လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

Yahoo Pipe ဖြင့် Blog list တစ်ခု ဖန်တီးခြင်း

20 November 2008



Acknowledgement :

တစ်နေ့က မျက်လုံးနဲ့ လက်ဘက်ရည်ဆိုင် ထိုင်ကြရင်း ဘလော့ဂ်အကြောင်း ပြောကြရင်းနဲ့က Blog List အကြောင်း ရောက်သွားခဲ့တယ်။ ကျနော် Blogger ရဲ့ Blog List လုပ်ရတာ သိပ်ဘဝင်မကျတဲ့အကြောင်း ပြောပြတော့ မျက်လုံးက Blog List ကို စိတ်တိုင်းကျ လုပ်ချင်သလို လုပ်လို့ရကြောင်း နည်းလမ်း ဖတ်ဖူးကြောင်း ပြောတော့ ကျနော် အရမ်း ဝမ်းသာသွားတယ်။ ဒါနဲ့ သူ့ကို မေးကြည့်တော့ အတိအကျတော့ သူလည်း မေ့နေပြီ။ WeSheMe ရေးထားတာကို DeGoLar က ပြန်ညွှန်းရေးထားတာတော့ မှတ်မိတယ်လို့ ပြောပါတယ်။ WeSheMe ရေးထားတာတော့ ကြာပြီ။ DeGoLar ရေးထားတာတော့ နှစ်လလောက်ပဲ ရှိသေးတယ်တဲ့။ ဒါနဲ့ ကျနော်လည်း အိမ်ပြန်ရောက်တာနဲ့ DeGoLar ရဲ့ ဘလော့ဂ်ကို ပြေးပြီး အဲဒီပို့စ်ကို ရှာဖတ်ပါတော့တယ်။ သူ့ပို့စ်မှာ အတိအကျ ရှင်းမပြထားတာကြောင့် သူပြန်ညွှန်းထားတဲ့ WeSheMe ရဲ့ ပို့စ်ကို ထပ်ပြေးဖတ်လိုက်မိတယ်။ ကျနော် စမ်းကြည့်လိုက်တော့ အတော်လေး အဆင်ပြေပြီး လုပ်ချင်သလို လုပ်လို့ရတာ တွေ့ရတော့ အတော်လေး ဝမ်းသာသွားတယ်။ ဒါပေမယ့် ဘာလို့ ဘလော့ဂ်တွေမှာ မတွေ့ရတာလဲလို့ ပြန်တွေးမိပြီး လုပ်နည်း ပြန်တင်လိုက်ဦးမယ်လို့ စိတ်ကူးလိုက်မိတယ်။ ဒီပို့စ်ဖြစ်မြောက်ဖို့ အဓိက WeSheMe နဲ့ DeGoLar ကို ကျေးဇူးတင်သလိုပဲ ညွှန်ပြပေးတဲ့ သယ်ရင်း မျက်လုံးကိုလည်း အထူးအထူး ကျေးဇူးတင်ကြောင်း .....

Yahoo Pipe ရဲ့ အားသာချက်က ကျနော်တို့ ထည့်ချင်သလောက် Feed အရေအတွက် ထည့်လို့ရပါတယ်။ နောက်ပြီး တစ်ဘလော့ဂ်ကို တစ်ပို့စ်ပဲ ပေါ်ချင်တယ်။ ဒါမှမဟုတ် ၅ ပို့စ် ပြချင်တယ် ဆိုပြီး ကြိုက်သလို စီမံလို့ရသလိုပဲ၊ ကြီးစဉ်ငယ်လိုက်လား ငယ်စဉ်ကြီးလိုက်လား အဆင်ပြေသလို စီလို့ရတယ်။ ရက်စွဲနဲ့ စီမလား၊ ခေါင်းစဉ်နဲ့ စီမလား၊ ဘလော့ဂါနာမည်နဲ့ စီမလား ကြိုက်သလို ကြီးစဉ်ငယ်လိုက် စီလို့ ရသဗျာ။ နောက်ပြီး Programming အနည်းအကျဉ်း နားလည်တဲ့သူအတွက် အတော်လေး ကလိလို့ကောင်းကြောင်း ထောက်ခံပါရစေ။ အဓိက ကြိုက်တဲ့အချက်က Idea ကွန့်မြူးရင် ကွန့်မြူးသလောက် လုပ်နိုင်တယ်လို့ ပြောရင်း ဘယ်လို လုပ်ရမလဲ ဆိုတာကို စပြောကြရအောင်။

