လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။
Fair And Justice တရားမျှတခြင်း
10 December 2007
တရားတယ် နဲ့ မျှတတယ် ဆိုတဲ့ မြန်မာစာလုံးကို ကျနော်တို့ သာမန်ကာရှန်ကာပဲ ဖတ်လိုက်ကြတယ်။ လွယ်လွယ်လေးပဲ တွေးလိုက်ကြတယ်။ တရားမျှတခြင်း လို့ တွဲပြီး ဖတ်လိုက်တယ်။ တွဲပြီး မှတ်လိုက်တယ်။ ကျနော်တို့ အဲဒီ စကားလုံး နှစ်လုံးကို အဓိပ္ပါယ် ဆင်တူတယ်လို့ပဲ ယူဆလိုက်ကြတယ်။ တကယ်တော့ အဲဒီ စကားလုံး နှစ်လုံးဟာ ၀ိရောဓိသဘောတွေ ပါနေတယ်။ တစ်ခုကို ပြည့်စုံအောင် ကြိုးစားကြရင်း ကျန်တဲ့တစ်ခုက အမြဲတမ်း လစ်ဟင်းသွားတတ်တယ်လေ။ တရားတာနဲ့ မျှတတာ အဓိပ္ပါယ်အနေနဲ့ စာဖတ်သူကကော ဘယ်လို နားလည်လဲ။ အောက်ကို ဆက်မဖတ်ခင် တစ်ချက်လောက် စဉ်းစားကြည့်ပါဦးလား။
Fair ဆိုတာကို free from bias, dishonesty, or injustice လို့ အဓိပ္ပါယ် ဖွင့်ထားတယ်။ မြန်မာလို အရိုးရှင်းဆုံး ပြောရရင် မျှတခြင်း ပေါ့။ ဘာကို မျှတတယ် ခေါ်မလဲ။ Free from bias ဘက်လိုက်မှု ကင်းရမယ်တဲ့။ Free from dishonesty မရိုးသားမှုတွေနဲ့လည်း ကင်းရမယ်တဲ့။ နောက်ဆုံးတစ်ခုကတော့ Free from injustice မတရားမှုတွေလည်း ကင်းရမယ်တဲ့။ နောက်ဆုံးတစ်ကြောင်းက Justice နဲ့ ပတ်သက်နေတော့ နောက်မှ ဆွေးနွေးမယ်။ ဒါဆို မျှတတယ်ဆိုတာ ရပိုင်ခွင့်ကို အညီအမျှ ခွဲဝေခံစားခြင်းလို့ ကျနော် နားလည်လိုက်တယ်။ အဲဒီလို ခွဲဝေခံစားတဲ့နေရာမှာ အညီအမျှ ဖြစ်ဖို့ ဘက်မလိုက်ရဘူး၊ မရိုးမသား မလုပ်ရဘူး။ ဒါမှ မျှတတယ်လို့ သက်မှတ်လို့ ရမယ်။ ဥပမာ အငတ်ဘေး ကြုံနေရတဲ့ ရွာတစ်ရွာမှာ ထမင်းထုပ်ဝေမယ် ဆိုကြပါစို့။ ထမင်း အထုပ် ၁၅၀ ရှိမယ်။ ရွာသူ ရွာသား အယောက် ၁၀၀ ရှိတယ်။ ဒါဆို ကျနော်တို့ မျှမျှတတ ဖြစ်အောင် တစ်ယောက်ကို တစ်ထုပ်ခွဲပေးရမယ်။ ဒီလို မျှမျှတတ ပေးရင် အားလုံး လက်ခံနိုင်ကြမလား။ စာဖတ်သူ အနေနဲ့ကော ဒီလို မျှမျှတတ ခွဲဝေပေးလိုက်တာ သဘောကျရဲ့လား။

ကျနော်တို့ နောက်တစ်ခုကို ဆက် စဉ်းစားကြည့်ကြရအောင်။ Justice ဆိုတာကို the quality of being just; righteousness, moral rightness, or equitableness လို့ အဓိပ္ပါယ် ဖွင့်ထားတယ်။ မြန်မာလို အရိုးရှင်းဆုံး အဓိပ္ပါယ် ဖွင့်ရရင် တရားတယ်ပေါ့။ အမှန်တရား ရဲ့ အရည်အသွေးပေါ့။ အမှန်တရားဆိုတဲ့နေရာမှာ တရားဥပဒေ ဘောင်အရ သက်မှတ်ထားတဲ့ အမှန်တရား ပါသလိုပဲ ကျင့်ဝတ်ပိုင်းဆိုင်ရာ အမှန်တရားလည်း ပါတယ်။ ဘ၀တရားကြီးက ပြဌာန်းထားတဲ့ အမှန်တရားလည်း ပါတယ်။ ကိုယ်ပိုင် မှန်တယ်လို့ ယူဆလို့ ကျင့်သုံးနေတဲ့ အမှန်တရားလည်း ပါမယ်။ နောက်တစ်ခုက သာတူညီမျှရှိမှုရဲ့ အရည်အသွေးတစ်ခုလို့ ပြောတယ်။ ဒါက Fair နဲ့ သွားဆင်တယ်။ ဒါကို နောက်မှ ဆွေးမယ်။ ဥပဒေအရ သက်မှတ်တဲ့ တရားတယ် မတရားဘူး ဆိုတာ ဘာလဲ။ ဥပမာအနေနဲ့ ခိုးမှုတစ်ခုမှာ လူကြီးခိုးရင် တစ်နှစ် ထောင်ချရင် ကလေးဆို ခြောက်လပဲ ထောင်ချမယ်။ ဒီကိစ္စမှာ ဘာမှ စေဒက တက်စရာ မရှိဘူး။ ဥပဒေအရ သက်မှတ်လို့ ဒါတရားတယ်လို့ ဆိုရမယ်။ နောက် သဘာဝတရားကြီး သက်မှတ်တာက ကလေးတစ်ယောက် ဗိုက်ဝဖို့ အစာရေစာ ဘယ်လောက်လိုမလဲ။ သေချာတာတစ်ခုက လူကြီးတစ်ယောက် ဗိုက်ဝဖို့ ကလေးတစ်ယောက်ထက် ပိုလိုမယ်။ ကလေးတစ်ယောက် အ၀စားဖို့ ထမင်းတစ်ပန်းကန်ဆိုရင် လူကြီးတစ်ယောက်အတွက် နှစ်ပန်းကန် လိုကောင်းလိုမယ်။ နှစ်ယောက်လုံး တန်းတူ ဗိုက်ဝဖို့ ဆိုရင်တော့ ကလေးကို တစ်ပန်းကန်ကျွေးပြီး လူကြီးကို တစ်ပန်းကန်မက ကျွေးမှ တရားလိမ့်မယ်။ နောက်တစ်ခုက ကျင့်ဝတ်ပိုင်းဆိုင်ရာ တရားမှု။ ကလေးတစ်ယောက်က လမ်းမှာ ဖြတ်လျှောက်လာတဲ့ လူကြီးတစ်ယောက်ကို ခဲနဲ့ ထုလို့ဆိုပြီး အဲဒီလူကြီးက ခုန ကလေးကို ခဲနဲ့ ပြန်ထုမယ် ဆိုရင် တရားတယ် ပြောမလား။ သူထုလို့ ကိုယ်ပြန်ထုတာလို့ ပြောလို့ ရပေမယ့် လူကျင့်ဝတ်ဆိုင်ရာ ပြဌာန်းချက်နဲ့ ကြည့်ရင်တော့ လူကြီး တစ်ယောက်အနေနဲ့ မလုပ်သင့်ဘူး။ ဒါ ညှင်းပန်း နှိပ်စက်မှုပဲ။ ဒီလို ပြန်လုပ်ရင်တော့ မတရားဘူးလို့ ပြောရမယ်။
ကျနော် ခုနက ချန်ထားတဲ့ အဓိပ္ပါယ် နှစ်ခုရှိတယ်။ အဲဒါကို အခုနည်းနည်း ဆွေးနွေးချင်တယ်။ ချန်ထားခဲ့ရတဲ့ အကြောင်းက အဲဒီ အဓိပ္ပါယ် နှစ်ခုကို သိပ် သဘောမကျလို့ပါ။ ကြီးကြီးကျယ်ကျယ်လို့ မတွေးလိုက်ပါနဲ့ဦး။ ကျနော် မြင်တာလေး ဖတ်ကြည့်ပြီး ဝေဖန်ပေးပေါ့။ Justice ကို right of equitableness လို့ ပြောထားတယ်။ သာတူညီမျှရှိခြင်း ဆိုတဲ့ အရည်အသွေးနဲ့လည်း ပြည့်စုံရမယ်တဲ့။ ကျနော် ခုနက ပြောထားတယ်။ ကလေးတစ်ယောက် ဗိုက်ဝဖို့ ထမင်း တစ်ပန်းကန်လိုပေမယ့် လူကြီးတစ်ယောက်အတွက် တစ်ပန်းကန်မက လိုပါမယ်။ ဒီနေရာမှ သာတူညီမျှရှိဖို့ လူတစ်ယောက်ကို တစ်ပန်းကန်ပဲ စားရမယ်လို့ သက်မှတ်ရင် တရားနိုင်ပါ့မလား။ အဲဒီလို လုပ်လိုက်ရင် quality of just နဲ့ ဆန့်ကျင်နေပြီ။ ဒီကိစ္စမှာ ကလေးတစ်ယောက်အတွက် ဆာလောင်မှုဆန္ဒကို ဖြေဖျောက်ပေးနိုင်ပေမယ့် လူကြီးတစ်ယောက်အတွက် အပြည့်စုံနိုင်တဲ့အတွက် တရားတယ်လို့ ခေါ်လို့ ရမလား။ Equitableness ဆိုတာနဲ့ ပြည့်စုံဖို့ သစ်ပင်အကြီးကြီး တစ်ပင်ကို လောင်းတဲ့ ရေပမာန အတိုင်း ပျိုးပင်လေး တစ်ပင်ကို သွားလောင်းရင် ဒါ တရားတယ် ပြောမလား။ သေဒဏ်ပေးတဲ့ ပစ်ဒဏ်မျိုးကို ကလေးသူငယ်တွေအတွက် လုံးဝ မကျင့်သုံးလို့ လူကြီးတွေက မတရားဘူးလို့ ဆိုကြမလား။ ဒါဆို Justice ဖြစ်ဖို့ Equitableness က တကယ်ပဲ လိုအပ်သေးသလား။
