လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။
ဘောဂဗေဒ၏ ဥပဒေသ (၁၀)ခု - အပိုင်း (၁)
05 December 2007
Economy ဆိုတာ ဂရိဘာသာရဲ့ စကားလုံး တစ်လုံးပါ။ အိမ်ထောင်စု တစ်ခုကို စီမံခန့်ခွဲသူလို့ အဓိပ္ပါယ်ရတယ်။ မြင်မြင်ချင်း ကျနော်တို့ ဒီမူရင်း အဓိပ္ပါယ်ကို နားလည်ရ အတော်ခက်ပါလိမ့်မယ်။ ဒါပေမယ့် တကယ်တမ်းတော့ အီကိုနော်မီ (Economy) နဲ့ အိမ်ထောင်စုတွေနဲ့ တူညီတဲ့ အချက်တွေ အများကြီးပါ။
အိမ်ထောင်စု တစ်ခုမှာ ဆုံးဖြတ်ချက်တွေ အများကြီး ချရတယ်။ အိမ်ထောင်စုထဲမှာ ပါတဲ့ ဘယ်သူတွေကတော့ဖြင့် ဘာတွေ လုပ်ကြမလဲ။ အဲဒီအလုပ်အတွက် ဘာတွေတော့ ပြန်ပေးမယ် ဆိုတာတွေကို ဆုံးဖြတ်ချက် ချရတယ်။ ဥပမာ အနေနဲ့ ညစာကို ဘယ်သူ ချက်မလဲ။ အ၀တ် ဘယ်သူ လျှော်မလဲ။ ဒီည ဘယ်လိုင်းက ရုပ်ရှင်ဇာတ်ကားကို ကြည့်မလဲ။ ဒါကို ဘယ်သူ ရွေးပိုင်ခွင့် ရှိမလဲ။ အဲဒီ ဆုံးဖြတ်ချက်တွေကို အမြဲ ချမှတ်နေရတယ်။ အတိုချုပ် ပြောရရင် အိမ်ထောင်စုတိုင်းမှာ ရှားပါးတဲ့ အရင်းအမြစ်တွေ ရှိမယ်။ အဲဒီ အရင်းအမြစ်တွေကို အဖွဲ့ဝင်တွေ အကြား ဘယ်လို ခွဲဝေကြမလဲ။ ဘယ်လို အစွမ်းအစ ရှိတဲ့ လူက ဘာတွေ လုပ်ကြမလဲ။ ဘယ်လို ဆန္ဒတွေနဲ့ အကောင်အထည် ဖော်ကြမလဲ။ အဲဒါတွေ အတွက် ဆုံးဖြတ်ရတော့မယ်။
အိမ်ထောင်စု တစ်ခုမှာ အမေလုပ်သူက ထမင်းဟင်း ချက်မယ်။ သမီးလုပ်သူက အ၀တ်လျှော်၊ မီးပူတိုက်မယ်။ အဖေလုပ်သူက စီးပွားရှာ အလုပ်လုပ်တယ်။ သားလုပ်သူက ငယ်သေးတော့ ပညာရှာ ကျောင်းတက်ရမယ်။ ဒါတစ်ယောက်ချင်းစီရဲ့ စွမ်းဆောင်ရည်နဲ့ နေရာ ချထားတယ်။ ညရောက်တော့ ရုပ်မြင်သံကြား အစီအစဉ်ကြည့်မယ်။ တီဗွီ တစ်လုံးတည်းရှိတယ်။ ဒါကို ငါဘာကြည့်မယ်။ သူဘာကြည့်ချင်တယ်နဲ့ လုရတော့မယ်။ တီဗွီတစ်လုံးတည်း ရှိတဲ့ အတွက် ဒါ ဒီအိမ်အတွက် ရှားပါးအရင်းအမြစ်ပဲ။ ဒီတော့ အဖေလုပ်သူက မျှတအောင် ဒီနေ့ သားကြိုက်တာကြည့်။ မနက်ဖြန် သမီး ကြိုက်တာကြည့် ဆိုတာမျိုး စီမံပေးရတယ်။ ကျေနပ်မှုရအောင် ညှိနှိုင်းပေးရတယ်။ အိမ်မှာ ရေချိုးခန်း တစ်ခုတည်း ရှိတယ်။ ဘယ်အချိန်မှာ ဘယ်သူ ရေချိုးမလဲ။ ဒီကိစ္စက ကျနော်တို့ နေတိုင်း ကြုံနေရလို့ ခပ်ပေါ့ပေါ့ပဲ တွေးမိတယ်။ ဒါလည်း ရှားပါး အရင်းအမြစ်ကို စီမံတာပဲ။ ငါပဲ ဒါကို သုံးမယ်။ မင်းတို့ တစ်ယောက်မှ မထိနဲ့လို့ လုပ်လို့ မရဘူး။ နောက်တစ်ခု ရှိသေးတယ်။ စီမံခန့်ခွဲမှု ညံ့တဲ့ ကိစ္စ။ အမေက ထမင်းမချက်ချင်တော့ ဘာမှ မတက်တဲ့ သမီးကို ချက်ခိုင်းမယ်။ အဲဒီတော့ ဘာတွေ ဖြစ်လာမလဲ။ ဒါလူတိုင်း စဉ်းစားလို့ ရမယ်။ စွမ်းဆောင်ရည် ရှိတဲ့လူကို သူကျွမ်းကျင်တဲ့ နေရာမှာ အသုံးချတတ်ဖို့ သိပ်အရေးကြီးတယ်။ ဒါ အိမ်ထောင်စု တစ်ခုအနေနဲ့ပါ။

ဒီလိုပါပဲ။ လူတွေ စုစည်းထားတဲ့ လူ့ အဖွဲ့အစည်း တစ်ခုအနေနဲ့လည်း ဆုံးဖြတ်ချက်တွေ အများကြီးကို ရင်ဆိုင် ဖြေရှင်းရတယ်။ အဖွဲ့အစည်း အနေနဲ့ ဘာအလုပ်တွေ လုပ်ကြမလဲ။ ဘယ်သူတွေ လုပ်ကြမလဲ ဆိုတာ ဆုံးဖြတ်ရမယ်။ အသီးအနှံတွေ စိုက်ပျိုးဖို့ လူတွေ လိုမယ်။ အ၀တ်အစားတွေ လုပ်ဖို့ လူတွေ လိုမယ်။ နောက် တချို့ကတော့ စက်ယန္တရားတွေ လုပ်ကြရမယ်။ လူ့အဖွဲ့အစည်းက လိုအပ်တဲ့နေရာမှာ လူတွေ (မြေတွေ၊ အဆောက်အဦတွေ၊ စက်တွေ) နေရာကျသွားရင် ရလာတဲ့ ထွက်ကုန်တွေနဲ့ လိုအပ်တဲ့ ၀န်ဆောင်မှုတွေ အတွက်ပါ နေရာချရတော့မယ်။ ဘယ်သူတွေ ထမင်းစားမလဲ။ ဘယ်သူတွေ ဂျုံစားကြမလဲ။ ဘယ်သူတွေ ကုန်တင်ကား မောင်းမလဲ။ ဘယ်သူတွေ ရထားမောင်းမလဲ။ ဒါတွေကို နေရာချဖို့ ဆုံးဖြတ်ချက်တွေ ချရမယ်။
