လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။
နောက်ငါးမိနစ်လောက်
02 July 2008
၂၀၀၈ ခုနစ်၊ ဇူလိုင်လ၊ ၂ ရက် (ဗုဒ္ဓဟူးနေ့)
ယနေ့သည် ရာသီဥတု အလွန်သာယာသော နေ့တစ်နေ့ဖြစ်သည်။ ပန်းခြံထဲမှ ကစားကွင်းတွင်လည်း ကလေးအသံများဖြင့် သာယာနာပျော်ဖွယ် ကောင်းလှသည်။ ကလေး၊ လူကြီး အရောင်အသွေး စုံလင်စွာဖြင့် ပန်းခြံလေးမှာ အသက်ဝင်နေသည်။ ခုံတန်းလျားတိုင်းတွင်လည်း ကလေးကို စောင့်ကြပ်နေကြသော လူကြီးမိဘများနှင့် ပြည့်ကြပ်၍ နေသည်။ အမျိုးသားတစ်ဦးသာ ထိုင်နေသော ခုံတန်းဆီသို့ အမျိုးသမီးတစ်ဦး ချဉ်းကပ်လာသည်။ ကစားကွင်းထဲမှ ကလေးတစ်ဦးဦးဆီသို့ ပီတိဖြာဝေနေသော မျက်ဝန်းအစုံဖြင့် ခပ်ပြုံးပြုံးကြည့်နေသော ထိုအမျိုးသား၏နားဘေးရှိ နေရာလွတ်ကလေးတွင် ၀င်ထိုင်လိုက်သည်။ ထို့နောက် အမျိုးသမီးကပင် အမျိုးသားဘက်သို့ လှည့်၍
အမျိုးသမီး > “ဟောဟိုမှာ ဒန်းစီးနေတဲ့ အင်္ကျီအနီနဲ့ ကလေးက ကျွန်မသားလေးပါ”
အမျိုးသား > “ ကလေးက အတော်ချစ်စရာ ကောင်းတာပဲဗျ။ ဟိုမှာ လျှောစီးနေတာ ကျွန်တော့သားပေါ့။”
ထိုနောက် အမျိုးသားသည် နာရီကိုငုံ့ကြည့်ပြီး သူ့သားရှိရာသို့ မျက်နှာမူကာ
အမျိုးသား > “ဇော်ဇော်၊ ဖေကြီးတို့ အိမ်ပြန်ကြရအောင်”
ဇော်ဇော် > “ဖေကြီး၊ နောက် ငါးမိနစ်လောက်ပါနော် ... နော်။ ငါးမိနစ်တည်းပါ။”
လျှောစီးနေသော သူ့၏သားကို ခေါင်းညိတ်ပြလိုက်ပြီး ပျော်ရွှင်နေသော သားမျက်နှာကို ရှုမ၀ဖြစ်နေတော့သည်။

အချိန်အနည်းငယ်ကြာသောအခါ အမျိုးသားသည် မတ်တက်ထရပ်လိုက်၍ သူ့သားကို တဖန် အော်ခေါ်ပြန်သည်။
အမျိုးသား > “သားရေ၊ ပြန်ဖို့ အချိန်ရောက်ပြီလေ”
ဇော်ဇော် > “သား နောက် ငါးမိနစ်လောက် ထပ်ဆော့ချင်သေးလို့ပါ။ နောက် ငါးမိနစ်တည်းနော် ဖေကြီး။”
အမျိုးသားမှာ ပြုံးလျက် “အေးပါကွာ၊ အေးပါ။”
အားလုံးကို သတိထားကြည့်မိနေသော အမျိုးသမီးက “ရှင်ဟာ အတော်လေးကို စိတ်ရှည်တဲ့ ဖခင်ကောင်းတစ်ယောက်ပဲနော်” ဟု မှတ်ချက်ပြုလိုက်သည်။
ထိုစကားကို ကြားရသောအခါ အမျိုးသားသည် ပြုံးလျက် ပြန်ပြောလိုက်သည်မှာ
