လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

သူငယ်ချင်းကောင်း ယောက်ဖတို့ရေ ...

02 December 2008

ကျနော်တို့ သိပ်ကိုခင်တဲ့ သူငယ်ချင်း အချင်းချင်း ခေါ်ကြတဲ့အခါမှာ ယောက်ဖရေလို့ ခေါ်တယ်။ တချို့ကျ နှမချောလေး ရှိလို့ပေါ့။ တချို့ကျ မရှိပေမယ့် ခေါ်ရတာ ခံတွင်းတွေ့သလိုပဲ။ တကယ်တမ်း ပြန်စဉ်းစားကြည့်ရင် ကျနော်တို့ တစ်ယောက်ကိုတစ်ယောက် ခေါ်ကြပုံချင်း မတူကြဘူး။ တစ်ယောက်တည်းကိုပဲ တခြားသူတွေက တစ်မျိုးစီ ခေါ်ကြတယ်လေ။ တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံရာမှာ "ဘယ်သူရေ"၊ "ဘယ်ဝါရေ" ဆိုပြီး ရည်ညွှန်းခေါ်တဲ့ စကားလုံး အသုံးအနှုန်းတွေ အများကြီး ရှိပါတယ်။ အဲဒီလို စကားလုံးတွေကို ပါဠိလို အာလပန လို့ ခေါ်တယ်။ အာလုပ်စကားလို့ မြန်မာမှု ပြုထားကြတယ်။ ဘာသာဗေဒက Address Term လို့ ခေါ်ပါတယ်။

လူတိုင်းလူတိုင်း နေ့တိုင်းလိုလို အာလုပ်စကားတွေ သုံးပြီး ဆက်ဆံနေကြတာကို မြင်နိုင်ပါတယ်။ လူတစ်ယောက်က နောက်တစ်ယောက်ကို ခေါ်တဲ့အခါမှာ သုံးတဲ့ အာလုပ်စကားကို ကြည့်ရင် နောက်ကွယ်မှာ အင်မတန် သိမ်မွေ့တဲ့ လူမှုဆက်ဆံရေး သဘောတရားတွေ ထင်ဟပ်နေတဲ့အတွက် အင်မတန်မှ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ စဉ်းစားကြည့်ကြည့်လိုက်လေ။ အဖေလုပ်တဲ့သူကို သားသမီးတွေက အဖေ၊ ဖေဖေ၊ ဒယ်ဒီ၊ ပါပါး၊ ဖေကြီး လို့ အမျိုးမျိုး ခေါ်ကြတယ်။ သူငယ်ချင်းနှစ်ယောက် စိတ်လိုလက်ရ စကားပြောရင် သယ်ရင်း ဆိုပြီးခေါ်တယ်။ စိတ်ဆိုးရင်တော့ ဟဲ့ကောင် တဲ့။ ဒီထက် ပိုတင်လာရင်တော့ သေနာ ဆိုပြီး အာလုပ်ခေါ်တယ်။ ဒီတော့ အာလုပ်ကို မူတည်ပြီး ပြောတဲ့လူရဲ့ စိတ်ခံစားမှုကို သိနိုင်သလို ပြောသူနှစ်ယောက်ရဲ့ ခင်မင်မှု အတိုင်းအတာကိုလည်း မှန်းဆနိုင်တာပေါ့။

အာလုပ်စကားတစ်ခွန်းဟာ ခေါ်သူနဲ့ အခေါ်ခံသူတွေရဲ့ အသက်အရွယ် အနေအထား၊ လူမှုအဆင့်အတန်း အခြေအနေ၊ ရင်းနှီးမှု အတိုင်းအတာ၊ ကျားမ ကွဲပြားမှု၊ ခေါ်သူက အခေါ်ခံရသူ အပေါ် ထားတဲ့ သဘောထား စတာတွေကို သိမ်သိမ်မွေ့မွေ့လေး ထင်ဟပ်ပြနေပါတယ်။ မြန်မာတွေ နေ့စဉ် သုံးနေတဲ့ အာလုပ်စကားတွေကို လေ့လာကြည့်ရင် (၁) နာမည်၊ (၂) ဆွေးမျိုးစပ် အခေါ်အဝေါ် နှင့် (၃) အလုပ်အကိုင် ရာထူး အခေါ်အဝေါ်တွေမှာ မူတည်ပြီး အာလုပ်ပြုလေ့ရှိတယ် ဆိုတာ တွေ့ရတယ်။

