လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

ကျွန်တော်နှင့် ဘလော့ဂ်

01 December 2007

ကျနော် ရန်ကုန်ကို စရောက်တော့ ကွန်ပြူတာ သင်တန်း စတက်ဖြစ်တယ်။ အဲဒီတုန်းက တွဲတဲ့ သူငယ်ချင်း (၇) ယောက်ရှိပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် အခုအချိန်မှာ (၅) ယောက်ပဲ တွဲဖြစ်တော့တယ်။ ကျနော်တို့ ငါးယောက်အဖွဲ့က ယောက်ျားလေးတွေ ချည်းပဲ။ အခုဆိုရင် သူငယ်ချင်း မျက်လုံး ပဲ အနားမှာ ရှိတော့တယ်။ ကျန်တဲ့ သူငယ်ချင်းတွေက နိုင်ချံဂါးမှာလေ။ ဒါပေမယ့် ၁၉၉၈ ခုနစ်မှာ မန်းကနေ သူပုန်တစ်သိုက် ရန်ကုန်ကို ရောက်လာလို့ သူတို့နဲ့ ခင်မင်ပြီး လူဆိုးတစ်ယောက် ကနေ လူမိုက်လုံးလုံး ဖြစ်သွားတယ်။ မန်းကရောက်လာကြတာ မိန်းကလေး (၅) ယောက်ပါ။ ဒါနဲ့ ကျနော်တို့ အဖွဲ့က စုစုပေါင်း (၁၀) ယောက်အဖွဲ့ ဖြစ်သွားတယ်။ ဒါပေမယ့် ကျနော်တို့ (၈) ယောက်ပဲ ဆုံဖြစ်တာ များတယ်။ ကျန်တဲ့ (၂) ယောက်က ဘ၀အတွက် ရုန်းကန်နေကြတာ ဆိုတော့ ကျနော်တို့နဲ့ မပါတာများပါတယ်။ အဲဒီ မိန်ကလေးထဲက တစ်ယောက်ကတော့ အများစု သိကြတဲ့ စီနီယာ ဘလော့ဂါ မယ်လိုဒီမောင်ပါ။ အခု နောက်တစ်ယောက်ကလည်း ဘလော့ရေးဖို့ အားယူနေပါတယ်။ သူကတော့ Empress Girl ပါ။ သူ့ဘလော့ကို ဒီမှာ ၀င်ကြည့်လို့ ရပါတယ်။ အားပေးကြပါဦး။

ခုနက အင်တရိုလေး ၀င်နေလို့။ အခုမှ ဇာတ်လမ်းက စမယ်။ ၂၀၀၇ ခုနစ် မတ်လပိုင်း သူငယ်ချင်းတွေ စုံကြတော့ မယ်လိုဒီမောင် ဟုခေါ်သော မမီက သူ ဘလော့ဂ်ရေးထားကြောင်း ကျနော့်ကို ပြောတယ်။ ဖတ်ကြည့်ပါ။ အကြံပေးပါ။ ဝေဖန်ပါပေါ့။ ကျနော်လည်း သယ်ရင်းအချင်းချင်း အားနာပါးနာနဲ့ ၀င်ကြည့်လိုက်တယ်လေ။ သူပထမဆုံး စရေးတာ အင်္ဂလိပ်လိုလေ။ ဒါနဲ့ ခပ်ပျင်းပျင်းပဲ သွားကြည့်လိုက်တယ်။ ပြီးတော့ သူ့ကို အင်းအင်းအဲအဲပေါ့။ ပြန်ပြောလိုက်တယ်လေ။ နည်းနည်းကြာတော့ သူက မြန်မာလို ရေးနေပြီလို့ ပြောတယ်။ လာဖတ်ပါလို့ ဖိတ်ခေါ်တော့ အားနာပါးနာနဲ့ သွားဖတ်လိုက်တယ်။ အားပါးပါး ကဗျာတွေ ရေးထားတယ်။ သယ်ရင်း အချင်းချင်း အတွင်းသိတွေ ကဗျာရေးတော့ ဘယ်လို ခံစားရမလဲ မသိဘူး ဖြစ်နေတယ်။ ကျနော်လည်း မဖတ်တတ်တော့ နည်းနည်းပဲ ဖတ်ပြီး သူပြောသမျှ ကောင်းတယ် ကောင်းတယ် ဆိုပြီး ခေါင်းညိမ့်နေလိုက်တယ်။ ဘလော့ဆိုတာ စာအုပ်ပေါ်တင်လို့ မရတဲ့စာတွေ လျှောက်မှတ်တဲ့ နေရာတစ်ခုပဲလို့ မှတ်ချက်ချမိတယ်။


