လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

မြန်မာ့ကျား

22 December 2008

ခေါင်းစဉ်ကို ဖတ်ပြီး မြန်မာ့ကျားဆိုလို့ အကောင်ကြီးကြီး အမြီးရှည်ရှည်နဲ့ သတ္တဝါကို ပြေးမြင်မိကြတော့မယ် ထင်တယ်။ ကျနော် ဆိုလိုချင်တာက အကောင်လည်း မကြီးဘူး၊ အမြီးလည်း မပါတဲ့ ကျားပါ။ ကျားကစားနည်းကို ဆိုလိုတာပါ။ ဒါဆို မျက်လုံးထဲ မြင်ပြီထင်တယ်။ အရောင်တစ်ကွက် ပြောင်တစ်ကွက်နဲ့ ကွက်ကြား ဆွဲထား ဘန်းပြားပေါ်မှာ ဇယ်တွေကို တဇောင်းလေး စောင်းငမ်းစောင်းငမ်း ရွှေ့ရတဲ့ ကစားနည်းပေါ့ဗျာ။ ဒီကစားနည်းက အားလုံး သိနေပြီးသားမို့ ဘာတွေများ ထပ်ရေးစရာ လိုပါလိမ့်မလဲလို့ တွေးနေမိလိမ့်မယ်။ ဟုတ်ပါတယ်။ ရေးစရာ မရှိပါဘူး။ အဲ ဒါပေမယ့် ကျနော် ခေါင်းစဉ်တပ်ထားတာ "မြန်မာ့ကျား" တဲ့။ အဓိပ္ပာယ်က မြန်မာ့ရိုးရာ ကျားကစားနည်းကို ဆိုလိုတာပါ။ ကျနော်တို့ အများစုက ခုနပြောတဲ့ စောင်းငမ်းစောင်းငမ်း သွားနေတဲ့ ကျားကို Made in Myanmar ထင်နေကြတာ။ တကယ်တော့ အဲဒါ သွင်းကုန်ကြီးဗျ။ အင်ပို့ လုပ်ထားတာ။ ဒါကြောင့် ကျနော်က ကျနော်တို့ရဲ့ မြန်မာ့ရိုးရာ ကျားကစားနည်းကို နည်းနည်း တင်ပြချင်ပါတယ်။

အပွင့်လင်းဆုံး ဝန်ခံရရင် ကျနော်လည်း ပြည်တွင်းဖြစ် ကျား ရှိမှန်း သိတာ မကြာသေးဘူးဗျ။ တစ်နေ့က စာအုပ်ပြပွဲ ရှိလို့ ကျနော် သွားကြည့်ဖြစ်တယ်။ နှင်းဆီကုန်း ဘိုးဘွားရိပ်သာမှာ လုပ်တာ။ ထုံးစံအတိုင်း စာအုပ်တွေကတော့ သားရေယိုစရာ ချည်းပါပဲဗျာ။ လိုချင်လိုက်တော့ ရှေးဟောင်းစာအုပ်၊ အော်လိုက်တဲ့ ဈေးကလည်း ပြဲလန်နေတာပဲ။ ဈေးတစ်ခါ ပြောလိုက်တိုင်း ကိုင်ထားတဲ့ စာအုပ်ကို လွတ်မကျအောင် မနည်း ဆုတ်ထားရတယ်။ ဒီတော့ ဝယ်မယ်ဆိုတာထက် မြည်းမယ်ဆိုတဲ့ အာသီသက ပိုပြင်းထန်သွားတယ်။ တတ်နိုင်တဲ့ ဈေးရအောင် ဆစ်ကြည့်တယ်။ ရရင် ဝယ်လိုက်တယ်။ မရရင်တော့ ကောက်မြည်းလိုက်တယ်ပေါ့။ မန်းလေးက ထိုးမုန့်တန်းလို မဝယ်ဘဲ အမြည်းစားလို့ရတယ်။ အဟက်။ ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်ရင်းနဲ့ ဦးသိန်းဇံ ပြုစုထားတဲ့ မြန်မာ့ယဉ်ကျေးမှု သုတပဒေသာ ဆိုတဲ့ စာအုပ်ကို သွားတွေ့တယ်။ နည်းနည်း မြည်းကြည့်လိုက်တာနဲ့ လက်က မချချင်တော့ဘူး။ အားပါးပါး ကျနော် ကြားတောင် မကြားဖူးတဲ့ အကြောင်းအရာတွေနဲ့ ကျနော် စနစ်တကျ သိချင်တဲ့ အကြောင်းအရာတွေ ရေးထားတော့ ဝယ်မယ်ဆိုပြီး ဈေးမေးလိုက်တာ ငုတ်တုတ်မေ့သွားတယ်။ အဲဒီအထဲမှာပဲ ကျနော် ကျားကစားနည်းအကြောင်းကို ဖတ်လိုက်ရတယ်။ ဝယ်က ဝယ်ချင်၊ ဈေးက မပေးချင်နဲ့ ဆိုင်ကနေ ထွက်ခဲ့လိုက်တယ်။ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်ရင်း နောက်တစ်နေရာမှာ သွားတွေ့လိုက်တော့ ကြိုက်ဈေး ဆစ်လို့ ရသွားတယ်။ ကျနော် ဒီထက် ပို စိတ်ဝင်စားတဲ့ စာအုပ်က ကျေးလက်ပျော်ရွှင်မှု ဆိုတဲ့ စာအုပ်ပါ။ အဲဒီ စာအုပ်ထဲမှာ ကျေးလက်ကစားနည်းတွေ အကြောင်းကို သုတေသန ပြုထားတယ်။ စာအုပ်ကို တွေ့ပေမယ့် ဈေးအော်လို့ မဝယ်ဖြစ်ခဲ့ပါဘူး။ အဲ ... ပြောရင်းနဲ့ ဘယ်ရောက်သွားလဲ မသိဘူး။ အခု ကျနော် တင်ပြချင်တာက ဦးသိန်းဇံ ရေးသားထားတဲ့ မြန်မာ့ယဉ်ကျေးမှု သုတပဒေသာ ဆိုတဲ့ စာအုပ်ထဲကပါ။ စာရေးသူရဲ့ ရည်ရွယ်ချက်ကလည်း မြန်မာပြည်သူတွေ ကိုယ့်ရဲ့ ရိုးရာကျားကစားနည်းကို ရှိလေမှန်းတောင် မသိတော့လို့ ထုတ်ဖော်တင်ပြခြင်း ဖြစ်ပါတယ်တဲ့။ သူရဲ့ ရည်ရွယ်ချက်လေး ပိုပြီး အထမြောက်သွားအောင် ကျနော်ကလည်း ထပ်ပြီး ဖောက်သည်ချလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဘယ်အချိန်ကတည်းက စပြီး ကျားကစားသလဲ ဆိုတာကို သမိုင်းအထောက်အထားအရ သိရတာက ကျစွာမင်းကြီး လက်ထက်မှာ ဖြစ်ပါတယ်။ သူ့ထက် စောပြီးတော့ မှတ်တမ်းတွေမှာ မတွေ့ရပါဘူး။ မြန်မာ့ရိုးရာ ကျားကစားနည်း စုစုပေါင်း လေးနည်း ရှိပါတယ်။
  1. ရှစ်ကွက်ကျား
  2. လေးကွက်ကျား
  3. သုံးထပ်ကျား နဲ့
  4. လကျား (သို့) အိမ်သာကျား တို့ပဲ ဖြစ်ပါတယ်။
ကစားဘန်း အကွက် အရေအတွက် ကွဲပြားသလို၊ ဥပဒေသတွေလည်း ကွဲပြားကြပါတယ်။ ကစားနည်း လေးမျိုးစလုံးဟာ အခုချိန်ဆို ကွယ်ပျောက်သွားပြီလို့ ပြောလို့ရပါတယ်။ အင်မတန်မှ နှမြောစရာ ကောင်းပါတယ်။ ကစားနည်းတွေကို လေ့လာကြည့်မယ်ဆိုရင် လက်ရှိ အများ ကစားနေတဲ့ ကျားကစားနည်းထက် အများကြီး အဆင့်မြင့်တယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ ကဲ ... ကျနော်တို့ ရှစ်ကွက်ကျားကနေ စ လေ့လာကြည့်ရအောင်ဗျာ။

