လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။
1.618 (The Golden Number)
16 December 2008
ပို့စ်ခေါင်းစဉ်ကို ကြည့်ပြီး ကျနော့ကို ဂဏန်းပေးတယ် ထင်နေဦးမယ်။ လက်မှုပညာလို့ ခေါ်တဲ့ ပန်းချီ၊ ပန်းပုမှာ ဒီဂဏန်းကို မကင်းနိုင်သလိုပဲ၊ ဂီတ ဆိုပြန်ရင်လည်း မပါလို့ မဖြစ်ပြန်ဘူး။ ဒါတင်လား ဆိုတော့ ဗိသုကာ ပညာအပြင် အလှအပနဲ့ သက်ဆိုင်တဲ့ ပညာရပ်မှန်သမျှက အဲဒီ ဂဏန်းနဲ့ ကင်းမနေဘူး။ ဂဏန်းဆိုတာထက် တန်ဖိုးတစ်ခုလို့ ပြောရင် ပိုကောင်းလိမ့်မယ်။ အဲဒီလောက် အဖိုးတန်လှတဲ့ ဂဏန်းမို့ ပညာရှင်တွေက Golden Number တဲ့။ ရွှေရောင်ဂဏန်းပေါ့။ ဒီတန်ဖိုးတစ်ခုက ကြီးကြီးကျယ်ကျယ် ဘာဖြစ်လို့များ အဲဒီလောက် အရာရောက်နေတာလည်း ဆိုတာ စာဖတ်သူအနေနဲ့ အတော်လေး သိချင်နေပြီထင်တယ်။ ခပ်ရှင်းရှင်း ပြောရရင်တော့ ဒီဂဏန်းရဲ့ တန်ဖိုးဟာ အချိုးအစား ကျနခြင်းရဲ့ သင်္ကေတပါ။ ကဲ ခပ်ရှင်းရှင်းနဲ့ နားမလည်ရင် ခပ်ရှုပ်ရှုပ် ပြောကြစို့။
ကျနော်တို့ အလှတရားကို စာဖွဲ့ကြရအောင်။ ကျနော် မေးခွန်းတစ်ခု အရင်မေးမယ်။ ကျနော်တို့ လူတစ်ယောက်ကို သယ်လှပါလားလို့ ချီးကျူးမိခဲ့ရင် ပြန်စဉ်းစားကြည့်ပါ။ ဘာကြောင့် အဲဒီလို ချီးကျူးမိပါလိမ့်လို့။ ဘာတွေကို ကြည့်ပြီး လှတယ်လို့ ပြောတာလဲ။ ကျနော်တို့ လူတစ်ယောက်ကနေပဲ စပြီး ချဉ်းကပ်ကြည့်ရအောင်။ ကဲ ... သေချာ စဉ်းစားကြည့်စေချင်တယ်။ သယ်ချော ၊ သယ်လှ ဆိုတဲ့ လူတစ်ယောက်ကို ဘာကြောင့် အဲဒီလို သက်မှတ်လိုက်တာလဲ။ အသားအရေ ပြေပြစ်လို့၊ ဝင်းဝါလို့၊ အရိုးအဆစ် ပြေပြစ်လို့၊ ဘော်ဒီ မိုက်လို့၊ စသဖြင့် စသဖြင့်ပေါ့။ အဖြေတွေ ပေါင်းစုံနေမယ် ထင်တယ်။ အတွေးခေါ် ပညာရှင်တွေက အဲဒီ အဖြေပေါင်းစုံကို စီစစ်ပြီး ယေဘုယျ အကျဆုံး အချက်နှစ်ချက်ကို ဆွဲထုတ်ပြတယ်။ လှပခြင်းရဲ့ သဘောတရားပေါ့။ အကြောင်းရပ် (၁) က ဘက်ညီ (Symmetry) လို့တဲ့။ ဥပမာ ကျနော်တို့ လူတစ်ယောက်ရဲ့ မျက်နှာကို နှာခေါင်းတလျှောက် စိတ်မှန်းနဲ့ ဒေါင်လိုက် ဖြတ်ချပြီး ဘယ်ဘက်မျက်နှာနဲ့ ညာဘက်မျက်နှာ ထပ်ခေါက်ကြည့်ပါ။ ထပ်တူညီနေမယ်ဆိုရင် အဲဒီမျက်နှာက လှတယ်တဲ့။ သဘောက မျက်လုံးတစ်ပေါက်က