အဖေ၊ အမေ၊ အစ်ကို၊ အစ်မ၊ ညီ၊ ညီမ၊ သား၊ သမီး၊ အဒေါ်၊ ဦးလေး၊ တူ၊ တူမ၊ အဘိုး၊ အဘွား၊ မြေး စသဖြင့် ဆွေမျိုးစပ် စကားတွေနဲ့ အာလုပ်ပြုပြီး ခေါ်လေ့ရှိတယ်။ ဖေဖေ၊ မေကြီး၊ ကိုကို၊ ညီညီ၊ မမ၊ သားသား၊ မီးမီး၊ ဦးဦး၊ ဒေါ်ဒေါ်၊ ဘိုးဘိုး၊ ဘွားဘွား၊ သားသားလေး၊ မီးကြီး၊ မီးငယ်၊ ကိုကိုကြီး စတဲ့ အသုံးအနှုန်းတွေကို ကြည့်ရင် ချစ်ခင် ရင်းနှီးတဲ့ အငွေ့အသက်တွေ အပြည့်အဝ ပါတဲ့ အာလုပ်စကားတွေလို့ လူတိုင်း ခံစားလို့ရမှာပါ။ အဖေနဲ့ သားက "ဖေဖေရေ" "သားရေ" လို့ အာလုပ်ပြုပေမယ့် ယောက္ခမနဲ့ သားမက်ကျတော့ "ယောက္ခမကြီးရေ" "သားမက်လေးရေ" လို့ သုံးတာ မတွေ့ရပါဘူး။ ကွယ်ရာတော့ ပြောကြမလား မသိဘူးနော်။ ဆွေမျိုး မတော်စပ်ကြပေမယ့် ခုနက ဆွေမျိုးစပ်စကားတွေကို သုံးပြီး အာလုပ်ပြုတတ်တဲ့ မြန်မာဓလေ့ကိုလည်း တွေ့နိုင်ပါတယ်။ အသက်အရွယ်ပေါ် မူတည်ပြီး အဘ၊ အဘိုး၊ အဘွား၊ ဦးလေး၊ အဒေါ်၊ အစ်ကို၊ အစ်မ၊ ညီလေး စတဲ့ အာလုပ်စကားတွေနဲ့ ရင်းနှီးတဲ့ သဘောကို ဆောင်ချင်လို့ သုံးကြတယ်။ ထူးဆန်းတာ တစ်ခုက အဘွားအရွယ်ကို "အဘွား"၊ အမေအရွယ်ကို "အမေ" လို့ ခေါ်တတ်ကြပေမယ့် အဖေအရွယ်ကို "အဖေ" လို့ ဘယ်သူမှ မခေါ်ကြဘူးလေ။

အလုပ်အကိုင် ရာထူး အခေါ်အဝေါ်နဲ့လည်း အာလုပ်ပြုပါသေးတယ်။ ဆရာ၊ ဆရာမ၊ ဒေါက်တာ၊ ဗိုလ်ကြီး၊ ရှေ့နေကြီး အပြင် ဒီဂျီ၊ အမ်ဒီ၊ ဂျီအမ်၊ ဘောစိ၊ မှူးကြီး စသဖြင့်လည်း အာလုပ်ပြုလေ့ရှိတယ်။ "တပည့်တော်" "ဆရာတော်ဘုရား" စတာတွေလည်း အကျုံးဝင်တာပေါ့။ အလုပ်အကိုင် အခေါ်အဝေါ်တွေကို နာမည်နဲ့တွဲပြီး "ဒေါက်တာလှရွှေ" "ဆရာကြီးဦးဖိုးကျား" "ဗိုလ်ကြီးကျော်လွင်" "သခင်မြ" စသဖြင့်လည်း အာလုပ်ပြု သုံးနှုန်းလေ့ရှိတယ်။ နာမည် တွဲဘက်လိုက်ရင်ပဲ အလုပ်သဘောထက် လူချင်း သိကျွမ်း ရင်းနှီးမှု သဘောကို ရွေ့လျားသွားတယ်လို့ ဆိုနိုင်ပါတယ်။

