လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

ဟိုးတစ်ခေတ်က ကြေးနန်းရုံများ

19 December 2008

၁၉ ရာစု ဝင်လာတယ် ဆိုတာနဲ့ ကမ္ဘာအရပ်ရပ်မှာ သိပ္ပံပညာဟာ အံ့မခန်း တိုးတက်လာလိုက်တာ အရှိန်က အခုထိ မသေသေးပါဘူး။ အထူးသဖြင့်တော့ အနောက်နိုင်ငံမှာပေါ့။ အဲဒီအထဲမှာ အံ့သြစရာ အကောင်းဆုံးနဲ့ လူဆိုတဲ့ ဂုဏ်ဒြပ်ကို ဆွဲတင်ပေးနိုင်ခဲ့တဲ့ တီထွင်မှုကတော့ ဆက်သွယ်ရေးပိုင်းပေါ့။ ဆက်သွယ်ရေးတွေ တဖြည်းဖြည်း ကောင်းလာလို့ သိပ္ပံပညာရဲ့ ကျက်စားရာကလည်း အနောက်နိုင်ငံကနေ ဘက်ပေါင်းစုံကို ပျံ့နှံ့ပြီး ပညာရေးစီးမှာ မျှောလိုက်နေကြတယ်။ တစ်နေရာဆီက တီထွင်မှုဟာ တခြားတစ်နေရာကို အချိန်တိုလေးအတွင်းမှာ ရောက်နိုင်ခဲ့လို့ တီထွင်မှုရဲ့ အကျိုးရလဒ်ကို တစ်ကမ္ဘာလုံးနီးပါး ခံစားကြရတယ်။ ဆက်သွယ်ရေး ကောင်းတာနဲ့အမျှ စီးပွားရေးမှာလည်း သွက်လက်မြန်ဆန်တဲ့ ရောင်းဝယ် ဖောက်ကားမှုတွေနဲ့အတူ ငွေကြေးလည်ပတ်မှုက ကမ္ဘာနိုင်ငံ အသီးသီးကို ဖြတ်သန်းစီးဆင်း နိုင်လာတယ်။ နိုင်ငံ အုပ်ချုပ်ရေးအပိုင်းက ကြည့်ရင်လည်း သတင်းအချက်အလက် သွက်လပ်မှုရဲ့ အသီးအပွင့်တွေကြောင့် အချိန်နဲ့လုပြီး အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်လာတယ်။ ဒါတွေကို ကျနော် မြင်သလို ၁၈၇၀ ခုနစ်လောက် ကတည်းက မြန်မာနိုင်ငံက ကနောင်မင်းသားနဲ့ ယောအတွင်းဝန် ဦးဘိုးလှိုင် ခေါင်းဆောင်တဲ့ သိပ္ပံပညာရှင် အဖွဲ့က မမြင်ဘဲကို မနေပါဘူး။ ဒါကြောင့်လည်း ၁၈၇၇ ခုနစ်အထိ စာရင်းအရ မြို့ကြီး အသီးသီးမှာ ဆောက်လုပ်ထားတဲ့ ကြေးနန်းရုံပေါင်း (၁၇) ရုံထက် မနည်း ရှိနေပါတယ်။ အတိအကျ မပြောနိုင်တဲ့ အကြောင်းအရင်းကို အောက်မှာ ရှင်းပြပေးပါ့မယ်။ အဲဒီခေတ် အဲဒီအခါမှ ကမ္ဘာမှာ ခေတ်အမှီဆုံး ဆက်သွယ်ရေး ကိရိယာက ကြေးနန်းပဲလေ။ အဲဒီခေတ်က မြန်မာတွေ ဘယ်လောက် ခေတ်မီသလဲဆိုတာ သိနိုင်ဖို့ ကမ္ဘာ့ကြေးနန်းသမိုင်းကို ပြန်လှန်ကြည့်ရင် ပိုသိသာနိုင်ပါတယ်။ အကျဉ်းချုပ်လေး တင်ပြပါရစေ။

