လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

သြားလာလႈပ္ရွား ...

06 October 2008

ကျနော်တို့ မြန်မာနိုင်ငံမှာ ကြီးပြင်းပြီး မြန်မာရေသောက်၊ မြန်မာစကား ပြောနေကြတော့ တချို့ အသုံးအနှုန်းတွေကို ဘာလို့ ဒီလိုသုံးတာလဲလို့ မေးလာရင် မဖြေတတ်တဲ့သူ များပါတယ်။ ခက်တာက မြန်မာအချင်းချင်း ဘာလို့ ဒီလိုသုံးတာလဲလို့ ဘယ်သူမှ မေးမှာ မဟုတ်ဘူး။ နိုင်ငံခြားသားတစ်ယောက် (သို့) မြန်မာစကားပြောနဲ့ စိမ်းနေတဲ့ သူတွေကပဲ မေးကြလိမ့်မယ်။ မေးလာရင်ကော တိတိကျကျ မဖြေနိုင်တဲ့ သူက များပါတယ်။ 'သွား' နဲ့ 'လာ' ဟာ မြန်မာစကားမှာ အခြေခံကျတဲ့ လှုပ်ရှားမှုပြ ကြိယာဖြစ်တယ်။ ဘယ်လိုအချိန်မှာ 'သွား' ကိုထည့်သုံးပြီး ဘယ်လိုအခြေအနေမှာ 'လာ' ဆိုတဲ့ စကားလုံးကို ထည့်သုံးမလဲလို့ အတိအကျ မေးလိုက်ရင် ပါးစပ်အဟောင်းသားနဲ့ ငေးငိုင်သွားမယ်။ 'သွား' နဲ့ 'လာ' ကို သုံးတာများ ဘာခက်လို့လဲ ဆိုပြီး ဥပမာတချို့ ရွတ်ပြကြလိမ့်မယ်။ ဒီနေရာမှာ ဘာလို့ 'သွား' ကို သုံးထားသလဲလို့ စေ့စေ့ပေါက်ပေါက် မေးလိုက်ရင်လည်း ငုတ်တုတ်မေ့သွားတယ်။ ငါတို့ကို အထင်သေးလှချည့်လား လို့ ထင်တဲ့လူတွေ ကျနော် အောက်မှာ ရေးပြမယ့် စာကြောင်းတွေ ဘာကွာလဲ စဉ်းစားကြည့်ကြပါ။ အရင် စဉ်းစားပြီးမှ နောက် အပိုဒ်တွေကို ဆက်ဖတ်စေချင်ပါတယ်။ ဖတ်ကြည့်ရင်တော့ လွယ်လွယ်လေးတွေပဲ။ လွယ်တယ်ဆိုတာ ကျနော်တို့ ကြီးပြင်းရာ ရေမြေရဲ့ မိခင်ဘာသာစကားမို့လို့ပါ။ လူမျိုးခြားတစ်ယောက်က သိချင်စိတ်နဲ့ ဘာလို့အဲဒီလို သုံးသလဲ မေးလာရင် တေမိဇာတ် ခင်းနေရဦးမယ်။ ဒါကြောင့် သိထားသင့် သိထားထိုက်တယ် ထင်လို့ ကျနော် ဖတ်မှတ်ထားရသမျှ ပြန်ပြီး ဝေမျှလိုက်ပါတယ်။ မောင်ခင်မင် (ဓနုဖြူ) - မိန်းမယောက်ျားထိုစကား စာအုပ်ကနေ ကိုးကားဖော်ပြ လိုက်ပါတယ်။ ကဲ ... အောက်က စာကြောင်းတွေ ဘာကွာသလဲဆိုတာ စဉ်းစားကြည့်ပါဦး။ ဘယ်လို အခြေအနေမျိုးမှာ ဒီလို စာကြောင်းကို သုံးသလဲ ဆိုတာ သုံးသပ်ကြည့်ရင် အလွယ်ဆုံး ဖြစ်မယ်ထင်တယ်။

၁။ ကျနော် မောင်မောင်ဆီ လာမယ်။
၂။ ကျနော် မောင်မောင်ဆီ သွားမယ်။
၃။ မောင်မောင် ထမင်းစားလာတယ်။
၎။ မောင်မောင် ထမင်းစားသွားတယ်။
၅။ ညီမလေး ကြီးလာပြီ။
၆။ ညီမလေး ကြီးသွားပြီ။
( ဒီစာကြောင်းတွေ ဘာကြောင့်မှားသလဲ။ )
၇။ ကျနော် ခင်ဗျားအိမ် သွားပါရစေ။
၈။ ကျနော်ဆီ ခင်ဗျား သွားနိုင်မလား။
၉။ ခင်ဗျား သူငယ်ချင်းအိမ်ကို လာမလို့။