<<<< ရှစ်ကွက်ကျား >>>>

ကျားဘန်း ဖွဲ့စည်းပုံ
နာမည်နဲ့ လိုက်အောင်ပဲ အလျားရှစ်ကွက် အနံရှစ်ကွက် ရှိတဲ့ အကွက်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကျားဘန်းကို သုံးပြီး ဆော့ရပါတယ်။ ပုံမှန် ကစားနေတဲ့ ကျားဘန်းက အကွက်ရေ အတူတူပါပဲ။ ထူးတာက ရှစ်ကွက်ကျားမှာ တစ်ကွက်ခြားဆီ အရောင်ခြယ်စရာ မလိုပါဘူး။

ဇယ်များ နေရာချခြင်း
အကွက်အရေအတွက် တူပေမယ့် ကျား နေရာချပုံတော့ မတူပါဘူး။ စာဖတ်သူအားလုံး ပုံမှန် ကျားကစားနည်းနဲ့ ရင်းနှီးပြီးသားလို့ ယူဆမိလို့ အဲဒီနည်းနဲ့ နှိုင်းယှဉ်ပြီး ပြောသွားပါ့မယ်။ အဖြူအမဲ ကျားနှစ်ရောင် ရှိတယ် ဆိုပါစို့။ ကျနော် သိပြီးသား နည်းနဲ့ဆို ကျားကို တစ်ကွက်ခြားစီ သုံးတန်း ချရပါတယ်။ စုစုပေါင်း ကျား (၁၂) ကောင်ပေါ့။ အခု ရှစ်ကွက်ကျားက အဲလို မဟုတ်ဘူးဗျ။ စုစုပေါင်း (၁၈) ကောင် ရှိပါတယ်။ ပထမဆုံးတန်းမှာ ရှစ်ကွက်စလုံး ကျားတစ်ကောင်စီ ချရတယ်။ ဒုတိယတန်းလည်း ရှစ်ကောင်။ တတိယတန်းကျ ဘယ်ဘက် အစွန်းဆုံး အကွက်နဲ့ ညာဘက် အစွန်ဆုံး အကွက် နှစ်ကွက်ပဲမို့ နှစ်ကောင်။ တစ်ဘက်ဆီကို ကျား စုစုပေါင်း (၁၈) ကောင်စီနဲ့ ဆော့ရပါတယ်။ ပြောတာ မရှင်းရင် ပုံမှာ ကြည့်ကြည့်ပါ။

ဇယ်အကွက်ရွှေ့ပုံ
ကျနော်တို့ မြင်နေကျ ကစားနည်းက ကျားတွေကို ရွှေ့ချင်ရင် တစ်ဇောင်း သွားရပါတယ်။ ကျားတစ်ကောင်ရဲ့ သွားနိုင်တဲ့ ဦးတည်ရာက နှစ်ဖက်ပဲ ရှိပါတယ်။ ဘာလို့လဲဆို နောက်ပြန်ဆုတ်လို့ မရလို့ပါ။ ရှစ်ကွက်ကျားမှာတော့ အတော်လေး ပုံစံကွဲသွားပါတယ်။ တဇောင်းသွားလို့ မရတော့ဘဲ တည့်တည့်ပဲ သွားရပါမယ်။ နောက်ပြန်သွားလို့ ရတာကြောင့် ဦးတည်ရာက စုစုပေါင်း လေးဖက် ရှိပါတယ်။ ဘယ်၊ ညာ၊ အထက်၊ အောက် ကြိုက်သလို သွားလို့ရတဲ့အပြင် မြင်ဖူးနေကျ ကစားနည်းလို တစ်ကွက်ချင်း ရွေ့ရတာ မဟုတ်ဘဲ လိုအပ်ရင် သုံးလေးငါးကွက် ရွှေ့ပိုင်ခွင့် ရှိပါတယ်။ ဒါပေမယ့် အရှေ့မှာ အတားအဆီး မရှိရင်ပေါ့။ လွတ်နေတဲ့ အကွက်အထိ ရွှေ့နိုင်ပါတယ်။ ပုံမှာ ကြည့်ကြည့်ပါ။ အနီဘက်က စ ကစားမယ် ဆိုပါစို့။ ပထမဆုံး အနေနဲ့ အနီဘက်က C1 က ကျားဟာ E1 ဆီ နှစ်ကွက် ရွှေ့လိုက်တယ်။ ဒုတိယအနေနဲ့ အနက်ကလည်း F8 ကနေ D8 ဆီ နှစ်ကွက် လိုက်ရွှေ့တယ်။ တတိယအနေနဲ့ အနီက E1 ကနေ E8 ဆီ ညာဘက် ရှစ်ကွက် ရွှေ့လိုက်တယ်။