၁၈၀၉ ခုနစ်မှာ Samuel Thomas von Sömmering ဆိုတဲ့ လူဟာ ပထမဆုံး ကြေးနန်းကိရိယာကို တီထွင်ခဲ့ပါတယ်။ အဲဒီ ကြေးနန်းစက်က ဓါတုပစ္စည်းတွေ အသုံးပြုတဲ့ စက်မျိုးဖြစ်တယ်။
၁၈၃၂ ခုနစ်မှာ Baron Schilling ဟာ သံလိုက်စက်ကွင်းသုံး ကြေးနန်းကိရိယာကို တီထွင်ခဲ့တယ်။
၁၈၃၃ ခုနစ် Göttingen မြို့မှာ လက်တွေ့ အသုံးပြုနိုင်တဲ့ ကြေးနန်းကိရိယာကို Carl Friedrich Gauss နဲ့ Wilhelm Weber က တီထွင်ခဲ့တယ်။
၉ ဧပြီ ၁၈၃၉ ခုနစ်မှာ ကြေးနန်းရုံတွေကို စီးပွားဖြစ် မြို့တွေ ဆက်သွယ်ပြီး ပထမဆုံး အသုံးပြုနိုင်တယ်။ UK ရဲ့ Paddington ဘူတာကနေ West Drayton မြို့အထိ စုစုပေါင်း ၁၃ မိုင် အကွာအဝေးကို Sir William Fothergill Cooke က ကြေးနန်းသွယ်တန်း ပေးခဲ့တယ်။
၁၈၃၇ ခုနစ် အမေရိကန်နိုင်ငံမှာလည်း Samuel F. B. Morse က သူ့ဖာသာ သီးခြား ကြေးနန်းကိရိယာကို တီထွင်ခဲ့တယ်။
၂၄ မေ ၁၈၄၄ ခုနစ်မှာ အမေရိကားရဲ့ ပထမဆုံး ကြေးနန်းစာကို Morse က ပို့နိုင်ခဲ့တယ်။
၁၈ ဂျူလိုင် ၁၈၆၆ ခုနစ်မှာ ပထမဆုံးအနေနဲ့ အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ပြီး ကြေးနန်း သွယ်တန်းနိုင်ခဲ့တယ်။
၁၈၇၀ ခုနစ်မှာ UK ကနေ အိန္ဒိယနိုင်ငံကို ကြေးနန်းသွယ်တန်းနိုင်တယ်။ အဲဒီအချိန်မှာ အိန္ဒိယဟာ အင်္ဂလိပ်ရဲ့ ကိုလိုနီနိုင်ငံ ဖြစ်နေပါပြီ။
၁၈၇၀ ခုနစ်မှာပဲ ဥရောပကနေ တရုတ်၊ ဟောင်ကောင် နဲ့ ဂျပန်အထိကို ကြေးနန်းလိုင်း ဆက်သွယ်ပါတယ်။
အောက်တိုဘာ ၁၈၇၂ ခုနစ်မှာ သြစတေးလျနိုင်ငံကို ကြေးနန်း သွယ်တန်းနိုင်ခဲ့တယ်။
၁၉၀၂ ခုနစ်မှာ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ပြီး သွယ်နိုင်ခဲ့တာကြောင့် ကြေးနန်းဆက်သွယ်ရေးဟာ ကမ္ဘာတစ်ပတ် သွယ်နိုင်သွားပါတယ်။
၁၈၅၀ ခုနစ် စာရင်းအရ အနောက်နိုင်ငံမှာ ကြေးနန်းသွယ်တန်း စရိတ်က ကြေးနန်းရုံ တစ်ရုံစာကို ဒေါ်လာ ၄၀၀၀၀၀ (လေးသိန်း) ကျပြီး ကြေးနန်းကြိုးအတွက်က တစ်မိုင်ကို ဒေါ်လာ ၆၀၀ (ခြောက်ရာ) ပေးရတယ်။
ကဲ ... ဒီလောက်ဆို ကမ္ဘာအရပ်ရပ်က ခေတ်ပြိုင်အခြေအနေကို အကျဉ်းလောက် သိရောပေါ့။ ဒါဆို ကျနော်တို့ ခေတ်မီခဲ့ဖူးတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို ပြန်ပြောင်း အောက်မေ့ကြည့်ရအောင်။

