လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

ဘတ်စ် စီး မှတ်တမ်း

09 December 2008

ကျနော် ရေးတဲ့ ပို့စ်တွေ အတော်များများ ဖတ်ထားရင် ကျနော် မန်းက လာတယ်ဆိုတာ သိနှင့်ပြီး ဖြစ်မှာပါ။ ဆယ်တန်းဖြေပြီးတော့ အဖေက ရန်ကုန်မှာ ကွန်ပူတာ သွားတတ်ချေ လို့ အမိန့်တော် ချတာနဲ့ ကျွန်တော်မျိုး ကျေးတော်မျိုး သားတော်မောင်လေးခမျာ မျက်လုံးကလည် နားသူငယ်နဲ့ ဘာမှန်း မသိတဲ့ ကွန်ပူတာကြီးကို တွေးကြောက်ရင်း အမျက်မာန် ရှမှာလည်း စိုးလှတာမို့ ရန်ကုန်ရွှေမြို့တော်သို့ အပြေးလေး ရောက်လာခဲ့ရတယ်။ အဖေကို မေးမိတယ်။ "အဖေ ကွန်ပူတာက ဘာလို့ ဖို့တုန်း၊ ဘာကြီးတုန်း" လို့ မေးလိုက်မိတယ်။ မေးရမယ်လေ။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က မန်းမှာ ကွန်ပူတာဆိုလို့ ဓါတ်ပုံတောင် မရှိဘူး။ အဖေက ဖြေတယ်။ ကွန်ပူတာနဲ့ အိမ်သာတက် (အင်တာနက်တက်) လို့ရတယ်တဲ့။ ဟိုက် ရှားပါ။ အိမ်သာတက်ဖို့အရေး ရန်ကုန်အထိတောင် ပြေးပြီး ကွန်ပူတာနဲ့ တက်ရဦးမတဲ့။ ဘာကောင်ကြီးပါလိမ့်။ ဒါနဲ့ပဲ ကျနော် ရန်ကုန် ရောက်လာပါတယ်။

ငယ်ငယ်က ရန်ကုန်ကို အမေတို့နဲ့ ခဏခဏ ရောက်ဖူးပေမယ့် ဒီတစ်ခါမှပဲ တကယ်ကို နှာဖူးတွေ့ ဒူးတွေ့ တင်မကဘဲ ခေါင်းနဲ့ပါ တွေ့တော့တယ်။ ဟုတ်တယ်လေ။ ဘတ်စ်ကားတွေက ပုတယ်ဗျ။ ၃၃ လို ဘတ်စ်ကား အကြီးတချို့မှာတောင် အမိုးက လေသာပြတင်းမှာ ခေါင်းထုတ်ထားရတယ်။ အဲ့တော့ မကြာခဏ ဆိုသလိုပဲ အမိုးကို ခေါင်းလောင်းလုပ်ပြီး ခေါင်းနဲ့ တိုက်နေရတယ်။ ကျနော် ရန်ကုန် စရောက်တဲ့ နေ့ပဲ ဦးလေးကို မြို့ထဲသွားမလို့ လိုက်မလားတဲ့။ သေချာတယ် သူက ဘတ်စ်ကားပဲ စီးမှာ။ အင်မတန်မှ ကပ်စေးနည်းတာကိုး။ ကဲပါ ဘတ်စ်ကား စ စီးကြည့်မယ်လို့ ဆုံးဖြတ်ချက် ချပြီး သူနဲ့ လိုက်သွားတယ်။ ရန်ကုန်မှာ ဘတ်စ်ကားတွေ အများကြီး ရှိတယ်ဆိုတာ သိထားတော့ ကိုယ့်လမ်းထိပ်ကို ဘာကားရောက်လဲ သိရင် ပြန်လို့ ရပြီလို့ တွေးထားတယ်။ ဒါနဲ့ လမ်းထိပ်မှတ်တိုင်ကို