လူ့အဖွဲ့အစည်းရဲ့ အရင်းအမြစ်တွေကို စီမံမှုဟာ သိပ်ကို အရေးကြီးတယ်။ ဘာလို့လဲဆိုတော့ အရင်းအမြစ်တွေဟာ ရှားပါးလို့ပါ။ ရှားပါးမှုဆိုတာ အရင်းအမြစ်တွေ အကန့်အသတ်နဲ့ ရနေခြင်းကို ဆိုလိုတာပါ။ ဒါကြောင့် လူထုက လိုချင်သလောက် ကုန်စည်နဲ့ ၀န်ဆောင်မှုကို မထုတ်လုပ်နိုင်ဘူး။ အိမ်ထောင်စု တစ်ခုလိုပဲပေါ့။ အိမ်ထောင်စုဝင် အားလုံး လိုချင်တာတွေ အကုန် ဖြည့်ဆီးဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ လူအဖွဲ့အစည်း တစ်ရပ်အနေနဲ့လည်း တောင့်တတဲ့ အမြင့်ဆုံး လူနေမှု အဆင့်အတန်းကို လူတိုင်း ပေးဖို့ ဘယ်လိုလို့ ဖြစ်နိုင်မလဲ။
ဘောဂဗေဒဆိုတာ လူ့အဖွဲ့အစည်းရဲ့ ရှားပါးတဲ့ အရင်းအမြစ်ကို ဘယ်လို စီမံခန့်ခွဲမလဲ ဆိုတာ လေ့လာတဲ့ ပညာရပ်ပါ။ ဒါကြောင့် ဘောဂဗေဒ ပညာရှင်တွေဟာ လူတွေ ဘယ်လို ဆုံးဖြတ်ကြသလဲ ဆိုတာကို လေ့လာတယ်။ လူတွေ ဘယ်လောက် အလုပ်လုပ်ကြသလဲ။ သူတို့ ဘာဝယ်ကြသလဲ။ သူတို့ ဘယ်လောက် စုကြသလဲ။ သူတို့ရဲ့ စုဆောင်းငွေကနေ ဘယ်လောက် ပြန် ရင်းနှီးမြှုပ်နှံ ကြသလဲ။ နောက် ဘောဂဗေဒ ပညာရှင်တွေက လူတွေဘယ်လို အပြန်အလှန် သက်ရောက်မှု ရှိသလဲ ဆိုတာကိုလည်း လေ့လာတယ်။ ဥပမာ ရောင်းသူနဲ့ ၀ယ်သူဟာ နှစ်ဦးပူးပေါင်းပြီး ကုန်စည်တစ်ခုရဲ့ ဈေးနှုန်းကို ဘယ်လို သက်မှတ်သလဲ။ ကုန်အရေအတွက် ဘယ်လောက်ဆိုရင် ဈေးနှုန်း ဘယ်လို သက်မှတ်သလဲ။ နောက်ဆုံး နိုင်ငံတစ်ခုရဲ့ ဘောဂစနစ်ကို ဒါတွေက ဘယ်လို လာပြီး သက်ရောက်သလဲ ဆိုတာ ဘောဂဗေဒ ပညာရှင်တွေ လေ့လာကြတယ်။ ဥပမာ - ပျမ်းမျှဝင်ငွေရဲ့ တိုးတက်မှုနှုန်း၊ အလုပ်ရှာမရတဲ့ လူဦးရေရဲ့ အချိုး၊ ကုန်ဈေးနှုန်းတွေ တက်နေတဲ့နှုန်း၊ ... ။
ဘောဂဗေဒကို လေ့လာရာမှာ မျက်နှာစာတွေ အများကြီး ရှိပေမယ့် အဓိက အရေးပါတဲ့ တွေးခေါ်ပုံနဲ့ အယူအဆတွေကတော့ ထပ်တူညီတာ အများကြီးပါ။ ဒါတွေ အားလုံးကို နားမလည်လို့လည်း ဘာမှ စိတ်မပူပါနဲ့။ အခု ဆက်ပြီးတော့ အင်မတန် ယေဘုယျ ကျတဲ့ ဥပဒေသ (၁၀)ခုကို တင်ပြပေးချင်ပါတယ်။ ဒါလေးတွေက လူတိုင်း နားလည်လွယ်တဲ့ သဘောတရားကို အခြေခံလို့ အလွယ်တကူနဲ့ သဘောပေါက်နိုင်ပါတယ်။
ဥပဒေသ (၁) ။ အလဲအထပ်ကို ရင်ဆိုင် ဖြေရှင်းခြင်း
