လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

ပိုင်ဆိုင်မှု စားရိတ်

27 December 2007

ကျနော်တို့ဟာ နေ့တိုင်း အလဲအထပ်လေးတွေ လုပ်နေကြရတာကို ကျနော်တို့ကိုယ်တိုင် သတိမထားမိကြဘူး။ ဆုံးဖြတ်ချက်တစ်ခုကို ချမယ်လုပ်တိုင်းမှာ ရွေးချယ်စရာ နည်းလမ်းတွေထဲက တစ်ခုချင်းစီရဲ့ ကောင်းကျိုးဆိုးပြစ်တွေကို ဝေဖန်ပိုင်းခြားတတ်မှ အန္တရာယ် အကင်းဆုံး ဆုံးဖြတ်ချက်တစ်ခုကို ရနိုင်မယ်။ ဒါပေမယ့် အခြေအနေ အတော်များများမှာ ဆုံးဖြတ်ချက်တစ်ခုရဲ့ စားရိတ် (Cost) ကို တွက်ထုတ်နိုင်ဖို့ အတော်လေး ခက်ပါတယ်။

ဥပမာတစ်ခုနဲ့ စဉ်းစားကြည့်ရအောင်။ ဆယ်တန်းအောင်ထားတဲ့ လူတစ်ယောက်ဟာ တက္ကသိုလ် ဆက်တက်သင့် မသင့် ဆုံးဖြတ်ချက် ချဖို့ ကြိုးစားနေတယ်။ တက္ကသိုလ် ဘွဲ့ရ တစ်ယောက်အတွက် ဘာတွေ ပို အကျိုးရှိလာမလဲ။ သေချာတာတစ်ခုကတော့ ဘွဲ့ရတစ်ယောက်နဲ့ ဆယ်တန်းအောင် တစ်ယောက်မှာ ဘွဲ့ရတစ်ယောက်ဟာ အလုပ်ရဖို့ ပိုသေချာနိုင်တယ်။ ဒါဆို စားရိတ်စားခ က ဘာတွေ ရှိမလဲ။ ဒါကိုတွက်ဖို့ ကျနော်တို့ ဘာတွေကို ထည့်ပေါင်းမလဲဆိုရင် ကျောင်းလခ၊ ကျူရှင်လခ၊ စာအုပ်ဖိုး၊ အဆောင်ခ၊ ဖယ်ရီကြေးတွေကို ထည့်တွက်ကြမှာ သေချာတယ်။ ဒါပေမယ့် ဒါတွေနဲ့တင် တက္ကသိုလ် တက်တဲ့ စားရိတ်က အတိအကျ တွက်လို့ ရပြီလား။ ကျောင်းဆက်တက်ဖို့အတွက် စွန့်လွှတ်လိုက်ရတာတွေကော ထည့်မတွက်တော့ဘူးလား။


ခုနက တွက်ထားတဲ့ စားရိတ်ထဲမှာ စဉ်းစားစရာလေးတွေ ပါနေတယ်။ ပထမအချက်က ကျနော်တို့ တက္ကသိုလ်တက်တဲ့ စားရိတ်ထဲမှာ အဆောင်ခတွေ အစားအသောက် စားရိတ်တွေ ထည့်တွက်ကြတယ်။ ဒါပေမယ့် ကျနော်တို့ တက္ကသိုလ် မတက်ရင်ကော နေထိုင်စားသောက် စားရိတ်က မကုန်တော့ဘူးလား။ ကျောင်းနားမှာ အဆောင်ငှားနေလို့ နေထိုင်စားသောက် စားရိတ်က ပိုသက်သာသွားတာ ဖြစ်နိုင်သလို၊ အပြင်မှာ ထွက်နေလိုက်မှ အိမ်မှာနေတာထက် စားရိတ်စားခတွေ အများကြီး ပိုတက်လာတာလည်း ဖြစ်နိုင်တယ်။

စဉ်းစားစရာ ဒုတိယတစ်ခုက ကျနော်တို့ရဲ့ စားရိတ်ထဲမှာ တန်ဖိုး အကြီးဆုံးဖြစ်တဲ့ အချိန်ဆိုတာကို ထည့်တွက်ဖို့ မေ့ထားကြတယ်။ အကယ်၍ တစ်နှစ်တာ ကျောင်းကိုပုံမှန် တက်နေမယ်ဆိုရင် အဲဒီကာလအတွင်းမှာ အလုပ်လုပ်ဖို့ မဖြစ်နိုင်တော့ဘူး။ ဒါဆိုရင် ကျောင်းတက်တဲ့ လူတစ်ယောက်ဟာ အဲဒီတစ်နှစ်အတွင်း အလုပ်လုပ်လို့ ရမယ့် ၀င်ငွေတွေ လက်လွှတ်ရမယ်။ အဲဒါကို အခွင့်အလမ်း စားရိတ်လို့ ခေါ်တယ်။ စာနဲ့ပေနဲ့ ပြောရရင် အခွင့်အလမ်းစားရိတ် ဆိုတာ တစ်ခုခုကို အရယူဖို့အတွက် စွန့်လွှတ်လိုက်ရတဲ့ တခြားတစ်ခုရဲ့ တန်ဖိုးကို ခေါ်တယ်။