မြန်မာစကား ပြောတဲ့အခါမှာ 'သွား' နဲ့ 'လာ' ကို ကလေးကအစ မှန်အောင် သုံးတတ်ကြပါတယ်။ ဒါပေမယ့် ဝေဖန်ပြတတ်ဖို့ ခက်တယ်။ 'သွား' နဲ့ 'လာ' ဟာ လားရာဘက်ချင်း ဆန့်ကျင်တဲ့ သဘော ဆောင်တယ်လို့ ယေဘုယျ ပြောလို့ ရပေမယ့် အတိအကျတော့ မဟုတ်ပြန်ဘူး။ ဥပမာ 'စားသွားတယ်' နဲ့ 'စားလာတယ်' မှာ လားရာ ဆန့်ကျင်တဲ့ သဘော မပါပါဘူး။ 'သွား' နဲ့ 'လာ' ရဲ့ သဘောကို လေ့လာမယ်ဆိုရင် စာကြောင်းထဲမှာ ပါဝင် ပတ်သက်နေတဲ့ လူတွေကို ထည့်သွင်း စဉ်းစားရင် ဆက်စပ်လေ့လာရတာ ပိုအဆင်ပြေပါလိမ့်မယ်။ စကားပြောတဲ့အခါမှာ ပါဝင် ပတ်သက်တဲ့ သူတွေကို သုံးမျိုး ခွဲခြား သက်မှတ်လို့ ရတယ်။ ပြောသူ၊ နာသူ နဲ့ အခြားသူ ပေါ့။ မောင်မောင်က ဇော်ဇော်ကို ထွန်းထွန်းအကြောင်း ပြောနေတယ်ဆိုရင် မောင်မောင်က ပြောသူ၊ ဇော်ဇော်က နာသူ၊ ထွန်းထွန်းက အခြားသူပေါ့။ 'သွား' နဲ့ 'လာ' ရဲ့ အသုံးဟာ (ပြောသူ - နာသူ - အခြားသူ) ဆက်သွယ်မှုပေါ် အခြေတည်ပြီး ပြောင်းလဲသွားတယ်။

ပြောစကားထဲက အကြောင်းအရာဟာ ပြောသူ နဲ့ နာသူ နှစ်ယောက်ရဲ့ လှုပ်ရှားမှုကို ပြောတယ်ဆိုရင် 'လာ' ကို သုံးပါတယ်။ ဥပမာ စာကြောင်း (၁) မှာ ကျနော်က မောင်မောင်နဲ့ စကားပြောနေတယ်လို့ သဘောသက်ရောက်ပါတယ်။ စာကြောင်း (၃) မှာလည်း မောင်မောင်နဲ့ စကားပြောနေတယ်လို့ နားလည်လိုက်ပါတယ်။ ပုံမှန်အားဖြင့်တော့ 'ကျနော် ခင်ဗျားဆီ သွားမယ်' ၊ 'ခင်ဗျား ကျနော်ဆီ သွားမလား' လို့ သုံးလေ့သုံးထ မရှိပါဘူး။

ပြောသူ၊ နာသူတို့က အခြားသူဆီ ရွေ့လျားသွားရင်တော့ 'သွား' ကို သုံးပါတယ်။ 'ကျနော် ဆရာဝန်ဆီ သွားမလို့' ၊ 'ခင်ဗျားကော ခင်ဗျားဦးလေးဆီ မသွားဘူးလား' ဆိုတဲ့ စာကြောင်းမှာ ဆရာဝန် နဲ့ ဦးလေးဟာ ပြောသူ မဟုတ်၊ နာသူ မဟုတ်ဘဲ အခြားသူ ဖြစ်နေတာ တွေ့နိုင်ပါတယ်။ ဥပမာ စာကြောင်း (၂) မှာ မောင်မောင်ဟာ နာသူ မဟုတ်ဘူးဆိုတာ ခန့်မှန်းလို့ ရပါတယ်။ စာကြောင်း (၄) က မောင်မောင်ဟာလည်း ပြောသူ၊ နာသူ မဟုတ်ဘူးလို့ သိနိုင်တယ်။