ကျယ်ပြီး နောက်တစ်ပေါက်က ကျဉ်းနေရင် ထပ်တူမကျလို့ သေချာတယ် လုံးဝ ကြည့်လို့ မလှဘူး။ လုံးဝ ထပ်တူညီဖို့ ဆိုတာ မဖြစ်နိုင်ပေမယ့် ထပ်တူညီလေ ကြည့်လို့ ကောင်းလေပဲတဲ့။ အသားအရေ ချောမွတ်ခြင်းကလည်း ဘက်ညီမှု ရှိနေတာကြောင့်လို့ ဆိုပါတယ်။ အလှတရားကို ဒီတစ်ချက်နဲ့တင် စာတင်လို့ ရသလားဆိုတော့ မရပြန်ဘူး။ ဘက်ညီရုံနဲ့ လှပဖို့ဆိုတာ မလုံလောက်ဘူး။ အချိုးအစား ကျရဦးမယ်။ ဒါ ဒုတိယ အချက်။ မျက်နှာ နှစ်ဖက်လုံးမှာ ပါးစောင်းရိုးမောက်နေတာ ဘက်ညီတယ်လို့ ပြောလို့ရပေမယ့် အဲလို မျက်နှာပိုင်ရှင်မျိုးကို လှတယ်လို့ မခေါ်နိုင်တာ အချိုးအစား မကျလို့ပါပဲ။ ဒါဆို ကျနော်တို့ သိဖို့ လိုလာတာက ဘယ်လို အနေအထားမျိုးဆို အချိုးစား ကျတယ်ခေါ်မလဲ။ အဲဒီ အဖြေကို ရဖို့အတွက် စောနက ဂဏန်းကို ကျနော်တို့ ပြန်ပြောရတော့မယ်။

ပုံမှာ မြင်ရတဲ့ စတုဂံဟာ
AB / AP = AB / AD = AP / PB = 1.618
ဆိုရင် အဲဒီ စတုဂံဟာ အင်မတန် အချိုးကျတဲ့ စတုဂံလို့ ပညာရှင်တွေက လက်ခံယုံကြည်ကြတယ်။ အဲဒီ တန်ဖိုး ဘယ်လို ရသလဲ ဆိုတာ တွက်ကြည့်ချင်တဲ့ သင်္ချာဝါသနာရှင်အတွက် လမ်းစလေး တစ်ခု ပေးလိုက်ပါမယ်။ တကယ်လို့ AB = 1 လို့ ယူပြီး PB = x အဖြစ်နဲ့ ယူလိုက်ရင် အဖြေရလာပါလိမ့်မယ်။ အဲဒီ အချိုးအစားကို အသုံးချ ဆောက်ထားပြီး အစောဆုံး မြင်နိုင်တဲ့ အဆောက်အဦးကတော့ အီဂျစ်တွေရဲ့ ပိရမစ်ပါ။ ဘယ်လို ကြည့်ကြည့် အချိုးကျနေတာ ဒီအချိုးကို သုံးထားလို့ပေါ့။ နောက်ပိုင်း Phidias (500 BC - 432 BC) ဆိုတဲ့ ဂရိ ဆောက်လုပ်ရေး နဲ့ သင်္ချာပညာရှင်ဟာ ပြန်လည်တွေ့ရှိပြီး အေသင်မြို့ အက်ခရိုပိုလစ်တောင်ကုန်းမှာ ပါသီနွန် Parthenon ဆိုတဲ့ အဆောက်အဦးကို ဆောက်လုပ်ခဲ့ပါတယ်။ အောက်က ပုံကို လေ့လာကြည့်ပါ။
အဲဒီ အချိုးအစအတိုင်း မျဉ်းကြောင်း တစ်ကြောင်းကို အပိုင်းနှစ်ခု အနေနဲ့ ဖြတ်ထားမယ် ဆိုရင်လည်း အဲဒီ အပိုင်းနှစ်ပိုင်းရဲ့ အကွာအဝေးဟာ အင်မတန်မှ အချိုးကျနေပါတယ်။ အဲဒီလို အပိုင်းကို Golden Section ရွှေဖြတ်စလို့ တင်စား ခေါ်ဝေါ်ကြတယ်။ အောက်မှာ ပြထားတဲ့ ပုံကို ကြည့်ကြည့်ပါ။
