လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။
စည်းကမ်းမှသည် ... ဥပဒေဆီသို့
22 April 2008
၂၀၀၈ ခုနစ်၊ ဧပြီလ၊ ၂၂ ရက် (အင်္ဂါနေ့)
ခေါင်းစဉ်က နည်းနည်းများ ကြီးကျယ်နေသလား မသိဘူးနော်။ တကယ်ဆိုရင် အဲဒီလောက် အမြင့်ကြီး ဆွေးနွေးဖို့ မရည်ရွယ်ပါဘူး။ ဘာလို့လည်း ဆိုတော့ ဥပဒေဆိုတဲ့ စကားလုံးက ကျနော်နဲ့ အတော်လေး မရင်းနှီးခဲ့ပါဘူး။ ငယ်ငယ်က ဥပဒေဆိုတာကို မြန်မာ့ရုပ်မြင်သံကြားမှာက လွဲလို့ ဘယ်မှာမှ မမြင်ဖူးဘူးလေ။ စည်းကမ်းဆိုတာကမှ မူလတန်း ကျောင်းသား ဘ၀ကတည်းက သိလာခဲ့တာ။ “စည်းကမ်းရှိမှ တိုးတက်မည်”၊ “စည်းကမ်းသည် လူ၏ တန်ဖိုး” စသဖြင့်ပေါ့။ ကြားဖူးနားဝ ရှိနေတော့ စည်းကမ်းဆိုတာနဲ့ လက်ပွန်သတီး ရှိနေတယ်။ နောက်တော့ စာစီစာကုံးတွေ ရေးရတော့ စည်းကမ်းနဲ့ ပတ်သက်တဲ့ ခေါင်းစဉ်တွေက လွတ်ကို မလွတ်ဘူး။ ဥပဒေ ဆိုတာကတော့ ခပ်ဝေးဝေးပဲ။ အသက်ကြီးလာပြီး စာအုပ်တွေ ဖတ်တတ်လာတော့ ဥပဒေ ဆိုတာနဲ့ ပိုနီးစပ်လာတယ်။ ဥပဒေနဲ့ ဆိုင်တဲ့ စာအုပ်တွေ ဖတ်၊ မှတ်လို့ ဥပဒေအကြောင်း ပိုသိလာတာပဲလို့ မထင်လိုက်ပါနဲ့နော်။ စာအုပ်တွေ အတော်များများ ဖတ်လာတော့ စာအုပ်တွေရဲ့ ပထမဆုံး စာမျက်နှာတိုင်းဟာ ဥပဒေ ဆိုတဲ့ စာလုံးနဲ့ မကင်းဘူးလေ။ တရားဥပဒေ စိုးမိုးရေး .... ဘာဖြစ်တယ်၊ ညာဖြစ်တယ်ပေါ့။ ရေးထားတာတွေ အမြဲမြင်နေ၊ အမြဲ ကျော်ဖတ်နေရတော့ ငယ်ငယ်ကထက် ဥပဒေဆိုတဲ့ စကားလုံးကို ပိုရင်းနှီးလာတာပေါ့။ ငယ်ငယ်က စဉ်းစားမိတာ တစ်ခုရှိတယ်။ ဥပဒေဆိုတာ ဘာကောင်ကြီးလဲပေါ့။ စာရွက်ပေါ်မှာ ရေးထားတဲ့ စကားလုံးတွေကို ဥပဒေလို့ ခေါ်သလားပေါ့။ ဥပဒေဆိုတာ ရေးထားရုံ သက်သက်ပဲလား။
စည်းကမ်းဆိုတာ ဘာလဲလို့ ဆွေးနွေးနေစရာ မလိုအောင် လူအများစု ကြားဖူးနားဝ ရှိနေပြီးသားပါ။ ဒါပေမယ့် အကြမ်းဖျင်း နည်းနည်း ပြောကြည့်ချင်ပါတယ်။ ကန့်သတ်ချက်၊ သက်မှတ်ချက် နှင့် တောင်းဆိုချက် တစ်ချို့ကို အများအကျိုးငှာ ကာလဒေသအရ ပိုင်းခြားသတ်မှတ်၍ ချမှတ် ပြဌာန်းထားသော လိုက်နာဆောင်ရွက်ရန် စည်းမျဉ်းများကို စည်းကမ်းဟု ခေါ်သည်။ ဒါ ကျနော်ရဲ့ ထင်မြင်ချက်ပါ။ “စည်း” ဆိုတာ နယ်မြေပိုင်းခြားခြင်း၊ “ကမ်း” ဆိုတာ အနားသတ်ခြင်း တဲ့။ ဒီတော့ လုပ်အပ်၊ မလုပ်အပ် ဆိုတဲ့ အရာတွေကို ပိုင်းခြားသတ်မှတ်ထားတာကြောင့် စည်းကမ်းလို့ ခေါ်တာဖြစ်မယ် ထင်တယ်။ စည်းကမ်း ဆိုတာနဲ့ တပြိုင်တည်း လူတွေနဲ့ ပတ်သက်နေမယ်ဆိုတာ ပြောစရာမလိုအောင် အားလုံး သိပြီးသား ဖြစ်မှာပါ။ လူနည်းစုအတွက် ချမှတ်ထားတဲ့ စည်းကမ်း ရှိသလို၊ လူများစုအတွက် သက်မှတ်ထားတဲ့ စည်းကမ်းလည်း ရှိတယ်။ တချို့စည်းကမ်းချက်တွေက နယ်မြေကန့်သက်ချက်ပါတယ်။ တချို့မပါဘူး။ တချို့ အချိန် ကန့်သက်ချက်ပါတယ်။ အချို့မပါဘူး။ ဥပမာအနေနဲ့ ပြောရရင်
“ကျောင်းသား၊ ကျောင်းသူများ အဖြူနှင့် အစိမ်း ၀တ်လာရမည်။” - ဒါ လူနည်းစု အတွက်။ ကျောင်းသား၊ ကျောင်းသူနဲ့ပဲ ပတ်သက်တယ်။ ဒီကျောင်းက ကျောင်းသား၊ ကျောင်းသူ အတွက်ပဲလည်း ဖြစ်နိုင်တယ်။ တချို့ကျောင်းက ကျောင်းသား၊ကျောင်းသူတွေ အဖြူအပြာ ၀တ်ချင်ဝတ်မယ်။
“ဤနေရာတွင် အမှိုက်မပစ်ရ။” - ဒါ လူအားလုံးနဲ့ သက်ဆိုင်တယ်။ ဒီစည်းကမ်းချက်မှာ ဘယ်လိုလူက မပစ်ရလို့ မပါပါဘူး။ နောက်ပြီး ဒီမှာ နေရာကန့်သက်ချက်လေး ပါနေတယ်။ “ဤနေရာတွင်” တဲ့၊ ကပ်သီးကပ်သပ် တွေးမယ်ဆိုရင်တော့ သူဘေးနားမှာဆိုရင် ပစ်လို့ ရနိုင်တယ်ပေါ့။
“ည ၁၀ နာရီထိုးလျှင် ၀င်းတံခါး ပိတ်မည်။” - အချိန်ကန့်သက်ချက် ပါနေတယ်။ ဘယ်လိုလူအတွက်မဆို သက်ဆိုင်ပေမယ့် ဒီစည်းကမ်းမှာ အချိန်ကို ဦးစားပေးထားတယ်။
စည်းကမ်းတိုင်း စည်းကမ်းတိုင်းမှာ ပါဝင်ပတ်သက်တဲ့ လူတန်းစား သုံးရပ် ရှိတယ်။ အဲဒါတွေက
၁။ စည်းကမ်းချမှတ်သူ
၂။ စည်းကမ်းလိုက်နာရမည့်သူ နဲ့
၃။ စည်းကမ်းကြပ်မတ်သူ တွေဖြစ်တယ်။

စည်းကမ်းချမှတ်သူ - စည်းကမ်းချမှတ်သူ ဆိုတာ ရှင်းရှင်းပြောရရင် စည်းကမ်းရေးဆွဲတဲ့သူပေါ့။ နောက်ပြီး ရေးဆွဲဖို့ ညွန်ကြားတဲ့သူလည်း ပါတယ်။ သူတို့တွေဟာ အမြဲတမ်း လူအဖွဲ့အစည်းရဲ့ အထက်တန်းလွှာမှာ ရှိနေကြတယ်။ ဥပမာ အိမ်တစ်အိမ်မှာ စည်းကမ်းထုတ်တဲ့သူဟာ အိမ်ထောင်ဦးစီးပဲ များပါတယ်။ အိမ်ထောင်ဦးစီး