လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

ပီကေကပ်သော ဆိုင်းဘုတ်များ

24 December 2007

ကျနော် အရင် နှစ်တွေတုန်းက ခရီး သိပ်ထွက်ဖြစ်တယ်။ ခရီးထွက်တိုင်းလည်း ဒေသန္တရ ဗဟုသုတ ရချင်လို့ ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်နဲ့ စိတ်ဝင်တစား ပတ်ဝန်းကျင်ကို အမြဲ အကဲခတ်တတ်တယ်။ ဟိုး အရင်က ဘလော့ဂ်တွေ မပေါ်သေးတော့ ကျနော်ရဲ့ ဒိုင်ယာရီထဲမှာပဲ ခရီးသွား မှတ်တမ်းလေးတွေ ရေးမှတ်ထားခဲ့တယ်။ ခရီးစဉ် တလျှောက်လုံးမှာ ကုန်ခဲ့ရတဲ့ အသုံးစားရိတ်တွေ၊ ဖြစ်ခဲ့ရတဲ့ ကမောက်ကမတွေ၊ တက်ခဲ့ရတဲ့ ပြဿနာတွေ၊ ကြုံခဲ့ရတဲ့ အခက်အခဲတွေ၊ ရယ်ခဲ့ရတဲ့ ဟာသတွေ၊ မောခဲ့ရတဲ့ အဖြစ်အပျက်တွေ၊ ဆုံခဲ့ရတဲ့ လူတွေ၊ မြင်ခဲ့ရတဲ့ ကိုးယိုးကားယားတွေ၊ ဒါတွေ ဒါတွေကို အခု ပြန်ဖတ်ကြည့်တော့ အမောပြေ၊ အလွမ်းပြေ၊ အဆာပြေ၊ အညစ်ပြေ အနှစ်တွေ ဖြစ်နေတယ်။ ကျနော် ခရီးသွားရင်း (သို့) ကြုံခဲ့ဖူး၊ ဖတ်ခဲ့ဖူးတဲ့ ဆိုင်းဘုတ် တချို့နဲ့ အဲဒီ ဆိုင်းဘုတ်တွေကို ဖတ်လိုက်ရတုန်းက ခံစားလိုက်ရတာလေးတွေကို ပြန်ပြီး ဝေမျှပေးချင်တယ်ဗျာ။ အဲဒါတွေ ဖတ်ပြီး စာဖတ်သူပဲ စဉ်းစားကြည့်ဗျာ။ ကျနော်တွေးတာ လွန်သလား၊ သူတို့ ရေးတာ လွန်သလား ဆိုတာပေါ့။

