လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

ဘ၀ ဆိုတာ ...

13 July 2008

“ဘ၀ ဘ၀ ဘ၀၊ ဒီလိုပဲ ဒီလိုအမြဲ” ဆိုတဲ့ သီချင်းစားသားကို ကြားဖူးမှာပါ။ “ဘ၀ ဘ၀ ဘ၀၊ ဒီလိုပဲ့ ဒီလိုရွဲ့” လို့ ပြောင်းဆိုနေတာလဲ ကြားနေရပါတယ်။ ဘ၀ဆိုတာ ဘာလဲ။ ဒီမေးခွန်းကို ဖြေဖို့ ပုံပြင်လေးတစ်ပုဒ် အရင် ဖတ်ကြည့်ရအောင်။

ပထမဆုံးနေ့မှာ ဘုရားသခင်ဟာ ခွေးသတ္တ၀ါကို ဖန်ဆင်းတော်မူတယ်။ ပြီး ခွေးကို မိန့်တော်မူတာက “မင်း အိမ်တံခါးမှာ အမြဲထိုင်ပြီး ဖြတ်လျှောက်တဲ့သူ မှန်သမျှကို အကုန်သာ ဟောင်ပေတော့။ မင်းကို ငါကိုယ်တော် အနှစ် နှစ်ဆယ်စာ သက်တမ်း ပေးသနားတော်မူမယ်။”
ဒီတော့ ခွေးက “အရှင်ဘုရားသခင်၊ ဒီလောက် အချိန်အကြာကြီးတောင် ဟောင်နေရမှာလားဘုရား။ တပည့်တော်ရဲ့ အသက် ဆယ်နှစ်ကို ဘုရားသခင်အား ပြန်ပေးပါရစေ။ တပည့်တော် ဆယ်နှစ်ပဲ နေပါရစေဘုရား။” လို့ တောင်းဆိုတော့ ဘုရားသခင်က ခွင့်ပြုတော်မူတယ်။

ဒုတိယနေ့မှာ ဘုရားသခင်ဟာ မျောက်သတ္တ၀ါကို ဖန်ဆင်းတော်မူတယ်။ ပြီး မျောက်ကို မိန့်တော်မူတာက “လူတွေကို ဖျော်ဖြေပါ။ ကစား ဆော့မြူပြီး သူတို့ကို ပျော်အောင် လုပ်ပေးပါ။ မင်းကို ငါကိုယ်တော် အနှစ် နှစ်ဆယ်စာ သက်တမ်း ပေးသနားတော်မူမယ်။”
ဒီတော့ မျောက်က “အနှစ်နှစ်ဆယ်တောင် ဖျော်ဖြေပေးနေရမှာလား၊ ဘုရားသခင်။ ဒါတော့ ကြာလွန်းတယ်ထင်တယ်။ ဆယ်နှစ်စာ အသက်ကို ပြန်ပြီး သိမ်းယူတော်မူပါ ဘုရားသခင်” လို့ လျှောက်တော့ ဘုရားသခင်က ခွင့်ပြုတော်မူတယ်။

တတိယနေ့မှာ ဘုရားသခင်ဟာ နွားသတ္တ၀ါကို ဖန်ဆင်းတော်မူတယ်။ ပြီး နွားကို မိန့်တော်မူတာက “လယ်ထဲဆင်းပြီး လူသားတွေကို လယ်ထွန်ရင်း အကူအညီပေးပါ။ လိုအပ်တဲ့အချိန် နွားနို့ထုတ်ပေးပြီး သူတို့ကို ပြုစုစေ။ ဒီအတွက် မင်းကို အနှစ် ခြောက်ဆယ်စာ သက်တမ်း ငါကိုယ်တော် ပေးသနားတော်မူမယ်။”
ဒီတော့ နွားက “ဒီလောက် ကြမ်းတမ်းတဲ့ ဘ၀မျိုးမှာ အနှစ်ခြောက်ဆယ်တောင် နေရမှာလား အရှင် ဘုရားသခင်။ တပည့်တော်အား သနားသောအားဖြင့် အသက် နှစ်ဆယ်သာ သတ်မှတ်ပေးပြီး လေးဆယ်အား ပြန်လည် သိမ်းယူတော် မူပါ ဘုရား” လို့ လျှောက်တင်တော့ ဘုရားသခင်က ခွင့်ပြုတော်မူတယ်။

