လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

ဒါတွေတော့ စားချင်တယ်။

14 November 2007

`ဟေ့ ကောင်တွေ၊ မင်းတို့ ဗိုက်မဆာဘူးလားကွာ။ ငါတော့ အတော် ပျော့နေပြီကွ။´ လို့ ပြောလိုက်တဲ့ အချိန်က ည ၂နာရီခွဲပါ။ ဟိုးးးး ၁၉၉၈ ခုနစ်က။ အခုဆို ၉ နှစ်တောင် ရှိပြီ။ သူငယ်ချင်း တစ်သိုက် ကျနော့် ဦးလေးရဲ့ အခန်းလွတ် တစ်ခန်းမှာ စုနေကြပြီး ကွန်ပြူတာ ကိစ္စလေးတွေ လုပ်ကြတဲ့ အချိန်ပါ။ ညဥ့်လည်း နက်နေပြီ။ အားလုံး ဗိုက်တွေလည်း ဆာလို့ လှိမ့်ပိန့်နေကြတယ်။ ဒီအချိန်ကြီး ဘယ်မှာ သွားစားရမလဲ ဆိုတာနဲ့ ခေါင်းခြောက်နေကြတယ်။ ကျနော်တို့ နေကြတာက လွစ် (စ) လမ်းခေါ် ဆိပ်ကမ်းသာလမ်း အောက်ဘလောက်ပါ။ အချိန်မတော် ဗိုက်တွေ ဆာကြတော့ ဒုက္ခ ရောက်ပြီပေါ့။ ဒါနဲ့ အကုန်လုံး ၀ိုင်းစု ထိုင်ပြီး မီတင်ကလေး လုပ်လိုက်ကြတယ်။ အကြောင်းအရာက အစားအသောက် ရှာဖွေရေးပေါ့။ တစ်ယောက်တစ်ပေါက်ဆီ ဟိုလမ်းထဲမှာ ညအလင်းဆိုင် ရှိတယ်၊ ဒီနားမှာ ရှိတယ်နဲ့ ငြင်းကြ ခုန်ကြနဲ့ နာရီဝက်သာ ကြာတယ်။ ဦးတည်ရာ မတွေ့ဘူး။ ကဲ ဒါနဲ့ စဉ်းစားနေမယ့် အစား လက်တွေ့ မြို့ပတ်ရှာမယ် ဆိုပြီး သူငယ်ချင်း တစ်သိုက် စုစုပေါင်း (၇) ယောက် အပြင်ထွက်ဖို့ ပြင်ဆင်လိုက်ကြတယ်။ တော်ကင် အစား အက်တင်လေးနဲ့ မှ အဆင်ပြေမယ်လေ။

ဒါနဲ့ လူခုနစ်ယောက် ဆိပ်ကမ်းသာလမ်းကနေ တစ်လမ်းဝင် တစ်လမ်းထွက် ပိုက်စိတ်တိုက် ရှာလိုက်တာ။ လမ်းလျှောက်ရင်း ဟင်းအနံ့ရရင် တစ်ယောက်က အရင် အဲဒီ ဟင်းအနံ့ ရတဲ့ နေရာကို ပြေးပြီး အခြေအနေ အကဲခတ်ရတယ်။ အခြေအနေ မကောင်းဘူးဆိုရင် နောက်တစ်လမ်း ထပ်ဝင်ပေါ့။ ရွှေဘုံသာလမ်းကို ရောက်သွားတယ်။ ရွှေဘုံသာလမ်း အပေါ်ဘလောက် ရောက်တော့ လမ်းထိပ်ကတည်းက ဟင်း အနံ့က မွှေးနေတာပဲ။ အခုထိ မှတ်မိသေးတယ်။ ကြက်သားကို မာဆလာ နိုင်နိုင် ခပ်ထားတဲ့ အနံ့၊ ငါးပိကြော်ကို ကြက်သွန်များများ ထည့်ကျော်ထားတဲ့ အနံ့ နဲ့ ကုလားဝေးရွက်ထည့်ထားတဲ့ ကုလားပဲ ဟင်းရည် အနံ့။ ၀ိုးးးးးးးး။ အားလုံး ပျော်သွားကြတယ်။ အောင်ပြီပေါ့။ ၃ နာရီ ခွဲနေပြီလေ။ ဆာသတဲ့တာ ဆာလာတယ်။ ဘာမှ မဆွဲရသေးဘူး။ ဒီတစ်ခါ သွားမေးဖို့ အလှည့်ကျတာက ကျနော် ခင်ဗျ။ အင်းး ထမင်းဆိုင် အတွက် နံနက် စောစော ဟင်း ထ ချက်တာ နေမှာ။ ရှယ်ပဲ ဆိုပြီး ကျနော်က အရှေ့ကနေ ချက်နေတဲ့ နေရာကို အနံ့ခံပြီး အရင်ဆုံးပြေးတယ်။ ဟောတွေ့ပြီ။ အခန်းထဲမှာ အိုးကြီး အိုးငယ်နဲ့ ချက်ပြုတ်နေတာ။ အထဲလည်း ၀င်သွားရော အင်း နှိပ်ဆက်လိုက်တဲ့ အနံ့တွေ၊ မွှေးနေတာပဲ။ ဒါနဲ့ အိုးသူကြီးလို့ ထင်ရတဲ့ လူကို ကျနော်က စပြီး အင်ထရို ၀င်ရတော့ တာပေါ့ဗျာ။


