လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။
လိမ်တယ် ညာတယ်
26 November 2007
ပြီးခဲ့တဲ့ ပို့စ်ထဲမှာ ညာတာနဲ့ လိမ်တာ ပြောရင်းနဲ့ ဒီ ပို့စ်လေးကို ရေးမယ်လို့ မနေ့ကတည်းက ကျိန်းထားတာ။ လိမ်တယ်၊ ညာတယ်၊ ပွေလိမ်ရှုပ်တယ် ဆိုတာကို စဉ်းစားမိတော့ ဖတ်ခဲ့ဖူးတဲ့ စာအုပ် နှစ်အုပ်ကို သွားသတိရတယ်။ ဒါနဲ့ မနက်က အဲဒီ စာအုပ်တွေ ပြန်မွှေရှာလိုက်ပြီး ပြန်ဖတ်လိုက်တယ်။ စာအုပ်က စိတ်ပညာအကြောင်း ရေးထားတာ။ သာမန် အသိပညာ ရှိတဲ့လူတွေ ဖတ်နိုင်အောင် ရေးထားတယ်။ အဲဒီ အထဲမှာ လိမ်တာ ညာတာနဲ့ ပတ်သက်ပြီး ဆောင်းပါး တစ်ပုဒ် အနေနဲ့ ရေးထားတယ်။ အဲဒီ ဆောင်းပါးကို ကျနော် ပြန် ကိုးကားပြီး နည်းနည်းလေး တင်ပြချင်လို့ပါ။
ကျနော် ငယ်ငယ်ကတည်းက ကိုယ့်ကို လာညာရင် သိပ်မုန်းပါတယ်။ ဒါပေမယ့် လူ့ဘ၀ လမ်းခရီးမှာ ဘယ်သူတွေ မညာဘဲ လမ်းခရီးကို သွားနိုင်ကြသလဲလို့ မေးလာရင် ဘယ်သူမှ မရှိပါဘူး .. နော်။ ဒါကြောင့်လည်း ကျနော် မညာတတ်ပေမယ့် အလိမ်အခေါက် ကလေးကတော့ အတော် ကျွမ်းသား။ တစ်ခါတစ်လေမှာ အမှန်ကို ပြောလို့ အဆင်မပြေတဲ့ အချိန်မှာ အဲဒီ အမှန်ကို မပြောတော့ဘဲ တစ်ခြားဆင်တူ မှန်တာ တစ်ခုကို အစားထိုး ပြောရတယ်။ ဥပမာ ကျနော် ၁၀ တန်း ကျောင်းသားဘ၀က အတန်းထဲက ကောင်မလေး တစ်ယောက်အိမ်ရှေ့ သွားဝိုက်ချင်တယ်။ အပြင်ထွက်တော့ အမေက ဘယ်သွားမလဲလို့ မေးတယ်။ ကျနော် ဒီကိစ္စမှာ အမှန်အတိုင်း ဘယ်ပြောပြလို့ ဖြစ်မလဲနော်။ ဒါပေမယ့် ကျနော် မညာချင်ဘူးလေ။ ဒီတော့ ကျနော် သူငယ်ချင်းတစ်ယောက်ရဲ့ နာမည်ကို အလွဲသုံးစား လုပ်ရတယ်။ မြတ်ကိုဆီ သွားမလို့ပါလို့ အမေ့ကို ပြောရတယ်။ ဒါနဲ့ ကျနော် ညာပြောတယ် မဖြစ်အောင် အရင်ဆုံး မြတ်ကို ဆီကို သွားတယ်။ အဲဒီမှာ ၁၅ မိနစ်လောက် နေပြီးမှ ကောင်မလေးအိမ်ဘက် သွားတယ်။ ကဲ ... အခုကိစ္စမှာ ကျနော် ညာခဲ့တယ်လို့ ပြောမလား။ လိမ်ခဲ့တယ်လို့ ပြောမလား။ တကယ်တမ်း ကျနော် အမေ့ကို အမှန်အတိုင်း ပြောခဲ့တာပါ။ ဒါပေမယ့် ဒီထက် မှန်တာတစ်ခုကို ပြောဖို့ ချန်ခဲ့တယ်လေ။ ကျနော် အမေ့ကို မညာခဲ့ဖူးဘူး။ ဒါပေမယ့် ဒီလို လုပ်ခဲ့တာတွေတော့ အပုံလိုက်ကြီးပါ။

