လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။
စာလုံးပေါင်းတွေ မှန်စေချင် (၁)
08 September 2008
မြန်မာတွေ မြန်မာလို ရေးနေကြတာ ဆိုပေမယ့် မြန်မာစာကို အလေးမထားတာ တွေ့ရတော့ အတော်လေး ၀မ်းနည်းမိပါတယ်။ ကိုယ့်ရဲ့ မိခင်ဘာသာကို အသုံးပြုပြီး အတွေ့အကြုံ၊ အတွေးအကြံတွေ ဖြန့်ဝေနေကြတဲ့ လူတွေ ဖြစ်နေပေမယ့် ကိုယ့်ရဲ့ မိခင်ဘာသာကို ဂရုမစိုက် အလေးမထားဘဲ ရေးနေကြတာ တွေ့နေရတယ်။ အဆိုးဝါးဆုံး မြင်နေရတာတော့ စာလုံးပေါင်းမှားခြင်း ပါ။ မြန်မာလို ရေးမယ်ဆိုရင်တော့ အရေးအကြီးဆုံးနဲ့ အနိမ့်ဆုံး အဆင့်အနေနဲ့ စာလုံးပေါင်းတွေ မှန်စေချင်ပါတယ်။ မြန်မာအချင်းချင်း ဖတ်နေတာပဲ၊ မြန်မာတွေ နားလည်ရင် ပြီးရောပေါ့ ဆိုတဲ့ ပြီးစလွယ် အဖြေမျိုး မပေးစေချင်ဘူး။ တစ်နေ့နေ့ တစ်ချိန်ချိန် ကိုယ်ကိုယ်တိုင် သားသမီးရလာလို့ ကိုယ့်သားသမီးက ကိုယ့်ရဲ့ (ဖခင်ရဲ့) နာမည်ကို မှားခေါ်ရင် ဘယ်လို ခံစားရမလဲ။ တွေးကြည့်ပါ။ ဒီလိုပါပဲ။ မိခင်ဘာသာ စကားကို သုံးနေကြပါလျက်နဲ့ စာလုံးပေါင်းတော့ မလွဲစေချင်ဘူး။ တချို့ မသိလို့ မှားတယ်။ တချို့ သိဖို့ မကြိုးစားဘဲ မှားတယ်။ တချို့ ပြီးစလွယ်ရေးလို့ မှားတယ်။ တချို့ကတော့ မှန်တယ်ထင်ပြီး မှားတယ်။ ဘယ်လိုပဲ မှားမှား၊ မမှန်လို့ မှားတာပဲ။ ကျနော် အခု မှားလေ့မှားထ ရှိတဲ့၊ အမှားများတဲ့ စကားလုံးတချို့ကို တင်ပြပေးပါ့မယ်။ မှားတယ်လို့ သိရှိသွားပြီး အမှန်ပြင်နိုင်ပါစေလို့ .....
လဲ၊ လည်း
“လဲ” ဟာ အမေးကြိယာပစ္စည်း ဖြစ်တယ်။
ဘယ်က လာသလဲ။ လို့ မေးရမယ်။ ဘယ်က လာသလည်း ဆိုပြီး ညသတ်နဲ့ လည်းရင် မှားတယ်။
“လည်း” ဟာ နာမ်ထောက်ပစ္စည်း ဖြစ်တယ်။
မောင်လည်းလိုက်မယ် ချန်မထားနဲ့ ဆိုတဲ့ ၀ါကျမျိုးကျမှ ညသတ် လည်းကို သုံးရမယ်။ မောင် ဆိုတဲ့ နာမ်စားကို အထောက်အကူပြုတာကြောင့် လည်းကို နာမ်ထောက်ပစ္စည်းလို့ ခေါ်တယ်။
ဘက်၊ ဖက်
တောင်ဘက်၊ မြောက်ဘက် စတဲ့ အရပ်မျက်နှာကို ညွှန်းလိုတဲ့အခါ ဘကုန်း ဘက်ကို သုံးတယ်။ ကျောဘက်၊ ခေါင်းဘက် စသဖြင့် ...