ဆိုတဲ့နေရာမှာ ယောက်ျားဖြစ်ရင်ဖြစ် မဖြစ်ရင် အဲဒီယောက်ျားကိုနိုင်တဲ့ မိန်းမလည်း ဖြစ်နေတတ်ပါတယ်။ ကျောင်းတစ်ကျောင်းမှာ ဆိုရင် ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးတွေပေါ့။ ဒါကြောင့် စည်းကမ်းချမှတ်သူတွေဟာ အဲဒီ အဖွဲ့အစည်းရဲ့ အမြင့်ဆုံး အလွှာမှာ ရှိနေကြတယ်။ သူတို့ထက် ကြီးတဲ့သူ၊ သူတို့ကို ကျော်ရဲတဲ့သူ မရှိဘူး။ ဒီတော့ တခါတလေမှာ ထင်တိုင်းကြဲတော့တာပေါ့။ ကျောင်းချိန်အတွင်းမှာ ကျောင်းအုပ်ဆရာကြီးက အဖြူအစိမ်း မ၀တ်လို့ ဆိုပြီး သူ့ကို ပြစ်ဒဏ်ပေးမယ့်သူ မရှိပါဘူး။
စည်းကမ်းလိုက်နာရမည့်သူ - စည်းကမ်းဆိုတာ ရှိလာရင် လိုက်နာရမယ့်သူ ဆိုတာလည်း ရှိရမယ်။ ဘယ်သူမှ မလိုက်နာတဲ့ စည်းကမ်းတစ်ခုဟာ ဘာမှ အကျိုးမရှိဘူး။ ဒါကြောင့် လိုက်နာမယ့်သူ လိုတယ်။ သူတို့တွေဟာ အမြဲတမ်း အောက်ဆုံးအလွှာက လူတွေပဲ များတယ်။ ဥပမာ ကျောင်းတစ်ကျောင်းမှာ ဆိုရင် ကျောင်းသားတွေပေါ့။ “ကျောင်းဝင်းအတွင်း ဆေးလိပ်မသောက်ရ” ဆိုတဲ့ စည်းကမ်းအတွက် အများဆုံး ဖိအားပေးခံရတာ ကျောင်းသားတွေပဲ ဖြစ်နေတတ်တယ်။ တကယ်ဆို ဆရာတွေနဲ့လည်း သက်ဆိုင်နေတာပဲလေ။ နောက်ပြီး အိမ်တစ်အိမ်မှာဆိုရင် မိဘတွေ ထုတ်တဲ့ စည်းကမ်းဟာ သားသမီးတွေအပေါ် သက်ရောက်တာပဲ များတယ်။ ဥပမာ “ည ၁၀ နာရီ မထိုးခင် အိမ်ပြန်ရမယ်” ဆိုတာလိုပေါ့။ မိဘတွေ နောက်ကျခဲ့ရင် ငါက အလုပ်လုပ်နေတာ၊ နောက်ကျတော့ ဘာဖြစ်လဲလို့ ဆင်ခြင် ပေးတတ်ကြတယ်။ ဒီတော့ စည်းကမ်းကို လိုက်နာဖို့ ဖိအား အများဆုံး အပေးခံရတာ အောက်ဆုံးအလွှာက လူတွေပဲ ဖြစ်ဖြစ်နေတတ်တယ်။
စည်းကမ်းကြပ်မတ်သူ - စည်းကမ်းချတဲ့သူ ရှိမယ်၊ လိုက်နာရမယ့်သူ ရှိလာရင် စည်းကမ်းတကယ် လိုက်နာ မလိုက်နာ ဆိုတာကို စောင့်ကြပ် ထိန်းသိမ်းမယ့်သူဆိုတာ ရှိလာတယ်၊ လိုလာတယ်။ အဲဒီလူတန်းစားဟာ လိုက်နာမှု ရှိမရှိကို စောင့်ကြည့်ရသလိုပဲ မလိုက်နာရင် သက်မှတ်ထားတဲ့ ပြစ်ဒဏ်တွေ ချမှတ်ကြရတယ်။ များသောအားဖြင့် စည်းကမ်းချမှတ်တဲ့ သူတွေကပဲ စောင့်ကြပ်ကြတယ်။ တခါတလေမှာတော့ စည်းကမ်းကြပ်မတ်တဲ့သူ သက်သက် သက်မှတ်ထားတယ်။ ဥပမာ ကျောင်းတစ်ကျောင်းမှာ ကျောင်းအုပ်က စည်းကမ်း ချမှတ်ပေမယ့် ဆရာ/ဆရာမတွေက စည်းကမ်းကြပ်မတ်ရတယ်။ ဒါပေမယ့် ရပ်ကွက်မှာတော့ ရပ်ကွက်လူကြီးကပဲ ချမှတ်ပြီး သူကပဲ စီရင်တာများတယ်။ စည်းကမ်းချမှတ်သူနဲ့ ကြပ်မတ်သူ တစ်ယောက်တည်း ဖြစ်နေရင် ဘာဖြစ်သလဲဆိုတော့ “ငါချထားတဲ့ စည်းကမ်းကို မလိုက်နာရကောင်းလား” ဆိုပြီး ဒေါသတွေ ပိုနေတတ်တယ်။ အကယ်၍ တသီးတခြားစီ ဆိုရင်တော့ စည်းကမ်းကြပ်မတ်သူဟာ ကြားနေဖြစ်နိုင်တယ်။ ဆိုလိုတာက စည်းကမ်းနဲ့ လူနဲ့ ပူးကပ်မထားဘဲ ဘက်လိုက်မှု ပိုကင်းနိုင်တယ်။
စည်းကမ်းတစ်ခုမှာ နယ်မြေကန့်သတ်ချက်ပါနိုင်တယ်။ ဒီတော့ ကျောင်းမှာ မလုပ်ရတာက အိမ်မှာ လုပ်လို့ ရကောင်းရမယ်။ နောက်ပြီး အချိန်ကန့်သက်ချက်လည်း ပါနိုင်တယ်။ နောက် လူတန်းစား ကန့်သက်ချက်လည်း ရှိနိုင်တယ်။ ကျောင်းသား၊ ကျောင်းသူတွေအတွက် ထုတ်ထားတဲ့ စည်းကမ်းတွေ ရှိနိုင်သလို၊ စာမေးပွဲခန်းစောင့်မယ့် ဆရာ၊ဆရာမတွေအတွက် စည်းကမ်းလည်း ရှိနိုင်တယ်။
ဒါဆိုရင် ဥပဒေ ဆိုတာကရော ....
ကျနော့်အထင်တော့ ဥပဒေ ဆိုတာက စည်းကမ်းနဲ့ သိပ်ကွာမယ် မထင်ပါဘူး။ ဥပဒေမှာ နယ်မြေကန့်သတ်ချက် ရှိတယ် ဆိုပေမယ့် ဥပဒေ အများစုဟာ နိုင်ငံတစ်နိုင်ငံရဲ့ နယ်နိမိတ်အတွင်းမှာ သက်ရောက်မှု ရှိနေတယ်။ လူတန်းစား ကန့်သတ်ချက် အနေနဲ့လည်း ဥပဒေ အများစုဟာ ဒီနိုင်ငံမှာ မှီတင်းနေထိုင်တဲ့ တိုင်းရင်းသားအားလုံးနဲ့ သက်ဆိုင်နေတယ်။ အချိန်အနေနဲ့ ကန့်သက်ချက်ကတော့ မရှိသလောက် ဆိုပေမယ့် တွေ့ရှိက အရေးယူမည်တဲ့။ ဒါဆို ကျနော်တို့ “စည်းကမ်း” တုန်းကလို ပါဝင်ပတ်သက်မယ့် လူတန်းစား သုံးရပ်ကို ခွဲခြမ်းကြည့်ရအောင်။
ဥပဒေရေးဆွဲသူ - နိုင်ငံအတော်များများမှာ ဥပဒေပြု လွှတ်တော်ဆိုပြီး သက်သက် ခွဲထားပြီး သူတို့ နိုင်ငံသားတွေအတွက် ဥပဒေကို ရေးဆွဲပေးကြရတယ်။ ပြီးမှ နိုင်ငံတော် သမ္မတ၊ ၀န်ကြီးချုပ် နဲ့ ၀န်ကြီး တွေက ချမှတ်ထားတဲ့ ဥပဒေတွေကို အသီးသီး အတည်ပြုပေးရတယ်။
ဥပဒေလိုက်နာရမည့်သူ - ဒါကတော့ အဲဒီ နိုင်ငံမှာ မှီတင်းနေထိုင်သူ အားလုံးလို့ အကြမ်းအားဖြင့် ဆိုလို့ရပါတယ်။
