လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

အားပေးစကား ပြောကြားကြသော သူငယ်ချင်းများ အားလုံး ကျေးဇူးပါ

04 March 2008

၂၀၀၈ ခုနစ်၊ မတ်လ၊ ၄ ရက် (အင်္ဂါနေ့)

အားလုံး မင်္ဂလာပါဗျာ။ ကျနော် ၁၈ ရက် ဖေဖော်ဝါရီလမှာ ပို့စ်တစ်ခုတင်ပြီး ကတည်းက ပျောက်ခြင်းမလှ ပျောက်နေလို့ လာအော် လာခေါ် နေကြတဲ့ သူငယ်ချင်းတွေ ရှိကြသလိုပဲ ပျောက်နေရတဲ့ အကြောင်းသိကြလို့ လာရောက် အားပေးကြတဲ့ သူငယ်ချင်းများလည်း ရှိကြပါတယ်။ လာရောက် အားပေးနှစ်သိမ့်စကား ပြောကြားပေးကြတဲ့ သူငယ်ချင်းရောင်းရင်းတွေကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ ၁၉ ရက်နေ့ မနက်ကို အဖေ ဆေးရုံတင်ရလို့ ရရာနဲ့ မန်းကို လစ်လိုက်ရတာ သူငယ်ချင်းတွေကိုတောင် အကြောင်းမကြားလိုက်ရဘဲ အမြန် ပြန်လိုက်ရတယ်။ အဖေ ဆုံးတဲ့ ၂၅ရက် နေ့က မှတ်လို့ သားလို့ ကောင်းအောင် မန်းက ရတနာပုံဈေးကလည်း မီးအကြီးအကျယ် လောင်လိုက်တယ်လေ။ အဖေဆုံးတာ နံနက် ၁း၃၀ လောက်ပါ။ သူငယ်ချင်းတွေကို အကြောင်းကြားမယ်လို့ နံနက် ၇း၃၀ လောက် လုပ်တော့ ရတနာပုံဈေးက မီးညွှန့်အတော်တက်နေပြီ။ ဒါနဲ့ ဖုန်းတွေလည်း တအားကြပ်နေပြီ။ ခေါ်ရခက်တာနဲ့ ဘယ်သူဆီမှ အကြောင်းမကြားဖြစ်တော့ဘူး။ ဂျီကိုင်ထားတဲ့ သူတွေဆီပဲ မက်စိ (Message) ပို့လိုက်တော့တယ်။ သူငယ်ချင်းတွေလည်း နာရေးမေးဖို့ ဖုန်းဆက်ကြမယ် ထင်ပါတယ်။ ဖုန်းလိုင်း တအားကြပ်လို့ သူတို့လည်း လက်လျှော့လိုက်တယ် ထင်ပါ့။ ဘာပဲဖြစ်ဖြစ်ပါ။ စီဗုံးထဲမှာ အားပေးစကား လာပြောသွားကြတဲ့ အပေါင်းအသင်း ရောင်းရင်းများ အားလုံး တကယ့်ကို ကျေးဇူးတင်ပါတယ်။ ဒီစီဗုံးလေး ၀င်ကြည့်လိုက်တော့ တကယ့်ကို အားတက်မိပါတယ်။ အော် ... နောက်ပြီး အဖေဆုံးတဲ့ သတင်းကို စီဗုံးထဲမှာ အားလုံးကို အကြောင်းကြားပေးတဲ့ ကိုhms ကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်ပြီး ဖုန်းနဲ့ တစ်ဖုံ၊ မက်စိနဲ့ တစ်မျိုး အားပေးစကားပြောကြတဲ့ သယ်ရင်းတွေကိုလည်း ကျေးဇူးပါ။