အခု လူ့လောကထဲ ရုံးကန်လာရတော့ ပိုဆိုးလာတယ်။ အမှန်အတိုင်း ပြောလို့ မဖြစ်တဲ့ အခြေအနေတွေ ပိုများလာတယ်။ အဆိုးဆုံးက ကိုယ့်ကို ညာတဲ့လူတွေ ပိုများလာတယ်။ ဒီထက် ပိုဆိုးတာက ငယ်ငယ်က ညာရင် အများဆုံး ကိုယ့်အကျိုး အတွက်ပဲ။ အခုတော့ သူများ အကျိုး ပျက်စီးကြောင်းတွေပါ ပါလာတယ်။ ကျနော်တို့ ကိုယ့်နားကပ်ပြီး ပြောနေတဲ့ စကားတွေ ထဲမှာ ဘယ်ဟာတွေက အမှန်တွေ ဘယ်ဟာတွေက အမှားတွေ ဆိုတာကို ကျနော်တို့ ဘယ်လိုလုပ် သိနိုင်မလဲ။ လူတစ်ယောက် ညာနေတယ် ဆိုတာကိုကော ဘာတွေကို ကြည့်ပြီး သိအောင်လုပ်မလဲ။ ဒီ ဆောင်းပါး အတိုလေးကို ဖတ်ကြည့်လိုက်ပါ။ ဒါဆို အနည်းဆုံး ညာနေတဲ့ အချိန်မှာ လူတွေ ဘာလုပ်တတ်သလဲ ဆိုတာ အကြမ်းဖျင်းတော့ သိနိုင်မယ်။ ကဲ ဖတ်ကြည့်ပါဦး။
ပထမဆုံး အနေနဲ့ Microexpression ဆိုတဲ့ အချက်ကို သတိပြုရပါလိမ့်မယ်။ Microexpression ဆိုတာကတော့ လူတစ်ယောက်ရဲ့ တစ်ဒင်္ဂ မျက်နှာ အမူအရာဟာ တစ်စက္ကန့်လေး (တစ်စက္ကန့်ရဲ့ ဆယ်ပုံပုံ တစ်ပုံမျှလောက်) ပဲ ကြာတယ်ဆိုတဲ့ အချက်ပါပဲ။ လူတစ်ဦးဟာ စိတ်လှုပ်ရှား သွားပြီးတဲ့နောက် သူ့မျက်နှာမှာ လျင်မြန်တဲ့ ပြောင်းလဲမှုတစ်ခု ဖြစ်သွားတတ်ပြီး ဒါကို ဖုံးကွယ်ဖို့ အတော်လေး ခက်တတ်ပါတယ်။ ဒီရလဒ်ကြောင့် ကျွန်တော်တို့ အနေနဲ့ ပါးနပ်စွာ အကဲခတ်တတ်ရင် အဲဒီပုဂ္ဂိုလ်မှာ စိတ်လှုပ်ရှာ ခံစားမှုတစ်ခုကို ခံစားနေပြီဆိုတာ သူ့ရဲ့ မျက်နှာကို ဖျတ်ခနဲကြည့်ပြီး သိနိုင်ပါလိမ့်မယ်။
ဒုတိယ အချက်ကတော့ Interchannel discrepancies ဖြစ်မဖြစ် စုံစမ်းဖို့ပါပဲ။ ဆိုလိုတာက လိမ်ညာပြောနေတဲ့ သူတွေမှာ တစ်ခြားသူတွေကို ဖော်ပြနေတဲ့ သူတို့ရဲ့ အမူအရာတွေဟာ တစ်ခုနဲ့ တစ်ခု ကိုက်ညီမှု မရှိဘဲ ကွဲပြား ခြားနားတတ်ခြင်းပါပဲ။ လူတစ်ယောက်ဟာ မျက်နှာအမူအရာ၊ မျက်လုံးအကြည့်၊ ခန္ဓာကိုယ် လှုပ်ရှားမှု၊ စကားသံ အနိမ့်အမြင့်၊ ခြေဟန်လက်ဟန် စတဲ့ အရာများစွာကို တစ်ပြိုင်တည်းနဲ့ ညီညွတ်အောင် ထိန်းချုပ်ဖို့ ခက်တတ်ပါတယ်။ ဥပမာ ၀ယ်သူကို အယုံသွင်းဖို့ ကြံစည်နေတဲ့ ပွဲစားတစ်ယောက်ဟာ သူ့မျက်နှာကို ရိုးသားဟန် ဖော်ပြထားပေမယ့် မျက်လုံးအကြည့်ကိုတော့ တပြိုင်နက် ထိမ်းချုပ်ဖို့ ခက်ကောင်း ခက်နေပါလိမ့်မယ်။ သို့မဟုတ် မျက်နှာက ရိုးသားတည်ကြည်ဟန် လုပ်ထားပေမယ့် ခန္ဓာကိုယ် လှုပ်ရှားမှု၊ ကိုယ်ဟန် အနေအထားတွေဟာ ပြောင်းလဲကောင်း ပြောင်းလဲနေတာ ကျွန်တော်တို့ သတိထားမိကောင်း ထားမိပါလိမ့်မယ်။