ကျနော် ပထမဆုံး ပြောပြချင်တဲ့ ဆိုင်းဘုတ်ကတော့ ဒီဆိုင်းဘုတ်ပဲဗျ။
လူစိမ်းမ၀င်ရ။ ပုံ / လူနီ ..... တဲ့။
အဲဒီလိုရေးထားတယ်ဗျာ။ ဒီဆိုင်းဘုတ်က နောက်တောက်တောက် ရေးထားတာ မဟုတ်ဘူးနော်။ အတည်ဗျ။ လူထောင်ပေါင်းများစွာ ၀င်ထွက်သွားလာနေတဲ့ အဆောက်အဦကြီးရဲ့ ဂိတ်ဝမှာ ချိပ်ထားတယ်။ ပထမ စတွေ့တော့ ရွှတ်နောက်နောက် ရေးထားတယ်ထင်တာ။ ထင်ရအောင်ကလည်း အဲဒါ တက္ကသိုလ် အပေါက်ဝလေ။ လူငယ်တွေ သွားလာနေတဲ့ နေရာဆိုတော့ တစ်ယောက်ယောက် လက်ကမြင်းထားတာ ဖြစ်နိုင်တယ်လေ။ ဒါပေမယ့် အစောင့်တွေ မြင်နေလျက်နဲ့ ရှိနေလျက်နဲ့ ဘာလို့ ဒါကြီးကို နေ့တိုင်းလိုလို ဖြတ်သွားတိုင်း တွေ့နေရသလဲ ဆိုတာ စဉ်းစားစရာကြီး ဖြစ်နေတယ်။ အစိမ်းရောင်လူကို ၀င်ခွင့် မပေးချင်တဲ့ အနီရောင်လူ။ အင် ...။ ဒါဆို အစိမ်းရောင်လူဆိုတာ ဘာလဲ။ အနီရောင်လူကကော ဘာလဲ။ ဘာလို့ အနီရောင်လူက အစိမ်းရောင်လူကို ပေးမ၀င်တာလဲ။ အတော်လေး ရှုပ်တယ်နော်။ ကျနော့်မှာ အတော်လေး စဉ်းစားရကြပ်နေတယ်။ ဒါကိုပဲ ခေါင်းစဉ်တည်ပြီး သူငယ်ချင်းတွေ ဆွေးနွေးဖြစ်ကြတယ်။ ခပ်ရှုပ်ရှုပ် စတွေးမိတော့ နောက်ပိုင်း ကောက်သမျှ အကုန်ရှုပ်ကုန်ရောလေ။ အဲဒီမှာမှ သူငယ်ချင်း တစ်ယောက်က လူစိမ်းဆိုတာ အစိမ်းရောင်လူကို ပြောတာ မဖြစ်နိုင်ဘူး။ သူစိမ်းကို စာစကားနဲ့ ရေးထားတာဖြစ်မယ်၊ အင်္ဂလိပ်လို stranger ကိုပြောတာနေမှာလို့ အဆိုတင်သွင်းတယ်။ ဒါဆိုရင် လူနီကကောလို့ စောဒက တက်စရာ ဖြစ်လာတယ်။ အတော်လေးကို စဉ်းစားရခက်နေတယ်။
နောက်မှ သိလိုက်ရတဲ့ သတင်းတစ်ခုကြောင့် ဒီ ဆိုင်းဘုတ် အဓိပ္ပါယ် ဖွင့်ခန်းက အဆုံးသတ်သွားတယ်။ အခုနောက် ပြောင်းလာတဲ့ မော်ကွန်းထိန်း အသစ်ရဲ့ နာမည်က ဦးလူနီတဲ့ဗျ။ ကျနော်တို့အားလုံး အဲဒီနေ့က ဟားတိုက် ရယ်မောလိုက်ကြတယ်။ နောက်နေ့တော့ အဲဒီ ဆိုင်းဘုတ်ရဲ့ အောက်မှာ နောက်ထပ် စာကြောင်း တစ်ကြောင်း တိုးလာတယ်။ အဲဒီစာကြောင်းလည်း ရေးပြီးရော နောက်တစ်ရက်မှာပဲ အဲဒီ ဆိုင်းပုတ် ပြုတ်သွားတယ်။ ရေးထားတာက -
လူစိမ်းမ၀င်ရ။ ပုံ/ လူကျက် ..... တဲ့။

ကျနော်တို့ အုတ်နံရံ တော်တော်များများမှာ အများဆုံးတွေ့ရတဲ့ စာကြောင်း နှစ်ကြောင်းရှိတယ်။ ဘာဖြစ်မယ်လို့ ထင်သလဲ။ `ကွမ်းတံတွေး မထွေးရ´ ဆိုတာနဲ့ `သေးမပေါက်ရ´ ဆိုတာလေ။ နောက်ပိုင်းတော့ `သေးမပေါက်ရ´ ဆိုတဲ့ စာသားကနေ `ဤနေရာတွင် ခွေးများသာ သေးပေါက်ရန်´ ဖြစ်သွားတယ်။ ဒီနေရာမှာ သေးပေါက်သွားတဲ့ သတ္တ၀ါဟာ ခွေးပဲလို့ ပြောလိုက်တာပါ။ ဒီနေရာမှာ ပြုလုပ်သူက ခွေးဖြစ်မယ်လေ။ နောက်တစ်ခု `အပြင်လူမ၀င်ရ´ ဆိုတဲ့ ဆိုင်းဘုတ်ပါ။ သဘောက မသက်ဆိုင်တဲ့လူကို ဒီအထဲ ပေးမ၀င်ဘူးပေါ့။ ပြုလုပ်သူက သက်ဆိုင်သူ ဖြစ်ရမယ်လေ။ ကျနော် ဒါကို ပြောနေတာ အကြောင်းရှိပါတယ်။ ကျနော် ငွေဆောင်ကိုသွားရင်း လမ်းခုလတ်က ခြံအ၀င်ဝမှာ ဆိုင်းဘုတ် တစ်ခု ချိပ်စွဲထားတာ တွေ့ရတယ်။
နွားများ မ၀င်ရ
ဒါဏ်ငွေ ၅၀၀၀ ကျပ် ..... တဲ့။