`ဘယ်အရာမှ အလကားမရ´ ဆိုတာကို အားလုံး ကြားဖူးပါလိမ့်မယ်။ ကျနော်တို့ သဘောကျတဲ့ အရာ တစ်ခုခုကို လိုချင်တယ်ဆိုရင် ကျနော်တို့ ကြိုက်တဲ့ တခြား အရာ တစ်ခုခုနဲ့ လဲမှ ဖြစ်လိမ့်မယ်။ အဲဒီ ပစ္စည်းနှစ်ခုကို အလဲအထပ် လုပ်ဖို့ ကျနော်တို့ ဆုံးဖြတ်ချက် ချရတော့မယ်။
ကျနော်တို့ ကျောင်းသားတစ်ယောက် အနေနဲ့ စဉ်းစားကြည့်ရအောင်။ သူက သူ့ရဲ့ တန်ဖိုးရှိတဲ့ အရင်းအမြစ် (အချိန်) ကို နေရာတကျ စီမံ ခန့်ခွဲရတော့မယ်။ သူဟာ ဘောဂဗေဒကို လေ့လာဖို့ သူ့ရဲ့ အချိန်အားလုံးကို အသုံးချနိုင်တယ်။ သူ့ရဲ့ အချိန်အားလုံးကို စိတ်ပညာသင်ဖို့ အသုံးချနိုင်တယ်။ ဒါမှမဟုတ် နှစ်ခုစလုံးကို လေ့လာဖို့ အချိန်ကို အညီအမျှလည်း ခွဲနိုင်တယ်။ ဘာသာရပ်တစ်ခုကို လေ့လာသင်ယူနေတဲ့ နာရီတိုင်းမှာ တခြားဘာသာရပ်တွေကို လေ့လာဖို့ စွန့်လွှတ်ရမယ်။ ဆိုလိုတာက တစ်ဘာသာကို လေ့လာနေတဲ့ အချိန်မှာ တပြိုင်နက်တည်း တခြား ဘာသာရပ်တစ်ခု လေ့လာဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ အဲဒီလိုပဲ စာလုပ်နေတဲ့ အချိန်မှာ တခြား တီဗွီကြည့်တာ၊ ကစားတာ၊ အားကစားလုပ်တာ၊ အလုပ်လုပ်တာတွေကို လုပ်မရလို့ အဲဒါတွေကို စွန့်လွှတ်ရမယ်။
ဒါမှမဟုတ် မိဘတစ်ယောက်အနေနဲ့ သူ့မိသားစု ၀င်ငွေကို ဘယ်လို သုံးမလဲ ဆိုတာ စဉ်းစားကြည့်ရအောင်။ သူတို့တွေ အ၀တ်အစားဝယ်နိုင်တယ်။ တခြား အစားအစာတွေ၊ ပရိဘောဂတွေ ၀ယ်နိုင်တယ်။ အပျော်ခရီးလည်း ထွက်လို့ရတယ်။ ဒါမှမဟုတ် ကျန်းမာရေးစရိတ် (သို့) ကျောင်းစရိတ် အနေနဲ့ တစ်စိတ်တစ်ပိုင်းကို စုလို့ ရတယ်။ သူတို့ ကုန်ပစ္စည်း တစ်ခုခုမှာ ငွေ တစ်ဒေါ်လာ ပိုသုံးဖို့ ဆုံးဖြတ်လိုက်တိုင်း နောက်ပစ္စည်းတွေ အတွက် တစ်ဒေါ်လာ လျှော့သုံးရသလို ဖြစ်သွားတယ်။