စတုတ္ထနေ့မှာ ဘုရားသခင်ဟာ လူသတ္တ၀ါကို ဖန်ဆင်းတော်မူတယ်။ ပြီး လူကို မိန့်တော်မူတာက “စား၊ အိပ်၊ ကစား၊ အိမ်ယာထောင်ပြီး မင်းဘ၀ကို ခံစားစံစားစေ။ ငါကိုယ်တော် မင်းကို အသက် နှစ်ဆယ်စာ သက်တမ်း ပေးသနားတော်မူမယ်။”
ဒီတော့ လူက “အနှစ် နှစ်ဆယ်တည်း။ တပည့်တော်အတွက် နည်းလွန်းလှပါတယ် ဘုရားသခင်။ နွားပြန်ပေးတဲ့ အနှစ်လေးဆယ်၊ မျောက်ပြန်ပေးတဲ့ ဆယ်နှစ် နဲ့ ခွေးပြန်ပေးတဲ့ ဆယ်နှစ်၊ စုစုပေါင်း အနှစ် ရှစ်ဆယ် တပည့်တော်ကို ပေးသနားတော်မူပါ ဘုရားသခင်။” လို့ လျှောက်တင်တော့ “ကောင်းပြီ၊ ဒါ မင်းတောင်းဆိုတာနော်” လို့ ပြောပြီး ခွင့်ပြုတော်မူသတဲ့။

ဒီလိုနဲ့ပဲ လူသားတွေဟာ ပထမ အနှစ် နှစ်ဆယ်မှာ စားမယ်၊ အိပ်မယ်၊ ကစားမယ်နဲ့ ပျော်ပါးပြီး ကုန်ဆုံးရတယ်။ နောက်အနှစ် လေးဆယ်မှာတော့ မိသားစု ထောက်ပံ့နိုင်ဖို့ နေပူထဲမှာ ရုန်းကန်နေရတယ်။ နောက်ထပ် ဆယ်နှစ်မှာတော့ မျောက်တစ်ကောင်လို ကလေးတွေ (ကိုယ့်ရဲ့မြေးတွေ) ကို ပျော်အောင် လုပ်ပေးနေရတယ်။ နောက်ဆုံး ဆယ်နှစ်မှာတော့ ကျနော်တို့ အိမ်ရှေ့မှာ ထိုင်ပြီး လူတိုင်းကို ပွစိပွစိနဲ့ ပြောနေတော့တာပါပဲ။

ဒါ သင်လိုချင်တဲ့ ဘ၀ဆိုတာရဲ့ အဓိပ္ပါယ်ပါပဲ။

အထက်က ပုံပြင်ဟာ ဘ၀ကို အဆိုးမြင်ဝါဒီတစ်ဦး အနေနဲ့ ပုံဖော်ထားတယ်လို့ ထင်တယ်။ ကျနော်တို့ ဘ၀ဆိုတာကို အကောင်းမြင်တဲ့ ရှုထောင့်ကနေ ကြည့်ကြည့်ရအောင်။

ငယ်ငယ်က မိဘတွေက တအားချစ်ကြတယ်။ ဟိုဟာလုပ် စိတ်ပူ၊ ဒီဟာလုပ် စိတ်ပူနဲ့လေ။ ဟိုဟာ ဖြစ်သွားမှာစိုး၊ ဒီဟာ ဖြစ်သွားမှာစိုးနဲ့ အချစ်ခံဘ၀ကို ဖြတ်သန်းခဲ့ရတယ်။ ကြာတော့ ဖမ်းဆုတ်ခံဘ၀ကို ဖိညှစ်ခံဘ၀ အဖြစ်နဲ့ မြင်ယောင်လာတယ်။ တာဝန်ပေးခံရတဲ့ ဘ၀မှာ ခိုင်းတာချည်း လုပ်နေရတော့ ခေါင်းညိတ်ရတဲ့ဘ၀ကို ငြီးငွေ့လာတယ်။ အမိန့်နာခံသူ ဘ၀ကနေ အမိန့်ပေးသူ ဖြစ်ချင်လာတယ်။ ကိုယ်ပိုင်တွေး၊ ကိုယ်တိုင်လုပ်နိုင်မယ် ဆိုတဲ့ လူကြီးဘ၀ကို ပုံဖော်ကြည့်လာတယ်။ ဒီလိုနဲ့ ကလေးဘ၀ကို စွန့်လွှတ်ဖို့ ကလေးအတွေးတွေနဲ့ ကြံစည်လာတယ်။ လူလားမြောက်ခြင်းရဲ့ လက္ခဏာတချို့ကို အကောင်အထည်ဖော်လာခဲ့တယ်။

