လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

မှန်ကိုကြည့် သတိရှိစေ။

15 November 2007

အခုခေတ်ကာလမှာ နည်းပညာ တိုးတက်မှုနဲ့ ကုန်စည်စီးဆင်းတဲ့ အင်အားကြောင့် မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံ အတော် များများမှာ နည်းပညာမြင့် အီလက်ထရောနစ် ပစ္စည်းတွေကို သုံးစွဲခွင့် ရလာကြတယ်။ ဒါဟာ ခေတ်တစ်ခုရဲ့ ကောင်းတဲ့ လက္ခဏာလို့ သက်မှတ်ကြပါတယ်။ အကောင်းရဲ့ အနောက်မှာ အဆိုးဆိုတာလေး အမြဲ ဖွားဖက်တော်လို လိုက်လာကြစမြဲပဲ မဟုတ်လား။ အခုခေတ်မှာ လုံခြုံရေး ဆိုတဲ့ စကားလုံးကို နိုင်ငံတိုင်း လိုလိုက ဖက်လဲ တကင်း သုံးလာကြတာ အားလုံးမှာ လုံခြုံရေးအတွက် စိုးထိတ် နေရလို့ပေါ့။ Public Area လို့ခေါ်တဲ့ လူအများ သွားလာတတ်တဲ့ နေရာတွေမှာ နိုင်ငံ အတော်များများက Security Camera ခေါ်တဲ့ လုံခြုံရေး ကင်မရာတွေ တပ်ဆင်လာကြတယ်။ အဲဒီ ကင်မရာနဲ့ ဆို လူတွေရဲ့ သွားလာမှုကို စောင့်ကြည့်လို့ရတော့ ဆိတ်ကွယ်ရာ မရှိသလို ဖြစ်သွားတာပေါ့။ ဒါပေမယ့် ဆိုးကျိုးတွေ တသီကြီး ထွက်လာတယ်လေ။ Public Area မှာရှိတဲ့ ကင်မရာတချို့ကို Internet ကနေ ကြည့်လို့ရတယ်လို့ Rapster ကဒီမှာ ညွှန်ထားပါတယ်။ လုံခြုံရေး ကင်မရာနဲ့ ပတ်သက်ပြီး အန္တရာယ်ရှိတယ် ဆိုတာကို ပထမဆုံး လှစ်ပြလိုက်တဲ့ ရုပ်ရှင်ကားက Will Smith ရဲ့ Enemy of the State လို့ထင်တယ်။ လုံခြုံရေး ကင်မရာနဲ့ ပတ်သက်တဲ့ ရုပ်ရှင်ကားထဲမှာ ကြိုက်တာ နောက်တစ်ခုက So Close ပါ။

အခုဆို နိုင်ငံခြားက Departmental Store အတော်များများနဲ့ Supermarket အားလုံးလိုလိုမှာ လုံခြုံရေး ကင်မရာတွေ တပ်ဆင်ထားကြတယ်။ လုံခြုံရေးအတွက် စိတ်ချရသလောက် ရှိပေမယ့် ပြဿနာ အသစ်တွေနဲ့ မလုံခြုံတော့ဘူး။ ဥပမာ အမျိုးသမီး အ၀တ်လဲခန်းတွေမှာ ခိုးရိုက်နေတဲ့ ကင်မရာ သေးသေးလေးတွေ။ အများသုံး အိမ်သာနဲ့ ရေချိုးခန်းတွေမှာ မလုံမခြုံတာကို ကြည့်ဖို့ တပ်ထားတဲ့ ကင်မရာတွေ။ ဒါတွေဟာ နည်းပညာကို စိန်ခေါ်လာတဲ့ အန္တရာယ် အသစ်တွေ ဖြစ်လာတယ်။ ကျနော်တို့ မြန်မာနိုင်ငံလည်း ခေတ်မီအောင် ဒါတွေကိုပါ အတု ခိုးလာပြီး လုပ်လာကြတာ ကြားသိနေရတယ်။ နိုင်ငံရပ်ခြားမှာ လူတွေရဲ့ ဗဟုသုတတွေ အလိုက်သင့် ဖွံ့ဖြိုးလာတော့ ကင်မရာတွေကို သတိထားလာမိကြတယ်။ ဒါကြောင့် အ၀တ်လဲခန်းတွေမှာ ကင်မရာကို သိပ်တပ်လို့ မရတော့ဘူးလေ။ အခု ခေတ်စားနေတာက တစ်ဖက်မြင် မှန်တွေကို သုံးပြီး မှန်ရဲ့ တစ်ဖက်ကနေ ရိုက်ကြတယ်လေ။ မှန်ရဲ့ ဒီဘက်ကလည်း မှန်ကြိုက်တဲ့ မမတွေဆိုတော့ မှန်ကို အသည်းအသန်ကြည့်၊ ဟိုဘက်ကလည်း ဒိုးယိုပေါက်မြင်နေရတော့ ကင်မရာနဲ့ အားရပါးရ ရိုက်ထားပေါ့။ ဒီလိုနဲ့ပဲ လုပ်စားနေတဲ့ အညံ့စား ပရိုဂျူစာတွေ အများကြီးပါ။ ဒါကို ကျနော်တို့ရဲ့ မြန်မာ အမျိုးသမီးတွေ သတိထားစေချင်တယ်။ ဒါကြောင့် မှန်ကိုကြည့် သတိရှိစေလို့ ပြောတာပါ။