ဘာကားတွေ ရောက်လဲ စာအုပ်နဲ့ မှတ်ယူမယ်ပေါ့။ အဲဒီ အချိန်က အလုံ ကြည့်မြင်တိုင် လမ်းမပေါ်က ဖြတ်တဲ့ ကားဆိုလို့ အားရပါးရ ရေ၊ နှစ်စီး ရှိတယ်။ ၃၄ ဟိုင်းလက်နဲ့ ၃၃ ဒေဝူးတွေ။ သွားတာက ဦးလေးနဲ့ ကျနော် နှစ်ယောက်တည်း။ ကျနော်တို့ စောင့်နေတုန်း ၃၃ ကားကြီး ရောက်လာတယ်။ ချောင်တယ် မြင့်တယ် မိုက်တယ်ပေါ့။ တက်မလားလို့ ဦးလေးကို မျက်စိ ပစ်ပြတော့ သူက ခေါင်းပြန်ခါတယ်။ ဒါနဲ့ အငြိမ်လေး ထပ်စောင့်နေလိုက်တယ်။ ၃၄ ဟိုင်းလက်လာမှ တက်မယ်တက်မယ်ဆိုပြီး ပြေးတက်သွားတယ်။ အမယ်လေး အဲဒီမှာ စပြီး ဒူးတွေ့တော့တာပဲ။ အရှည်ရှည် ဒူးရှည်ရှည်နဲ့ ဟိုထိုးဒီထိုးကြောင့် ကိုယ်ကပဲ စပြီး အားနာနေမိတယ်။ တခါတလေ သူများ ခါးကို ဒူးနဲ့ ညပ်ထားမိနေတယ်။ သူငယ်ချင်းတွေက မှာလိုက်တယ်။ မင်း ရန်ကုန်ရောက်ရင် တိုးတက်ပြီသာ မှတ်တဲ့။ မှန်လိုက်တာ သယ်ရင်းရယ်။ ဒါနဲ့ ကျနော်က စပ်စပ်စုစု ဘာလို့ ခုန ၃၃ ကို မစီးတာလဲ၊ မရောက်လို့လား လို့ မေးလိုက်မိတော့ ပြန်ဖြေတဲ့ အဖြေက ကျနော် တစ်သက် မမေ့တော့ဘူး။ "ရောက်တော့ရောက်တယ်။ ဒီကောင်က ၂ ကျပ်၊ ဟိုကောင် စီးရင် ၃ ကျပ်မို့ မတက်တာ" တဲ့။

ကျနော့် သင်တန်းက ဆိပ်ကမ်းသာလမ်း အောက်ဘလောက်မှာပါ။ အိမ်ကနေဆို ၃၈ ဟိုင်းလက် စီးရင် အဆင်ပြေဆုံးပဲ။ အမျိုးသမီးဆေးရုံက ဂိတ်စတယ်။ ထိုင်စီးလို့ရတယ်။ သင်တန်း သွားရတာ အဆင်ပြေပေမယ့် စီးရတာ တကယ်ကို စိတ်မချမ်းသာဘူး။ နီတာရဲ ကလေးလေးတွေ ချီပြီး အတင်းတိုးစီးနေရတဲ့ ဘတ်စ်ကားကို စီးမိရင်ဖြင့် စိတ်ထဲ ဘယ်လို ဖြစ်သွားမှန်းကို မသိဘူး။ အော် အမေ .. အမေ .. လို့ တလိုက်မိသလိုပဲ အော် ဒုက္ခ .. ဒုက္ခ လို့လည်း တွေးလိုက်မိတယ်။ ပုံစံကြည့်ရတာ အခုမှ ကလေးမွေးပြီးလို့ ဆေးရုံဆင်းလာပုံ ရတယ်။ သူတို့တွေ ကြည့်ပြီး ကျနော် တရားရနေမိတယ်။ တခါတလေတော့လည်း ဘတ်စ်ကားစီးရင်း ဖြစ်တဲ့ အဖြစ်အပျက်တွေကလည်း ဘဝ အမောတော့ ပြေသား (ကြီးကြီးကျယ်ကျယ် ဘဝအမောတဲ့၊ သင်တန်းလေး တက်ရတာကိုပဲ)။ အခုအချိန်ထိ တွေးမိတိုင်း ရယ်ချင်တဲ့ အဖြစ်အပျက် သုံးခု ဖောက်သည်ချဦးမယ်။