`ဦးလေး၊ ဘာဟင်း ချက်နေတာလဲဗျ။´
`ကြက်သား ကာလသားဟင်းပေါ့ကွာ´
`ဘယ်အချိန်လောက် စားလို့ ရမလဲ ဦး။´
`အင် ... မင်း က စားချင်လို့လား။´
`ဟုတ်´
`အခုတော့ မရသေးဘူးကွ´
`မကျက်သေးလို့လား ဦး´
`အင်း အကုန်မပြီး သေးဘူး´
`ဦး တို့ ဆိုင်က ဘယ်နားမှာလဲဗျ´
`အင် .....´
`ဦး တို့ ဆိုင် ဘယ်အချိန် ဖွင့်မလဲ´
`အင် .....´
ကျနော် အဲဒီ `အင်´ ဆိုပြီး နင်သွားတဲ့ အသံကို မအားလို့ မဖြေနိုင်တာနေမှာ ဆိုပြီး သူ့အနောက်ကနေ တစ်ကောက်ကောက်လိုက်ပြီး မေးနေတော့တာလေ။ နောက်ဆုံး သူက စိတ်မရှည်တော့ဘူး ထင်တယ်။
`ဒါနဲ့ ငါ့တူက ဘာလုပ်ချင်လို့လဲ´
`ဟုတ် ကျနော် တို့ ဗိုက်ဆာနေလို့ ဆိုင်ဘယ်အချိန် ဖွင့်မလဲ သိချင်တာပါ။ အဆင်ပြေမယ် ဆိုရင် ခပ်စောစော ဖွင့်ပြီး ကျနော်တို့ စားချင်ပါတယ်။´
`ဟင် ... မင်းတို့က ...´
`ဟုတ်ကဲ့။ ကျနော်တို့ ၀ယ်စားမှာပါ။´
`ဟဲ့၊ မင်းတို့က ဒါကို ဘာထင်လို့တုန်း။´
`ထမင်းဆိုင်လေ မဟုတ်ဘူးလား ဦးရဲ့။´
`အင် ဒီကောင်နဲ့တော့ ခက်တော့တာပဲ။ ဒါ ဓမ္မာရုံဟဲ့။ အခု အာရုံဆွမ်း ကပ်မလို့ ချက်နေကျတာ။ အလုပ် မအားတဲ့ကြားထဲကွာ။ .... ´
`သိဘူးလေ။ ဦးတို့မြိုက ဓမ္မာရုံကလည်း အိမ်ထဲမှာကြီးကို။ အိမ်ရှေ့မှာ ချက်ပြုတ်နေတာ ဆိုတော့ ထမင်းဆိုင် မှတ်လို့ပါဦးရယ် ကန်တော့နော် ´ ဆိုပြီး ထွက်ပြေးခဲ့ရတယ်။
ဒါနဲ့ ခြေဦးတည့်ရာ ထပ်ပြီး ချီတက်ရတာပေါ့ဗျာ။ ဒါနဲ့ ဆိုင်တစ်ဆိုင်တွေ့လို့ လူရိပ်ကလေးတွေ့တိုင်း ဘယ်အချိန် ဖွင့်မလဲလို့ ပြေးပြေးမေးရတာ အမော။ ကျန်တဲ့ လူတွေက ပြေးဖို့ အသင့်ပြင်ထားပြီးသား။ ခုနလို ထပ်ဖြစ်ရင် ပြေးဖို့။
ဒါနဲ့ပဲ လသာ စဥ့်အိုးတန်းနား ရောက်လာတယ်။ ဒီတစ်ခါတော့ လက်ပူးလက်ကြပ် မိပြီ။ မီးမွေးပြီး ပလာတာ ရိုက်နေတယ်။ ဒါပေမယ့် လက်ဖက်ရည်ဆိုင်နဲ့ မတူဘူး။ လမ်းဘေးမှာ။ ဘာထိုင်ခုံမှလည်း ချမထားဘူး။ ဒါကြောင့် သတိနည်းနည်းထားပြီး ၀င်ရတယ်။