ဥပမာ မြင်သာအောင် ကျနော်တို့ အိမ်ထောင်ပြုတဲ့ ကိစ္စနဲ့ စဉ်းစားကြည့်ကြရအောင်။ အိမ်ထောင်ပြုတာရဲ့ စားရိတ်ကို တွက်တဲ့အခါမှာ အများစုဟာ ခန်းမကြေး၊ ဧည့်ခံစားရိတ်၊ အ၀တ်အစားပြင်ဆင်စားရိတ်၊ ..... ဒါတွေကိုပဲ တွက်ကြမယ်ထင်တယ်။ ဒါပေမယ့် အရေးအကြီးဆုံး ဖြစ်တဲ့ အခွင့်အလမ်း စားရိတ်ကို တွက်ဖို့ အားလုံးလိုလို မေ့နေကြတယ်။ မိန်းကလေးတစ်ယောက် အနေနဲ့ စဉ်းစားကြည့်ကြစို့။ အိမ်ထောင်ပြုဖို့ ရွေးစရာ နှစ်ယောက် ရှိတယ်။ တစ်ယောက်က ဥစ္စာမဲ့ ပညာတတ်။ နောက်တစ်ယောက်က ပညာမဲ့ သူဌေး။ ဘယ်သူ့ကို ရွေးမလဲ ဆိုတဲ့ အဖြေကို ရဖို့အတွက် ဘယ်သူ့ကို ရွေးရင် ဘာတွေ အားသာပြီး ဘာတွေ အားနည်းမလဲ။ ဥစ္စာမဲ့ပညာတတ်လေးကို ရွေးချယ်မိမယ် ဆိုရင် အခွင့်အလမ်းစားရိတ်အနေနဲ့ ငွေကြေးဥစ္စာတွေ လက်ငင်း ပိုင်ဆိုင်နိုင်တဲ့ အခွင့်အရေးကို စွန့်လွှတ်ရမယ်။ ငွေကြေးဥစ္စာ ပိုင်ဆိုင်မှုကို ရွေးမိရင်တော့ အခွင့်အလမ်းစားရိတ် အနေနဲ့ ပညာတတ်အသိုင်းအ၀ိုင်းနဲ့ ဝေးသွားနိုင်တယ်။ တစ်ခုကို လိုချင်ရင် တခြားတစ်ခုခုကို စွန့်လွှတ်ရတဲ့ သဘာဝကြောင့် ရမယ့်အရာနဲ့ စွန့်လွှတ်ရမယ့် အရာနဲ့ကို တန်၏ မတန်၏ ချင့်ချိန်ပြီး ဆုံးဖြတ်ချက်တွေကို ချသင့်ပါတယ်။

ဒီပို့စ်က ဘောဂဗေဒ၏ ဥပဒေများ ရဲ့ ဒုတိယ ခေါင်းစဉ်ပါ။ ဥပဒေသ (၁) ဖြစ်တဲ့ အလဲအထပ်ကို ရင်ဆိုင် ဖြေရှင်းခြင်း ကို ဒီမှာ ကလစ်နှိပ်ပြီး ပြန်ဖတ်နိုင်ပါတယ်။ ကျနော် ပြောဖို့ ကျန်နေတာက အခု ဒီပို့စ်တွေက ဘာသာပြန်တွေပါ။ Principles of Macroeconomics 3e, N. Gregory Mankiw (Harvard University) ဆိုတဲ့ စာအုပ်ထဲက အစိတ်အပိုင်း သေးသေးလေးကို ယူပြီး ဘာသာ ပြန်ထားတာပါ။ ကျနော် အရင်က Economics ဘာသာရပ်ကို စိတ်ဝင်စားပေမယ့် ဖတ်ဖို့ အတော်ပျင်းပါတယ်။ ဘာလို့လည်း ဆိုတော့ အဲဒီ ဘာသာရပ်က အတော်လေး လေးပါတယ်။ ဒါပေမယ့် ဒီစာအုပ်ကို တွေ့တော့မှ လေးလေးနက်နက် ဖတ်ဖြစ်တယ်။ ဒီစာအုပ်မှာ ရေးထားတာက အပြင်မှာ ဖြစ်ပျက်နေတာနဲ့ တိုက်ဆိုင်ပြီး ဥပမာတွေပေး ရေးထားတာ ဆိုတော့ အတော်လေး ဖတ်လို့ ကောင်းပါတယ်။ ဒါကြောင့် အားလုံးကို ဝေမျှတဲ့ သဘောနဲ့ ဘာသာပြန်ပေးလိုက်တာပါ။ စာက လေးတော့ စိတ်ဝင်စားသူ တချို့အတွက် အဓိက ရည်ရွယ်ထားပါတယ်။