ပြဒါးသုပ်ထားတဲ့ ကြည့်မှန်တွေက နှစ်မျိုးရှိတယ်။ တစ်ဘက်မြင်နဲ့ နှစ်ဘက်မြင်ပေါ့။ တစ်ဘက်မြင် ဆိုတာက ကျနော်တဲ့ အိမ်မှာ ရှိတဲ့ ရိုးရိုး မှန်အမျိုးအစားပါ။ ဒီဘက်က ကြည့်ရင် ကိုယ့်ပုံကို ပြန်မြင်ရမယ်။ ဟိုဘက်က ကြည့်တော့ ပြဒါးသုပ်ထားတဲ့ မီးခိုးရောင် မျက်နှာပြင်ပဲ မြင်ရမယ်။ ဒါ ရိုးရိုးမှန်၊ တစ်ဘက်မြင်မှန်။ နှစ်ဖက်မြင်မှန် ဆိုတာက တစ်ဘက်ကကြည့်ရင် ကိုယ့်ဖာသာကိုယ်ပဲ မြင်ရပြီး တခြားတစ်ဘက်က ကြည့်တော့ မှန်ကြည့်နေတဲ့ လူကို မြင်နေရတယ်။ ဒီမှန်ကို အ၀တ်လဲခန်းမှာ သုံးပြီး ကင်မရာနဲ့ ရိုက်ကြတာ များတယ်။ တစ်ဘက် မှန်ကြည့်နေတဲ့ လူက ဟိုဘက်က ကိုယ့်ကို ပြန်ကြည့်နေတယ်လို့ ဘယ်လိုလုပ် သွားသိမလဲ။

အိုကေ။ ကျနော်တို့ အဲဒီ မှန်အမျိုးအစား နှစ်ခုကို ဘယ်လို ခွဲခြားကြမလဲ။ သာမန် ကြည့်လိုက်ရုံနဲ့ ဘာမှန်လဲဆိုတာ မသိနိုင်ဘူး။ စမ်းသပ်ချက်လေး နည်းနည်း လုပ်ရမယ်။ အလွယ်တကူ စမ်းသပ်လို့ ရပါတယ်။ မှန်ပေါ်ကို လက်ညိုးလေးနဲ့ ထောက်ကြည့်လိုက်ပါ။ မှန်ထဲမှာ ပြန်ပြီး ထင်လာတဲ့ အရိပ်နဲ့ မူလ ကိုယ့်လက်ချောင်းရဲ့ ကြားထဲမှာ အကွာအဝေးတစ်ခု ကွာဟမှု ရှိမရှိ ကြည့်ပါ။ ကွာနေတယ် ဆိုရင်တော့ စိတ်သာချလိုက်တော့။ ဒါ ကျနော်တို့ သုံးနေကျ အိမ်မှာ ရှိတဲ့ တစ်ဘက်မြင်မှန်ပါ။ အကယ်၍ မကွာဘဲ မှန်ထဲက အရိပ် လက်ချောင်းနဲ့ ကိုယ့်လက်ချောင်းနဲ့ ထိနေတယ် ဆိုရင် သတိထားပါ။ အဲဒါ နှစ်ဘက်မြင်မှန်ပါ။ မှန်ရဲ့ ဟိုဘက်တစ်ခြမ်းမှာ ဘာရှိမယ်ဆိုတာ မသေချာပေမယ့် သတိဆိုတာ ပိုတယ်မရှိပါဘူး။ သတိသာ ထားလိုက်ပါ။

ကျနော်တို့ နေစဉ်သုံးနေတဲ့ မှန်တွေက ပြဒါးကို မှန်ရဲ့ အနောက်ဘက်မှာ သုပ်ပါတယ်။ ဒါကြောင့် ပုံရိပ်ဟာ မှန်တစ်ပြားစာ ကွာပြီးမှ အမြဲ ပေါ်လေ့ရှိပါတယ်။ ဘယ်လောက် ကွာသလဲ ဆိုတာကတော့ မှန် အထူအပါးပေါ်မှာ မူတည်ပါတယ်။ မှန်က ပါးလေလေ လက်ချောင်းနဲ့ ပုံရိပ်ကြား အကွာအဝေးက နည်းလေလေပါပဲ။ ဒါပေမယ့် သေချာကြည့်ရင် တစ်ဘက်မြင် မှန်တွေက အမြဲတမ်း ၀တ္ထုနဲ့ ပုံရိပ်အကြား အကွာအဝေး တစ်ခုတော့ ရှိစမြဲပါ။

ဒီနေ့ မနက် အင်တာနက်မှာ ဖတ်လိုက်ရလို့ ချက်ချင်းဆိုသလို အားလုံးကို ပြောပြချင်စိတ် ပေါက်လာလို့ ဒီပို့စ်လေး တင်ပေးလိုက်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ဟိုလိုရိုက် ဒီလိုရိုက်ပြီး အခွေတွေကလည်း ပေါင်းစုံအောင် ထွက်နေတယ်မလား။ ကိုယ့် အမ၊ နှမ၊ ဒေါ်ကြီး၊ အန်တီ တွေကိုလည်း သားကောင် မဖြစ်စေချင်လို့ပါ။ အဲဒီ ၀က်ဘ်ဆိုက်ကို ညွန်ပေးတဲ့ Baby လို့ခေါ်ရင် မကြိုက်တဲ့ Lady ဆိုတဲ့ ညီမငယ်လေးကိုလည်း မျှဝေပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ နီးစပ်ရာ အားလုံးကိုလည်း ဒီအကြောင်းအရာလေး မျှဝေ ပေးကြပါလို့ .....