ဒီဆိုင်းဘုတ်ကို ဖတ်ပြီး ကျနော် ရယ်မိတယ်။ နွားတွေက အဲဒီခြံထဲ ၀င်ခါနီး ဒီဆိုင်းပုတ်ကို ဖတ်မိမယ်။ နောက်ပြီး အော် ငါတို့ကို ပေးမ၀င်ပါလား။ ၀င်မိရင် ငါတို့ ဒါဏ်ငွေ ၅၀၀၀ ကျပ် ဆောင်ရလိမ့်မယ်ပေါ့။ ဒါကြောင့် ငါတို့ ၀င်လို့ မဖြစ်ဘူး လို့ နွားတွေ တွေးမလားလို့ ကျနော်က လူတစ်ယောက်အနေနဲ့ တွေးနေမိတယ်။ ကျနော် အဲဒီလို မတွေးလို့ မဖြစ်ဘူးလေ။ သူ့ဆိုင်းဘုတ်ရဲ့ စာသားအရ ဒါ နွားတွေ အတွက် ရေးထားတာကိုး။ အမှန်က `နွားမကျောင်းရ ဒါဏ်ငွေ ၅၀၀၀ကျပ်´ လို့ ဖြစ်သင့်တယ် ထင်တယ်။

ကျနော် အကို ပြောဖူးတဲ့ ကိုယ်တွေ့ အဖြစ်အပျက်လေး တစ်ခုကို သတိရမိတယ်။ အကို လန်ဒန်မှာ ရှိတုန်းကပါ။ အဲဒီမှာ လူဂုဏ်တန်တွေပဲ ၀ယ်နိုင်တဲ့ ပလာဇာတစ်ခု ရှိတယ်တဲ့။ နာမည်တော့ ကျနော် မေ့သွားပြီဗျ။ အဲဒီအထဲကို ၀င်ပြီး တစ်ခုခု ၀ယ်ထွက်လာရင်ကို အဲဒီလူက ပိုက်ဆံ အတော် တတ်နိုင်တယ်လို့ ပြောလို့ရတယ်တဲ့။ ဒါနဲ့ တစ်နေ့ သူတို့ သူငယ်ချင်း တစ်သိုက် အဲဒီ ပလာဇာကို သွားလည်ကြတယ်လေ။ အထဲကို ရောက်တော့ ပစ္စည်းတွေနဲ့ ဈေးနှုန်းတွေက ပျံလန်နေတာပဲလေ။ သူတို့ ၀ယ်နိုင်တဲ့ ပစ္စည်း မတွေ့ခဲ့လို့ ဘာဝယ်ရမှန်းကို မသိဘူးတဲ့။ ဒါပေမယ့် ရောက်ပြီးမှတော့ တစ်ခုခုတော့ ၀ယ်ခဲ့မှလို့ စိတ်ကူးရလို့ လိုက်ရှာကြတယ်။ နောက်တော့ တစ်ခုတွေ့သွားတယ်။ သူ့အာဘော်နဲ့ ပြောရရင် `အဲဒီပလာဇာမှာ ဈေးနှုန်းတွေက ပျံလန်နေတာပဲလေ။ ငါတို့ တတ်နိုင်တာ ဆိုလို့ တစ်ခုပဲရှိတယ်။ အိမ်သာ တက်တာလေ။ ဒါကြောင့် အိမ်သာ တက်ပြီး ပြန်လာခဲ့တယ်´ တဲ့။ ဒါတောင် တစ်ယောက်ကို တစ်ဒေါ်လာ နီးပါး ပေးခဲ့ရတယ်လေ။ ကျနော်တို့ မြန်မာနိုင်ငံမှာလည်း အဲလို နေရာ ရှိပါတယ်ဗျ။ အားမငယ်ပါနဲ့။ ကျနော် ပြင်ဦးလွင်မြို့ ပိတ်ချင်းမြောင်လိုဏ်ဂူ ရောက်တော့ ဆိုင်းဘုတ်တစ်ခု တွေ့ခဲ့ရတယ်။ အခု ရှိသေးလားတော့ မသိဘူး။ ကျနော် မျက်စိမှားသွားသလားလို့ ထင်ပြီး ၅ ခေါက်လောက် အပြန်အလှန် ဖတ်ကြည့်မိတယ်။ သူက အင်္ဂလိပ်လို ရေးထားတော့ ကျနော်ပဲ ဘာသာပြန် လွဲလား မသိဘူးနော်။ ဆိုင်းဘုတ်က
Toilet
1 USD per head ... တဲ့။