ဥပဒေကြပ်မတ်သူ - နိုင်ငံအတော်များများမှာ တရားစီရင်ရေး နဲ့ ထိန်းသိမ်းရေး အဖွဲ့အနေနဲ့ ပြည်သူ့ရဲ၊ ရှေ့နေ၊ တရားသူကြီး စသဖြင့် ဖွဲ့စည်းထားတတ်ပါတယ်။
ဒီနေရာမှာ ဥပဒေကို ရေးဆွဲသူနဲ့ ကြပ်မတ်သူ ဆိုပြီး သက်သက် ခွဲထားပေမယ့် သူတို့နှစ်ဖွဲ့စလုံးဟာ လိုက်နာရမယ့် သူတွေလည်း ဖြစ်တယ်။ တကယ့်လက်တွေ့မှာ ဖြစ်သလားလို့ ပြန်စဉ်းစားကြည့်ရင် မဖြစ်ပါဘူး။ နိုင်ငံအတော်များများမှာ ဥပဒေကို ရေးဆွဲတဲ့သူတွေဟာ အထက်တန်းလွှာ လူတန်းစားတစ်ရပ်အနေနဲ့ ရှိနေပြီး ထင်တိုင်းကြဲနေတတ်ကြတယ်။ “ငါရေးတာ မင်းတို့ လိုက်နာဖို့” ဆိုတာလို ဖြစ်နေတယ်။ တကယ်ဆို ဘယ်ဥပဒေမှာမှ “ထိုဥပဒေ ရေးဆွဲသူများ လိုက်နာရန်မလို” ဆိုတဲ့စာကြောင်း မပါပါဘူး။ အဲဒီလို ထင်တိုင်းကြဲတော့ ဘာတွေ ဖြစ်လာသလဲဆိုရင် လာဘ်စားမှုတွေ ဖြစ်လာတယ်။ “ဟိုလူကြီးနဲ့ ပေါင်းရင် မင်း လုပ်ချင်တာ လုပ်လို့ရပြီ” တဲ့။ “မင်း ပြဿနာ မတက်ချင်ရင် ဒီလူကြီးနဲ့ နည်းနည်းပေါင်းထား၊ သူက ပိုင်တယ်ကွ” ဆိုတဲ့ စကားလုံးတွေ ပလူပျံအောင် ကြားနေရတော့မယ်။
ဥပဒေရေးဆွဲသူကမှ ထင်ရာစိုင်းနေရင် ကြပ်မတ်သူက ဘက်လိုက်တာ မစမ်းပါဘူး။ ပြစ်ဒဏ်ချတော့မယ်ဆိုရင် ဘယ်လူကြီးနဲ့ ပတ်သက်နေမလဲလို့ စောင့်ကြည့်ရတာ အမော။ “ဒီကေ့စ် (Case) သွားမထိနဲ့၊ ကွိသွားမယ်။ အေးအေးဆေးဆေး နေစမ်းပါကွာ” ဆိုတဲ့ စကားသံတွေ ကြားလာရမယ်။ ဒီတော့ ကြပ်မတ်သူဘက်က ထိန်းသိမ်းမှုအပိုင်း လျော့ရဲလာမယ်။ တဖြည်းဖြည်းနဲ့ သူတို့လည်း ထင်ရာစိုင်းလာမယ်။ နောက်ဆုံးတော့ ခံရတာက အဲဒီနိုင်ငံရဲ့ အောက်ဆုံးအလွှာက လူတန်းစားတွေပါပဲ။ ရေးဆွဲသူက လာဘ်စား၊ ကြပ်မတ်သူက ဘက်လိုက်တော့ လိုက်နာရမယ့်သူတွေက ခံလိုက်ပေါ့။
ဒါ နိုင်ငံတိုင်း ဖြစ်နေတာလားလို့ မေးစရာ ရှိပါတယ်။ အနည်းနဲ့ အများတော့ ရှိကြမယ် ထင်ပါတယ်။ မရှိသလောက် နည်းတဲ့ နိုင်ငံတချို့လည်း ရှိပါတယ်။ ဒီနေရာမှာ ဒီမိုကရေစီ ဆိုတဲ့ စကားလုံးလေးကို နည်းနည်းဆွေးနွေးချင်ပါတယ်။ “စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ” ဆိုတဲ့ အသုံးအနှုန်းကို မြန်မာနိုင်ငံမှာ သုံးထားတာ တွေ့ရပါတယ်။ ကျနော်ရဲ့ အမြင်ကတော့ ဒီမိုကရေစီဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပါယ်ထဲမှာ စည်းကမ်းပြည့်ဝမှုဆိုတာ ပါနေပြီးသားလို့ ယူဆပါတယ်။ ဒီမိုကရေစီ ထွန်းကားတဲ့ လူအဖွဲ့အစည်းတစ်ရပ်မှာ စည်းကမ်းတွေကို ချမှတ်သူ၊ ကြပ်မတ်သူနဲ့ လိုက်နာသူတွေဟာ တသားတည်း ကျနေပါတယ်။ ချမှတ်ထားတဲ့ စည်းကမ်းကို သက်ဆိုင်သူတွေ အားလုံး (ချမှတ်သူ၊ ကြပ်မတ်သူပါမကျန်) က လိုက်နာမယ်။ နောက်ပြီး အဲဒီ သက်ဆိုင်သူတွေကို အမှန်တကယ် ကိုယ်စားပြုတဲ့သူတွေက စည်းကမ်းတွေ ချမှတ်မယ်ဆိုရင် တသားတည်းကျတယ်လို့ ယူဆပါတယ်။ ဒါမှ လူများစုကို ကိုယ်စားပြုတဲ့ အများလိုက်နာနိုင်မယ့် စည်းကမ်းတွေ ထုတ်ပြန်နိုင်မယ်လို့ ယုံကြည်ရပါတယ်။ အဲဒီလိုမှ မဟုတ်ဘဲ “ငါပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ့” ဆိုတဲ့ စနစ်ကြီးနဲ့ ကျင့်သုံးနေတာ ဒီမိုကရေစီလို့ ဆိုနိုင်ပါ့မလား။
နိုင်ငံတစ်နိုင်ငံအနေနဲ့ ဆိုလည်း ဒီလိုပါပဲ။ ဥပဒေရေးဆွဲသူ၊ ကြပ်မတ်သူနဲ့ လိုက်နာသူတွေဟာ တသားတည်း ကျနေဖို့ လိုပါတယ်။ အဲဒီလိုမှ မဟုတ်ဘဲ ငါရေးချင်လို့ ရေးတယ်ကွာ၊ ငါရေးချင်သလို ရေးတယ်ကွာ၊ ငါလုပ်ချင်သလို လုပ်တယ်ကွာ ဆိုရင်တော့ ရေးဆွဲသူ၊ ကြပ်မတ်သူ နဲ့ လိုက်နာသူတွေဟာ လူတန်းစား သုံးရပ်အနေနဲ့ တသီးတခြားစီ တည်နေပြီး “စည်းကမ်းပြည့်ဝတဲ့” ဆိုတဲ့ စကားလုံးနဲ့ ဝေးသတဲ့ ဝေးနေမှာတော့ အမှန်ပါပဲ။
မြန်မာ့သမိုင်းဖတ်စာမှာ မှတ်သားဖူးတဲ့ စကားပုံတစ်ခု ရှိပါတယ်။ “စည်းကမ်းဖောက်ရင် ထီးနန်းပျောက်မယ်” တဲ့။ အခုထိလည်း ဖောက်နေကြတုန်းပဲလို့ ကျနော် ထင်မြင်မိပါတယ်။

ဤပို့စ်အား Tuesday, April 22, 2008 နေ့တွင် ရေးသားထားပြီး
တွေးစရာ
နာမည်ဖြင့် အညွှန်း သက်မှတ်ထားပါသည်။
ကွန်းမန့်များအား အချိန်နှင့် တပြေးညီ သိလိုလျှင် RSS 2.0 ဖြင့် တောင်းဆို၍ ရယူနိုင်သည်။
လာရင်းနေရာ သို့ ပြန်လည် သွားရောက်နိုင်ပါသည်။
Tuesday, April 22, 2008
|
စာညွှန်း
တွေးစရာ