တစ်၊ နှစ်၊ သုံး စတဲ့ ဂဏန်းတွေနဲ့ တွဲသုံးမှ တစ်ဖက်၊ နှစ်ဖက်၊ သုံးဖက် စသဖြင့် ဖဦးထုပ်နဲ့ ဖက်ကို သုံးရတယ်။
ကာ၊ ခါ
“ကာ” ဟာ သမ္ဗန္ဓပုဒ်ဖြစ်တယ်။ “၍၊ လျက်” တို့လို သုံးနိုင်တယ်။
လူးကာလှိမ့်ကာ ငိုသည်။ (တစ်ပြိုင်နက် ပြုမူသည်)
သူခိုးကို ဖမ်းကာ ရဲစခန်းသို့ ပို့သည်။ (တစ်ခုပြီးမှ တစ်ခု ဆောင်ရွက်သည်)
“ခါ” ကို အချိန်ကာလနဲ့ ပတ်သက်ပြီး သုံးနိုင်တယ်။
သွားခါနီး၊ လာခါနီး၊ စာမေးပွဲ ဖြေခါနီး .... စသဖြင့်
ခန်း၊ ခမ်း
ခန်းမ၊ စာသင်ခန်း၊ အိမ်ခန်း စတဲ့ အခန်းတွေကို နသတ် နဲ့ ခန်းရမယ်။
အခမ်းအနား၊ ကျောင်းသင်္ခမ်း တွေကိုတော့ မသတ် နဲ့ ခမ်းရတယ်။
စကြာ
စကြာကို စကြ်ာ (သို့) စင်္ကြာလို မှားယွင်းပြီး ရေးတတ်ကြတယ်။ စကြာ လို့ ရေးမှ မှန်ပါမယ်။ စကြာကို စက်ကြာ လို့ အသံထွက်ရတယ်။ တကယ်လို့ စင်္ကြာလို့ ရေးထားရင် စင်ကြာလို့ အသံထွက်ရမယ်။
နောက်ပြီး စကြ၀ဠာ ကိုလည်း စကြာဝဠာဆိုပြီး မှားရေးတာ တွေ့ရတတ်တယ်။ ကြမှာ ရေးချထည့်ပြီး မရေးရပါဘူး။ ရေးချမပါဘဲ စကြ၀ဠာ လို့ပဲ ရေးရမယ်။
ပဲ၊ ဘဲ
“ပဲ” ဆိုတာ သာလျှင် လို့လည်း အဓိပ္ပါယ် သက်ရောက်ပါတယ်။ ကန့်သတ်တဲ့ သဘောပါတယ်။
မင်းသာ အနားမှာနေ လို့ ရေးချင်ရင်တော့ မင်းပဲ အနားမှာနေ လို့ ရေးမှ မှန်ပါမယ်။ မင်းဘဲ အနားမှာနေ လို့ မှားရေးကြတာ တွေ့နေရတယ်။
ဘကုန်းနဲ့ ဘဲ ချင်တယ် ဆိုရင်တော့ အငြင်းသဘော ပါမှ သုံးလို့ရမယ်။ ဒါကြောင့် “ဘဲ” ဆိုတဲ့ စကားလုံးရဲ့ အရှေ့တစ်နေရာမှာ “မ” ဆိုတာ တွေ့ရတတ်တယ်။ မ ... ဘဲ ဆိုမှ ပြည့်စုံမယ်။ မသွားဘဲ၊ မလာဘဲ၊ မစားဘဲ၊ မကြည့်ဘဲ၊ မနေဘဲ စသဖြင့်ပေါ့။ မသွားပဲ၊ မလာပဲ ဆိုပြီး ရေးလို့ မရဘူး။
လူပဲ၊ နင်ပဲ၊ ငါပဲ ဆိုရင်တော့ ဘကုန်းဘဲ သုံးလို့မရဘဲ ပစောက်ပဲ ကိုပဲ သုံးရမယ်။
ဤပို့စ်အား Monday, September 08, 2008 နေ့တွင် ရေးသားထားပြီး
မြန်မာစာပေ
နာမည်ဖြင့် အညွှန်း သက်မှတ်ထားပါသည်။
ကွန်းမန့်များအား အချိန်နှင့် တပြေးညီ သိလိုလျှင် RSS 2.0 ဖြင့် တောင်းဆို၍ ရယူနိုင်သည်။
လာရင်းနေရာ သို့ ပြန်လည် သွားရောက်နိုင်ပါသည်။
Monday, September 08, 2008
|
စာညွှန်း
မြန်မာစာပေ