အချစ်ခံရတဲ့ ဘ၀ကနေ ချစ်ချင်တဲ့ လူသားတစ်ယောက်အဖြစ် ပြောင်းလဲလာတယ်။
တာဝန်အပေးခံရတဲ့ ဘ၀ကနေ တာဝန်ယူချင်တဲ့ လူသားတစ်ယောက်အဖြစ် ပြောင်းလဲလာတယ်။
ပိုင်ဆိုင်ခံရတဲ့ ဘ၀ကနေ ပိုင်ဆိုင်ချင်တဲ့ လူသားတစ်ယောက်အဖြစ် ပြောင်းလဲလာတယ်။

အဲ့ဒီအချိန်မှာ အားလုံးကို လောဘတကြီးနဲ့ သိမ်းကျုံးပြီး ချစ်ချင်တယ်၊ လုပ်ချင်တယ်၊ ပိုင်ချင်တယ်။ ဒီအတွက်ကြောင့် ယောက်ျားတွေဆိုရင် အိမ်ထောင်ဦးစီးအနေနဲ့ မိန်းမတွေဆိုရင် အိမ်ရှင်မအနေနဲ့ ကိုယ့်ကိုယ်ကို ခံယူပြီး၊ ကိုယ့်မိသားစုအတွက် တာဝန်တွေ ကိုယ်စီ ယူပစ်လိုက်ကြတယ်။ တာဝန်ယူထားတဲ့ တလျှောက် ပိုင်ဆိုင်တဲ့အရာတွေ တိုးပွားအောင် ကြံဆောင်လာကြတယ်။ ပစ္စည်း၊ ဥစ္စာ၊ သားသမီး စသဖြင့်ပေါ့။ အရင်ငယ်ငယ်က အချစ်ခံရတဲ့ ဘ၀လေးကို လက်မလွှတ်ချင်သေးတဲ့အပြင် ပြန်ချစ်ချင်တဲ့ ဘ၀တစ်ခုကိုပါ ပူးတွဲပိုင်ဆိုင်ချင်လာတယ်။ သဘောက အချစ်လည်းခံမယ်၊ ပြန်လည်း ချစ်မယ်ပေါ့။ အချစ်ခံချင်တဲ့ စိတ်နဲ့ ပြန်ချစ်ချင်တဲ့စိတ်တွေ တစ်ခါတစ်ခါမှာ ၀ိရောဓိအနေနဲ့ ကတော့ကဆ ဖြစ်ပြီး ပဋိပက္ခအသွင် ဆောင်လာတတ်တယ်။ နောက်ပြီး အချစ်မျှဝေမှု အပိုင်းမှာကော ကိုယ်ပိုင်ခံစားချက်နဲ့ ဆုံးဖြတ်ပြီး မညီမျှမှုတွေကို တွေ့မြင်လာတယ်။ “ငါက ဒီလောက်ချစ်တယ်၊ သူက ဒီလောက်တောင် ပြန်မချစ်နိုင်ဘူး” ဆိုတာလိုပေါ့။ ဒါပေမယ့် ဒါတွေက ပြဿနာ မဟုတ်ပါဘူး။ သဘာဝပါ။ သဘာဝလို့ မမြင်ဘဲ ပြဿနာလို့ မြင်မယ်ဆိုရင်တော့ ဒီပဋိပက္ခက ပြေလည်ဖို့ အတော်လေး ခက်သွားလိမ့်မယ်။ သဘာဝလို့ မြင်နိုင်ရင်တော့ ညှိနှိုင်းလို့ ပိုကောင်းသွားလိမ့်မယ်။