ကျနော် ထုံးစံအတိုင်း လေ့ကျင့်ခန်း တစ်ခုနဲ့ ရှင်းပြချင်ပါတယ်။ မရှင်းပြခင် သိထားသင့်တာ တချို့က
  1. အခု ရှင်းပြမယ့် URL တွေက Blogspot ကိုပဲ ရည်ညွှန်းပါတယ်။ Wordpress ဆိုရင် feed က တစ်မျိုးဖြစ်နိုင်ပါတယ်။
  2. အရိုးရှင်းဆုံးနဲ့ အခြေခံကို မြင်သာအောင် ပြချင်တာကြောင့် Function များများစားစား မထည့်တော့ပါဘူး။ အခြေခံလောက်ပေါ့။ ကျန်တာ ကိုယ့်ဖာသာ ဆက်ပြီး ကလိပါလေ။
  3. Yahoo Pipe ဟာ Flow Chart ဆွဲသလို Diagram ပုံနဲ့ Program တစ်ပုဒ် ဖန်တီးခြင်းပါ။ လိုချင်တဲ့ Function ကို Drag & Drop ဆွဲယူပြီး ထည့်ပေးရပါမယ်။
  4. Yahoo Pipe မှာ Diagram ပုံတစ်ပုံ ဖန်တီးယူပြီး အဲဒီ Diagram ရဲ့ result ကို Javascript နဲ့ Blogger မှာ ယူသုံးပါ့မယ်။
မရှင်းဘူးလား။ ကိစ္စ မရှိပါဘူး။ အောက်မှာ ပြောမယ့် လေ့ကျင့်ခန်းကို တစ်ဆင့်ချင်း လိုက်လုပ်ကြည့်ပါ။


Yahoo Pipe တွင် Diagram တစ်ခု တည်ဆောက်ခြင်း


အရင်ဆုံး Yahoo Pipe ကို ခေါ်ပါ့မယ်။ သိပ်သေချာတာပေါ့။ ကျနော်တို့ အကောင့်တစ်ခု လုပ်ရမယ်။ တကယ်လို့ Yahoo Account ရှိပြီးသားသူ ဆိုရင်တော့ အဲ့အကောင့်နဲ့ ဝင်လိုက်ပါ။ Log In လုပ်ပြီးပြီဆိုရင် အပေါ်ဆုံး Menu မှာ Create a pipe ဆိုတာ ရှိပါတယ်။ ဝင်လိုက်ပါ။ ဒါဆို Diagram Editor ကျလာပါမယ်။ ဘယ်ဘက်အခြမ်းကို ကြည့်လိုက်ပါ။ Sources ရဲ့ အောက်မှာ အပေါင်းလက္ခဏာနဲ့ အများကြီး တွေ့ရပါမယ်။ ကျနော်ရဲ့ လေ့ကျင့်ခန်းအရ Fetch Feed ကို ရွေးပြီး ညဘက်က Editor ထဲ ဆွဲထည့်လိုက်ပါ။ ဒါမှမဟုတ် အပေါင်းလက္ခဏာ နှိပ်လိုက်ပါ။ ကျန်တာတွေက ဘာလဲလို့ မေးလာရင် ပွင့်ပွင့်လင်းလင်း ပြောပါ့မယ်။ ကျနော်လည်း မသိသေးပါဘူး။ အိုကေ Fetch Feed နာမည်နဲ့ Box တစ်ခု ကျလာပြီး အောက်မှာ + URL ဆိုတာတွေ့ပါမယ်။ သူ့အောက်မှာတော့ အနုတ်လက္ခဏာနဲ့ ဘေးမှာ Text Box တစ်ခု ရှိပါမယ်။ အဲဒီ Text Box ထဲမှာ URL (Blog Address) ထည့်ပေးရမယ်။ ထည့်ထားတာ ဖျက်ပစ်ချင်ရင်တော့ ဘေးနားက အနုတ်ကို နှိပ်လိုက်ပါ။