ဒီ အချိုးအစားနဲ့ အကွားအဝေးတွေကို နှိုင်းယှဉ်တွက်ချက်ပြီး နေရာချထားတဲ့ ပစ္စည်းတွေ မျက်စိပသာရ သင့်မသင့် ချင့်ချိန်ကြည့်လို့ ရပါတယ်။
ကဲ ကျနော်တို့ အဲဒီ ဂဏန်းနဲ့ လူတစ်ယောက်က အလှအပနဲ့ အချိုးကျမှုနဲ့ ဘယ်လို ပတ်သက်သလဲဆိုတာ ပြန်ကောက်ကြရအောင်။ လူ့မျက်နှာကို အရင် စဆွေးနွေးမယ်။ လူ့မျက်နှာမှာ မျက်စိ၊ နား၊ နှာခေါင်း၊ ပါးစပ်ပေါက် ဆိုတဲ့ အင်္ဂါတွေ ပါပါတယ်။ အဲဒီ အစိတ်အပိုင်းတွေ သူ့နေရာနဲ့ သူ ရှိမှ ကြည့်သူရဲ့ မျက်စိထဲမှာ အချိုးကျတယ်လို့ မြင်မယ်။ ဒါမှလည်း လှတယ်လို့ ယူဆလိုက်ကြတယ်။ အချိုးကျတယ် ဆိုတဲ့ မျက်နှာပိုင်ရှင်တွေရဲ့ အင်္ဂါအစိတ်အပိုင်း အသီးသီးက အထက်က တင်ပြခဲ့တဲ့ အချိုးကျတဲ့ အကွားအဝေး ရှိနေရမယ်။ အချိုးရှာလိုက်ရင် 1.618 ရှိရမယ်ပေါ့။ နီးစပ်လေ ကြည့်လို့ကောင်းလေပါ။ အောက်က ပုံကို ကြည့်ပါ။ အချိုးကျတဲ့ မျက်နှာပိုင်ရှင်ရဲ့ မျက်နှာကို ကျနော် တိုင်းတာပြပါမယ်။
၁။ မျက်နှာရဲ့ အမြင့် နဲ့ ခွင်အကျယ်ဟာ အချိုးအဆ ၁.၆၁၈ .... ရှိရမယ်။
၂။ မျက်နှာရဲ့ အမြင့် နဲ့ မေးစေ့ကနေ မျက်ခုံးအထိ အမြင့်
၃။ မေးစေ့ကနေ မျက်လုံးအထိ အကွာအဝေး နဲ့ နှာခေါင်းအထိ အကွာအဝေး
၎။ မျက်စိကနေ မေးစေ့အထိ အကွာအဝေး နဲ့ နှုတ်ခမ်းအထိ အကွာအဝေး
၅။ မေးစေ့ကနေ ပါးစပ်အထိ အကွာအဝေး နဲ့ မေးစေ့အဆုံးအထိ အကွာအဝေး
ကဲ ... အချိုးအစားကျတဲ့ မျက်နှာပိုင်ရှင် ဟုတ်မဟုတ်ဆိုတာ ကိုယ့်ဖာသာပဲ တိုင်းကြည့်ပေတော့။
နေဦး။ အချိုးအစားကျတဲ့ ခန္ဓာကိုယ် ပိုင်ရှင်အကြောင်း ဆက်ပြောကြဦးစို့။ အချိုးစားကျတဲ့ ခန္ဓာကိုယ်ပိုင်ရှင် ဟုတ်မဟုတ် ဆိုတာလည်း အောက်မှာ ပြထားတဲ့ အကွာအဝေး အချိုးတွေဟာ ၁.၆၁၈ နဲ့ နီးစပ်လေလေ အချိုးကျလေလေပါတဲ့။ လက်တံရှည်နေလို့၊ ဂွတိုနေလို့၊ လည်ပင်းရှည်နေလို့ ဆိုတဲ့ အကြောင်းပြချက်တွေကို ခဏ ဖယ်ထားပြီး သိပ္ပံနည်းကျတဲ့ အကြောင်းပြချက်ဖြစ်တဲ့ ၁.၆၁၈ အချိုး မရှိလို့ ဆိုတဲ့ အကြောင်းရင်းနဲ့ ကိုင်ပြီး ပြောလို့ ရအောင် ဆက်လေ့လာကြည့်ပါဦး။ ပုံနဲ့တကွ ရှင်းပြလိုက်ပါတယ်။
၁။ လူရဲ့ အရပ် နဲ့ ခေါင်းကနေ ပေါင်ဂွကြား အကွာအဝေးဟာ အချိုးအဆ ၁.၆၁၈ ... ရှိရမယ်။
၂။ ငယ်ထိပ်ကနေ ပေါင်ဂွကြားအထိ အကွာအဝေး နဲ့ ချက်အထိ အကွာအဝေး