တစ်နေ့ ကျနော် သင်တန်းသွားတော့ ၃၈ ဘတ်စ်ပဲ စီးမြဲ စီးလာခဲ့တယ်။ ကျနော်က ဂိတ်စက စီးတော့ ဘေးခုံမှာ မိန့်မိန့်ကြီး ထိုင်ရုံပါ့။ တစ်မှတ်တိုင် တစ်မှတ်တိုင်မှာ တက်လိုက်ကြ၊ ဆင်းလိုက်ကြနဲ့ သူတို့တွေ အလုပ်ရှုပ်နေကြပေမယ့် ကျနော်ကလည်း ကိုယ့်အတွေးနဲ့ကိုယ်ပဲ။ မှတ်တိုင်တစ်ခု အရောက်မှာ ကားပေါ် တရုတ်ရုတ်နဲ့ ဆူသံ ကြားရမှ သူတို့ကို သတိထားမိတယ်။ ကားစပယ်ယာနဲ့ ခရီးသည်တစ်ယောက် ရန်ဖြစ်နေကြတယ်။ ခရီးသည်တစ်ယောက်က ဟိုင်းလက် ကားတွေမှာ အလယ်ခုံအနေနဲ့ ထားတဲ့ ခွေးခြေခုံ (အခုတော့ ဘက်ထရီအိုး အခွံ) တစ်ခုံကို ရင်ဝယ် ပိုက်ထားလေရဲ့။ အဲဒါကို မြင်တော့ စိတ်ဆိုးမာန်ဆိုးနဲ့ ခရီးသည်လက်ကနေ ထိုင်ခုံကို ဆောင့်ဆောင့် ဆွဲနေတဲ့ စပယ်ယာ။ အခြေအနေက ခရီးသည်နဲ့ စပယ်ယာ ခုံကို ဟိုဘက်ဆွဲလိုက်၊ ဒီဘက် ဆွဲလိုက်။ လွန်ဆွဲနေကြသလိုပဲ။ အဲဒီအချိန်မှာ ကျန် ခရီးသည်တွေကို စောန ခုံကိုင်ထားတဲ့ ခရီးသည်ကို မျက်စောင်း ထိုးနေကြပြီ။ ဟုတ်တော့ ဟုတ်ပါတယ်။ သူများ ထိုင်မယ့် ခုံကို သူလည်း မထိုင်ဘဲ ကိုင်များ ထားရသလားလို့။ စကားပုံအရ ခပ်ရိုင်းရိုင်း ပြောရရင်တော့ နွားစားခွက်ထဲက ဟောင်တဲ့ ခွေးလိုပေါ့။ စပယ်ယာ အနေနဲ့ နောက်တက်လာတဲ့ ခရီးသည်ကို ထိုင်ဖို့ နေရာ ပေးချင်တယ်။ ဒါပေမယ့် ထိုင်ခုံက ခုနလူ ပိုက်ထားလို့ လုနေရတယ်။ လုရင်း လုရင်း တဖြည်းဖြည်း စိတ်က မရှည်တော့ဘူး။ ဟိုလူ့ခမျာလည်း ဘာလို့များ ဒီခုံကို သူလည်း မထိုင်ဘဲ ဘာလို့ အတင်း ပိုက်ပြီး ရုန်းနေရသလဲ ဆိုတာလည်း တွေးရခက်သား။ ဘေးလူတွေ မျက်စောင်း အတင်း ထိုးလာတဲ့ အဆုံး ခရီးသည်ရဲ့ နှုတ်က စကားတစ်ခွန်း ထွက်ကျလာတယ်။ ဒီစကားအဆုံးမှာ စပယ်ယာလည်း အူကြောင်ကြောင်နဲ့ ခေါင်းကုတ်ပြီး ဘာလုပ်ရမှန်းတောင် မသိဖြစ်သွားပြီး ခရီးသည်အားလုံး တဝါးဝါးနဲ့ ပွဲကျသွားတယ်။ ခရီးသည် ပြောလိုက်တာက ဒီလိုဗျ။ အခု ရေးရင်းတောင် ရယ်နေမိတယ်။
