လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။
Everything Good Reminds Me Of You
09 November 2007
ကျနော် မန်းပြန်သွားတော့ အိမ်မှာ လျှောက်မွှေရင်းနဲ့ ၂၀၀၂ ခုနစ်က ကျနော် ရေးခဲ့တဲ့ ဒိုင်ယာရီ အဟောင်းလေး တွေ့လို့ ပြန်ဖတ်ရအောင် ရန်ကုန်ကို သယ်လာခဲ့တယ်။ အဲဒီ ဒိုင်ယာရီထဲမှာ ဖတ်ခဲ့တဲ့ စာအုပ်တွေက မှတ်သားစရာ ကောင်းတဲ့ စာသားတွေကို ပြန်ဖတ်ရတော့ ကျေနပ်သွားတယ်။ ကျနော် ဖတ်ခဲ့သမျှ မှတ်ထားမိတော့ အလဟသတ် မဖြစ်တော့ဘူးပေါ့။ ဒါနဲ့ ဖတ်ရင်း ဖတ်ရင်း ၂၈ ရက် အောက်တိုဘာလမှာ ရေးထားတဲ့ စာတွေကို ရောက်တော့ ဘာကို ခံစားရမှန်း မသိ ခံစားလိုက်ရတယ်။ အဲဒီ ခံစားချက်ကို အဓိပ္ပါယ် မဖွင့်တတ်ဘူး ဖြစ်နေတယ်။ ဒါကြောင့် အခု ပို့စ်တစ်ခုအနေနဲ့ တင်ပြပြီး ဖတ်သွားတဲ့ သူတွေကို ဘယ်လို ခံစားလိုက်ရလဲလို့ မေးချင်တာပါ။ အချစ်အကြောင်း ရေးထားတယ်လို့ ထင်တယ်။ ဒီစာတွေ ဖတ်ပြီးရင်တော့ ပီကေဆိုတာ ဘယ်လိုကောင်လဲလို့ အတော်အသင့် သိသွားမယ်ထင်တယ်။ ခံစားကြည့်ပါဦး။
အချစ်စစ်ဆိုတာ အချစ်မှာ တဏှာ အားကြီးတာကို ခေါ်တာလား။ လောဘကြီးတာကို ခေါ်တာလား။ ဘာကိုမှ မဆင်ခြင်နိုင်စွမ်း ဖြစ်နေတဲ့ မောဟ အားကြီးတာကို ခေါ်တာလား။ သူ့ကို မိုက်ရင်ထိကြည့် ဆိုတဲ့ ဒေါသအားကြီးတာကို ခေါ်တာလား။
ငါ့ကို တရားစာအုပ်တွေ ဖတ်ပြီး ကြောင်သွားပြီလို့ ပြောပြော။ အဲဒီလို သတ်မှတ်ထားတဲ့ သူတို့ရဲ့ Definition ကို ငါက ဆန့်ကျင်လို့ ကြောင်တယ်ပြောချင် ပြောပါစေ။ အပြောခံမယ်။ သူတို့ သတ်မှတ်ချက်ကို လက်မခံနိုင်ဘူး။ ငါဟာ တရားသဘောအရ မောဟကို နည်းနိုင်သမျှ နည်းအောင် ကြိုးစားနေတယ်။ ဒါကြောင့် အချစ်ရေးမှာလည်း ငါ ဦးနှောက်နဲ့ စဉ်းစားမယ်။ ဦးနှောက်နဲ့ စဉ်းစားရင် အချစ်စစ် မဟုတ်ဘူးတဲ့။ နေပါစေ။ အဲဒီလို အချစ်စစ် ငါမမက်ဘူး။ ဒေါသကို ပါးအောင် ငါ ကြိုးစားနေတယ်။ အချစ်စစ်က သ၀န်တိုသတဲ့။ မစစ်ချင်နေပါစေ။ မတိုပါရစေနဲ့။
ဒီတစ်နှစ်အတွင်းမှာ သူ့ကို တွေ့ခဲ့တယ်။ ဒီကာလတွေ အတွင်းမှာ ငါ့ရဲ့ အသိတရား (Spiritual Knowledge) နဲ့ တန်ဖိုးထားမှု (Value) တွေ ပြောင်းလာလို့လား မသိဘူး။ သူ့အပေါ်မှာ ရှိတဲ့ အချစ်က အများကြီး ပြောင်းလဲသွားတယ်။ လူအများ သက်မှတ်ထားတဲ့ ပေတံနဲ့ တိုင်းလို့ရှိရင် အချစ်စစ် မပြောနဲ့ အချစ်လို့တောင် နာမည်တပ်လို့ မရဘူးတဲ့။ အဲဒါ အချစ်ဆိုတာ ငါ အသိဆုံးပါ။ သူ့အပေါ်မှာ ထားတဲ့ ငါ့ရဲ့ သဘောထားက မတူဘူး။ ခံစားချက်လည်း မတူဘူး။ အဲဒါ အချစ်ပါ။ ငါ ငြင်းလို့ မရဘူး။ ငါ့ စေတနာက သက်သေခံနေတယ်။ ငါ အခုနှစ်တွေမှာ မသိမှုတွေနဲ့ ပြည့်လျှံနေတဲ့ သံတရာထဲမှာ အကုသိုလ်နဲ့ နစ်မွန်းနေမှာ ကြောက်တတ်လာတယ်။ ငါ ကြောက်သလိုပဲ သူ့ကိုပါ တ၀ဲလည်လည် ဖြစ်နေမှာ စိုးရိမ်နေမိတယ်။ ဒါ ငါထားခဲ့ဖူးသမျှ စေတနာတွေ အထဲမှာ အကြီးကျယ်ဆုံးနဲ့ အမွန်မြတ်ဆုံးပဲ။ ငါ့ရဲ့ တဏှာက ဒီစေတနာကို ညစ်နွမ်းမှာစိုးလို့ တဏှာလျှော့ဖို့ ငါ ကြိုးစားခဲ့တယ်။