၃။ ငယ်ထိပ်ကနေ ချက်အထိ အကွာအဝေး နဲ့ ရင်ညွှန့်အထိ အကွာအဝေး
၎။ ငယ်ထိပ်ကနေ ရင်ညွှန့်အထိ အကွာအဝေး နဲ့ မေးစိထိပ်အထိ အကွာအဝေး
၅။ ငယ်ထိပ်ကနေ ချက်အထိ အကွာအဝေး နဲ့ ပုခုံးထိပ်နှစ်ဖက် အကွာအဝေး
၆။ ငယ်ထိပ်ကနေ ချက်အထိ အကွာအဝေး နဲ့ တဒေါင်ဆစ်ကနေ လက်ဖျားထိပ် အကွာအဝေး
၇။ ပုခုံးအကျယ် နဲ့ ခါးအကျယ်
လူတွေမှာတင် ဒီအချိုးနဲ့ ရှိနေသလား ဆိုတော့ မဟုတ်ပါဘူးတဲ့။ သတ္တဝါတွေမှာလည်း ဒီလို အချိုးတွေနဲ့ ရှိနေပါတယ်။ အကုန် လျှောက်ပြောနေရင် ကျမ်းတစ်စောင်ရေးနေရတော့မယ်။ ထပ်ပြီး ဖတ်ချင်သူတွေအတွက် Web Site ညွှန်းပေးလိုက်ပါတယ်။ နောက်ပြီး ဒီအချိုးက မျဉ်းကွေးတွေ ဆွဲတဲ့နေရာမှာလည်း အတော်ကို အသုံးဝင်ပါတယ်။ ခရုခွံရဲ့ ကွေးပုံမျိုးဟာ ဘာကြောင့် ကြည့်လို့ လှနေသလဲဆိုတာက ဒီအချိုးနဲ့ ရှင်းပြလို့ ရပါတယ်။ အကြီးကျယ်ဆုံးအထိ ပြောရရင် စကြာဝဠာ တည်ဆောက်ပုံကအစ ဒီအချိုးနဲ့ ကင်းလို့ မရဘူးတဲ့။ ဝါသနာကြီးရင် ဆက်ပြီး ဖတ်ရှုကြည့်ပေတော့။ ကျနော်တို့ လှယဉ်ကျေးမယ်တွေရဲ့ ခန္ဓာ အချိုးအစားက ရင်၊ ခါး၊ တင် ၃၆၊ ၂၃၊ ၃၆ ရှိကြတာ များတယ်။ ကျနော်တို့ ကြည့်တဲ့သူအနေနဲ့ အိုကေမှ စိုပြေပဲ။ ကဲ သင်္ချာနည်းကျကျ ချတွက်ကြည့်လိုက်တော့ ရင် - ခါး အချိုးနဲ့ တင် - ခါး အချိုးက ၁.၅၆၅ ရှိနေတယ်။ ၁.၆၁၈ ဆိုတဲ့ ရွှေအချိုးနဲ့ အင်မတန်မှ နီးစပ်နေတော့ ရှုချင့်စဖွယ် ဖြစ်နေတာ မစမ်းပါဘူးဗျာ။
အော် မေ့လို့။ အဲဒီ တန်ဖိုးကို ဖိုင် (Phi) လို့ ခေါ်ပါတယ်။ သင်္ကေတကတော့ အာလူးတုတ်ထိုး နဲ့ တူတဲ့ အပေါ်ဆုံးပုံပါ။ ဒသမ ဆယ်နေရာနဲ့ ယူပြရရင် တန်ဖိုးက 1.6180339887 ရသဗျ။

Further Reading :
- အနုစိတ်သိသမျှ ရုပ်လောက - ဘိုးလှိုင်
- Golden Ratio (Wiki)
- GoldenNumber.Net
ဤပို့စ်အား Tuesday, December 16, 2008 နေ့တွင် ရေးသားထားပြီး
ပညာရပ်ဆိုင်ရာ
နာမည်ဖြင့် အညွှန်း သက်မှတ်ထားပါသည်။
ကွန်းမန့်များအား အချိန်နှင့် တပြေးညီ သိလိုလျှင် RSS 2.0 ဖြင့် တောင်းဆို၍ ရယူနိုင်သည်။
လာရင်းနေရာ သို့ ပြန်လည် သွားရောက်နိုင်ပါသည်။
Tuesday, December 16, 2008
|
စာညွှန်း
ပညာရပ္ဆိုင္ရာ