၁၈၇၀ ခုနစ် နှစ်ဦးပိုင်းမှာ မြန်မာနိုင်ငံဟာ ကြေးနန်းလိုင်းတွေကို စတင်ပြီး သွယ်တန်းနေပါပြီ။ အဲဒီ အချိန်မှာပဲ အာရှရဲ့ အင်အားကြီး နိုင်ငံတွေ ဖြစ်တဲ့ ဂျပန်၊ တရုတ်နဲ့ အိန္ဒိယ နိုင်ငံတွေကို ဥရောပနဲ့ ကြေးနန်းသွယ် နေတာကို နှိုင်းယှဉ်ကြည့်ရင် မြန်မာတွေဟာ သိပ္ပံအမြင်နဲ့ ပညာမှာ ခေတ်နဲ့အညီ သွားနေတယ်လို့ ပြောနိုင်ပါတယ်။ ပြန်ကောက်ကြဦးစို့။ အဲဒီလို ကြေးနန်းသွယ်တန်းတဲ့ နေရာ၊ အခြေအနေ နဲ့ ကြေးနန်းရုံတွေရဲ့ အနေအထားတွေကို သက်ဆိုင်ရာ အရာရှိတွေက ပုရပိုက်တွေနဲ့ ရေးသား လျှောက်တင်ရတယ်။ စာရင်းအရ အစိုးရနဲ့ ဆိုင်တဲ့ ကြေးနန်းပုရပိုက် အဆူပေါင်း ၇၅ ဆူနဲ့ အရပ်သားနဲ့ ဆိုင်တဲ့ ကြေးနန်းပုရပိုက် အဆူပေါင်း ၅၁ ဆူ ရှိကြောင်း သိရပါတယ်။ ကျနော် အနေနဲ့ ရှိသမျှ ပုရပိုက်တွေ အကုန်လုံးကို ဖတ်ရလို့ ဖတ်ဖူးလို့ ဒီစာကို ရေးတာ မဟုတ်ပါဘူး။ ဒေါက်တာ မျိုးသန့်တင် ရေးတဲ့ ရှေးခေတ် မြန်မာသိပ္ပံကျမ်းများ ဆိုတဲ့ စာအုပ်မှာ ကြေးနန်းပုရပိုက် တစ်ဆူအကြောင်း ပါလို့ ဖတ်ရင်း "အော် ... ငါတို့ မြန်မာတွေ အတော်လေး ခေတ်မီခဲ့တာပဲ" လို့ တွေးမိတာကြောင့် မျှဝေလိုက်တာပါ။ ဆရာရေးတဲ့ ဆောင်းပါးထဲမှာ ပုရပိုက် နှစ်ဆူ အကြောင်းပဲ ပါပါတယ်။ အဲဒီ နှစ်ဆူတည်းပဲ သိရရုံနဲ့တင် အတော်လေး အားရမိပြီး ကုန်းဘောင်ခေတ်က ပြည်သူတွေအစား ဂုဏ်ယူမိလိုက်တယ်။ ကျနော် ဖတ်ထားရသလောက် ဖောက်သည်ချပါရစေ။




အင်းဝမြို့ ကြေးနန်းရုံပြပုံ နှင့် တောင်တွင်းကြီး လမ်းခွဲပြ ပုရပိုက်ပုံ


ပုရပိုက် နှစ်ဆူအရ ကြေးနန်လိုင်း လေးလိုင်းကို သိမှတ်လိုက်ရတယ်။ တစ်လိုင်းက မန္တလေးနန်းတော် အတွင်းကနေ ဒဂုန်မော်အထိ သွယ်တန်းထားပါတယ်။ စုစုပေါင်း ကြေးနန်းရုံပေါင်း ၉ ရုံနဲ့ အကွာအဝေး တာပေါင်း ၁၀၃၃၄၅ (၂၁၁.၂ မိုင်ကျော်) ရှိပါတယ်။ လမ်းတစ်လျှောက် ကြေးနန်းရုံ ရှိတဲ့ မြို့တွေကို အစီအစဉ်လိုက် တင်ပြရရင်
  1. မန္တလေးနန်းတွင်းမှာ တစ်ရုံ၊
  2. မန္တလေးမြို့တွင်းမှာ တစ်ရုံ၊
  3. သပြေတန်းခံတပ်အနီးမှာ တစ်ရုံ၊
  4. အင်းဝမှာ တစ်ရုံ၊
  5. မြင်းခြံမှာ တစ်ရုံ၊
  6. ပုဂံမှာ တစ်ရုံ၊
  7. ရေနံချောင်းမှာ တစ်ရုံ၊
  8. တိုင်ပျောက်မှာ တစ်ရုံ၊
  9. ဒဂုန်မော်မှာ တစ်ရုံ
ရှေးရှေးက ကြေးနန်းရုံကို ကြေးနန်းဓါတ်ရုံလို့ သုံးနှုန်းပါတယ်။ မန်း-ဒဂုန်မော် လိုင်းကို ဖောက်တော့ မြစ်ချောင်းပေါင်း (၂၀) ကို ကျော်လွှား ဖောက်လုပ်ရတယ်လို့ မှတ်တမ်း တင်ထားပါတယ်။