နောက် တတိယ အချက်ကတော့ စကားပြောပုံ ပါပဲ။ လူတွေဟာ လိမ်ညာဖို့ ကြိုးစားရချိန်မှာ သူတို့ရဲ့ စကားသံဟာ သာမန်ထက် အသံ မြင့်သွားတတ်ပါတယ်။ ဒါ့အပြင် ပြောတဲ့ စကားပြောနှုန်းဟာလည်း နှေးသွားတတ်ပြီး စကားကြွယ်ဝမှုလည်း ရုတ်တရက် နည်းသွားတတ်ပါတယ်။ စကားတွေဟာ အမှားမှား အယွင်းယွင်း ဖြစ်တတ်ပြီး မကြာခဏ ၀ါကျတွေကို ပြန်ပြန် ပြင်ပြောနေတတ်ပါတယ်။ ၀ါကျတွေကို စလိုက်၊ ဖျက်လိုက်၊ ပြင်ပြောလိုက် ရှိတတ်ပါတယ်။
နောက်ဆုံး ကျွန်တော်တို့ အနေနဲ့ တစ်ဖက်လူ မုသား ပြောမပြော သတိထားနိုင်တဲ့ အချက်ကတော့ သူ့ရဲ့ မျက်လုံး အကြည့်ပါပဲ။ မုသားပြောသူဟာ မကြာခဏ ဆိုသလို မျက်တောင်ကို ပုတ်ခတ် ပုတ်ခတ်၊ မျက်စိ ပေကလပ် ပေကလပ် လုပ်တတ်ပါတယ်။ စကားပြောနေစဉ်မှာလည်း မျက်လုံး သူငယ်အိမ်ကို ပြူးထားတတ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ ရိုးသား ဟန်ဆောင်တဲ့အနေနဲ့ တစ်ဖက်လူရဲ့ မျက်လုံးကို တမင် မဆုံဆုံအောင် ကြည့်တတ်ပါတယ်။
အပေါ်က ရေးထားတဲ့ လေးချက်က ဒေါက်တာမြင့်လွင် (စိတ်ပညာ) ရေးထားတဲ့ အပြောင်းအလဲ နှင့် ပုံသေစိတ်အစွဲ ဆိုတဲ့ စာအုပ်ထဲက ကောက်နှုတ် ထားတာပါ။
ကျနော်ရဲ့ အတွေ့အကြုံနဲ့လည်း တစ်ချက်လောက်တော့ ထပ်ဖြည့်ချင်ပါတယ်။ မုသားဆိုတာ ဘယ်တော့မှ တစ်ခုတည်း မလာပါဘူး။ ဥပမာ ဘယ်သွားမလို့လဲ လို့ မေးလိုက်တဲ့ မေးခွန်းတစ်ခုကို ညာမယ်ဆိုရင် မုသားဖြစ်တဲ့ ဘယ်ကို သွားမလို့ ဆိုတာနဲ့အတူ ဘာကြောင့် ဆိုတဲ့ အကြောင်းအရင်းကိုပါ ပြောတတ်ကြတယ်။ ညာမှန်း မသိအောင် ခိုင်လုံအောင် ဆိုပြီး လူတတ်ကြီးလုပ်ပြီး နောက်တစ်ခု ထပ်ဖြည့်လိုက်တယ်။ အဲဒီမှာ ပြဿနာ စတယ်။ ပထမ ညာတဲ့ အချက် မှန်ကန်ဖို့ ဒုတိယတစ်ချက်နဲ့ ကာကွယ်ရတယ်။ နောက်တော့ ဒုတိယအချက် မှန်ကန်ပါတယ် ဆိုတာကို ကာကွယ်ဖို့ တတိယအချက် ထပ်လိုလာတယ်။ ဒီလိုနဲ့ ဇာတ်လမ်းတစ်ခုကို ရုတ်ချည်း အပြေးအလွှား ဆင်ရတော့ တစ်နေရာမဟုတ် တစ်နေရာ ဟာသွားမယ်။ ဒါကို ကျိုးကြောင်းချင့်ချိန်နိုင်တဲ့ လူတစ်ယောက်ဟာ အဲဒီ ဇာတ်လမ်းကို သေချာလေ့လာလိုက်ရင် ဟာကွက်က ထွက်လာပြီး အစကနေ အဆုံး ညာထားတယ်ဆိုတာ တောက်လျှောက် ပေါ်လာလိမ့်မယ်။ ဘယ်လောက် တော်တဲ့လူဖြစ်ဖြစ် စက္ကန့်ပိုင်းလေး အတွင်းမှာ ဇာတ်တစ်ခုကို ရုတ်ချည်း အကွက်ဆင်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်လည်း ညာနေတဲ့ လူတစ်ယောက်ဟာ မေးခွန်းများများ အမေး မခံနိုင်ဘူး။ အများများ မပေးရဲဘူး။ ဘာလို့လဲ ဆိုတော့ တစ်ခု ပေါ်တာနဲ့ တိုးယိုပေါက် အကုန် ပေါ်သွားမယ်။
