လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

အသတ်များအား အသံထွက်၍ ရွတ်သော် ...

18 November 2007

မြန်မာစာကို ဖတ်တဲ့နေရာမှာ ပါဌ်ဆင့်နဲ့ အသတ်တွေကို အသံထွက်တဲ့ အခါမှာ အတော်ကလေး မှားကြတာကို တွေ့ရပါတယ်။ ဒါကြောင့် ကျနော် ဖတ်ဖူးထားတဲ့ ဗဟုသုတလေး တချို့ကို ပြန်လည် ဖြန့်ဝေ ပေးချင်ပါတယ်။ ဒါကို ဝေါဟာရတ္ထပကာသနီကျမ်း မှာ ဖော်ပြထားတယ် ဆိုပေမယ့် ကျနော်က ဦးထွန်းမြင့်ပြုစုထားတဲ့ ပါဠိသက် ဝေါဟာရ အဘိဓါန် စာအုပ်ထဲက မှတ်သားထားတာပါ။

  • က် - ဣ (အိ) ကသတ်ကို `တ´သတ် အသံအတိုင်း ဖတ်ရတယ်။ `ကြိုးကြာကရ၀ိက်၊ တောလုံးထိတ်မျှ၊ ညိတ်ညိတ်တွန်ထူး၊ ...။´ `စေတသိက်၊ ဘိသိက်၊ လောကန္တရိက်၊ ... ´ စသဖြင့်လည်း အတူတူပါပဲ။
  • ခ် - ဥ (အု) ခသတ်ကို `တ´သတ် အသံအတိုင်း ဖတ်ရတယ်။ `ဗလ၀ါမုခ်၊ ခံတွင်းနှုတ်သို့၊ အနုတ္တရည်း၊ ...။ ´ ဣ (အိ) ခသတ်ကို `န´သတ် အသံအတိုင်း ဖတ်ရတယ်။ ဥပမာ ပဉ္စသိခ် မှာ ပဉ္စသိန် လို့ ဖတ်ရမယ်။
  • ဂ် - အ ဂငယ်သတ်ကို `က´သတ် သံလိုပဲ ဖတ်ရမယ်။ `မိုးမြေအောက်ထက်၊ ဘ၀ဂ်တိုင်တန်း၊ သက်သေညွှန်းလျက်၊ ... ။´ ဥ (အု) ဂငယ်သတ်ကို `တ´သတ်သံ ဖတ်ရတယ်။ `မဆီဆုတ်ယုတ်၊ ကလိယုဂ်ဖြင့်၊ ရုတ်ရုတ်ယောင်ခါ၊ ... ။´
  • င် - ဣ (အိ) ငသတ်၊ ဥ (အု) ငသတ်တို့ကို `န´သတ်သံ ဖတ်ရတယ်။ ဥပမာ သိင်္ခသူ ကို သိန်ခသူ ဟု လည်းကောင်း၊ ကုင်္ကုမံ ကို ကုန်ကုမံဟု လည်းကောင်း ဖတ်ရတယ်။
  • စ် - ဣ (အိ) စသတ်၊ ဥ (အု) စသတ်တို့ကို `တ´သတ်သံ ဖတ်ရတယ်။ ဥပမာ အနိစ္စ ကို အနိတ်စ ဟု လည်းကောင်း၊ ပရိယာယ်ေ၀၀ုစ် ကိုေ၀၀ုတ် ဟု လည်းကောင်း ဖတ်ရတယ်။
  • ဇ် - ဇသတ်က `စ´သတ်နဲ့ တူတယ်။ ဥပမာ ၀ိဇ္ဇာ ကို ၀ိစ်ဇာ လို့ ဖတ်ရတယ်။ အို ဇ သတ်ကို `အိုက်´သံ ထွက်ရတယ်။ ဥပမာ ပရိဗိုဇ် ကို ပရိပိုက် လို့ အသံထွက်ရမယ်။
  • ဋ် - ဋသံလျှင်းချိတ်သတ်က `တ´ သတ်နဲ့ တူတယ်။ ဥပမာ ဆဋ္ဌ - ဆဋ် ဌ (ဆတ်ဌ)၊ အဋ္ဌ - အဋ် ဌ (အတ်ဌ)၊ ၀ိသိဋ္ဌ - ၀ိသိဋ်ဌ (၀ိသိတ်ဌ) လို့ ဖတ်ရမယ်။
  • ဍ် - ဍရင်ကောက်သတ်ကလည်း `တ´သတ်နဲ့ တူတယ်။ ဥပမာ ဂုဏ၀ုဍ္ဎိ - ဂုဏ၀ုဍ်ဎိ (ဂုဏ၀ုတ်ဎိ) လို့ အသံ ထွက်ပါတယ်။
  • ထ် - ထဆင်တူးသတ်ကလည်း `တ´ သတ်နဲ့ တူတယ်။ ဥပမာ ဣရိယာပုထ် ကို အိရိယာပုတ် လို့ အသံ ထွက်ပါတယ်။
  • ဒ် - ဒဒွေးသတ်ကလည်း `တ´ သတ်နဲ့ တူပါတယ်။ ဥပမာ ဥပဒ် ကို ဥပတ်၊ ဥပိုဒ် ကို ဥပိုတ်လို့ အသံ ထွက်ပါတယ်။
  • ဏ် - ဏကြီးသတ်က `န´သတ်နဲ့ တူတယ်။ အို ဏ သတ်ဖြစ်ရင်တော့ `င´ သတ်အသံနဲ့ ဖတ်ရပါတယ်။ ဥပမာ လိုဏ် ကို လိုင်၊ တုရိုဏ်တိုင် ကို တုရိုင်တိုင် လို့ ဖတ်ရပါတယ်။ ချွင်းချက်အနေနဲ့ ကြိုဏ် ကို ကြို လို့ပဲ ဖတ်ပါတယ်။
