လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။
မြဲမြံစွာ ဆုပ်ကိုင်ထားသော ...
24 December 2008
ပါမောက္ခသည် သူ၏ စာသင်ခန်းထဲသို့ ဖန်ခွက်တစ်ခွက် ကိုင်၍ ဝင်လာသည်။ ဖန်ခွက်ထဲတွင် ရေ တစ်ဝက်ခန့် ထည့်ထားသည်။ ပါမောက္ခသည် ထို ရေခွက်ကို အများ မြင်သာအောင် ကိုင်မြှောက်လိုက်ပြီး မေးခွန်း မေးပါတော့သည်။
"ဒီခွက် ဘယ်လောက် လေးမယ်လို့ မင်းတို့ ထင်သလဲကွ"
"၅၀ ဂရမ်" ... "၁၀၀ ဂရမ်" ... "၁၂၀ ဂရမ်" ...
ကျောင်းသားများ၏ ပါးစပ်မှ အဖြေ မျိုးစုံအောင် ထွက်ကျလာတော့သည်။
"ဒီခွက်ကို သေချာ မချိန်ကြည့်ဘဲနဲ့တော့ အလေးချိန် ဘယ်သိနိုင်ပါ့မလဲ"
ပါမောက္ခ ဆက်ပြောမည့် စကားကို တစ်တန်းလုံး ငြိမ်၍ နားထောင်နေကြသည်။
"ဆရာ အဓိက မေးချင်တာက ဒီခွက်ကို မိနစ်ပိုင်းလောက် ကိုင်ထားမယ်ဆိုရင် ဘာဖြစ်မလဲ"
"ဘာမှ မဖြစ်နိုင်ဘူးဆရာ" ကျောင်းသားတစ်ယောက် အော်ဖြေလိုက်သည်။
"အေး ... ဒါဆို တစ်နာရီလောက် ကိုင်ထားမယ် ဆိုရင်ကောကွာ" ပါမောက္ခ ထပ်မေးလိုက်သည်။
"လက်ညောင်းလာမှာတော့ အမှန်ပဲ ဆရာ"
"အင်း ... ဒါတော့ သေချာတယ်။ ဒါဖြင့် တစ်ရက်လုံး ကိုင်ပြီး မြှောက်ထားမယ်ကွာ။ ဘယ်လို နေမလဲ"
"ဒါဆိုရင်တော့ ဆရာရယ် လက်မောင်းပဲကြွက်တက်မလား၊ ဒါမှ မဟုတ် အံသေပြီး လှုပ်မရဘဲ ဖြစ်မလား၊ လက်တစ်ဖက်လုံး ကိုက်ခဲပြီး နာနေမလား၊ တစ်ခုခုပဲ။ သေချာတာတော့ ဆေးခန်းတော့ သွားပြရတော့မယ်" ဟု ကျောင်းသားတစ်ယောက်က ခပ်ရွှန်းရွှန်း ပြောလိုက်ရာ တစ်တန်းလုံး ပွဲကျသွားလေတော့သည်။
"သိပ်ကောင်းတယ် တပည့်တို့။ ဒါနဲ့ အခုလို ကိုင်ထားတဲ့ အတောအတွင်း ဖန်ခွက်ရဲ့ အလေးချိန်က အပြောင်းအလဲ ရှိနေလား"
"မရှိပါဘူး ခင်ဗျ"
"ဒါဆို ဘာကြောင့် ကြွက်သားတွေ တင်းပြီး လက်တစ်ဖက်လုံး နာလာရတာတုန်း"
ထိုမေးခွန်းကို စဉ်းစားရင်း ကျောင်းသားများ အားလုံး အတော် ခေါင်းစားနေကြသည်။ ထိုစဉ် ကျောင်းသားတစ်ယောက်မှ အော် ပြောလိုက်သည်။
"ဖန်ခွက်ကို အောက်ချလိုက်ပေါ့"