အရာတွေကို တစ်ခုပြီးတစ်ခု ပိုင်ဆိုင်ဖို့ ကြိုးစားနေတဲ့ လူတစ်ယောက် (သို့) ပိုင်ဆိုင်တာတွေကို မပျောက်မပျက်အောင် ထိန်းသိမ်းနေတဲ့ လူတစ်ယောက်အဖြစ်နဲ့ ဇာတ်ဆောင်နေတဲ့ ဒီအခြေအနေမှာ လက်မလွတ်အောင် ဖမ်းဆုတ်ထားတတ်ကြတယ်။ အဲဒီ ဖမ်းဆုတ်ခံ အရာဟာ လူသားဖြစ်နေမယ်ဆိုရင်တော့ မွန်းကျပ်မှုတွေနဲ့ တွန်းကန်တဲ့သဘာဝတွေ ပေါ်ပေါက်လာတတ်တယ်။ ချစ်သူနဲ့ အချစ်ခံရသူ နှစ်ယောက်ကြားက ပဋိပက္ခလေးပေါ့။ သားသမီးနဲ့ မိဘအကြားမှာ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ ဒါကလည်း ပြဿနာ မဟုတ်ပါဘူး။ သဘာဝပါ။ ဒီလို နှစ်ပေါင်း သုံးဆယ်၊ လေးဆယ်လောက် ဖမ်းဆုတ်ထားရင်းနဲ့ လက်တွေ အံသေလာတယ်။ ညောင်းလာတယ်။ ဒီလိုနဲ့ ဘ၀ တစ်ဆစ်ချိုးမှာ

ချစ်ချင်တဲ့ ဘ၀ကနေ အချစ်တွေ မျှဝေတဲ့ လူသားတစ်ယောက်အဖြစ် ပြောင်းလဲလာတယ်။
တာဝန်ယူချင်တဲ့ ဘ၀ကနေ တာဝန်တွေ ပုခုံးထမ်း မျှဝေတဲ့ လူသားတစ်ယောက်အဖြစ် ပြောင်းလဲလာတယ်။
ပိုင်ဆိုင်ချင်တဲ့ ဘ၀ကနေ ပိုင်ဆိုင်မှုတွေ မျှဝေတဲ့ လူသားတစ်ယောက်အဖြစ် ပြောင်းလဲလာတယ်။

ချစ်တဲ့အရာတွေကို တင်းတင်းဆုတ်ကိုင်ရင်း ပင်ပန်းလာတယ်။ အဲဒါကြောင့် ဖြစ်လာတဲ့ ပဋိပက္ခတွေကို ဖြေရှင်းရင်း ငြီးငွေ့လာတယ်။ မမြဲတဲ့အရာကို “အမြဲ” လုပ်ပြီး ရှိတာထက် ပိုရှိချင်ယောင် ဆောင်နေရတဲ့ ဘ၀ကို စွန့်လွှတ်ချင်လာတယ်။ ပင်ပန်းလာသမျှ ငြီးငွေ့လာလို့ စွန့်လွှတ်ချင်လာတာ သဘာဝကျပါတယ်။ ပျော်ရွှင်မှုဆိုတာကို ပြန်စမ်းစစ်လာတယ်။ မိသားစုဆိုတာကို အဓိပ္ပါယ်ရှာလာတယ်။ ဘ၀ဆိုတာ ကောက်ချက်ဆွဲလာတယ်။ ပိုင်ဆိုင်ထားတဲ့ အရာတွေကို ဆုတ်ကိုင်ထားဖို့ထက် အဲဒီလက်နဲ့ပဲ အသုံးချဖို့ စဉ်းစားတတ်လာတယ်။ အသစ်အသစ်တွေကို ပိုင်ဆိုင်လာဖို့ထက် ရှိပြီးသား ပိုင်ဆိုင်မှုတွေကို တန်ဖိုးထားတတ်လာတယ်။ ဒီလိုနဲ့ ဘ၀ဆိုတာကို နားလည်သယောင်ယောင် ရှိလာတော့ တခြား ပင်ပန်းနေတဲ့ လူတွေကို ကရုဏာ သက်လာတယ်။ အထူးသဖြင့် ကိုယ့်ရဲ့ သားသမီးတွေပေါ့။ သူတို့လေးတွေ စိတ်သက်သာရာ ရအောင် စီမံပေးရင်းနဲ့ ဘ၀ဟာ ဖျော်ဖြေရေးသမား အသွင်ဆောင်လာတယ်။ လေးပင်နေတဲ့အရာတွေ လျှော့ကျသွားတော့ ဘ၀ကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းတတ်လာတယ်။ မြေးလေးတွေနဲ့ ဆော့လိုက်၊ တရားမှတ်လိုက်ပေါ့။

နှစ်ပေါင်း လေးဆယ်ကျော် အထုတ်ထမ်းပြီး ပြေးခဲ့ရတာ အခုတော့ တထောင့် နားလို့ရပြီပေါ့။ ဒါပေမယ့် လူတော်တော်များများက အနားယူတာတောင် ထမ်းထားတဲ့ ပုခုံးပေါ်က အထုပ်ကို မချရက်နိုင်ကျဘူးလေ။ ပုခုံးပေါ်က အထုပ်ကြောင့် သူတို့ ပင်ပန်းနေတယ်ဆိုတာကို သတိမထားမိဘဲ အထုပ်ကို ထမ်းလျက်နဲ့ နားနေကြတယ်။ ဒီတော့ နားနေလည်း အမောတော့ ပြေချင်ပြေမယ်၊ အညောင်းတော့ ဘယ်ပြေမလဲ။ အထုပ်လေးတော့ ခဏဘေးချထားပါ အဘရယ်။

လူတစ်ယောက်ဟာ အထက်ကို ရောက်လေလေ အထီးကျန်လေလေပဲတဲ့။ တောင်ပေါ်ကို လူဆယ်ယောက် အတူတူ တက်ကြပေမယ့် တောင်ထိပ်ကို ရောက်တာ ကိုယ်တစ်ယောက်တည်း ဖြစ်ချင်ဖြစ်မယ်လေ။ သာမာန်ကာ လျှံကာ တွေးတတ်တဲ့ လူတွေ လောကမှာ ပေါများတော့ သူတို့ရဲ့ ဘ၀နဲ့ အတွေးကို နားလည်မယ့် အဖော် မရှားပါဘူး။ အသက် ၂၀ အရွယ်တွေ လောကမှာ ပေါတော့ သူတို့အတွက် အဖော်ဆိုတာလည်း မရှားပါဘူး။ ဒါပေမယ့် သမ္မတတစ်ယောက်အတွက် သူငယ်ချင်းဆိုတာ ရှားပါတယ်။ နောက်လိုက်တော့ ပေါချင်ပေါမှာပေါ့။ အဘိုးအို တစ်ယောက်အတွက် ပြည့်ပြည့်၀၀ နားလည်နိုင်မယ့်လူ ဆိုတာ ကြာလေ ရှားလေပဲပေါ့။ သက်ကြီးဘာသာကို နားလည်မပေးနိုင်တော့ သူတို့ရဲ့ အထီးကျန်မှုတွေဟာ ပိုပိုပြီး ရုပ်လုံးပေါ်လာတယ်။ အထီးကျန်မှုကို အံတုဖို့ ကြိုးစားရင်း မတူညီတဲ့ ဘ၀နှစ်ခုကို ဆွဲစိတော့ မျိုးဆက်နှစ်ခုကြား ပဋိပက္ခတွေ မွေးဖွားလာတယ်။ ဒါလည်း ပြဿနာ မဟုတ်ပါဘူး။ သဘာဝပါ။ ဒီအဘိုးကြီး ပြဿနာရှာတယ်လို့ မြင်လိုက်ရင်တော့ အဲဒီကမှ ပြဿနာ စတော့တာပါ။ ဒီတော့ ပိုပြီး အထီးကျန်ဖို့ပဲ ရှိတော့မယ်လေ။