  • ဗ် - ဗထက်ချိုင့်သတ်က `ပ´သတ်နဲ့ တူတယ်။ ဥပမာ ဒြဗ် ဆိုတဲ့ စကားလုံးကို ဒြပ်လို့ အသံထွက်တယ်။
  • ဘ် - ဘကုန်းသတ်ကလည်း `ပ´သတ်နဲ့ တူတယ်။ ဥပမာ လာဘ် ကို လပ် လို့ အသံထွက်တယ်။
  • ယ် - အ၊ အာ ကို ယသတ်ရင် `အယ်´သံ ထွက်တယ်။ ဥပမာ ကြယ်၊ နိကာယ်။ ဥ (အု) ကို ယသတ်ရင်တော့ `န´သတ်သံ ထွက်တယ်။ ဥပမာ ယေဘုယျ - ယေဘုယ်ယ (ယေဘုန်ယ)၊ ဥယျောဇဉ် - ဥယ်ယောဇဉ် (အုန်ယောဇင်) လို့ ဖတ်တယ်။ ချွင်းချက် အနေနဲ့ ဥယျာဉ် (ဥယ်ယာဉ်) ကို အုန်ယာဉ် လို့ မဖတ်ဘဲ ဥယာဉ်လို့ပဲ ဖတ်ပါတယ်။
  • ရ် - ဧ (အေ) ရကောက်သတ်ကို `ည´သတ်သံ ကဲ့သို့ ဖတ်ရတယ်။ ဥပမာ ထေရ် ကို ထည် လို့ ဖတ်ရပါတယ်။ `ဥဒါယီထေရ်၊ ရှေးရိုးတည်လျက်၊ ထွက်သည်နေ့က၊ ထိုနှစ်လလျှင်၊ ... ´ အို ကို ရကောက်သတ်လျှင် အသတ်သံ အထူးမထွက်။ ဥပမာ နဂိုရ် ကို နဂို လို့ပဲ ဖတ်ရမယ်။
  • လ် - လသတ်ဟာ `န´သတ်နဲ့ အသံတူတယ်။ ဥပမာ ပန်းမာလ် ဆိုရင် ပန်းမာန် လို့ အသံထွက်ရမယ်။ မိလ္လာ ကို မိန်လာ၊ ပုလ္လိင် ကို ပုန်းလိင် လို့ အသံထွက်ရမယ်။ အိုကို လသတ်မယ် ဆိုရင်တော့ အသတ်သံ ထွက်စရာ မလိုဘူး။ ဥပမာ ကုသိုလ် ကို ကုသို လို့ပဲ ဖတ်တယ်။
  • ၀် - ၀သတ်ဟာ အသတ်သံ ထူးထူးထွေထွေ မထွက်ဘူး။ ဒါကြောင့် မြန်မာစာမှာ ၀သတ်ကို မသုံးတော့ဘူး။ ဒါပေမယ့် သြဘာစာမှာ `သောဝ်´ ဆိုတာ တွေ့ရမယ်။ သူ့ကို ဖတ်ရင် `သော´ကို အသံရှည်ရှည် ဆွဲဖတ်ရတယ်။
  • သ် - သသတ်ဟာ `တ´သတ်နဲ့ တူတယ်။ ဥပမာ မိဿ - မိသ်သ (မိတ်သ)၊ ဥပုသ် ကို ဥပုတ်လို့ ဖတ်ရမယ်။
  • ဟ် - ဟသတ်က `န´သတ်နဲ့ တူတယ်။ ဥပမာ သိဟ်ရာသီ မှာ သိန်ရာသီ၊ ဂိမှာန် - ဂိဟ်မာန် (ဂိန်မန်) လို့ ဖတ်ရမယ်။
ချွင်းချက်အနေနဲ့
စကြ၀ဠာ - စက်ကြာဝဠာ လို့ ဖတ်တယ်။
တိရစ္ဆာန် - တိရစ်ဆန်လို့ ဖတ်ရမှာပါ။ ဒါပေမယ့် တရိတ်ဆန်လို့ ဖတ်ကြတယ်။
ပဋိသန္ဓေ - ပဋိတ်သဓေ လို့ ဖတ်ကြတယ်။
ပရိသတ် - ပရိတ်သတ် လို့ ဖတ်တယ်။
ပြာသာဒ် - ပြတ်သာဒ် လို့ ဖတ်တယ်။
ဗိမာန် - ဗိတ်မှန် လို့ ဖတ်တယ်။
မေတ္တာ - မစ်တာ လို့ ဖတ်တယ်။ ဧ (အေ) တသတ်ဟာ `စ´သတ် (အစ်) သံထွက်ရတယ်။ မေတ္တာ - မစ်တာ၊ ခေတ် - ခစ် လို့ အသံထွက်တယ်။
ဝါကျ - ၀က်ကျ လို့ ဖတ်တယ်။
သုသာန် - သုတ်သာန် လို့ ဖတ်တယ်။

စကားလုံးတွေ ကျန်နေပါဦးမယ်။ ကျနော် သိသလောက် ဥပမာအနေနဲ့ ဖော်ပြလိုက်တာပါ။

အသေးစိတ် သဒ္ဒါနည်း အပြည့်အစုံနဲ့ မှတ်သားချင်ရင်တော့ ဦးထွန်းမြင့် ရေးသားထားတဲ့ ပါဠိသက်ဝေါဟာရ အဘိဓာန် စာအုပ်မှာ လေ့လာဖတ်ရှု နိုင်ပါတယ်။