အကောင်စားခြင်း
အရင် ကစားနည်းက တစ်ဖက်က ကျားကို စားတော့မယ် ဆိုရင် ကျားတစ်ကောင် ခုန်အုပ်သလို စားရပါတယ်။ တစ်ဖက်လူ ကျားရဲ့ တစ်ကွက်ကျော်မှာ နေရာလွတ်ရှိရင် စားပိုင်ခွင့် ရှိတယ်။ ရှစ်ကွက်ကျားမှာတော့ ကျားစားနည်း နှစ်မျိုး ရှိပါတယ်။ တစ်မျိုးက ညှပ်စားနည်း နဲ့ နောက်တစ်မျိုးက ထိုးစားနည်းပါ။ ညှပ်စားနည်း ဆိုတဲ့ နာမည်အတိုင်းပဲ ကိုယ့်ကျားနှစ်ကောင်နဲ့ ညှပ်ပြီး စားရပါတယ်။ ထိုးစားနည်းကတော့ တစ်ဖက်လူရဲ့ ကျားနှစ်ကောင်ကြားထဲ ထိုးဝင်ပြီး စားလိုက်တာပါ။ အထက်က ပုံကို ကြည့်ကြည့်ပါ။ တတိယ ရွှေ့တဲ့အလှည့်မှာ အနီက E1 ကနေ E8 ကို ရွှေ့လိုက်တဲ့အတွက် D8 မှာ ရှိတဲ့ အနက်ကျားဟာ E8 ကျားနဲ့ C8 အနီကျားနှစ်ကောင်ရဲ့ အညှပ်ကို ခံလိုက်ရတာကြောင့် D8 ကျား သေပါတယ်။ သဘောက E8 ကျားနီက C8 ကျားနီရဲ့ အကူအညီနဲ့ D8 ကျားနက်ကို စားလိုက်တယ်။ အဲဒါကို ညှပ်စားနည်းလို့ ခေါ်ပါတယ်။

ထိုးစားနည်းကို နားလည်နိုင်ဖို့ အထက်က ပုံကို ကြည့်ကြည့်ပါဦး။ တကယ်လို့ ကျားနက်ဟာ G5 ကနေ B5 နေရာကို ရွှေ့လိုက်မယ်ဆိုရင် B4 ကျားနဲ့ B6 ကျား နှစ်ကောင်လုံး သေပါတယ်။ အဲဒါကို ထိုးစားတယ်လို့ ခေါ်ပါတယ်။ အဲဒီမှာ သတိပြုစရာ ရှိလာပါတယ်။ လက်ရှိအခြေအနေအရ xxxxox-x ဖြစ်နေလို့ o ရဲ့ ဘေးနှစ်ဘက် x နှစ်ကောင် အစားခံရတယ်။ တကယ်လို့ xxxoxx-x ဖြစ်နေရင်တော့ o ရဲ့ ဘယ်ဘက်က x နှစ်ကောင်နဲ့ ညာဘက်က x နှစ်ကောင်၊ စုစုပေါင်း လေးကောင် အစားခံရမယ်။ နောက် အခြေအနေတစ်ခုက xxxoxxxx ဆိုရင်တော့ ဘယ်ဘက်သုံးကောင်နဲ့ ညာဘက်သုံးကောင် စုစုပေါင်း ခြောက်ကောင် အစားခံရမယ်ဗျ။ တစ်ခု သတိထားရမှာက ကြားမှာ ကွက်လပ် ခြားနေရင် စားလို့ မရပါဘူး။ နောက်တစ်ခုက ထောင့်ကပ်နေတဲ့ အကောင်တွေကို ဘယ်လိုနည်းနဲ့မှ စားလို့ မရပါဘူး။