`အကို တို့က ပလာတာရောင်းတာလား။ ရောင်းတယ်ဆို ကျနော်တို့ ၀ယ်စားချင်လို့။´
`မရောင်းပါဘူး။´
`ဗျာ ...´
`ဟုတ်တယ်။ ဒီရပ်ကွက်ထဲက ဆွမ်းလောင်းဖို့ အော်ဒါမှာထားတာ။ အခု ငါးနာရီ အမှီ ရိုက်ပေးရမှာ။´
`အင်းးးးးးး လွဲ ပြန်ပြီ။ ကျနော်တို့ အရမ်း ဗိုက်ဆာနေတာ။ လိုက်ရှာနေတာလဲ ဘယ်မှာမှ မတွေ့ဘူးဗျာ။ အခုပဲ လေးနာရီ ထိုးတော့မယ်။´
`ဒါဆိုလဲ အကိုတို့က အမြဲ အပိုလုပ်တတ်တာ ဆိုတော့ မင်းတို့ကို နည်းနည်း ရောင်းပေးမယ်။ ဘယ်နှစ်ခု ယူမလဲ။ အများကြီးတော့ မရဘူးနော်။´
`ကျေးဇူး ကြီးမားပါပေတယ် အကိုရယ်။ အခု (၂၀) လောက် ရမလား။´
`အဲဒီလောက်တော့ ရပါတယ်။ ခဏတော့ စောင့်ရမယ်။ မီးမွှေးတုန်း။´
ကျနော်တို့ ကံကောင်းပါတယ်။ ကျေးဇူးရှင်နှင့် တွေ့လိုက်ရတယ်လေ။ ဒါပေမယ့် စိတ်တော့ သိပ်မသန့်ဘူး။ ဘာလို့လဲ ဆိုတော့ ဘုန်းဘုန်းတို့ကို ကပ်မယ့် ဆွမ်းကို ကျနော်တို့က အဦးအဖျား လုစားရမှာ ဆိုတော့လေ။ အင်း အူမ တောင့်မှ သီလ စောင့်နိုင်မယ် ဆိုလားပဲ။ အူ မတောင့်သေးတော့ ခွင့်လွှတ်ပါ ဘုရားပေါ့။
ခဏလေးကြာတော့ ရောက်လာတယ်။ ပါကင်ထိုးထားတဲ့ နီဆန်း ကားတစ်စီး ပေါ်မှာ ကျနော်တို့ နေရာယူထားကြတယ်လေ။ ပလာတာရိုက်တဲ့ အကိုက ပလာတာတွေ လာပေးတယ်။ သူက ထည့်စရာ မရှိတော့ ဒန်အိုး အဖုံးပေါ် အကုန်တင်ပြီး ယူလာတာ။ သူလာပေးတာ လက်ထဲ ရောက်ရောက်ချင်းပဲ အားလုံး တစ်ဖြဲနှစ်ဖြဲ ဆွဲလိုက်ကြတယ်။ ဗန်းချပြီး ချက်ချင်းဆိုသလိုပဲ အဲဒီလူက ကျွတ်ကျွတ်အိတ်တွေ ယူလာတယ်။ မကုန်ရင် ပါဆယ် ထုပ်ရအောင်တဲ့။ သူကတော့ အပြေးအလွှား ပါဆယ်ထုပ်ဖို့ ယူလာတာပဲ။ ဒီကတော့ ကုန်ပြီလေ။ ဒါတောင် ပဲတွေ သကြားတွေ မရှိလို့ ဒီအတိုင်း ကစ်ရတာ။ အတော် ကောင်းဗျ။ စားဘူးသမျှထဲမှာ အကောင်းဆုံးပဲ။ ငတ်နေလို့လား မသိဘူး။