ဒါ ဘ၀ပါပဲ။ အကယ်၍ ဘ၀ဆိုတာ ၀န်ထုတ်ဝန်ပိုးကြီး ထမ်းပြီး ပတ်ပြေးနေရတာ ဆိုရင်တော့ ကျနော့်အနေနဲ့ အနားနားမှာ လက်တွဲသွားနိုင်မယ့် အဖော်တွေတော့ လိုချင်တယ်။ အဖော်တွေ ဆိုတော့ တစ်ယောက်မကဘူးလားလို့ မေးစရာရှိပါတယ်။ ဟုတ်ပါတယ်။ တစ်ယောက်မကပါဘူး။ မောမောနဲ့ ပြေးလွှားနေရတဲ့ အချိန်တွေမှာ အဆောင်လေးတစ်ခုတော့ လိုချင်ပါတယ်။ “ချစ်ခြင်းမေတ္တာ” ပါ။ ငယ်ငယ်က ကလေးဘ၀မှာ မိဘနဲ့ မောင်နှမတွေဟာ ချစ်ခြင်းမေတ္တာနဲ့အတူ အဖော်အဖြစ်နဲ့ ဘေးနား အမြဲ ရှိပေးနေကြတယ်။ အရွယ်ရောက်လာတော့ ချစ်နိုင်မယ့်သူ ရှာရင်း သူနဲ့ အတူ ဆက်ပြေးကြတာပေါ့။ တချို့ကတော့ ချီပြီးပြေးတယ်။ တချို့ကတော့ ဒရွတ်တိုက်ဆွဲခေါ်တယ်။ တချို့တော့ နားနားပြီး ခေါ်တယ်။ တကယ်တမ်းတော့ တဖ၀ါးမှမကွာ ပြေးလိုက်ပေးနေတဲ့ အဖော်မွန်လောက်တော့ ဘယ်ခရီးတွင်ပါ့မလဲ။ တချို့တော့လည်း ကံမကောင်းတကောင်းနဲ့ပဲ တစ်ယောက်မကတဲ့ သူတွေနဲ့ အတူပြေးရင်း ခလုတ်တိုက်တဲ့ သူတွေ မနည်းပါဘူး။ နောက်တော့ ဘ၀အသစ်လို့ ခေါင်းစဉ်တပ်ထားတဲ့ မိသားစုတစ်ခု တည်ထောင်ရင်း အဖော်သေးသေးလေးတွေ ထပ်တိုးလာရပြန်တယ်။ ဒါတော့ ကျောပိုးပြီး ပြေးရမှာ သေချာတယ်။ ထပ်ထပ်ပြီး တိုးလာသလိုပဲ မမျှော်လင့်ပါဘဲ လျှော့လျှော့သွားနိုင်တဲ့ အဖော်အဟောင်းတွေလည်း မနည်းပါဘူး။ ဒုတိယအရွယ်ကို လွန်လာတယ် ဆိုရင်ပဲ အဖော်တွေဟာ တိုးဖို့ ဆိုတာထက် လျှော့ဖို့ပဲ ရှိတော့တယ်။ တစ်ယောက်ပြီးတစ်ယောက် ခွဲခွာသွားကြတယ်။ ဒီလိုနဲ့ တစ်နေ့တော့ ကျနော်လည်း ............... ။

အထက်က ပုံပြင်လေးကို ၂၀၀၄ ခုနစ် ကတည်းက သူငယ်ချင်းတစ်ယောက် ပို့ပေးထားလို့ ဖတ်ဖူးနေတာပါ။ လွန်ခဲ့တဲ့ ခြောက်လရဲ့ ဟိုးအရင်နေ့တွေမှာ ပုံပြင်ထဲက နွားတစ်ယောက် (တစ်ကောင်မဟုတ်ပါ) လို ရုန်းကန်ရမယ့် အချိန်တွေအတွက် ငြီးငွေ့မိတာ အမှန်ပဲ။ အဲ့ပုံပြင်ထဲကလို ဘ၀ကို ဖြတ်သန်းရမှာပါလားလို့ တွေးရင်းလည်း မောမိတယ်။ မြင်ကြည့်တော့လည်း ကြောက်မိတယ်။ ဒါပေမယ့် ဒီဘက် ခြောက်လ နောက်ပိုင်းမှာတော့ ပုံပြင်မှာလို မတွေးမိတော့ဘဲ ဒုတိယအတွေးကို တွေးခေါ်လာမိတယ်။ ၀န်ထုတ်ဝန်ပိုးကို ထမ်းပြီး ပြေးနေရတဲ့ ဘ၀အတွက် ဘေးနားက လိုက်ပေးနေတဲ့၊ အဖော်ပြုပေးနေတဲ့ သူကြောင့် ဘ၀ အမောတွေ ပြေပျောက်ခဲ့ရတယ်။ ဒီအသက်အရွယ်အထိ ဘေးနားမှာ အမြဲ အဖော်ပြုပေးနေတဲ့ မိဘနှစ်ပါးကို ကျေးဇူးတင်မိပါတယ်။ နောက်ပြီး သူမကိုလည်း ဒီခြောက်လစာအတွက် ကျေးဇူးတင်မိသွားတယ်။ ကျနော့်တို့ဘ၀အတွက် ဘယ်လောက်ပဲ မောမော၊ ဘယ်လောက်ပဲ ပန်းပန်း၊ တွဲထားတဲ့လက်တွေ မလွှတ်စတန်းပါ။ စာဖတ်သူများလည်း လက်ကလေးတွေ မြဲမြဲမြံမြံ တွဲထားရင်း ဘ၀အမောတွေ ပြေနိုင်ပါစေလို့ .........................

This post is dedicated to 'HER'.