သူငယ်ချင်း မျက်လုံးနဲ့ အိမ်နီးတော့ မကြာခဏ ဆိုသလိုပဲ လက်ဘက်ရည်ဆိုင် အတူ ထိုင်ဖြစ်တယ်။ သူက အင်တာနက်မှာ ဟိုလျှောက်သွား ဒီလျှောက်သွားဆိုတော့ အသစ်အဆန်းလေးတွေ အထူးအဆန်းလေးတွေ တွေ့တတ်တယ်။ သူက တွေ့ရင် ဟေ့ကောင် မင်းသွားကြည့်ပါလား ဆိုပြီး အမြဲညွှန်တော့ သူပြောတဲ့ ၀က်ဆိုဒ်လေးတွေ သွားဖြစ်နေတယ်။ သူပြောတဲ့ MyLot ဆိုရင် အဲဒီတုန်းက နေ့တိုင်းလိုလို ၀င်ဖြစ်တယ်။ နောက်တော့ သူက ဘလော့ဂ်ရေးနေတယ်လို့ ပြောတယ်။ အဲဒီ အကြောင်းကိုတော့ ဘာမှ ဆက်မမေးဖြစ်ဘူး။ သြဂုတ်လမှာ Why Do We Blog ဆိုတဲ့ စီမီနာလေး လုပ်ဖို့ ဘလော့ဂါတွေ စီစဉ်ကြတယ်။ အဲဒီအချိန်က မမီနဲ့ မျက်လုံးနဲ့ ဘလော့တွေ ရေးနေကြပေမယ့် တစ်ယောက်နဲ့တစ်ယောက် ဘလော့ ရေးနေကြမှန်း နောက်မှ သိကြတယ်လေ။ မျက်လုံးရေးတော့လည်း သွားကြည့်မိပါတယ်။ သူကတော့ ဗဟုသုတ ရစရာတွေ ပေါက်တကရတွေ ရှာပြီး တင်တတ်တော့ မကြာခဏ ၀င်ကြည့်ဖြစ်တယ်။ သူတို့ နှစ်ယောက်ကြောင့် ဘလော့ဂ်ကို စ ရင်းနှီးတယ် ဆိုရမှာပဲ။ သူတို့ စီမီနာ လုပ်တော့ သူငယ်ချင်း နှစ်ယောက်စလုံးက တက်ရွှီးမှာ ဆိုတော့ ကျနော် သွားတယ်မယ်လို့ အားခဲထားခဲ့တယ်။ ဒါပေမယ့် အလုပ်မအားလို့ မသွားဖြစ်ခဲ့ဘူး။ ဒါပေမယ့် ကျနော် စိတ်ဝင်တစားနဲ့ အဲဒီ စီမီနာနဲ့ ပတ်သက်တဲ့ သတင်းတွေ ရှာဖတ်ဖြစ်ခဲ့တယ်။ အဲဒီလိုနဲ့ ဘလော့ဂ်တွေကို စူးစူးစိုက်စိုက် စ ဖတ်ဖြစ်လာတယ်။

စက်တင်ဘာလထဲမှာ အလုပ်ကပါးလာတော့ အတော်ကလေး အားနေတယ်။ မမီပြောခါစက ကျနော် ဘလော့ဂါ အကောင့်မှာ ၀င်ပြီး လုပ်ကြည့်သေးတယ်။ အင်္ဂလိပ်လိုပဲ ရေးလို့ ရမယ်ဆိုတော့ ဆက်မလုပ်ဖြစ်တော့ဘူး။ မမီ မြန်မာလို ရေးနေပြီ ဆိုတော့ နည်းနည်းတော့ စိတ်ဝင်စားသွားတယ်။ ဒါပေမယ့် အဲဒီအချိန်က အလုပ် အတော်လေး မအားဘူး။ ဒါကြောင့် စက်တင်ဘာလထဲ အားမှ စလုပ်ဖြစ်တယ်။ စက်တင်ဘာလ ၁၅ ရက်နေ့က နေ့လယ်ခင်းကြီး မျက်လုံးရှိတဲ့ ၃၈ လမ်းထဲကို ဘလော့ဂါနဲ့ ပတ်သက်တာတွေ သွားမေးတယ်။ အဓိက မြန်မာဖောင့် ပေါ်အောင် ဘယ်လို လုပ်သလဲ။ နောက် အဆင်တန်ဆာ တန်းပလိတ်တွေ ဘယ်လို ပြင်သလဲ။ Script တွေ ဘယ်မှာ ရှာသလဲ။ အဲဒါတွေ သူ့ကို အသည်းအသန် လျှောက်မေးပြီး ည အိမ်ပြန်ရောက်တော့ စမ်းကြည့်တယ်။ ဒါနဲ့ စက်တာဘာလ ၁၆ ရက်နေ့မှာ ကျနော့်ရဲ့ ပွဲဦးထွက် ပထမဆုံး ပို့စ်ကို စတင်ဖြစ်တယ်။ ပို့စ်နာမည်က ခဲလုံးတစ်လုံး ကောက်ရထားတယ် တဲ့။ ကျနော်ရဲ့ အတွေးတစ်ခုကို ဇာတ်ကွက်လေး ဆင်ပြီး ရေးထားတာပါ။