နောက်ပြီး တိုင်ပျောက် ဓါတ်ရုံကနေ တောင်တွင်းကြီး ဘက်ကို လမ်းခွဲပြီး ကြေးနန်းလိုင်း တစ်လိုင်း ရှိသေးကြောင်း မြေပုံအရ သိရပေမယ့် တောင်တွင်းကြီးကြားက ဘယ်မြို့တွေမှာ ကြေးနန်းရုံတွေ ရှိသလဲ ဆိုတဲ့ စာရင်းအထောက်အထား မတွေ့ရသေးပါဘူး။ လွန်ခဲ့တဲ့ နှစ် ၁၄၀ လောက်က အခြေအနေနဲ့ မိုင် ၂၀၀ ကျော် ခရီးကို မြစ်ချောင်း (၂၀) ဖြတ်ပြီး ကြေးနန်းလိုင်း သွယ်ဖို့ ဆိုတာ ဘယ် လွယ်လိမ့်မလဲ။ နောက်ပြီး အဲဒီ ခေတ်မှာ နာမည်ကြီးတဲ့ ခံတပ်ရွာဖြစ်တဲ့ သပြေတန်းခံတပ် ကို ကြေးနန်းသွယ်ထားသလို ဂွေးချောင်းခံတပ်ကိုလည်း ကြေးနန်းသွယ်ထားကြောင်း ပုရပိုက် တစ်ဆူအရ သိရပါတယ်။ ပိုပြီး အံ့သြ ချီးကျူးဖို့ ကောင်းတာက အဲဒီ ဂွေးချောင်း ခံတပ်ကို မင်းလှဓါတ်ရုံကနေ သွယ်ထားပြီး ရေအောက် ကြေးနန်းကြိုးနဲ့ သွယ်ထားတယ်လို့ သိရတော့ ခေတ်မီလိုက်လေခြင်း လို့ မပြောဘဲကို မနေနိုင်တော့ပါဘူး။

နောက် ချီးကျူးဖို့ ကောင်းတာ ရှိပါသေးတယ်။ တောအထပ်ထပ် တောင်အထပ်ထပ်ကို ဖြတ်ကျော်ပြီး ရှမ်းပြည်နယ် မိုးနဲမြို့ နဲ့ မိုးဗြဲမြို့ ကို သွယ်ထားတဲ့ လိုင်းကို တွေ့လိုက်ရတော့ နောက်တချီ သြချလိုက်မိတယ်။ ပုရပိုက် အထောက်အထားအရ ကျောက်ဆည်မြို့ကနေ စပြီး မိုးနဲ မြို့အထိက တစ်လိုင်း၊ ကြားမြို့ ကျောက်ထပ်ကနေ လမ်းခွဲပြီး မိုးဗြဲမြို့ အထိက နောက်တစ်လိုင်း၊ နှစ်လိုင်းပေါင်း တာ ၁၀၀၆၇၀ (၂၀၅ မိုင်ကျော်) အကွာအဝေးကို သွယ်တန်းထားတယ်။ ဒီလိုင်း နှစ်ကြောင်းပေါ်မှာ ဓါတ်ရုံပေါင်း (၈) ရုံနဲ့ လမ်းမှာ ထောင်တဲ့ တိုင်ပေါင်း ၆၈၀၀ ရှိပါတယ်။
  1. ကျောက်ဆည်မှာ တစ်ရုံ၊
  2. ရွာငံမှာ တစ်ရုံ၊
  3. ကျောက်ထပ်မှာ တစ်ရုံ၊
  4. ညောင်ရွှေမှာ တစ်ရုံ၊
  5. နောင်မွန်မှာ တစ်ရုံ၊
  6. မိုးနဲမှာ တစ်ရုံ။