ရေတာရှည်နဲ့ ဆွာ ကြားမှာ ရွာလေးတစ်ရွာ ရှိတယ်။ ရန်ကုန်-မန္တလေး ကားလမ်းမဘေးက အဲဒီရွာမှာ ထမင်းဆိုင်တစ်ဆိုင်ရဲ့ ဆိုင်းဘုတ်ကို ဖတ်ရတော့ ကျနော် ပြုံးမိတယ်။ ကျနော်တို့ မြို့ပေါ်က ထမင်းဆိုင်တချို့မှာ `တရုတ်ထမင်း/ဟင်း ရသည်´ ဆိုတဲ့ ဆိုင်းဘုတ်တွေ မြင်ဖူးမယ်ထင်တယ်။ ဒီဆိုင်းဘုတ်မှာ ရေးထားတာ ဘာမှားသလဲဗျ။ ဆက်မဖတ်သေးဘဲ အသေအချာလေး ပြန်ဖတ်ကြည့်ပါဦး။ မတွေ့ဘူးလား။ တရုတ်အစားအစာ ထမင်းနဲ့ဟင်း ရောင်းတယ်လို့ သူပြောထားတာပဲ။ မမှားပါဘူးလို့ စာဖတ်သူ တွေးမိလိမ့်မယ်။ အမှန်အတိုင်း ပြောရရင် အစကလည်း ကျနော် မစဉ်းစားမိဘူးဗျ။ အဲဒီ စာကြောင်းကြီးက မှန်တယ်လို့ပဲ ထင်နေတာ။ ဒါပေမယ့် အဲဒီစာကြောင်း မှားပါတယ်လို့ ကျနော့်ကို အသိပေးလိုက်တာက ခုနရွာကလေးက ဆိုင်းဘုတ်ပါပဲ။ သူရေးထားတာက
တရုတ်ဟင်း၊ မြန်မာထမင်းရသည် ..... တဲ့။

ကဲ၊ ဘာမှားလဲ တွေ့ပြီလားဗျ။ ကျနော်တို့အနေနဲ့ ဟင်းကို ချက်တဲ့နေရာမှာ တရုတ် နည်းစနစ်နဲ့၊ တရုတ် ဖော်မြူလာနဲ့ ချက်လိုက်တော့ တရုတ်ဟင်းဖြစ်သွားတယ်။ ဒါဆို ထမင်းကကော။ တရုတ်ထမင်း ဖြစ်သင့်သလား။ တရုတ်ထမင်း ဖြစ်မဖြစ် စဉ်းစားစရာ အချက်သုံးချက်ရှိတယ်လေ။ (၁) ဆန်က တရုတ်ဆန်လား။ အဖြေက မဟုတ်ဘူး။ (၂) တရုတ်နည်းနဲ့ ထမင်းချက်တာလား။ အဖြေက မဟုတ်ဘူး။ (၃) ချက်နေကြတာကကော တရုတ်လူမျိုးလား။ ဒါလည်း ဟုတ်ချင်မှ ဟုတ်မယ်။ ကဲ ဒါဆို အဲဒီထမင်းကို တရုတ်ထမင်းလို့ ခေါ်လို့မရဘူးလေ။ ဒါကြောင့် အဲဒီရွာက ဆိုင်လေးမှာ တရုတ်ဟင်း၊ မြန်မာထမင်း လို့ရေးထားတာပေါ့။ ကျနော်တို့ မြို့က အဲဒီလို ဆိုင်းဘုတ်တွေ စားလုံး ပြင်သင့်ပြီထင်တယ်။ အဲဒီဆိုင်းဘုတ်က ရန်ကုန်-မန္တလေး ကားလမ်းမပေါ်မှာ ရှိပါတယ်။ မယုံရင် သွားကြည့်ပါဦး။