ကျနော် စရေးပြီးတော့ ကိုယ့်စာကို ဖတ်ပေးမယ့်သူက ပြေးကြည့်တော့ နှစ်ယောက်ရှိတာကိုး။ ဒါနဲ့ အဲဒီ နှစ်ယောက်စီ ပြေးကြွားရတာပေါ့။ သူတို့ နှစ်ယောက်က ဖတ်ပေးကြပါတယ်။ ကျတော့လို ဖတ်ချင်ယောင် မဆောင်ကြဘူးလေ။ ဒါနဲ့ မမီက သူ့ ဘလော့ဂ်မှာ စက်တင်ဘာလ ၁၉ ရက်နေ့မှာ Warmly Welcome သူငယ်ချင်းရေ ဆိုတဲ့ ပို့စ်နဲ့ ကြိုဆိုကြောင်း ရေးတော့ အတော်ပဲ ၀မ်းသာပါတယ်။ အဲဒီနောက်ပိုင်း ဘလော့တွေဆီ ဆီဗုံးထဲက တွေ့သမျှ လိပ်စာတွေဆီ လျှောက်လည်တော့တယ်။ သူတို့ ရေးထားတဲ့ စာတွေ ဖတ်တယ်။ ကွန်းမန့်တွေ ပြန်ပစ်တယ်။ ဆီဗုံးမှာ အော်တယ်။ ဒါနဲ့ သူတို့တွေလည်း ကိုယ့်ဆီ ပြန်လည်ကြတယ်ပေါ့။ ဒါနဲ့ သူက ကိုယ့်ဆီလည် ကိုယ်က သူ့ဆီလည်နဲ့ ဧည့်ဝတ်ကျေစွာနဲ့ အားလုံး ပတ်ချာလည် ရမ်းနေတာ အခုထိပါပဲ။ လည်တတ်တဲ့ ကျနော်ဟာ၊ ခြေမငြိမ်တဲ့ ကျနော်ဟာ အခု အလုပ်နဲ့ ဖြစ်နေတော့ ဘယ်မှ မထွက်နိုင် ဖြစ်နေတယ်လေ။ ဒါပေမယ့် ကျနော် အပြင်မထွက်ဘဲ လည်လို့ရတဲ့ လောကလေး အသစ်တစ်ခု ရှာတွေ့သွားတော့ အတော်လေး ပျော်နေမိတယ်။ စာဖတ် ၀ါသနာပါတဲ့ ကျနော်က ပိုက်ဆံ ထူးထူးထွေထွေ မကုန်ဘဲ စာဖတ်လို့ ရတဲ့ ဒီအခွင့်အရေးကို ဘာလို့ အဆုံးရှုံးခံမလဲ။ ဒါကြောင့်လည်း အခုချိန်ထိ ဘလော့နွံ နစ်နေတုန်းပါပဲ။

ကျနော် ဘလော့ဂ်ကို စမ်းကြည့်မယ်လို့ ဆုံးဖြတ်လိုက်တဲ့ အဦးဆုံး ရည်ရွယ်ချက်ကတော့ ၀က်ဘ်ပေါ့ခ်ျမှာ အလကားရတဲ့ script တွေကို စမ်းချင်လို့ပါ။ ပရိုဂရမ်းမင်းကို ၀ါသနာပါတော့ အဲဒီလို စမ်းရတာကို ခံတွင်းတွေ့တယ်။ နောက်တော့ ရည်ရွယ်ချက်လေး တစ်ခု တိုးလာတယ်။ ကျနော့်ဆီမှာ ၂၀၀၄ လောက်ကတည်းက သူငယ်ချင်းတွေ ပို့ထားတဲ့ ကောင်းနိုးရာရာ ဖိုင်လေးတွေ သိမ်းထားတာ ရှိတယ်။ အဲဒီ စာတွေ ပုံတွေဟာ သိပ်ကို ကောင်းလွန်းလို့ ကျနော် ခဏခဏ ပြန်ပြန် ဖတ်မိ ကြည့်မိတယ်။ ဘလော့ဂ်ရေးလာတော့ ကျနော် အဲဒီ ကောင်းနိုးရာရာတွေကို ကျနော် တစ်ယောက်တည်း ကျိတ်ခံစားမယ့် အစား မျှဝေဖို့ ဆန္ဒဖြစ်လာလို့ ပို့စ်တွေထဲမှာ အဆင်ပြေရင် ပြေသလို ညှပ်ညှပ်ထည့်ပြီး ဖော်ပြခဲ့တယ်။ နောက်ပြီး ကျနော် ဖတ်ဖူးတဲ့ စာအုပ်တွေထဲမှာ ဘယ်နေရာက ဘယ်လိုကောင်းတယ်လို့ သူငယ်ချင်းတွေ တွေ့တိုင်း အမြဲ ပြောဖြစ်တယ်။ သူတို့ကိုလည်း ဖတ်စေချင်လို့လေ။ နောက် အဲဒီထဲက အကြောင်းအရာကို သူတို့နဲ့ ဆွေးနွေးချင်တယ်။ ဘလော့ဂ် ရေးဖြစ်လာတော့ စာဖတ်တဲ့လူလည်း တဖြည်းဖြည်း များလာတော့ ဖတ်ခဲ့ဖူးသမျှ စာတွေကို ဝေမျှပေးနိုင်ရင် အတော် ကောင်းမယ်လို့ စိတ်ကူးမိတယ်။ ဒါပေမယ့် ကျနော်က စာကို ပေါ့ပေါ့ပါးပါးပဲ ဖတ်ချင်တယ်။ စိတ်မအေးဆေးတဲ့ အချိန်တွေမှာ လေးလေးပင်ပင်တွေ ဖတ်ရမှာ အတော် ၀န်လေးတယ်။ ဒါကြောင့် ကိုယ် ဖတ်ဖူးသမျှ ကိုယ် သိသမျှကို ဘယ်လို ပေါ့ပေါ့ပါးပါး ဖြစ်အောင် ပြန်ရေးမလဲလို့ အမြဲ စဉ်းစားရတယ်။ ကိုယ့်အကြောင်းကိုလည်း ကြုံရင်ကြုံသလို ကြုံကြွားလေး လုပ်ရင်း ရည်ရွယ်ချက်လည်း မပျောက်အောင် ဖတ်ဖူးသမျှတွေ ရေးပြီး တင်နေပါတယ်။ တစ်ခါတစ်လေလည်း မအားတော့ စုဆောင်းထားတဲ့ ပုံလေးတွေနဲ့ ဆားချက်ရတာပေါ့။