အဖေက အဆုတ်ကင်ဆာနဲ့ ဆုံးတာပါ။ အဆုတ်ထဲမှာ အကျိတ်လေးတစ်လုံးကို ဟိုး ၂၀၀၂ ဇွန်လ ကတည်းက တွေ့လို့ ခွဲထုတ်ပြီး အသားစစစ်ဖို့ လုပ်လိုက်တာ ၂၀၀၃ ဇန်န၀ါရီလမှပဲ ခွဲဖြစ်ပါတယ်။ အသားစကို ယူစစ်ကြည့်တော့ Cancer ဖြစ်နေပြီး အဆိုးဆုံး အမျိုးအစားဖြစ်တဲ့ Small Cell ဖြစ်တယ်လို့ ပြောပါတယ်။ သူများတွေ ဆိုရင်တော့ ကင်ဆာမှန်း သိပြီး ၆ လလောက်ပဲ ခံမယ်လို့ ပြောတော့ ကျနော်တို့ တစ်မိသားစုလုံး ၀မ်းနည်းလို့ ငိုလိုက်ရပါသေးတယ်။ အဆုတ်ကို ခွဲစိတ်ပေးတဲ့ ဆရာဝန်က အစပထမ အဲ့ဒီ အကျိတ်ကလေးပဲ ထုတ်ပေးမလို့ဟာကို အဆုတ်ကို ကြည့်လိုက်တော့ ဘယ်ဘက်အခြမ်းက လုံးဝနည်းပါး သုံးစားလို့ မရတော့လို့ ထားလည်း အပိုပဲဆိုပြီး အကုန်လုံးနီးပါး ဖြတ်ထုတ်ပစ်လိုက်တယ်။ နောက်ပြီး ဆေးသွင်း၊ ဓါတ်ကင်နဲ့ ၂၀၀၃ တစ်နှစ်လုံးနီးပါး ဆေးရုံမှာပဲ အချိန်တွေ ကုန်သွားတယ်။
အဖေက ဘယ်ဘက် အဆုတ်တစ်ခြမ်းလုံး ပျက်စီးနေအောင် မကောင်းရတဲ့ အကြောင်းက သူက ဆေးလိပ် အင်မတန် သောက်တဲ့သူပါ။ အသက် ၁၅ နှစ်ကတည်းက သောက်ခဲ့တယ်လို့ ပြောတယ်။ ခွဲစိတ်တဲ့ အချိန်မှာ ၅၉ နှစ်ပါ။ အဲဒီအချိန်တော့ ဆေးလိပ်ပြတ်ပြီ။ မပြတ်လို့လည်း မရဘူးလေ။ ဆရာဝန်က ဆေးလိပ်မဖျက်ရင် ခွဲမပေးဘူး ပြောတာကိုး။ အဖေ ဆေးလိပ်သောက်ချက်ကတော့ လွန်ရောပဲ။ ဆေးလိပ်လျှော့သောက်ပြီ ဆိုတဲ့ အချိန်မှာ တစ်နေ့ကို လန်ဒန် စီးကရက် နှစ်ဘူးကုန်တယ်။ နောက်ပြီး တစ်ပတ်ကို ဖက်ကြမ်း တစ်စီးက တွဲဖက်ကုန်တယ်။ Heavy Smoker ပေါ့။ အရင်က ဆေးလိပ် ဖြတ်ဖို့ နှစ်ခါ ကြိုးစားသေးတယ်။ ဟိုဟာနဲ့ အစားထိုး ဒီဟာနဲ့ အစားထိုးနဲ့ နောက်ဆုံးတော့ တစ်ပတ်လည်ပြီး ဆေးလိပ်ပဲ ပြန်ရောက်သွားတယ်။ နောက်ဆုံး ဆရာဝန်က အသက်နဲ့ ဆေးလိပ်နဲ့ တစ်ခုယူဆိုမှ ဘာနဲ့မှ အစားမထိုးရဘဲ ဒုန်းတိကြီး ပြတ်သွားတယ်။
ဒါနဲ့ ခွဲစိတ်အပြီး ၂၀၀၄ လောက်က စပြီး လူကောင်းတစ်ယောက်လို ပြန်နေနိုင်လာတယ်။ အမောမခံနိုင်တာက လွဲလို့ပေါ့။ ၂၀၀၄ အောက်တိုဘာမှာ ကျနော်တို့နဲ့ အတူ တရုတ်ပြည်က ရေခဲတောင်ကိုတောင် တက်လိုက်သေးတယ်။ ၂၀၀၄ ကျမှ ခင်တဲ့ လူတွေက သူ့ကို ရောဂါဝေဒနာရှင်တစ်ယောက်လို့ကို မထင်ကြဘူး။ တောက်လျှောက် ကောင်းလာလိုက်တာ ၂၀၀၇ နှစ်ဆန်းပိုင်းလောက်မှာ စပြီး အသံလုံးဝ ပျောက်သွားတယ်။ စကားပြောရင် လေသံပဲ ထွက်တော့တယ်။ နားလည်တဲ့ ဆရာဝန်တွေ ပြောတာတော့ ကင်ဆာဆဲလ်ဟာ ပြန်ပြီးနိုးထလာပြီး အသံအိုးမှာ လာပွားနေပြီလို့ ပြောပါတယ်။ အဲဒီလို သိလိုက်ကတည်းက သိပ်မကြာတော့ဘူးဆိုတာ နားလည်လိုက်ပါပြီ။ ဒါပေမယ့် လူပဲလေ၊ မျှော်လင့်ချက်ဆိုတာ ရှိနေသေးသရွေ့ ကြိုးစားနေဦးမှာပေါ့။ ဒီလိုနဲ့ ဧပြီလ သင်္ကြန်အပြီးကနေစပြီး ဆေးသွင်းဖို့ လုံးပန်းရပါတော့တယ်။ အသက်လည်း ကြီးလာပြီဖြစ်တော့ တအားပြင်းတဲ့ ဆေးတွေကို အဖေ ခံနိုင်ရည် မရှိတဲ့ အဆုံးမှာ စက်တင်ဘာလထဲမှာပဲ ဆေးဆက်သွင်းဖို့ ဆရာဝန်က ပယ်ဖျက်လိုက်တယ်။ ဒီလိုနဲ့ ဆရာဝန်က မှေးကုလာလိုက်တာ ၂၀၀၈ ဇန်န၀ါရီရောက်တော့ အဖေက မန်းပြန်ချင်တယ်ဆိုတာနဲ့ ဆရာဝန်က ခွင့်ပြုလိုက်တယ်။ နောက်ဆရာဝန်က နေသာသလောက် နေပါတဲ့။ ဒီလောက်ဆို ကျနော်တို့လည်း သဘောပေါက်ပါတယ်။ ဒါပေမယ့် မယုံချင်သေးဘူးလေ။
၁၉ ရက်နေ့မှာ အဖေ အသက်ရှူကြပ်လို့ မန်းက ပုဂ္ဂလိက ဆေးရုံတစ်ခုမှာ တင်လိုက်တယ်။ ဆရာဝန်က ပြောတယ်။ သူအခု ထိုးထားတဲ့ ဆေးက ၂၄ နာရီအတွင်းမှ ပြန်မကောင်းရင်တော့ မတတ်နိုင်တော့ဘူးတဲ့။ ဒါပေမယ့် နေ့လည်ခင်းရောက်တော့ ပြန်သက်သာလာတယ်။ ဒီလိုနဲ့ ညတိုင်းသူ ခဏမှေးရုံကလွဲပြီး မအိပ်နိုင်ဘူး။ အအိပ်ပြတ်တာကြာတော့ အစားပါပျက်လာတယ်။ ခန္ဓာကိုယ်ရဲ့ အရေးကြီးဆုံး မောင်းနှင်အား နှစ်ခုဖြစ်တဲ့ အိပ်စက်အနားယူခြင်းနဲ့ အဟာရ ဖြည့်ဆည်းခြင်းတွေ ချို့ယွင်းလာတော့ လူက အကျဘက်ကို ရောက်ရောက်လာတယ်။ အိပ်စက်နိုင်အောင် အိပ်ဆေးထိုးရုံက လွဲလို့ ဘာတတ်နိုင်မှာလဲ။ အိပ်ဆေးပေးလည်း မအိပ်နိုင်ဘူးလေ။ အဟာရအတွက် ဆေးပုလင်းချိတ်ဖို့ ဆိုတာကလည်း အဆင်မပြေပြန်ဘူး။ အမောဖောက်နေတဲ့ လူတစ်ယောက်အတွက် ဆေးပုလင်းချိတ်ရင် ပိုမောလာလိမ့်မယ်။ လူနာမခံနိုင်လောက်ဘူး။ လူတစ်ယောက် အိပ်ချင်လျက်နဲ့ မအိပ်ရလို့ ဖြစ်နေရတဲ့ ဝေဒနာကို မြင်နေရတဲ့ လူတောင် အနေရခက်ပါတယ်။ ၉၀ ဒီကရီထောင်ထားတဲ့ နောက်မှီကိုတောင် မှီလိုက်ရင် မောတယ် ဆိုတော့ သူ ငုတ်တုတ် ထိုင်နေရုံမှ တပါး အခြားမရှိဘူး။ အဖေ ဒီလိုပဲ သုံးလေးရက် ငုတ်တုတ်ထိုင်ပြီး နေသွားခဲ့တယ်။ သူ့ရင်ထဲမှာ ဘယ်လောက် နာကျင်နေမယ်၊ အခံရခက်နေမယ်ဆိုတာ ခန့်မှန်းကြည့်လို့ ရနိုင်ပါတယ်။ ဒါပေမယ့် ချီးကျူးစရာကောင်းတာက သူ့ရဲ့ နာကျင်မှုကြောင့် တစ်ချက် မငြီးခဲ့ဘူး။ သူ ကျိတ်ခံသွားခဲ့တယ်။ သူ့ရဲ့ သတ္တိကို ကျနော်တို့ လိုက်မမီဘူး။ နောက် သူ ကျနော်တို့အပေါ်ထားတဲ့ စာနာမှု၊ လူနာငြီးရင် လူနာရှင် ဘယ်လောက် နေရခက်မယ်ဆိုတာ သူ ကိုယ်ချင်းစာပြီး ကျိတ်ခံသွားပုံရပါတယ်။ သူ ဒီလို အိပ်မရတဲ့ ဝေဒနာကို ခံစားနေရပေမယ့် ၂၄ ရက်နေ့ ည ၁၁း၃၀ ကျော်ကျော်မှာပဲ အဖေ စပြီး အိပ်ပျော်သွားပါတယ်။ နာရီဝက်လောက် အိပ်လိုက် တခဏလောက် မျက်လုံးလေး ဖွင့်ကြည့်လိုက်၊ ၄၅ မိနစ်လောက် အိပ်လိုက် ခဏ ထကြည့်လိုက်နဲ့၊ နောက်ဆုံး ထွက်သက်ကို အိပ်စက်ရင်းနဲ့ပဲ ညင်ညင်သာသာ ထုတ်သွားတာ ကျနော်တို့တောင် မသိလိုက်ပါဘူး။ သတိရလို့ ကြည့်လိုက်တော့ သူ ငြိမ်ကျသွားတာ တွေ့လိုက်မှ ဆရာဝန်တွေ အမြန်ခေါ်ပြီး စစ်ဆေးခိုင်းရပါတယ်။ နောက်ဆုံး အီးစီဂျီ ရိုက်ပြီး လူနာကွယ်လွန်ကြောင်း အတည်ယူပါတယ်။ အဖေဆုံးပြီလို့ သိလိုက်ရတဲ့ စက္ကန့်ပိုင်းမှာ အရာအားလုံး ပျောက်ကွယ်သွားပြီး လဟာပြင် ကွင်းပြင်ကျယ်ကျယ်ကြီးမှာ တစ်ယောက်တည်း မိုးတိုးမတ်တပ် ရပ်နေရတယ်လို့ ခံစားလိုက်မိပါတယ်။ မှီခို အားထားရာကြီးတစ်ခု၊ ယုံကြည် ကိုးစားရာကြီးတစ်ခု ရုတ်တရက် ပျောက်ကွယ်သွားပြီး အထီးကျန်သလို ခံစားလိုက်ရတယ်။
နောက် အိမ်ပြန်ရောက်တော့ လောက၀တ် ပြုကျင့်ရမယ့်အတိုင်း နာရေးအတွက် လောကီကိစ္စတွေဖြစ်တဲ့ ဖိတ်စာရိုက်၊ ကြေငြာစီစဉ်၊ မဏ္ဍပ်ထိုး၊ သင်္ချိုင်းမြေနေရာစီစဉ်နဲ့ ရှုပ်ရှက်ခပ်ပြီး အလုပ်တွေ များရပါတော့တယ်။ အဲ့အချိန်မှာလည်း ဟိုရှုပ်ဒီရှုပ်နဲ့ ဖုန်းလိုင်းတွေလည်း ခေါ်ရကြပ်နဲ့ အမျိုးတွေလောက်ပဲ အခုတ်တရ အကြောင်းကြားနိုင်တော့တယ်။ အဲဒီလို ရှုပ်လိုက်တာ ရက်လည်အထိပါပဲ။ သယ်ရင်းတချို့က သတင်းစာထဲ ၀မ်းနည်းကြောင်း ထည့်ကြတယ်။ အဲ့ဒီတုန်းက ဖတ်ဖို့တောင် အချိန်မရလို့ သူငယ်ချင်းတချို့ပြောမှ သိရတယ်။ နောက်နေ့မှ သတင်းစာအဟောင်း ပြန်ရှာဖတ်ရဦးမယ်။ နောက်ပြီး လွမ်းသူ့ပန်းခွေ၊ ပန်းခြင်း လာပို့ပေးတဲ့ သယ်ရင်းများကိုလည်း ကျေးဇူးတင်ပါတယ်။ အလုပ်များနေတော့ ဘယ်တုန်းက လာပို့သွားမှန်းတောင် မသိလိုက်ဘူး။ နောက် ပြင်ဆင်ပြီး တင်ထားမှ သတိထားမိလိုက်တယ်။ လူမှုရေး လစ်ဟင်းမှုတွေ ရှိရင် တောင်းပန်ပါတယ်နော်။

