လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

မြန်မာစာပေ ကောက်ကြောင်းများ (၂)

08 January 2009

ကျနော် လွန်ခဲ့တဲ့ ၂၀၀၈ စက်တင်ဘာလတုန်းက မြန်မာစာပေ ကောက်ကြောင်းများ ဆိုတဲ့ နာမည်နဲ့ အပိုင်း (၁) ဆိုပြီး ရေးဖူးပါတယ်။ အပိုင်း (၁) လို့ စပြီး နာမည်တပ်လိုက်တာက ရေးစရာ အများကြီး ရှိမယ်ဆိုတာ သေချာနေတာကို။ အခုတော့ ဗဟုသုတ ရစရာ အနေနဲ့ ကျနော် အပိုင်း (၂) အဖြစ် ထပ်ပြီး မျှဝေ ပေးချင်ပါတယ်။ အခု တင်ပြမယ့် စာတွေက ဆရာ အောင်သင်းရဲ့ တိုလီမိုလီစာပေ ဆိုတဲ့ စာအုပ်ထဲက ထုတ်နုတ် ကိုးကားသွားမှာပါ။

ဒီတစ်ပတ် ပြောချင်တာကတော့ "စာရင်း" ဆိုတဲ့ စကားလုံးပါ။ စာရင်းဆိုတဲ့ စကားလုံးကို ကျနော်တို့ နားလည်ထားတာက အကြောင်းအရာ တစ်ခုခုနဲ့ ပတ်သက်ပြီး အစီအစဉ်တကျ မှတ်သားထားတဲ့ အမှတ်အသားကို ခေါ်တာပါ။ မြန်မာအဘိဓာန်မှာလည်း "အမျိုးအမည်၊ အရေအတွက် တို့ကို ရေးမှတ်ထားချက်" လို့ အနက်ဖွင့်ပါတယ်။ ဒါပေမယ့် ခေတ်ဘန်းစကားမှာ ရှိတဲ့ "စာရင်းရှုပ်" ဆိုတဲ့ စကားလုံးကျ မူရင်းအဓိပ္ပာယ်ကို သွေဖယ်သွားတယ်။ "ဇယားရှုပ်" ဆိုတဲ့ စာလုံးနဲ့ အဓိပ္ပာယ် တူပါတယ်။ ခပ်လွယ်လွယ် ပြောရရင် "အလုပ်ရှုပ်တယ်" ဆိုတဲ့ အဓိပ္ပာယ်ပါ။ "ပြဿာနရှာတယ်"ဆိုတဲ့ အဓိပ္ပာယ်လည်း သက်ရောက်တတ်ပါတယ်။ ဒီအဓိပ္ပာယ်ကို လူတိုင်းလိုလို နားလည်မှာပါ။ ဒါပေမယ့် ဒီစကားလုံးရဲ့ မူလရင်းမြစ် အဓိပ္ပာယ်ကို မေးမယ်ဆိုရင် သိတဲ့သူ အတော်လေး နည်းနေပါလိမ့်မယ်။ မူလရင်းမြစ် အဓိပ္ပာယ်ကို ပြန်လှန်နိုင်ဖို့ ရှင်မဟာသီလဝံသရဲ့ "တိုင်းပြည်စည်ကားကြောင်း တရားခုနစ်ပါး" ထဲက စာသားတချို့ကို ပြန်ကောက်ပါရစေ။

ရှေးကလာသော မင်းစဉ်စာရင်းအလျောက် ကျင့်ပေးခြင်းသည်ကား ပြည်ထဲက အစီးအပွား အလို့ငှာပေတည်းဟု နှစ်လိုဝမ်းသာ ဖြစ်ကြလေကုန်ရာ၏