မန်းကို ခနပြန်ရောက်တော့ သူငယ်ချင်းတစ်ယောက် လာခေါ်လို့ သူနဲ့ လိုက်သွားတယ်။ သူလိုက်နေတဲ့ ကောင်မလေးက ဂိမ်းဆိုင်ဖွင့်ထားကြောင်း၊ ဒါကြောင့် အဲဒီ ကောင်မလေးကို ပိုးပန်းချင်လို့ အဲဒီ ဂိမ်းဆိုင်မှာ သူသွားဆော့ကြောင်း လမ်းရောက်တော့ သူက ရှင်းပြတယ်။ ဒါနဲ့ သူများ အကျိုးဆောင်ပေးတဲ့ အနေနဲ့ အနစ်နာ ခံပြီး ဂိမ်း အလကား လိုက်ဆော့ပေးလိုက်တယ်လေ။ ဟိုရောက်တော့ ဆိုင်းဘုတ်လေးတစ်ခု ချိပ်ထားတာ တွေ့တော့ အတော်လေး ရယ်ပစ်လိုက်မိတယ်။ ဂိမ်းဆိုင်မှာ ကလေးတွေက များတယ်။ အုပ်စုလိုက်ဆိုရင် အလုအယက် ဆော့ကြတော့ သူအလှည့် ကိုယ်အလှည့် အချင်းချင်း အသားကုန် လုကြတယ်လေ။ ဒါနဲ့ပဲ လုရင်း ယက်ရင်း ဓါတ်ကြိုးတွေ ပြတ်ထွက်ကုန်တယ်။ ဒါနဲ့ ပိုင်ရှင်တွေက မလုရအောင် ဟန့်တဲ့ အနေနဲ့ ဆိုင်းဘုတ်လေး တစ်ခု ချိပ်ထားတယ်။ သူ့ရဲ့ အတွေးက ရိုးရိုးလေးပါ။ ဒါပေမယ့် ကျနော်တို့က ရွှတ်ရွှတ်နောက်နောက် ကန့်လန့်ကြီး တွေးလိုက်တော့ အဓိပ္ပါယ်က တစ်မျိုးထွက်သွားတယ်။ သူ့ဆိုင်းဘုတ်မှာ ရေးထားတာက
တစ်ကြိမ်လျှင် တစ်ဦးသာ ..... တဲ့။

`မင်းကောင်မလေးက တစ်ကြိမ်လျှင် တစ်ဦးသာတဲ့´ နော် ဟု ကျနော်တို့ အခုအချိန်ထိ သူငယ်ချင်းကို စနေမိသေးတယ်။ တချို့တော့ ဖတ်ပြီး ပြုံးမိမယ်ထင်တယ်။ တချို့တော့ နားလည်မယ် မထင်ဘူး။ ဟို ဘုန်းကြီးလို ပြောရဦးမယ်။
`ဟဲ့ ဒကာ၊ဒါကာမတို့ ဦးဇင်း ဒီနေ့ ဟောမယ့်တရားသိလား´ လို့မေးတော့
`မသိပါ ဘုရား´ လို့ ပြန်ဖြေတယ်။ ဒါနဲ့ ဆရာတော်က
`အေး ..... မသိမှတော့ ငါဟောနေလည်း အပိုပဲ´ လို့ ပြောပြီး ထွက်သွားတယ်။ နောက်တစ်နေ့ရောက်တော့
`ဟဲ့ ဒကာ၊ဒါကာမတို့ ဦးဇင်း ဒီနေ့ ဟောမယ့် တရားကိုကော သိကြရဲ့လား´ လို့ ထပ်မေးတယ်။ ဒီတစ်ခါတော့ တစ်မျိုးပြောင်းဖြေမှ ဆိုပြီး
`သိပါတယ် ဘုရား´ လို့ ဖြေလိုက်တယ်။ ဒါနဲ့
`အေး ..... သိနေမှတော့ ဘာဟောဖို့ လိုသေးလဲ´ လို့ ပြောပြီး ထွက်သွားပြန်ရော။ ဒါနဲ့ နောက်နေ့မေးလာရင် ဘယ်လိုဖြေရမလဲလို့ အားလုံး ၀ိုင်းဖွဲ့ တိုင်ပင်လိုက်ကြတယ်။ နောက်နေ့ ဆရာတော်က မေးတော့
တစ်ဝက်က `သိပါတယ် ဘုရား´ လို့ဖြေပြီး နောက်တစ်ဝက်က `မသိပါ ဘုရား´ လို့ဖြေတယ်။ ဒါနဲ့ ဆရာတော်ကလည်း
`အေး ..... သိတဲ့လူက မသိတဲ့လူကို ပြောပြလိုက်ကွာ´ ဆိုပြီး ထွက်သွားလေရော။
ကဲ ကျနော်ကလည်း သိတဲ့လူက မသိတဲ့လူကို ရှင်းပြလိုက်ပါ လို့ပဲ ပြောပါရစေ။