တကယ်တော့ သေခြင်းတရားဟာ လူတိုင်းနဲ့ မကင်းတဲ့ တရားတစ်ခုဆိုတာ လူတိုင်း မငြင်းကြပေမယ့် အတိအလင်း လက်ခံရဲတဲ့လူ အတော်ရှားပါတယ်။ အဖေဟာ ဒီရောဂါ ဝေဒနာတွေ ခံစားနေရလို့ လူသာမာန်တွေထက် စောလျင်စွာ သွားရမယ်ဆိုတာ သီအိုရီကျကျ လက်ခံထားမိပေမယ့် တကယ့်လက်တွေ့မှာတော့ မယုံကြည်နိုင်တာ ကိုယ်တွေ့ပါ။ အဖေ ငြိမ်ကျသွားတော့ ဆုံးသွားပြီလားမသိဘူးလို့ ပထမဆုံးဝင်လာတဲ့ အတွေးကို ခပ်မိုက်မိုက်ကြီး ပယ်ချပြီး လက်ဖျန်ရိုးက သွေးခုန်းနှုန်းကို စမ်းကြည့်ပါတယ်။ မခုန်တော့ဘူး။ နောက် ဗိုက်ကို လက်နဲ့ အသာဖိပြီး ဖောင်းပိန်ဖြစ်သေးလား စမ်းကြည့်ပါတယ်။ ဒါလည်း လက်မခံနိုင်သေးလို့ နှာခေါင်းဝကို လက်ထားပြီး ၀င်လေထွက်လေ စမ်းပါတယ်။ ဒါလည်း သိပ်လက်မခံချင်သေးလို့ နှလုံးခုန်မခုန် လက်ဝါးနဲ့ စမ်းကြည့်ပါတယ်။ ဒါတောင် လက်မခံချင်သေးဘူး။ ဆရာဝန်ပြေးခေါ်ပြီး စမ်းခိုင်းပါတယ်။ ဆရာဝန်လည်း လူနာရှင်နဲ့ အနေအထားကို သဘောပေါက်လို့ နောက်ဆုံး အီးစီဂျီစက်နဲ့ ယူစမ်းပြမှ ကျနော်ရဲ့ သိစိတ်ကော မသိစိတ်ကပါ ဒုန်းဒုန်ချ လက်ခံလိုက်မိတော့တယ်။ အခုဟာက ဒီလောက် မဆိုးပါဘူး။ ၂၀၀၀ ခုနစ်က ကျနော် သူငယ်ချင်း ဆုံးတော့ သူ့ရဲ့ အလောင်းကို ကိုယ်တိုင် မီးသဂြိုလ်စက်ထဲ ထည့်ပြီးတာတောင် ၀ူးဝါးအော်ပြီး ပြန်ထွက်လာမလားလို့ မျှော်လင့်ချက်နဲ့ အပေါက်ဝမှာ ၁၅ မိနစ်လောက် ရပ်စောင့်နေလိုက်မိသေးတယ်။ ဘယ်လောက် ရူးသလဲနော်။
အဖေနဲ့ ပတ်သက်ပြီး ဖြေသာတာ တစ်ခုရှိပါတယ်။ အဖေရဲ့ ရုပ်အလောင်းကို ကုတင်ပေါ်ခင်းထားတာကို စိမ့်စိမ့်ကြီး ထိုင်ကြည့်ရင်းနဲ့ ကျနော် ကြည်နူးမိတာ တစ်ခု ရှိပါတယ်။ သူ မဆုံးခင် ၈ ရက်လုံးလုံး ကုတင်ပေါ် ကျောခင်းပြီး မအိပ်နိုင်ရှာဘူးလေ။ အခုတော့ သူ ကျောခင်းပြီး အားရပါးရ အိပ်နေရပြီလို့ တွေးမိလောက်အောင် သူ ကုတင်ပေါ်မှာ ပြုံးပြုံးကြီး မှေးစက် အနားယူနေပါပြီလေ ..... ။

အဖေ ကောင်းရာ သုဂတိ လားနိုင်ပါစေ ... ။