ပုံမှန်မြင်နေကျ ကျားကစားနည်းမှာ နှစ်ကောင်ရိုက်၊ သုံးကောင်ရိုက်၊ လေးကောင်ရိုက်တွေ ရှိသလို ရှစ်ကွက်ကျားမှာလည်း အစုလိုက် အပြုံလိုက် စားလို့ရပါတယ်။ ထူးခြားတာတစ်ခုက ရှစ်ကွက်ကျားက ရန်သူကျားတွေ ကပ်နေမှ စားလို့ရပြီး မြင်နေကျ ကစားနည်းကတော့ တစ်ကွက်စီခြားနေမှ စားလို့ရတာပါ။

အောင်ပွဲခံခြင်း
ထုံးစံအတိုင်း ကျားကုန်သွားရင် မကုန်တဲ့ဘက်က အနိုင်ရတာပေါ့။ ဒါတော့ အတူတူပါပဲ။ နောက်တစ်ခုက ကိုယ့်ကျားတွေ တစ်ခုမှ လှုပ်လို့ မရတော့ရင်လည်း ရှုံးပါတယ်။

ကဲ ... ကစားနည်း ဥပဒေကတော့ ဒါပဲဗျ။ အကောင်စားရတဲ့ ပုံစံ ဆန်းပြားတော့ အတော်လေး ပညာသားပါတယ်။ တရုတ်ကျားကစားနည်း တစ်မျိုး ဖြစ်တဲ့ ဝေချီ (GO) နဲ့ သွားဆင်ပါတယ်။ ဝေချီကလည်း ရန်သူကို စစ်တိုက်သလို ညှပ်ပူညှပ်ပိတ် ဖမ်းပြီး စားရတာပါ။ ကျနော်တို့ ကစားရိုး ကျားနဲ့ မတူတာက ရှစ်ကွက်ကျားမှာ ကင်းမရှိပါဘူး။ ကျားတစ်ကောင်ချင်းစီရဲ့ Rank အဆင့်အတန်းက အတူတူပါပဲ။ တဖက်က ညှပ်စားဖို့ ပြင်နေတဲ့ အကွက်ကို တန်ပြန်တိုက်စစ် ဆင်တဲ့အနေနဲ့ ထိုးစားပစ်လိုက်လို့ ရနေပါတယ်။ အပြန်အလှန် အနေနဲ့ ထိုးစားမယ့် စိတ်ကူးကို ညှပ်စားပြီး ဖျက်လို့ ရနေတော့ ဘတပြန် ကျားတပြန် တိုက်ခိုက်လို့ ရသလို ဖြစ်နေတယ်။ ဒါကြောင့် တစ်ဖက်လူ မခန့်မှန်းနိုင်တဲ့ တိုက်စစ်တွေနဲ့ ပုံစံချတတ်မှ အန္တရာယ်ကင်းတဲ့ ကစားကွက် ဖြစ်ပါလိမ့်မယ်။ အင်း ရေးရင်းနဲ့ ကစားချင်လာပြီ။ ကဲ ဗျာ။ စာဖတ်သူလည်း ကစားတတ်သွားပြီ ဆိုရင် ကျနော်တို့ တစ်ပွဲတစ်လမ်းလောက် ဆွဲလိုက်ကြရအောင်လား။