လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။
အိမ်ရှင်မတစ်ယောက်ရဲ့ အလုပ်
27 December 2008
တစ်ညနေ ယောက်ျား အိမ်ပြန်ရောက်တော့ အိမ်ထဲမှာလည်း ပွစလန်းခတ်လို့။ ရှုပ်ပွ ပေတူးနေတယ်။ ဟိုနေရာကြည့်လည်း အမှိုက်တွေ မွစာကြဲ၊ ဒီနေရာကြည့်လည်း ဗြုတ်စဗျင်းနောင်းနဲ့ အိမ်တစ်လုံးလုံး ရစရာကို မရှိဘူး။ သူ့ ကလေးသုံးယောက်ကို ကြည့်ပြန်တော့လည်း အိမ်ရှေ့မှာ။ ညအိပ်ဝတ်စုံတောင် မလဲနိုင်ဘဲ ရွံ့ဗွက်တွေထဲ ပေတူးလန်အောင် ဆော့နေလေရဲ့။ စားထားပြီးသား မုန့်အိတ်အခွံတွေကလည်း မြေကြီးပေါ်မှာ စည်းမဲ့ကမ်းမဲ့နဲ့ ထိုးထိုးထောင်ထောင်။ အိမ်ရှေ့ ဧည့်ခန်းထဲ ဝင်လာတာ အမှိုက်ပုံထဲ ရောက်သွားသလား အောက်မေ့ရတယ်။ မိန်းမကားရဲ့ တံခါးတစ်ဘက်ကလည်း ပွင့်လို့။ ဘာထူးလို့တုန်း အိမ်တံခါးတွေ ပွင့်လျက်သား။ တစ်ရပ်ကွက်လုံး ဥဒဟို ဝင်ထွက် သွားလာနေတောင် သိမှာ မဟုတ်ဘူး။
အဲ စာကြည့်ခန်း မီးအိမ်ကလည်း လဲလို့။ ကလေးတွေ ဆော့ထားတဲ့ ဘောလုံးကလည်း မီးအိမ်အောက်မှာ အခန့်သား။ တီဗွီက လူသာ မရှိတာ ကာတွန်းကားကို အသံဂိတ်ဆုံး ဖွင့်ထားတယ်။ ထမင်းစားခန်းထဲ ဝင်သွားကြည့်ပြန်တော့လည်း အရုပ်တွေ အရုပ်တွေများ စစ်မြေပြင်မှာ အတုံးအရုန်း လဲနေတဲ့ အလောင်းတွေ ကျနေတာပဲ။ ခြေချစရာ နေရာကို မရှိအောင်ပဲ။ ချွတ်ထားတဲ့ အဝတ်အစားတွေကလည်း ဟိုနားတစ်စ ဒီနားတစ်စနဲ့ ရှုပ်နေတာမှ ဘယ်လို ပြောရမှန်းကို မသိတော့ဘူး။ မြင်ကြည့်ကြည့်လိုက်လေ။ စားပွဲပေါ်မှာလည်း စားထားပြီးသား မဆေးရသေးတဲ့ ပန်းကန်ပြားတွေက ကိုးယို့ကားယား၊ အစားအစာတွေက မြေကြီးပေါ် ပြန်ကျဲလို့။ ကွဲထားတဲ့ ဖန်ခွက်တောင် စားပွဲအောက်မှာ ဒီအတိုင်း အေးဆေး။ ဘာကြောင့် ဒီလောက် ဖြစ်ပျက်နေတာလဲ သိရအောင် မိန်းမကို ရှာပြီး မေးရတော့မယ်။

သူ အပေါ်ထပ်ကို ခပ်မြန်မြန်လေး တက်သွားတယ်။ လှေကားထစ်တွေမှာ အရုပ်တွေနဲ့မို့ ခုန်ပျံကျော်လွှား သိုင်းကစားလိုက်ရသေးတယ်။ မိန်းမ နေမကောင်းလို့များလား၊ ဒါမှမဟုတ် ဘာတွေ ဖြစ်ကုန်ပြီလဲ မသိဘူး ဆိုပြီး တွေးလိုက်တော့ တအားစိတ်ပူသွားတယ်။ အိပ်ခန်းထဲ ဝင်သွားလိုက်တော့ သူ့မိန်းမကို ကုတင်ပေါ်မှာ ညအိပ် ဝတ်စုံနဲ့ လှဲနေတာ တွေ့လိုက်ရတယ်။ ဝတ္ထုလေးတစ်အုပ် ဖတ်ရင်းနဲ့ပေါ့။ ယောက်ျားကိုလည်း မြင်ရော ခပ်ပြုံးပြုံးလေးနဲ့ "ဒီနေ့ အလုပ်အကိုင် အဆင်ပြေရဲ့လား" လို့ လှမ်းမေးလိုက်တယ်။ ဘာမှ မဖြစ်သလို မျက်နှာပေးနဲ့ သူ့မိန်းမကို တအံ့တသြ ကြည့်ပြီး ဘာတွေ ဖြစ်ပျက်နေသလဲ ဆိုတာ မိန်းမကို မေးခွန်း ထုတ်လိုက်တဲ့ အခါ ...
"ဒီနေ့ ဘာတွေ ဖြစ်နေတာလဲ"
မိန်းမက နောက်တစ်ခါ ထပ်ပြုံးလိုက်ပြီး အေးအေးဆေးဆေးပဲ ဖြေလိုက်တယ်။
"ရှင် ညနေ အလုပ်က ပြန်လာတိုင်း ကျမကို မေးတယ်လေ။ ဒီနေ့ အိမ်မှာ ကျမ ဘာများ ကြီးကြီးကျယ်ကျယ် လုပ်စရာ ရှိလို့တုန်း လို့ ရှင် အမြဲ မေးလေ့ရှိတယ်မလား။"
"အေး ... အဲဒါ ဘာဖြစ်လဲ"
"ဟုတ်ပြီလေ။ ကျမ ဒီနေ့ အဲဒါတွေ မလုပ်ဖြစ်ဘူး"

ဤပို့စ်အား Saturday, December 27, 2008 နေ့တွင် ရေးသားထားပြီး
ဟာသ
နာမည်ဖြင့် အညွှန်း သက်မှတ်ထားပါသည်။
ကွန်းမန့်များအား အချိန်နှင့် တပြေးညီ သိလိုလျှင် RSS 2.0 ဖြင့် တောင်းဆို၍ ရယူနိုင်သည်။
လာရင်းနေရာ သို့ ပြန်လည် သွားရောက်နိုင်ပါသည်။
Saturday, December 27, 2008
|
စာညွှန်း
ဟာသ