“ဇော်ဇော်မှာ အစ်ကိုတစ်ယောက် ရှိခဲ့ဖူးပါတယ်။ နာမည်က လင်းလင်းတဲ့။ မနှစ်ကပဲ အရက်မူးနေတဲ့ ဒရိုင်ဘာကြောင့် ယဉ်တိုက်မှုဖြစ်ပြီး ဆုံးသွားရှာတယ်။ အဲဒီတုန်းက သူ ဒီနားလေးမှာ စက်ဘီးစီးနေတာပါ။ ကျွန်တော် လင်းလင်းအတွက် အချိန်များများစားစား ဘယ်တုန်းကမှ မပေးလိုက်မိဘူးဗျာ။ ဒါပေမယ့် အခု ကျနော် ငါးမိနစ်စာတော့ ဘာပဲဖြစ်ဖြစ် သူ့ကို ပေးချင်တယ်။ နောက်ထပ် တူညီတဲ့ အမှားမျိုး ဇော်ဇော်အပေါ် ဘယ်တော့မှ မဖြစ်စေရဘူးလို့ ကျနော် သစ္စာဆိုထားတယ်။ ဒီကလေးသိလိုက်တာက သူ ဆော့ဖို့ ငါးမိနစ်အချိန် ရတယ် ဆိုတာလေ။ တကယ်တမ်းတော့ ကျနော့်အနေနဲ့ သားလေး ဆော့တာကို ကြည့်ခွင့်အချိန် ငါးမိနစ်စာ ထပ်ရလိုက်တာပါ။”
စက္ကန့်တိုင်း၊ စက္ကန့်တိုင်းမှာ အလုပ်တစ်ခုမဟုတ် တစ်ခုလုပ်ပြီး ဖြတ်သန်းကုန်ဆုံးနေရတာ လူ့ဘ၀ပဲ မဟုတ်ပါလား။ တစ်နေ့တာမှာ ဘယ်အလုပ်ကိုဖြင့် အရင်လုပ်မယ်၊ ဘယ်အလုပ်ကိုဖြင့် နောက်မှလုပ်မယ်ဆိုပြီး ဦးစားပေး အစီအစဉ်တွေ ချမှတ်ဆောင်ရွက်နေရတာပဲ မဟုတ်လား။ တစ်ခါတစ်လေ စီစဉ်ပြီး ရည်ရွယ်ထားတဲ့အတိုင်း လုပ်လိုက်ရပေမယ့် တစ်ခါတစ်လေကျတော့ မရည်ရွယ်ပါဘဲ လုပ်ပစ်လိုက်ရတာလည်း ရှိကြမှာပါ။ ဒီနေ့မှာ လုပ်ဖို့ ဦးစားမပေးနိုင်လို့ နောက်နေ့ လုပ်ပါ့မယ်ဆိုပြီး ချန်လှပ်ထားတဲ့ အလုပ်တွေရှိမယ်။ အဲဒါတွေကို မနက်ဖြန် လုပ်နိုင်ဖို့ဆိုတာ မသေချာပါဘူး။ ဒီနေ့အတွက် ဦးစားမပေးနိုင်တဲ့ အလုပ်ဟာ မနက်ဖြန်အတွက်ကော ဦးစားပေးနိုင်ပါ့မလား။ သင် နေ့တိုင်းနေ့တိုင်း ဘာတွေကို ဦးစားပေး လုပ်နေသလဲ။ ငွေအတွက်လား။ ပညာရေးအတွက်လား။ ကျန်းမာရေးအတွက်လား။ နာမည်ဂုဏ်သတင်းအတွက်လား။ စားဝတ်နေရေးအတွက်လား။ တစ်နေ့တာမှာ ဘာတွေကို ဦးစားပေးပြီး ဘာတွေကိုကော လစ်လျူရှုမိနေသလဲ။ ဒီနေ့ပဲ သင်ချစ်တဲ့သူအတွက် နောက်ငါးမိနစ်လောက် အချိန်ထပ်ပေးစေချင်ပါတယ်။ လောကကြီးရဲ့ အကောင်းအဆိုးတွေကို ငါးမိနစ်စာလောက် ခဏ ရပ်တန့်ပြီး ကိုယ်ပိုင်ဆိုင်တာလေးတွေကို (အနည်းဆုံး) တခဏတာ တန်ဖိုးထားကြည့်ရအောင်ဗျာ။

-------------------------------------