နောက်တစ်ခုက Free from injustice တဲ့။ Fair မျှတချင်ရင် မတရားတာ မလုပ်ရဘူးတဲ့။ ဒီ အဓိပ္ပါယ် ဖွင့်ဆိုချက်ကိုလည်း ကျနော် စောဒက နည်းနည်းတက်ချင်တယ်။ မျှတမှု ရှိဖို့အတွက် တရားဖို့ လိုသလား။ တရားဖို့အတွက် မျှတဖို့ကော လိုသလား။ ထမင်းထုပ်ဝေတဲ့ ဥပမာနဲ့ ပြန် စဉ်စားကြည့်ရအောင်။ လူတစ်ရာ ရှိတယ်။ ထမင်းထုပ် အရေအတွက် ၁၅၀ ထုပ် ရှိတယ်။ ဒါကို မျှမျှတတ ဝေမယ်ဆိုရင် တစ်ယောက်ကို တစ်ထုပ်ခွဲစီ ရမယ်။ ဒါပေမယ့် တရားသဖြင့် ဝေမယ်ဆိုရင်တော့ ကလေးတွေကို တစ်ထုပ်စီဝေပြီး လူကြီးတွေကို ကျန်တဲ့ အထုပ် (၅၀) ကို မျှဝေလိုက်မယ်။ ကိုယ်ဝန်ဆောင်ရှိရင် သူ့ကို နည်းနည်းပိုပေးမယ်။ ဒီလိုသာ လုပ်လိုက်ရင်တော့ မမျှတပေမယ့် တရားသွားမယ်။ ဒီ ဥပမာအရဆိုရင် တရားလည်း တရားမယ်၊ မျှလည်း မျှတအောင် ကျနော်တို့ ဘယ်လို လုပ်မလဲ။ တကယ်တန်းတော့ ဒီနှစ်ခုဟာ အတူတွဲသုံးကြပေမယ့် အဓိပ္ပါယ်အရ ၀ိရောဒိဖြစ်နေတဲ့ ဝေါဟာရ နှစ်ခုပါ။ ဒါဆို ဘာလို့ နှစ်ခုပေါင်းပြီး သုံးနေရသလဲ။ ကျနော် ထင်သလောက်ကတော့ သူတို့ နှစ်ခုဟာ တစ်ခုချင်းစီ သီးခြား ရပ်တည်လို့ မရလို့ပါဘဲ။ ဘာပဲလုပ်လုပ် မျှတရင် ပြီးရော ဆိုပြီး လုပ်လို့ မရသလိုဘဲ တရားဖို့ အရေးကြီးတယ်ဆိုပြီး တဇွတ်ထိုး မလုပ်သင့်ပါဘူး။ ဒါကြောင့် လူ့အဖွဲ့အစည်းတိုင်းမှာ မျှတတဲ့ ဥပဒေတွေ အပြင် တရားတဲ့ ဥပဒေတွေကိုပါ ပြဌာန်းပြီး တရားမျှတတဲ့ ဥပဒေ၊ စည်းမျဉ်း နဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ အုပ်ချုပ်မှ လူ့လောကကြီးက သာယာ စိုပြေလာမှာပါ။ ဒါအားလုံးဟာ ကျနော့် အမြင်တွေပါ။ လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ်။ ကွဲလွဲတဲ့ အမြင်တွေကို လက်ကမ်းကြိုဆိုပါတယ်။ မတူတဲ့ အမြင်တွေကို ကွန်းမန့်အနေနဲ့ ရေးခဲ့ဖို့လည်း ဖိတ်ခေါ်လိုက်ပါတယ်။

ဤပို့စ်အား Monday, December 10, 2007 နေ့တွင် ရေးသားထားပြီး
တွေးစရာ
နာမည်ဖြင့် အညွှန်း သက်မှတ်ထားပါသည်။
ကွန်းမန့်များအား အချိန်နှင့် တပြေးညီ သိလိုလျှင် RSS 2.0 ဖြင့် တောင်းဆို၍ ရယူနိုင်သည်။
လာရင်းနေရာ သို့ ပြန်လည် သွားရောက်နိုင်ပါသည်။
Monday, December 10, 2007
|
စာညွှန်း
တွေးစရာ