ကျောက်ထပ်ကနေ လမ်းခွဲပြီး
  1. ကြံ့ကုန်မှာ တစ်ရုံ
  2. မိုးဗြဲမှာ တစ်ရုံ
အထက်က ပြထားတဲ့ ရှမ်းပြည်နယ်ရောက် ကြေးနန်းလိုင်းဟာ ၁၈၇၇ ခုနစ်မှာ အပြီးသတ် သွယ်တန်းပြီးပြီ ဆိုတာ သိရပါတယ်။ သမိုင်းနောက်ခံအရ ပြန်ကြည့်ရမယ်ဆိုရင် မြန်မာပြည်ရဲ့ ထက်ဝက်ဖြစ်တဲ့ အောက်မြန်မာပြည်ကို ပိုင်ဆိုင်ပြီး ဖြစ်တဲ့ အင်္ဂလိပ်ရန်ဟာလည်း နေ့အလား ညအလား အန္တရာယ် ကျရောက်နိုင်ပါတယ်။ အဲဒီအချိန်မှာ မြန်မာပြည်နဲ့ ခေတ်ပြိုင် အင်အားတောင့်တင်းတာ ဆိုလို့ ရှမ်းပြည်ပဲ ရှိပါတယ်။ ရှမ်းစော်ဘွားတွေပေါ့။ အဲဒီအချိန်က ရှမ်းစော်ဘွားတွေက မြန်မာပြည်ကို မဟာမိတ်အနေနဲ့ ဆက်ဆံနေတဲ့ အစိုးရ အသေးစားလေးတွေပါ။ အခြေအနေအရ သိသင့်တဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ သိနိုင်အောင်လို့ ရှမ်းပြည်မြို့တွေနဲ့ ကြေးနန်း သွယ်တန်း ထားတယ်လို့ ယူဆရပါတယ်။ ဒါမှ အရေးကြုံလာရင် အပြန်အလှန် ထောက်ပံ့လို့ရမယ်လေ။ ရှမ်းပြည်အနေနဲ့ ကြေးနန်း သွယ်တန်းခွင့် ပြုခြင်းကလည်း မြန်မာဘုရင်သာ အင်္ဂလိပ်ကို လက်နက်ချလိုက်ရရင် သူ့အနေနဲ့ ဘယ်လိုမှ တောင့်မခံနိုင်ဘူးဆိုတာ သိထားပြီး ဖြစ်လို့ နေပါလိမ့်မယ်။

၁၈၇၇ ခုနစ်လောက်မှာ ဒီ ကြေးနန်းလိုင်း လေးလိုင်းထက်မက ရှိနေမယ်လို့ ကျနော် ယုံကြည်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံရဲ့ ဆန်အိုးကြီးတွေကို တင်စားရတဲ့ မြစ်ကြီးနား-ဗန်းမော် နယ်နဲ့ ရွှေဘို-မုံရွာ-ဒီပဲယင်း နယ်တွေ မပါသေးလို့ပါ။ နောက်ပြီး အဲဒီခေတ်ကတည်းက ပြည်တန်တဲ့ ကျောက်မျက်တွေ တဖြိုင်ဖြိုင် ထွက်နေတဲ့ မိုးကုတ်နယ်ကိုလည်း သွယ်တန်းလိမ့်မယ်လို့ ယူဆမိပါတယ်။ အုပ်ချုပ်ရေးပိုင်းအရ ကြည့်မယ်ဆိုရင် ကြေးနန်းရုံ တစ်ရုံစီမှာ အုပ်ချုပ်ဖို့ တစ်ယောက်စီ ထားထားတာ တွေ့ရပါတယ်။ နောက်ပြီး လမ်းပိုင်း တစ်ပိုင်းစီအတွက် ထိန်းသိမ်း စောင့်ရှောက်ဖို့ လူတွေ အသီးသီး ခန့်ထားတဲ့ အထောက်အထားလည်း တွေ့ရပါတယ်။ လမ်းက တိုင်တွေ ယိမ်းယိုင်လို့ ပြုပြင်ဖို့ အစီရင်ခံတဲ့ ပုရပိုက်တွေ တွေ့ရပါတယ်။ သဘောအရဆို ကြေးနန်းလိုင်း လမ်းကြောင်းတလျှောက် အမြဲ စောင့်ကြည့်နေတဲ့ လူတွေလည်း ရှိဖို့ လိုတာပေါ့။ ကြေးနန်းကြိုး သွယ်တန်းနိုင်ဖို့ တိုင်ထောင်တဲ့ နေရာမှာလည်း ကျွန်းတိုင်ကို မြေကြီးမှာ ခိုင်မြဲအောင် တွင်းတူးပြီး အင်္ဂတေမန်တာ သိရတော့ ရေရည်အတွက် စနစ်တကျ လုပ်တတ်ကြောင်း သိရပါတယ်။ တိုင်တစ်တိုင်အတွက် အဖိုးအခကလည်း မသေးလောက်ဘူး။ ကျနော် ဟိုအပေါ်က ဖော်ပြထားတဲ့ စရိတ်တွေနဲ့ တွက်ချက်ကြည့်မယ်ဆိုရင် ကြေးနန်းအတွက် ကုန်ကျမယ့် စရိတ်က အတော်လေး မသေးပါဘူး။ နောက်ပြီး ထိန်းသိမ်းစရိတ်လည်း မသေးလောက်ဘူး။ ဒါကို အကုန်အကျခံပြီး အမြော်အမြင် ရှိရှိ အကောင်အထည်ဖော်ခဲ့တဲ့ ကနောင်မင်းသားကြီးနဲ့ ယောအတွင်းဝန် ဦးဘိုးလှိုင်ကို မလေးစားဘဲကို မနေနိုင်လောက်အောင် ဖြစ်မိပါတယ်။