အာလုပ်စကားရဲ့ နောက်က တွဲလေ့ရှိတဲ့ ပစ္စည်းစကားတွေကလည်း စိတ်ဝင်စားဖို့ ကောင်းပါသေးတယ်။ "ရေ" "ရယ်" "ရာ" "ရ" တွေကို အသုံးများတယ်။ "မောင်မောင်ရေ" လို့ ခေါ်ရင် မောင်မောင်က ခပ်ဝေးဝေးမှာ ရောက်နေလို့ လှမ်းခေါ်မှန်း သိသာတယ်။ "ရယ်" ကတော့ တိုင်တည်တဲ့သဘော၊ တောင်းပန်တဲ့သဘော၊ ချော့မော့ ဖြေသိမ့်တဲ့ သဘောတွေ ပါဝင်ပါလိမ့်မယ်။ "ဟုတ်ပါတယ် ကိုကိုရယ်" ဆိုတဲ့ စကားမှာ တောင်းပန်၊ ချော့မော့၊ ဖြေသိမ့်တဲ့ လေသံ ပါနေပါတယ်။ "ရာ" ကတော့ ရင်းရင်းနှီးနှီး အားပါးတရ ပြောတဲ့ လေသံပါတယ်။ "ဟုတ်တာပေါ့ မောင်ရင်ရာ" "လိမ္မာစမ်းပါ ညီလေးရာ" ဆိုတဲ့ အသုံးတွေမှာ ရင်းနှီးတဲ့ အငွေ့အသက် အပြည့်အဝ ပါဝင်နေပါတယ်။ "ရ" ကလည်း အားနဲ့ မာန်နဲ့ တရင်းတနှီး ပြောတဲ့သဘော ပါပါတယ်။ "ဟုတ်တယ် ကိုရင်လေးရ" "လုပ်ပါ့မယ် မမရ" ဆိုတဲ့ စကားတွေမှာ ဒီသဘောတွေ ထင်ဟပ်နေပါတယ်။

နေ့တိုင်းလိုလို ပြောဆိုနေကျ စကားလုံးတွေ အကြောင်းအရာတွေ ဖြစ်နေတော့ အထူးအဆန်းတော့ မဟုတ်ပါဘူး။ လူတိုင်း သိပြီးသား ကိစ္စလို့ ပြောလို့ရပေမယ့် စနစ်တကျ လေ့လာစူးစမ်းမှု မပြုဖြစ်ကြတဲ့ အကြောင်းတွေလည်း ဖြစ်ပါတယ်။ ဘာသာစကား တစ်ခုမှာ မရှိမဖြစ် မပါမဖြစ်တဲ့ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်တာကြောင့် စနစ်တက် စူးစမ်းလေ့လာဖို့ သင့်တဲ့ နယ်ပယ်တစ်ခုလည်း ဖြစ်ပါတယ်။ ဘာသာဗေဒ ပညာရှင်တွေအတွက် တကယ့်ကို လေ့လာစရာတွေ ကျန်ရှိနေပါသေးတယ်။ အခုလို အာလုပ်စကားနဲ့ ပတ်သက်ပြီး စာအုပ်တစ်စောင် ကျမ်းတစ်စောင်အနေနဲ့ တစ်ခါမှ မမြင်ဖူး မဖတ်ဖူးပါဘူး။ ရှိတာ သိတဲ့သူ ရှိရင်လည်း ညွှန်ပြပေးပါဦးလို့ ပြောကြားရင်း ...

မောင်ခင်မင် (ဓနုဖြူ) ၏ 'မိန်းမယောက်ျား ထိုစကား' စာအုပ်မှ ကိုးကားတင်ပြသည်။