"ဒီခုံက အခုလေးတင် ကျနော် ဈေးက ဝယ်လာတာပါဗျာ။ ခင်ဗျားတို့ခုံက အောက်မှာ ရှိမှာပေါ့" တဲ့လေ။

နောက် အဖြစ်အပျက် တစ်ခုက ၃၈ ဘတ်စ် ပေါ်မှာပါပဲ။ ကားက အမြဲ လူပြည့်တတ်တော့ အတွယ်စီးရတဲ့ သူတွေက များသား။ ရုံးတက်ချိန် ဆိုတော့လည်း အားလုံးလိုလိုက အိတ်တွေ၊ ထမင်းချိုင့်တွေ ကိုယ်စီနဲ့ပဲ။ ဘတ်စ်ကား စီးတိုင်းလည်း အများစုက စာနာထောက်ထားစွာနဲ့ မိန်းကလေးတွေကို ထိုင်ခုံပေးကြပြီး ယောက်ျားလေးတွေက အပြင်ကနေ တွယ်လေ့ရှိကြတယ်။ မှတ်တိုင်တစ်ခုမှာ မိန်းကလေး တစ်ယောက် တက်လာတာကြောင့် အပေါက်ဝမှာ ရှိတဲ့ ကောင်လေးက နေရာဖယ်ပေးပြီး ကောင်မလေးကို ပေးထိုင်လိုက်တယ်။ ဒါနဲ့ ကောင်လေးက ထမင်းချိုင့်တစ်ဖက်နဲ့ ကားအပြင်မှာ တွယ်စီးလာတယ်။ လမ်းတစ်နေရာ အရောက်မှာ စောနက ကောင်လေးက ကောင်မလေးကို စကားတစ်ခွန်း လှမ်းပြောလိုက်တယ်။ "အမ၊ ကန်တော့နော်။ ကျနော် ပုဆိုးကျွတ်တော့မှာမို့ ခါးပုံစလေး ခဏ ကိုင်ထားပေးလို့ ရမလား" ဆိုတော့ ကောင်မလေးခမျာ ရှက်ပေမယ့် သူများရဲ့ အရှက်ကို ကာကွယ်ပေးကောင်းရဲ့ ဆိုပြီး လက်တစ်ဖက်နဲ့ ကိုင်ပေးထားလိုက်တယ်။ ခဏလေးနေတော့ ကောင်လေး ထပ်ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် တစ်ကားလုံး ဝါးခနဲ ပွဲကျသွားပြီး ကောင်မလေးခမျာ မျက်နှာကြီး နီရဲနေအောင် ရှက်နေပြီး ဆက်ကိုင်ထားရအခက်၊ လွှတ်ချရအခက် ဖြစ်သွားတယ်။ အစကတည်းက မပြောဘဲ နေပါတော့လား။ အခုလို ပြောလိုက်တော့ မျက်နှာဘယ်လို သွားထားရတော့မလဲ။ ကောင်လေး ပြောလိုက်တာက
"အမ ခါးပုံစကို သေချာ ကိုင်ပေးထားပါနော်။ အတွင်းခံ ဘောင်းဘီ မဝတ်ထားလို့ ကျွတ်ကျရင် ကျနော် အရှက်ကွဲမှာဗျ"