ဘလော့ဂ်စွဲနေသလား ဆိုတာကို စစ်တဲ့ ပို့စ်တွေ့တော့ သွားစစ်ကြည့်တယ်။ ၅၆ % တဲ့။ ဒါဆို သိပ် မစွဲသေးဘူးပေါ့။ နောက်ပြီး သင့် ဘလော့ဂ် ဘယ်လောက် တန်သလဲ ဆိုတာ တွေ့တော့လည်း သွားလုပ်ကြည့်တော့လည်း ၃၄၀၀ ကျော်ပဲ တန်တယ်တဲ့။ ကြည့်ပါဦး ဈေးနှိမ်လိုက်တာ။ ကျနော် နံနက် မိုးလင်း အိပ်ယာနိုးတော့ ကွန်ပြူတာ တက်ရင် စဖွင့်ဖြစ်တာ ဆီဗုံးပါ။ ဘယ်သူတွေ နှုတ်ဆက်ထားလဲ ပေါ့။ ဘာအော်သွားလဲ ပေါ့။ အပြေးအလွှား ကြည့်ဖြစ်တယ်။ နောက် ပြီးတာနဲ့ အီးမေးဖွင့်ပြီး ပထမဆုံး စစ်ဖြစ်တာ ကွန်းမန့်ပစ်ထားတာ ရှိမရှိ အရင် ရှာတယ်။ ပြီးရင် ကျနော့် ဘလော့ဂ်ကို ဖွင့်တယ်။ အဲဒီအထဲမှာ တို့ထားတဲ့ ကျနော့် သူငယ်ချင်းတွေဆီ တန်းစီပြီး တစ်ယောက်ချင်းစီ သွားလည်ဖြစ်တယ်။ ဒါ အားတဲ့ နေ့တိုင်း ကျနော် လုပ်ဖြစ်နေတဲ့ အလုပ်တစ်ခုပါ။ ဒါကို ကျနော် ဘလော့ဂ် စွဲတာ ၅၆ % တည်း ရှိတယ် ဆိုတော့ ဘလော့ဂ်စွဲတာ ၈၀ % ကျော်တဲ့ လူတွေက လည်ပင်း ကွန်ပြူတာ စွဲပြီး လျှောက်သွားနေသလား၊ ည ကွန်ပြူတာ ဖက်ပြီး အိပ်သလားလို့ သံသယ ရှိမိတယ်။ ကျနော့်ကို ဘလော့ဂ် မစွဲဘူးလို့ ပြောတော့ စွဲပါတယ်လို့ သက်မှတ်ခံရတဲ့ လူတွေရဲ့ ဘ၀ကို မတွေးဝံ့စရာပဲ။ ကိုယ့်ကိုယ်ကိုတောင် ဘလော့ဂ်စွဲနေလို့ သနားနေတာ။ သူ့ခမျာ ဘလော့ဂ်စွဲရာ တန်းလန်းကြီးပါနေတာလေ။

အခု နေ့တိုင်း ပို့စ် အသစ်တစ်ပုဒ် မတင်ဖြစ်ရင်ကို စိတ်မကောင်းဖြစ်နေတာ။ မအားလို့ မရေးနိုင်ရင်လည်း ဘာလို့ အချိန် မပေးနိုင်ရလဲလို့ စိတ်မကောင်း ဖြစ်မိတယ်။ ရေးစရာ မရှိလို့၊ သို့မဟုတ် ရေးဖို့ မု မ၀င်လို့ မရေးဖြစ်ရင်လည်း တယ် အသုံးမကျတဲ့ ငါလို့ အပြစ်တင်နေ မိပြန်ရော။ ဒါကြောင့် နေတိုင်းလိုလို အပြစ်တင်ခံနေရတဲ့ ကိုယ့်ကိုယ်ကို သနားလာပြီလို့ ပြောတာပေါ့။ ကျနော်ထင်တယ်။ ကျနော်ရဲ့ ဘလော့ဂါ မောင်နှမ သူငယ်ချင်းတွေလည်း ကျနော် ခံစားသလို မဟုတ်တောင် အနည်းနဲ့ အများ၊ တစ်မျိုးတစ်ဖုံတော့ ခံစားကြရမှာပါ။ အဲဒါလေးတွေ ကျနော် ကြားချင်လို့ပါ။

ကျနော် ဒီနေ့ ဒီရက်ကို မျှော်နေတာ ကြာပါပြီ။ ကျနော့်ကို တက်ကြတာလည်း များပြီ။ ကျနော် လက်စားချေမယ် ဆိုပြီး တေးထားတာ အတော်ကြာပြီ။ ကိုယ်က ရေးမယ်လုပ်လိုက် သူများနောက် ပါသွားလိုက်။ ကိုယ်က မတက်လိုက်ရဘူး။ ပြန်တောင် အတက်တောင် ခံလိုက်ရသေးတယ်။ ငယ်ငယ်တုန်းက အကြောင်းရေးပြီး တက်မယ်ဆိုတော့ မီးလေး လာတက်တယ်လေ။ စာရေးဆရာအကြောင်း ရေးမယ်ဆိုတော့လည်း မာန်လှိုင်းငယ်က ဦးပြီး တက်ပစ်တယ်။ အစားအကြောင်း ရေးမယ်ဆို စိတ်ကူးနေတုန်း နှင်းဆီနီနီက ရေးပြီး လာတက်တယ်။ ဒါဆို သူငယ်ချင်းတွေ အကြောင်းပဲ ရေးမယ်ပေါ့။ ဒါလည်းပဲ အိုကိဆုက ဦးအောင် ရေးပြီး တက်လိုက်ပြန်ရော။ အော် ဘ၀ ဘ၀။ အင်တာနက်ထဲတောင် မလွတ်ပါလား။ ကြံစည်နေလိုက် ပါသွားလိုက်ပဲ။ ဒီတစ်ခါတော့ လက်ဦးမှု ယူမယ်။ ကိုရန်အောင်က Hallowen Day တုန်းက ဖတ်တဲ့လူ တက်ခံရပြီတာ မှတ်တဲ့။ သူက ဖတ်တဲ့လူပဲ တက်တာ။ ကျနော်က အကုန် တက်မယ်။ လာဖတ်တဲ့ ဘလော့ဂ်ဂါတွေ အားလုံးနဲ့ သက်ဆိုင်ပါတယ်။ ဦးစားပေး အစီအစဉ် အနေနဲ့ ဘယ်ဘက်က လစ်ထဲမှာ ပါတဲ့ ကျနော်ရဲ့ ချစ်သူငယ်ချင်းတွေကတော့ မရေးမဖြစ် ရေးပေးကြပါ။ ပီကေရဲ့ ဘလော့ဂ် အသိုက်အမြုံလေး ထဲမှာ ပါတဲ့ သူငယ်ချင်းတွေ အားလုံးကို ရည်ညွှန်းပါတယ်။