လူတွေဟာ အဖွဲ့အစည်းအနေနဲ့ စုစည်းမိတဲ့အခါ အလဲအထပ် ပုံစံ မျိုးစုံနဲ့ ရင်ဆိုင်ရတယ်။ နိုင်ငံတစ်ခုရဲ့ အခြေခံကျတဲ့ အလဲအထပ်က လက်နက်နဲ့ ထောပတ်ပဲ။ အချုပ်အခြာ အတွက် ကာကွယ်ရေး (လက်နက်) မှာ အသုံးစရိတ်တွေ များများသုံးလေ ပြည်သူတွေရဲ့ လူနေမှု အဆင့်အတန်း မြှင့်တင်ဖို့ လိုအပ်တဲ့ ကုန်စည်တွေ (ထောပတ်) မှာ အသုံးပြုဖို့ စရိတ် နည်းလေလေပါပဲ။ ခေတ်သစ် လူနေမှုဘ၀မှာ အရေးအကြီးဆုံး အလဲအထပ်ကတော့ သန့်ရှင်းတဲ့ ပတ်ဝန်းကျင်နဲ့ ၀င်ငွေမြင့်မားဖို့ပဲ။ လေထု၊ ရေထုကို ညစ်ညမ်းမှု လျှော့ချဖို့ ဥပဒေတွေနဲ့ ကုမ္ပဏီတွေကို ကန့်သတ်တော့ ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုတွေရဲ့ စရိတ်တွေ တက်လာတယ်။ ဒီစရိတ်တွေ တက်တာကြောင့် အမြတ်အစွန်း နည်းသွားမှာမို့ လခတွေ လျှော့ပေးတော့မယ်၊ ကုန်ပစ္စည်း ဈေးနှုန်းတွေ တင်မယ်၊ ဒါမှ မဟုတ် သုံးခုစလုံး ဖြစ်နိုင်တယ်။ ပတ်ဝန်းကျင် သန့်ရှင်းဖို့ ဥပဒေတွေ ပြဌာန်းလိုက်တဲ့အတွက် လူတွေရဲ့ ကျန်းမာရေးနဲ့ လေထု၊ ရေထုတွေ သန့်ရှင်းသွားပေမယ့် ပိုင်ရှင်၊ အလုပ်သမားနဲ့ စားသုံးသူတွေရဲ့ ၀င်ငွေတွေ လျှော့သွားတယ်။
ဥပမာ စီးပွားရေး အကျိုးအမြတ်တွေကို ပြည်သူလုထု အားလုံးအကြား ပိုမိုညီမျှအောင် ဖြန့်ဝေမယ်လို့ ပေါ်လစီတစ်ခု အနေနဲ့ ချမှတ်မယ် ဆိုကြပါစို့။ ဒါဆို လူမှုဖူလုံရေး စီမံချက်တွေ ချမှတ်ရမယ်။ အလုပ်လက်မဲ့ နည်းပါးရေး စီမံချက်တွေ ချမှတ်ရမယ်။ အလုပ်အာမခံချက်တွေ စီစဉ်ရမယ်။ ဒီစီမံချက်တွေနဲ့ တကယ်လိုအပ်တဲ့ လူတွေဆီ ဖြည့်ဝေဖို့ အစီအစဉ်တွေ ချမှတ်ရမယ်။ နောက် ဒီစီမံချက်တွေ အပြည့်အ၀ အကောင်အထည် ဖော်နိုင်ဖို့ ဘဏ္ဍာရေးလိုအပ်ချက် အတွက် တခြား လူတွေဆီကနေ အခွန်ငွေ ကောက်ခံရမယ်။ ဒီပေါ်လစီအရ လူထုအနေနဲ့ အကျိုးအမြတ် အညီအမျှ ရရှိခံစားနိုင်ပေမယ့် အပြည့်အ၀ ရရှိရေးမှာ အားနည်းသွားမယ်။ အစိုးရအနေနဲ့ လူထုအကြား ၀င်ငွေ အညီအမျှ ဖြန့်ဝေနိုင်ဖို့ ချမ်းသာတဲ့ သူတွေဆီကနေ ဆင်းရဲတဲ့ သူတွေဆီကို ငွေကြေးတွေ စီးဆင်းအောင် စီမံရတယ်။ ဒီတော့ အလုပ်ကြိုးကြိုးစားစားနဲ့ ပိုလုပ်လည်း နောက်ဆုံးတော့ အခွန်ဆောင်တာနဲ့ ကုန်မယ်။ ကိုယ်ပိုလုပ်လည်း နောက်ဆုံး ဆင်းရဲသား လက်ထဲပဲ ရောက်မှတော့ ဘာလုပ်ဖို့ ပိုလုပ်ကြတော့မလဲ။ ဒီတော့ လူတွေရဲ့ ကုန်ထုတ်လုပ်မှုတွေ ကျဆင်းလာတယ်။ ထွက်ကုန်တွေ လျှော့နည်းလာတယ်။ တနည်းပြောရရင် အစိုးရ အနေနဲ့ စီးပွားရေး အဆောက်အဦ အကြီးကြီးကနေ အစိတ်စိတ် အပိုင်းပိုင်း ဖြတ်ပြီး အညီအမျှ ဖြန့်ဝေ လိုက်မယ်ဆိုရင် အဲဒီ အဆောက်အဦဟာ သေးသေးလေးတွေပဲ ကျန်တော့မယ်။
ကျောင်းသားတစ်ယောက်အနေနဲ့ ဘောဂဗေဒကို အချိန်များများ လေ့လာနိုင်အောင် ဆိုပြီး တခြား ဘာသာရပ် တစ်ခုခုကို လေ့လာဖို့ မစွန့်လွှတ်သင့်ဘူး။ နောက်ပြီး ပတ်ဝန်းကျင် သန့်ရှင်းဖို့ ချမှတ်တဲ့ ဥပဒေတွေကြောင့် ရုပ်ဝတ္ထု သုံးစွဲနိုင်တဲ့ အင်အား လျှော့နည်းတယ်ဆိုပြီး ပတ်ဝန်းကျင် ထိန်းသိမ်းဖို့ မစွန့်လွှတ်သင့်ဘူး။ လူတချို့ရဲ့ ၀င်ငွေကို ထိခိုက်စေလို့ ဆိုပြီးလည်း ဆင်းရဲသား ပပျောက်ဖို့ စီမံချက်ကို မစွန့်လွှတ်သင့်ဘူး။ ဘာပဲဖြစ်ဖြစ် ဘ၀မှာ အလဲအထပ်လုပ်ရတဲ့ ကိစ္စဟာ သိပ်ကို အရေးကြီးပါတယ်။ ဘာလို့လည်း ဆိုတော့ လူတွေဟာ သူ့တို့အတွက် အကောင်းဆုံး ဆုံးဖြတ်ချက်ကိုပဲ ချချင်ကြတယ်လေ။ ဒါပေမယ့် ဘာတွေနဲ့ အလဲအထပ် လုပ်လို့ရလဲ ဆိုတဲ့ ရွေးချယ်စရာတွေကို အားလုံး သိထားဖို့တော့ လိုအပ်ပါလိမ့်မယ်။

ဤပို့စ်အား Wednesday, December 05, 2007 နေ့တွင် ရေးသားထားပြီး
ပညာရပ်ဆိုင်ရာ
,
ဘာသာပြန်
နာမည်ဖြင့် အညွှန်း သက်မှတ်ထားပါသည်။
ကွန်းမန့်များအား အချိန်နှင့် တပြေးညီ သိလိုလျှင် RSS 2.0 ဖြင့် တောင်းဆို၍ ရယူနိုင်သည်။
လာရင်းနေရာ သို့ ပြန်လည် သွားရောက်နိုင်ပါသည်။
Wednesday, December 05, 2007
|
စာညွှန်း
ပညာရပ္ဆိုင္ရာ,
ဘာသာပြန်