နောက်တစ်ခုကတော့ စပယ်ယာနဲ့ ခရီးသည်နဲ့ ဖြစ်တဲ့ ပြဿနာ။ ပြဿနာလို့ ဆိုပေမယ့်လည်း ရယ်စရာ မောစရာ အဖြစ်နဲ့ပဲ အဆုံးသတ်သွားရတယ်။ အမြဲလိုလိုပဲ ကားကျပ်နေတတ်တော့ တွယ်စီးတဲ့လူကလည်း မှတ်တိုင်တိုင်းမှာ အပြည့်ပဲ။ တကယ်တော့ အသက်နဲ့ လဲပြီး ရုံးတက်နေရတယ် လို့တောင် ပြောလို့ရမယ်ထင်တယ်။ ဟိုင်းလတ် နောက် ခြေတင်ခုံမှာ အတွယ်နဲ့ လိုက်စီးတာ အများဆုံး ကျနော် လူ (၁၄) ယောက် စီးဖူးတယ်။ ကားတစ်စီးတည်း အတွယ် (၁၄) ယောက်ပေါ့။ စဉ်းစားသာ ကြည့်တော့။ နောက်အဖြစ်အပျက် တစ်ခုကလည်း မနက်ခင်း ရုံးတက်ချိန်ပါပဲ။ အကုန်လုံးက အချိန်မီ ပြေးကြရတာ ဆိုတော့ ရရာကား ချေးမများတန်း စီးနေရတယ်။ ယောက်ျားလေးတွေ ကားမရွေးဘဲ တွယ်စီးလိုက်ကြတယ်။ ကားလည်း ရှားတော့ မရွေးအားဘူးလေ။ အဲဒီလို အသက်လုပြီး တွယ်စီးတဲ့ အခါမှာ ခြေချော်လက်ချော် ဆိုတာ ရှိစမြဲပါ။ တစ်နေရာအရောက် တွယ်နေတဲ့ ခရီးသည်တစ်ယောက် လက်မခိုင်လို့ လွတ်သွားတယ်။ မောင်းနေရင်း နောက်ပြန်လန်သွားတော့ စပယ်ယာ ပြာပြီပေါ့။ ဒါနဲ့ သူ့ခမျာ အသက်တစ်ချောင်း ကယ်ဖို့အရေး ဖျက်လတ်တဲ့ လက်တစ်စုံနဲ့ အမြန်ဆုံး ဆုံးဖြတ်ချက်ချပြီး တစ်နေရာကို အမှီ လှမ်းဆွဲရတော့တာပေါ့။ သူ့ရဲ့ ရွေးချယ်မှုကို ခါးပုံစ။ ပက်လက်လန်သွားတဲ့ လူတစ်ယောက်အတွက် ထိုးထွက်နေတဲ့ နေရာဆိုလို့ ခါးပုံစပဲ ရှိတာကိုး။ စပယ်ယာရဲ့ ဆုံးဖြတ်ချက် မှန်ကန်ပါတယ်။ ဒါပေမယ့် အဆုံးဖြတ်နဲ့ လုပ်ရပ် လွဲသွားတာကြောင့် ကောက်ချက်ကလည်း သောက်တလွဲ ဖြစ်သွားတယ်။ ခါးမှာ ထိုးထွက်နေတာ ခါးပုံစပဲပေါ့။ ဟုတ်တယ်။ ထိုးထွက်နေတဲ့ နေရာကို သူလှမ်းဆွဲလိုက်တာ မှန်ပေမယ့် ခါးပုံစ မဟုတ်မှန်း ပစ္စည်း လက်ဝယ်ရောက်မှ သူသိလိုက်ရတယ်။ ဟိုက် ... လွှတ်ချလိုက်ရမလား။ ဟိုကောင် ပက်လက်လန်ပြီး မာလကီးယား ဖြစ်သွားမယ်။ ကဲ မတတ်နိုင်ဘူး။ ကားဆရာကို အမြန်ဆုံး ရပ်ခိုင်းပြီး မရပ်မချင်းတော့ အဲဒါကြီး ဆွဲထားရုံပဲပေါ့။ ဘယ်တတ်နိုင်မလဲ။ စပယ်ယာရဲ့ မအီမလည် ဖြစ်နေတဲ့မျက်နှာ၊ ရှက်ကိုးရှက်ကန်း ဖြစ်နေတဲ့ ခရီးသည်ရဲ့ မျက်နှာကို မြင်နေရတော့ အသက်ဘေးဆိုတာတောင် မေ့ပျောက်ကုန်ပြီး အားလုံး တဝါးဝါးနဲ့ ရယ်ချပစ်လိုက်တော့တယ်။ ဘာကြီး ကိုင်မိသလဲဆိုတာ မပြောဘူးနော်။ ဆင်ဆာ။