URL ထည့်တဲ့ အခါမှာ http://pikay.myanmarbloggers.org ဆိုပြီး ခပ်ရှင်းရှင်း ထည့်လိုက်လို့ရပါတယ်။ ကျနော်က ဒီ ဥပမာမှာ နည်းနည်းလေး ကွန်ချင်တယ်။
  1. ပို့စ်တွေကို ပြချင်တယ်။ /feeds/posts (တကယ်လို့ ကွန်းမန့်တွေပဲ ပြချင်ရင် /feeds/comments)
  2. နဂို သက်မှတ်ထားတဲ့အတိုင်း ပို့စ်ကို ပြမယ်။ /default
  3. အဲဒီ ဘလော့ကနေ နောက်ဆုံး နှစ်ပို့စ်ပဲ ပြမယ်။ ? max-results=2
ဒီတော့ http://pikay.myanmarbloggers.org/feeds/posts/default? max-results=2 ဖြစ်သွားတယ်။ အဲဒီစာအတိုင်း URL Text Box မှာ ထည့်ပေးပါ။
နောက် ဘလော့ဂ်တစ်ခု ထပ်ထည့်ချင်သေးရင် URL ဘေးက + ကို နှိပ်လိုက်ပါ။ အိုကေ .. ကျနော် ဒီမှာ လင့်ခ် ငါးခု ထည့်ထားပါတယ်။

ကျနော် လုပ်ချင်တာက ခုနက ကျနော် ထည့်ထားတဲ့ ဘလော့ဂ် ငါးခုကြောင့် ပို့စ် ၁၀ ပုဒ် ရလာမယ်။ အဲဒီ ပို့စ် ဆယ်ပုဒ်ကို တင်တဲ့နေ့ပေါ် မူတည်ပြီး စီချင်တယ်။ နောက်ဆုံးတင်ထားတဲ့ ပို့စ်ကို အရင်ဆုံး မြင်ချင်တယ်။ ဒီတော့ Sorting လုပ်ရမယ်။
ဘယ်ဘက်က တတိယ တြိဂံတုံးဘေးမှာ Operators ဆိုတာ မြင်ရမယ် ထင်တယ်။ နှိပ်လိုက်ပါ။ ကျလာတဲ့ အထဲက ရှစ်ခုမြောက်မှာ Sort ရှိပါတယ်။ ကလစ်ဖိပြီး Editor ထဲ ဆွဲသွင်းလိုက်ပါ။ စာဖတ်သူတွေ သတိထားမိမလား မသိဘူး။ ခုနက ပြောတဲ့ Fetch Feed ဆိုတဲ့ Box ရဲ့ အောက်ဘက် အလယ်နားမှာ အလုံးလေး တစ်လုံး ရှိပါတယ်။ အခု ထည့်ထားတဲ့ Sort ဆိုတဲ့ Box ရဲ့ အပေါ်နဲ့ အောက်၊ အလယ်မှာလည်း အလုံးလေး တစ်လုံးစီ ရှိပါတယ်။ Pipe Output ဆိုတာရဲ့ အပေါ်ပိုင်း အလယ်မှာလည်း အလုံး တစ်လုံး ရှိပါတယ်။ Fetch Feed, Sort, Pipe Output ဆိုပြီး အထပ်အောက် စီပေးပါ။ နောက်ပြီး Fetch Feed အောက်က အလုံးကို ကလစ်ဖိပြီး မလွတ်ဘဲ ဆွဲလိုက်ရင် ပိုက်လိုင်းတစ်လိုင်း ပါလာပါလိမ့်မယ်။ အဲဒီ ပိုက်ကို မလွတ်တမ်း Sort ရဲ့ အပေါ်နားက အလုံးထိ ရောက်အောင် ဆွဲပြီးမှ လွတ်လိုက်ပါ။ ဒါဆို Fetch Feed နဲ့ Sort နဲ့ ဆက်သွားတာ တွေ့လိမ့်မယ်။ အဲဒီလိုပဲ Sort နဲ့ Pipe Output နဲ့ ဆက်ပေးပါ။ အဲဒီလို ဆက်ပြီးတာနဲ့ Sort Box အထဲမှာ စာတွေ ပေါ်လာပါလိမ့်မယ်။ + Sort by ရဲ့ အောက်မှာ အနုတ်လက္ခဏာနဲ့ Combo Box ရှိပါတယ်။ ဘေးနားက မြားကို နှိပ်ပြီး item.published ကို ရွေးပေးပါ။ တင်ထားတဲ့ ရက်ကို လိုချင်လို့ပါ။ နောက်ပြီး Order ကို descending ရွေးပါ။ ကြီးစဉ်ငယ်လိုက် စီချင်လို့။

