်များများကို ထင်ဟတ်နေမယ်လို့ ယူမိပါတယ်။