တချို့က ရှိတယ်။ အမေးကို မဖြေရဲတော့ အမေးနဲ့ ပြန်ဖြေတယ်။ ဥပမာ ဟုတ်လို့လား ဆိုတာကို မဟုတ်ဘူးလို့ ဖြေရင် ညာရာ ရောက်မယ်လေ။ ဟုတ်တယ် လို့လည်း ၀န်မခံနိုင်ဘူး။ ဒီတော့ သူက ဘယ်လိုဖြေလဲ ဆိုတော့ မင်း ငါ့ကို ဒီလောက်တောင် မယုံဘူးလား လို့ ပြန်မေးတတ်တယ်။ ဒါမှ မဟုတ် ဒီလိုလည်း ဖြေနိုင်တယ်။ မင်းက ဟုတ်လို့ ထင်လို့လား လို့ ပြန်မေးတတ်တယ်။ ဒါမျိုး ပြန်မေးတာဟာ တစ်ဖက်လူကို အခက်တွေ့အောင် လုပ်ပြီး လိမ်တာပါ။ သေချာတာကတော့ သူဟာ အမှန်ကို ၀န်မခံရဲဘဲ ဝေ့လည်ကြောင်ပတ် လုပ်နေတယ်။ အဲဒီလို လူမျိုးကို စေ့စေ့ ပေါက်ပေါက် မေးကြည့်လိုက်ပါ။ ထ ရန်မဖြစ်ရင် ကျနော့် ကြိုက်သလောက် ပြောပါ။ ဒီလို မေးခွန်းနဲ့ ပြန်ဖြေနေပြီ ဆိုရင်လည်း အမှန်တရားတစ်ခုကို ဖုံးကွယ်ဖို့ ကြိုးစားနေပြီ ဆိုတာ သေချာနေပြီလေ။
ဘယ်သူမှ ဟန်ဆောင် မကောင်းကြပါဘူး။ ရေရှည် ဘယ်သူမှ ဟန်မဆောင်နိုင်ပါဘူး။ အမှန်တရား ဆိုတာ စိတ်ကွယ်ရာမှ မရှိဘဲ။ ဒါပေမယ့် ကျနော်တို့ရဲ့ နောက်ကျောမှာ ကပ်နေတတ်ပါတယ်။ စိတ်ကွယ်ရာ မရှိပေမယ့် သေချာတော့ ကြည့်ရမယ်။ မကြည့်ရင် မမြင်ဘူးလေ။ ညာတတ်တဲ့လူ၊ လိမ်တတ်တဲ့လူတွေဟာ အဲဒီလို ပြုမူနေတဲ့ အချိန်တွေမှာ အမြဲ ခါတိုင်းထက် ထူးခြားနေပါတယ်။ ခါတိုင်းနဲ့ တူမတူ ဆိုတာတော့ ရေရှည် အကဲခတ်ရမယ် ထင်တယ်။ ဒီနေ့မှ တွေ့ဖူးတဲ့လူကို ညာနေ လိမ်နေလား ဆိုတာကိုတော့ အကဲခတ်ဖို့ အတော် ခက်လိမ့်မယ် ထင်တယ်။ ဒါပေမယ့် ညာနေတယ်လို့ သံသယ ရှိတဲ့လူတွေကိုတော့ အပေါ်က ပြောခဲ့တဲ့ ပေတံတွေနဲ့ တိုင်းကြည့်ပြီး ဘာညာနေလဲ မသိတောင် ညာနေတယ် ဆိုတာကိုတော့ အနည်းဆုံး အကဲခတ် နိုင်ပါလိမ့်မယ်။ ဟုတ်ကဲ့။ အားလုံး အတွက် အသုံးကျမယ့် ပို့စ်လေး ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါတွေကို လက်တွေ့ အသုံးချနိုင်ပြီး လူလိမ်လူညာတွေရဲ့ အဝေးမှာ သောက ကင်းရှင်းစွာနဲ့ နေနိုင်ပါစေလို့ ဆုတောင်းရင်းးးးးး

ဤပို့စ်အား Monday, November 26, 2007 နေ့တွင် ရေးသားထားပြီး
တွေးစရာ
နာမည်ဖြင့် အညွှန်း သက်မှတ်ထားပါသည်။
ကွန်းမန့်များအား အချိန်နှင့် တပြေးညီ သိလိုလျှင် RSS 2.0 ဖြင့် တောင်းဆို၍ ရယူနိုင်သည်။
လာရင်းနေရာ သို့ ပြန်လည် သွားရောက်နိုင်ပါသည်။
Monday, November 26, 2007
|
စာညွှန်း
တွေးစရာ