သူ့အပေါ်ထားတဲ့ အချစ်ဟာ စေတနာတွေရဲ့ တွန်းအားကြောင့် တဖြည်းဖြည်း မေတ္တာဘက်ကို ယိမ်းလာတယ်။ မေတ္တာဘက်ကို ရောက်လေလေ သူ့ကို စွန့်လွှတ်ရမှာ မကြောက်လေလေပဲ။ သူနဲ့ ပေါင်းရပါလို၏ ဆိုတဲ့ ဆုတောင်းတွေ တဖြည်းဖြည်းနဲ့ နည်းလာပြီ။ သူ့ကို ပိုင်ဆိုင်ချင်တဲ့ ဆန္ဒထက် ခုန စေတနာကြီးက အားပိုနေတယ်။ အချစ်ထဲက တဏှာတွေကို ပါးပါးလှီးထုတ်ပြီး မေတ္တာစစ်စစ် ဖြစ်အောင် ပြုပြင်နေတဲ့ ငါ့ကို ပတ်ဝန်းကျင်က နားမလည်ကြဘူး။ နေပါ။ ငါ့ကိုယ် ငါတောင် အတော် အံ့သြနေမိတယ်။
သူ့ကို Propose မလုပ်လို့ ငါ့ကို အပြစ်တင်ကြတယ်။ သူ့ကို မပိုင်ဆိုင်ရရင် နေပါစေ။ တဏှာရဲ့ ခိုင်းစေမှုနဲ့ ငါ မလွမ်းတော့ဘူး။ သူ့အပေါ် မေတ္တာထားနိုင်လာတဲ့ နောက်ပိုင်း ငါ့မှာ ရည်မှန်းချက် တစ်ခု တိုးလာတယ်။ ` သမ္မာဒိဋ္ဌိ အယူစင်ကြယ်သူ တစ်ယောက်ဖြစ်အောင် ငါ ကြိုးစားမယ်။´ ဒါ တစ်သံတရာ စီမံကိန်းပါ။ ဒီ ဒီဇင်ဘာကုန်ရင် ဘယ်အခါမှ ပြန်တွေ့တော့ မလဲ ငါ မသိဘူး။ ဒီတစ်ဘ၀ အတွက် ရေစက် ကုန်ချင်လည်း ကုန်သွားမယ်။ ငါ မဆွေးရဘူး။ ဒါမှ မေတ္တာစစ်မယ်။
ငါသူ့ကို ကျေးဇူးတင်တယ်။ သူ့ကြောင့် လို့ တိုက်ရိုက် ပြောမရပေမယ့် သူ့ရဲ့ တွန်းအားကြောင့် ငါ အသိဉာဏ် ရင့်ကျက်လာတယ်။ Spiritual Growth ဖြစ်လာတာ မနည်းဘဲ။ မေတ္တာနဲ့ စေတနာလည်း နားလည်လာတယ်။ ငါနဲ့ ဆုံဆည်းမှုဟာ သူ့အတွက် အကျိုးရှိမယ်လို့ ငါယုံတယ်။ အကျိုးဆိုတာ Spiritual ပိုင်း ပြောတာ။ နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျိုးရှိမှ မေတ္တာလို့ ဆရာတော် ဦးဇောတိက က သက်မှတ်တယ်။ အဲဒါ ငါ့အတွက် မှန်တယ်။ ငါ့အတွက်တော့ အကျိုး အများကြီးရှိတယ်။
Everything Good Reminds Me Of You တဲ့။ အဲဒီ ကောင်းတာလေးတွေ သူ့ကို မြည်းစမ်းကြည့် စေချင်တယ်။
ဒိုင်ယာရီထဲမှာ ရေးထားတာ အဲဒီလောက်ပါပဲ။ ဘယ်လို ခံစားလိုက် ကြရလဲ။ တချို့ ဒေါသထွက်ကြမယ် ထင်တယ်။ တချို့တော့ ဟားတိုက် ရယ်ပစ်လိုက်မယ် ထင်တယ်။ ကျနော်ကတော့ ဒီစာတွေ ပြန်ဖတ်လိုက်တော့ ရယ်ရမလို ငိုရမလိုပဲ။ ဒါ သူနဲ့ ခွဲရခါနီးမှာ ပေါက်ထွက်ပြီး ရေးချမိလိုက်တဲ့ ယောက်ျားတစ်ယောက်ရဲ့ အံဖက်တွေ (အဲ မဟုတ်ပါဘူး) ခံစားချက်တွေပါ။ ထင်ချင်သလို ထင်ပါ။ အဲဒီတုန်းကတော့ အတော် ခံစားနေရသလိုပဲ။ အခု စာဖတ်သူကော ဘယ်လို ခံစားသွားရလဲ ..... ။

ဤပို့စ်အား Friday, November 09, 2007 နေ့တွင် ရေးသားထားပြီး
About Me
,
Love
,
ရောက်တက်ရာရာ
နာမည်ဖြင့် အညွှန်း သက်မှတ်ထားပါသည်။
ကွန်းမန့်များအား အချိန်နှင့် တပြေးညီ သိလိုလျှင် RSS 2.0 ဖြင့် တောင်းဆို၍ ရယူနိုင်သည်။
လာရင်းနေရာ သို့ ပြန်လည် သွားရောက်နိုင်ပါသည်။
Friday, November 09, 2007
|
စာညွှန်း
About Me,
Love,
ရောက်တက်ရာရာ