ဒါပေမယ့် အခြားသူက ပြောသူနဲ့ နာသူဆီ ရွေ့လျားလာရင်တော့ 'လာ' ကိုပဲ သုံးလေ့ ရှိပါတယ်။ 'မောင်ရွှေ ကျနော်ဆီ လာလိမ့်မယ်' ၊ 'မူမူက ခင်ဗျားဆီ လာမယ်ပြောတယ်' စသဖြင့် သုံးလေ့ ရှိပါတယ်။

ပြောသူ၊ နာသူနဲ့ အခြားသူရဲ့ တည်နေရာကို မူတည်ပြီးတော့လည်း 'သွား' နဲ့ 'လာ' ရဲ့ သုံးပုံက ကွဲသွားပြန်တယ်။ ပြောသူ မတည်ရှိတဲ့ နေရာဆီ ရွေ့လျားတဲ့သဘော ဆိုရင် 'သွား' ကို သုံးပါတယ်။ 'ဒီနေ့ ရွှေရွှေ ကျောင်းမသွားဘူး' လို့ ပြောရင် ပြောသူဟာ ကျောင်းမှာ ရှိမနေတာ သေချာတယ်။ တကယ်လို့ ပြောသူဟာ ကျောင်းမှာ ရှိနေရင် 'ဒီနေ့ ရွှေရွှေ ကျောင်းမလာဘူး' လို့ သုံးနှုန်းပါလိမ့်မယ်။ ပြောသူရဲ့ တည်နေရာကို ရှေ့ရှုလာရင် 'လာ' သုံးပြီး၊ အခြားဘက်ကို ရှေ့ရှုရင်တော့ 'သွား' ကို သုံးတာဖြစ်ပါတယ်။

'ကျနော် ရန်ကုန်ကို လာမယ်' နဲ့ 'ကျနော် ရန်ကုန်ကို သွားမယ်' ဆိုတဲ့ အသုံးနှစ်ခု ဘာကွာသလဲ စဉ်းစားကြည့်ပါဦး။ ကျနော် ရန်ကုန်ကို လာမယ်လို့ ပြောလိုက်ရင် နာသူဟာ ရန်ကုန်မှာ ရှိနေတယ်ဆိုတာ သိနိုင်ပါတယ်။ ကျနော် ရန်ကုန်ကို သွားမယ် လို့ သုံးလိုက်ခြင်းအားဖြင့် ပြောသူကော၊ နာသူပါ ရန်ကုန်မှာ မရှိတာ သေချာတယ်။ ပြောသူကော၊ နာသူပါ နေရာဒေသ တစ်ခုမှာ မရှိသေးပေမယ့် နောင်တစ်ချိန် သွားရောက်မယ့် အခြေအနေ ရှိရင်လည်း 'လာ' ကို သုံးနိုင်ပါတယ်။ 'ရှေ့လကျရင် ကျနော် မြစ်ကြီးနားမှာ ရှိမယ်။ ခင်ဗျား လာခဲ့ပါလား' ဆိုတဲ့ အသုံးမျိုးပါ။

အသုံးအရ အလေးပေးတဲ့သဘော ရိုးတိုးရိတ်တိတ် ကွာခြားပုံကလည်း စိတ်ဝင်စားစရာပါ။ 'ကျော်ကျော် ခင်ဗျားဆီ လာလိမ့်မယ်' လို့ သုံးရင် ခင်ဗျားဘက် ရှေ့ရှုတဲ့သဘောကို အလေးပေးသလို ဖြစ်သွားတယ်။ 'ကျော်ကျော် ခင်ဗျားဆီ သွားလိမ့်မယ်' လို့ သုံးလိုက်ရင်တော့ ကျော်ကျော်ရဲ့ ရွေ့လျားမှုကို အလေးပေးလိုတဲ့ သဘော တွေ့ရတယ်။ တနည်းပြောရရင် ကျော်ကျော်နဲ့ ခင်ဗျား လူနှစ်ယောက်မှာ ခင်ဗျားကို မူတည်ပြီး ပြောတဲ့အခါ 'ကျော်ကျော် ခင်ဗျားဆီ လာလိမ့်မယ်' လို့ သုံးပြီး ကျော်ကျော်ကို မူတည်ပြီး ပြောရင်တော့ 'ကျော်ကျော် ခင်ဗျားဆီ သွားလိမ့်မယ်' လို့ ပြောင်းသုံးပါတယ်။

(ဆက်ရန်)