အိုကေ ဒီလောက် ဆိုရင် ပိုက်ဆက်လို့ ပြီးသွားပါပြီ။ အလုပ်ဖြစ်မဖြစ် အကြမ်း သိချင်ရင် ပုံရဲ့ အောက်ဘက်မှာ Refresh ဆိုတာ ရှိတယ်။ နှိပ်လိုက်လို့ ပို့စ်ခေါင်းစဉ်တွေ ပေါ်လာရင် အလုပ်ဖြစ်ပါပြီ။ ဒါဆို ညာဘက် အပေါ်က Save ကို နှိပ်လိုက်ပါ။ အဆင်ပြေတဲ့ နာမည်ပေးလိုက်ပါ။ Save ပြီးသွားရင်တော့ အပေါ်ဘက် အလယ်မှာ Run Pipe ဆိုတဲ့ လင့်ခ်ကို နှိပ်ပြီး ရလဒ်ကို ကြည့်လို့ရပါတယ်။ ရလဒ်ကို ကြည့်ပြီး Pipe ပြင်ချင်သေးတယ် ဆိုရင်တော့ ဘယ်ဘက် အောက်မှာ Edit Source ဆိုတာ နှိပ်ပြီး ဝင်ပြင်နိုင်ပါတယ်။ Browser ရဲ့ Address Bar ကို ကြည့်လိုက်ပါ။ http://pipes.yahoo.com နဲ့ စပြီး နောက်နားမှာ ?_id= ဆိုပြီး အက္ခရာ (၂၂) လုံး တွေ့ပါလိမ့်မယ်။ အဲဒါ Diagram ID ပါ။ မှတ်ထားပေးပါ။ အိုကေ ... ဒါဆို ဘလော့ဂ်ပေါ် ဘယ်လို တင်မလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်။

Blog တွင် Yahoo Pipe ထည့်ခြင်း

ပထမဆုံး အနေနဲ့ Javascript Function တွေ သုံးဖို့အတွက် အရင် ကြေငြာပေးရပါမယ်။ Layout >> Edit HTML ကို သွားပြီး </head> ရဲ့ အပေါ်နားမှာ အောက်က စာကြောင်း နှစ်ကြောင်း ထည့်ပေးပါ။

<script src='http://h1.ripway.com/phyoekyaw/FeedPeek.js' type='text/javascript'/>
<script src='http://h1.ripway.com/phyoekyaw/Library.js' type='text/javascript'/>

နောက်ပြီး Layout >> Page Elements မှာ Add a Gadget ကို နှိပ်ပြီး HTML/Javascript ကို ရွေးပေးပါ။ နောက်ပြီး အောက်က စာကြောင်းကို ကူးထည့်ပေးပါ။

<script src="http://pipes.yahoo.com/pipes/pipe.run?_id=Mg4ZUoO13RGkz43cbbsjiw&_render=json&_callback=feedPeek"></script>

မှတ်ချက် .... အနီရောက်နေရာမှာ အထက်က မှတ်ခိုင်းထားတဲ့ ကိုယ့်ရဲ့ Diagram ID ကို ထည့်ပေးပါ။ Save လိုက်ပြီး Blog ကို ဖွင့်ကြည့်လိုက်ပါ။ အားလုံး အာသီသ ဆန္ဒ အလို တောင့်တ နေတဲ့ Blog List တစ်ခု ရလာပါလိမ့်မယ်။

Function တစ်ခုချင်းစီ ရှင်းမပြတော့တာ ကျနော် မစမ်းကြည့်ရသေးတာလည်း ပါသလို အဲလောက် ရှင်းပြနေစရာ မလိုတဲ့ ဦးနှောက်ပိုင်ရှင်တွေလို့ ယုံကြည်ထားလို့ပါ။ (အဟီး ... မရေးချင်တော့တာနဲ့ မြှောက်ပစ်လိုက်ပြီ) ကိုယ့်ဖာသာပဲ တစ်ခုချင်းစီ အားရပါးရ စမ်းကြည့်ကြပေတော့လို့ပဲ အားပေးပါရစေ။


အဆင်ပြေပါစေဗျာ။