ကျနော် Express ကားစီးပြီး ရန်ကုန်ကနေ မန်းကိုအပြန် တစ်လမ်းလုံး အိပ်မငိုက်ဘဲ စိတ်ဝင်တစားနဲ့ ကြည့်လာခဲ့တယ်။ တစ်နေရာ အရောက်မှာ ဖုံတစ်ထောင်းထောင်းနဲ့ ဖြစ်နေပြီး တော်တော်လေး ရှည်တယ်လို့ ထင်ရတဲ့ လမ်းတစ်လမ်းကို သွားတွေ့တယ်။ လမ်းရဲ့ အကျယ်က ကားတစ်စီးစာ ကောင်းကောင်းသွားလို့ ရပေမယ့် အလွန်ဆုံး ရှိလှ ၈ ပေပဲ။ ကတ္တရာ ခင်းမထားတဲ့ အပြင်၊ ကျောက်ခင်းလမ်းလဲ မဟုတ်ပြန်ဘူး။ မြေလမ်းကို ဘာလို့ အဲဒီလို ဖြောင့်ဖြောင့်ကြီးနဲ့ အရှည်ကြီး ဖောက်ထားတာ တစ်ခါမှ မမြင်ဖူးဘူးလေ။ ဒါ ရွာအ၀င်လမ်းပဲ ဖြစ်ရမယ်လို့ တွေးမိလိုက်သလိုပဲ ဒီရွာက ငွေရေးကြေးရေး အတော်လေး အဆင်ပြေမယ်လို့ တွေးမိတယ်။ ဘာလို့လဲ ဆိုတော့ ဒီလမ်းက တမင်ဖောက်ထားတဲ့ လမ်းတစ်လမ်း ဖြစ်သလိုပဲ ချိုင့်ခွက်တွေ ရှိနေပေမယ့် အကွေ့အကောက် မတွေ့ရလောက်အောင် ဖြောင့်နေတော့ ရွာတစ်ရွာအနေနဲ့ဆို ဒီလမ်းက ကောင်းလွန်းနေတယ်။ ဒါနဲ့ စိတ်ဝင်တစား ဘာရွာပါလိမ့်လို့ လမ်းထိပ်မှာ ဆိုင်းဘုတ်ကို ရှာကြည့်လိုက်တော့ အခန့်သင့် ဆိုင်းဘုတ် တစ်ခု သွားတွေ့လိုက်တယ်။ အဲဒီ ဆိုင်းဘုတ်မှာ ရေးထားတာက ရွာနာမည် မဟုတ်ဘူးဗျ။ သူက
ကားလမ်းပေါ် လှည်းမမောင်းရ ..... တဲ့။
ကျနော် အဲဒီလမ်းကို အသေအချာ ပြန်ကြည့်ပြီး အတော်လေး ရယ်ချင်သွားတယ်။ ဆိုင်းဘုတ်က ဒီလို မဖြစ်သင့်ဘူးလားဗျာ။
လှည်းလမ်းပေါ် ကားမမောင်းရ ..... လို့လေ။