"မှန်လိုက်လေ" ဟု ပါမောက္ခမှ ထောက်ခံလိုက်ပြီး
"ဘဝမှာ ဖြစ်နေတဲ့ ပြဿနာတွေက ဒီပုံစံအတိုင်းပါပဲ။ မင်းတို့ရဲ့ ဦးနှောက်ထဲမှာ အဲဒါတွေကို မိနစ်အနည်းငယ်လောက် ထားထားရုံနဲ့ ဘာမှတော့ ထူးခြားလာမှာ မဟုတ်ဘူး။ အချိန်ကြာကြာ စဉ်းစားလာပြီ ဆိုရင်တော့ ခေါင်းကိုက်ရတော့မယ်။ ဒီထက် ပို ကြာကြာ ဆက်ပြီး ထိန်းထားဦးမယ် ဆိုရင်တော့ မင်းတို့ရဲ့ တွေးခေါ်မှုတွေ၊ ဆင်ခြင်နိုင်စွမ်းတွေကို အံသေအောင် လုပ်ပစ်တော့မယ်။ ဒီတော့ မင်းတို့ ဘာဆို ဘာမှ မလုပ်နိုင်တော့ဘူး။"
"ဘဝမှာ စိန်ခေါ်မှုတွေ ပြဿနာတွေကို စဉ်းစားတွေးတောဖို့ သိပ်အရေးကြီးပါတယ်။ ဒီထက်ပို အရေးပါတာက အတွေးအခေါ်တွေ အံသေသွားတဲ့အထိ မဖြစ်အောင် ပုံမှန်လေး အနားယူတတ်ဖို့ပါ။ ဦးနှောက်ထဲ ရောက်အောင် ကိုယ်ကိုယ်တိုင် ကောက်ထည့်လိုက်တယ်လို့ နားလည်နိုင်ရင် ခဏတာ အနားယူဖို့ ဖယ်ထားတတ်မှာပါ။ စိတ်ညစ်စရာတွေ အလိုအလျောက် ဝင်လာတာပါလို့ ဆင်ခြေပေးတဲ့ လူတချို့အတွက်တော့ အဲဒီ စိတ်ညစ်စရာတွေဟာ ဘယ်တော့မှ သူ့အလိုအလျောက် ထွက်မသွားဘူး ဆိုတာ သိစေချင်ပါတယ်။ ဘုရားကို အာရုံပြု၊ စိတ်ကို တည်ငြိမ်အောင်ထားပြီး အိပ်လိုက်နိုင်ရင်ဖြင့် နောက်တစ်နေ့ကို လန်းဆန်းစွာနဲ့ ထိတွေ့ခွင့် ရမှာပါ။ မနက်တိုင်းမှာ စိတ်ဟာ အသစ်ဖြစ်နေမှ နောက်ထပ် စိန်ခေါ်မှုတွေနဲ့အတူ ဘဝကြီးက လေးပင်မနေတော့မှာပါ။"
အမြင်အကြား အာရုံတွေ ကြွက်တက်ပြီး အတွေးအခေါ်တွေ အံသေနေပြီဆိုရင် သတိရလိုက်ပါ။ ဦးနှောက်ထဲမှာ ကိုင်ဆုပ်ထားတဲ့ ခံစားချက်၊ ယူဆချက်၊ အဆိုပြုချက်တွေကို ခဏလောက် ချထားလိုက်ပါဦး။

ဤပို့စ်အား Wednesday, December 24, 2008 နေ့တွင် ရေးသားထားပြီး
တွေးစရာ
နာမည်ဖြင့် အညွှန်း သက်မှတ်ထားပါသည်။
ကွန်းမန့်များအား အချိန်နှင့် တပြေးညီ သိလိုလျှင် RSS 2.0 ဖြင့် တောင်းဆို၍ ရယူနိုင်သည်။
လာရင်းနေရာ သို့ ပြန်လည် သွားရောက်နိုင်ပါသည်။
Wednesday, December 24, 2008
|
စာညွှန်း
တွေးစရာ