သူငယ်ချင်းများ အားလုံး ချစ်လို့ တက်(TAG)တယ် လို့ပဲ အောက်မေ့ပေးကြပါနော်။



ပြန်လည် ဖြေကြားထားသော သူများစာရင်း
၁။ ကျွန်မနှင့်ဘလော့ မှ လင်း
၂။ ကျွန်မနဲ့ ဘလော့ မှ ရွှေဂျမ်း
၃။ ကျွန်မနှင့် ဘလော့ဂ် မှ နှင်းဆီနီနီ
၎။ Me and My Blog! By PinkGold
၅။ မီးလေးနဲ့ ဘလော့ဂ်
၆။ သိုးလေးနှင့် ဘလော့ မှ နှင်းနှင်း
၇။ သံယောဇဉ်တို့ဖြင့် နှောင်ဖွဲ့ထားသော မှ ဆုဝေ
၈။ ကျွန်မရဲ့ နှင်းပွင့်ဖြူလေးဘလော့စပေါ့တော့ကွန်း
၉။ ကျွန်တော်နှင့် Blog မှ နေသွေးညို
၁၀။ My World and Me မှ လေးမ
၁၁။ တာဝတိံသာဘလော့က နတ်သမီးလေး မှ မွန်
၁၂။ ကျွန်တော်နှင့် Blog မှ အောင်မျိုးဟန်
၁၃။ ကျွန်တော်နှင့် ဘီအယ်လ်အိုဂျီ မှ လွမ်းစေ
၁၄။ ကျွန်တော်၏ ulmuka
၁၅။ ကောင်မလေးတစ်ယောက် မွေးဖွားခြင်း မှ မိုးချစ်သူ
၁၆။ ကျွန်တော်နှင့် ကျွန်တော်၏ နှလုံးသားနယ်မြေ မှ မျှားပြာ
၁၇။ ကျွန်မနှင့် Blog မှ ညီမငယ်လေး နှင်းသဇင်
၁၈။ ကျွန်မနဲ့ ဤဘလော့ မှ ၀င်္ကပါ
၁၉။ ကျွန်မနှင့်ဘလော့ မှ အလွမ်းအိမ်
၂၀။ သဇင်ဏီနှင့်ဘလော့
၂၁။ My Blog Story မှ မင်းယွန်းသစ်
၂၂။ မိုးပြာရောင်အိပ်မက်များရဲ့ ရာဇ၀င် မှ ညီမလေး မေပျို
၂၃။ ပီကေအတွက်> သင်ကာနှင့်ဘလော့ဂ်
၂၄။ သူမနှင့် ဘလော့ဂ်သံယောဇဉ် မှ မွန်းသက်ပန် (ဆေး - ၁)
၂၅။ ကျွန်မနဲ့ ဘလော့ မှ ခွန်မြလှိုင်
၂၆။ အိပ်မက်လေးရဲ့ ကဗျာ မှ ညလေး
၂၇။ ကျွန်တော်နှင့်ဘလော့ဂ် စတင်ချစ်ခင်ခဲ့ပုံ ဇာတ်လမ်းစုံ မှ ရန်အောင်