အထက်က စာပိုဒ်မှာ သုံးထားတဲ့ "မင်းစဉ်စာရင်း" ကို ကျနော်တို့ ခေတ်သဘောနဲ့ နားလည်ကြည့်မယ် ဆိုရင် မင်းတွေရဲ့ နာမည်ကို အစဉ်အတိုင်း စီတန်းပြီး ချရေးထားတဲ့ ရေးမှတ်ချက်လို့ ယူဆမိမှာပါ။ တကယ်လို့ သူ့ အပေါ်စာပိုဒ်ရဲ့ စကားသွားကို အသေအချာ နားလည်မယ်ဆိုရင် အဲဒီလို ဆိုလိုတာ မဟုတ်ဘူးလို့ ဘွင်းဘွင်းကြီး ပေါ်လာပါလိမ့်မယ်။ ဆရာတော်က တိုင်းပြည်တစ်ပြည် စည်းကားဖို့ အကြောင်းအရင်းထဲမှာ အတုတ်၊ အခွန် ကင်းခ တွေကို ရှေးယခင် မင်းတွေ ပြဌာန်းထားတဲ့ ပုံစံအတိုင်း ကောက်ခံရမယ်၊ ပိုမတောင်းရဘူး ဆိုတဲ့ အချက်ကို ထည့်သွင်းထားပါတယ်။ ဒီတော့ စာရင်းဆိုတာ "စာအရင်း၊ ရင်းမြစ်မူလက" ဆိုတဲ့ သဘောကို သက်ရောက်စေပါတယ်။

အညာ လူကြီးတွေ ပြောတဲ့ စကားတစ်ခွန်း ရှိပါတယ်။ "လူချင်းချစ်ရင် သက္ကရာဇ် နာနာကန်" တဲ့။ အထူးသဖြင့် ငွေကြေး အချေးအငှား လုပ်ကြတဲ့အခါ ချေးငွေဆပ်ငွေ စတာတွေကို ရက်စွဲနဲ့တကွ မှတ်ကြတဲ့ အခါမျိုးမှာ သုံးလေ့ ရှိပါတယ်။ အထက်က စာကြောင်းမှာ "ကန်" ရဲ့ အဓိပ္ပာယ်ကို ဆန်းစစ်ကြည့်တော့ "ရေးတာမှတ်တာ" လို့ ဆိုကြပါတယ်။ "စာရင်းလုပ်သည်" သက္ကရာဇ်ကန်သည်" လို့ သုံးတတ်ကြတယ်။ လူတစ်ယောက်က ငွေတစ်သောင်း ချေးပြီး မကြာခင်မှာ ခြောက်ထောင် ပြန်ဆပ်တယ်။ နောက်ပြီး ငွေလေးထောင် ထပ်ချေးပြန်တယ်။ နောက်ပြီး ငွေသုံးထောင် ပြန်ဆပ်တယ်။ အဲဒီလို အချေးအဆပ်တွေ ရှုပ်လာတဲ့အခါ မှတ်တမ်း အတိအကျ မရှိရင် ငြင်းကြခုံကြနဲ့ အခင်အမင်တွေ ပျက်ပြီး လူချင်း မုန်းတဲ့အထိ ဖြစ်တတ်ကြတယ်။ ဒါကြောင့် ချစ်ခင်နေကြတဲ့သူတွေ မုန်းမသွားရအောင် ဆပ်ငွေချေးငွေ ပမာဏ၊ နေ့စွဲ အတိအကျကို မှတ်တမ်းတင်ကြဖို့ သတိပေးထားတဲ့ စကားဖြစ်ပါတယ်။ နောက်ပိုင်း သတိမေ့ ပေါ့လျော့ အငြင်းပွားလာကြရင် ကိုယ် မှတ်ထားတဲ့ "မူရင်းစာ" "စာအရင်း" (စာရင်း) ကို ပြန်ပြီး ကြည့်ကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဆရာတော် ရှင်မဟာသီလဝံသရဲ့ "မင်းစဉ်စာရင်း" ဆိုတာ ရှေးမင်းတွေ အစဉ်အဆက် ကျင့်သုံးခဲ့ကြတဲ့ မှတ်တမ်းမူရင်း ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်နေပါတယ်။ ဒီကနေ့ခေတ် ကျနော်တို့ သုံးနေကြတဲ့ "စာရင်း" ရဲ့ အဓိပ္ပာယ်နဲ့ နှိုင်းယှဉ်ကြည့်လိုက်မယ် ဆိုရင် ဝေါဟာရတွေရဲ့ အနက်ရွေ့လျောတတ်ပုံကို သတိပြုမိလိမ့်မယ်လို့ ယူဆမိပါတယ်။

ဆက်နွယ်ပို့စ်များ - မြန်မာစာပေ ကောက်ကြောင်းများ (၁)