တစ်နေ့ သူငယ်ချင်းရဲ့ အမေက ကျနော်တို့ စားဖို့ ဆိုပြီး ကြက်ဥ (၆) လုံး ၀ယ်လာတယ်။ ဒါနဲ့ သူရယ် အကိုရယ် ကျနော်ရယ် သုံးယောက်သား ပါမုန့် ကြက်ဥကြော် ကြော်စားမယ်ဆိုပြီး လုပ်စားကြတာ။ ဘယ်သူမှ ကောင်းကောင်း မလုပ်တတ်ဘူး။ ဘာလိုလဲ နော့။ ကြက်ဥကို ခလောက်ပြီး ပါမုန့် စိမ် ကြော်ရုံပဲဟာ။ ကျနော်တို့လဲ အဲဒီလိုပဲ လွယ်လွယ်မို့ ကိုယ့်ဖာသာ လုပ်စားတာလေ။ ပန်းကန်းလုံးထဲ ကြက်ဥ (၆) လုံးထည့်ပြီး မွှေတယ်။ ဆားထည့်ပေါ့ဗျာ။ ပြီးတော့ ပါမုန့် တစ်ချက် စိမ်လိုက်တယ်။ ပြီးတော့ ဒယ်အိုးထဲ ထည့်ကျော်တယ်လေ။ အဲဒီလို ကြော်လိုက်တာ ပါမုန့် သုံးချပ်နဲ့တင် ကြက်ဥ (၆) လုံး ကုန်သွားတယ်။ ဟားရှားပါး... ပါမုန့်ကြက်ဥကြော်များ ကောင်းလိုက်တာ အီစိမ့်နေတာပဲ။ အမေ့ကို ပြောပြတော့ အမေကဆဲတယ်လေ။ မွှေထားတဲ့ ကြက်ဥကြော်ထဲ ရေမရောတော့ ပါမုန့် သုံးချပ်နဲ့တင် ကုန်တာပေါ့တဲ့။ သိမှ သိပဲနဲ့။
နောက်တစ်ခေါက်က သူ့အမေကပဲ နို့ဆီတစ်ဗူး ၀ယ်လာပေးတယ်။ ဒါဆို ကော်ဖီ ဖျော်သောက်မယ်ပေါ့။ လက်ဖျော်လည်း မသောက်ရတာ ကြာပြီလေ။ အမေဖျော်တာသာ သောက်ဖူးတာ။ ကိုယ့်ဖာသာ မဖျော်ဖူးဘူး။ ဒါနဲ့ပဲ စမ်းဖျော်ကြည့်တာ။ ကော်ဖီကို မတ်ခွက်နဲ့ ဖျော်တာလေ။ မချိုလို့ ဆိုပြီး နို့ဆီ ထည့်တာ တစ်ဗူးလုံး ကုန်သွားတယ်။ ချိုမလားဘူး။ နောက်မှ သိတာက သကြားထည့်ဖို့ မေ့နေတယ်လေ။ အဲဒီ ကော်ဖီလည်း အတော် သောက်ကောင်းတယ်ဗျ။ ခါးစိမ့်ချိုမွှေး ဆိုတာလိုပေါ့။

ပလာတာဆိုလို့ ပြောရဦးမယ်။ ရန်ကုန်ရောက်စက လက်ဖက်ရည်ဆိုင် ရောက်တိုင်း ဒုက္ခရောက်တယ်။ ထပ်တစ်ရာ တစ်ချက်လို့ မှာရင် ဒီက မသိကြဘူးလေ။ အူကြောင်ကြောင်နဲ့။ ရန်ကုန်က လူတွေက အခုထိ ထပ်တစ်ရာဆို မသိကြဘူး။ ပလာတာဆိုတာ လေးထောင့်။ ထပ်တစ်ရာ ဆိုတာ အ၀ိုင်း။ ဆွဲဖြဲလိုက်ရင် အထပ်ထပ်လေးတွေ ဖြစ်နေလို့ ထပ်တစ်ရာလို့ ခေါ်တာ မသိကြဘူး။ ဒီမှာက သကြားပလာတာဆိုမှ ထပ်တစ်ရာကြီး ထွက်လာတယ်။ တစ်ခါတစ်လေ ထပ်တစ်ရာအလွတ် စားချင်ရင် သကြားပလာတာ အလွတ်လို့ မှာရတယ်လေ။ အံ့ရော။ မန်းမှာဆို ထပ်တစ်ရာ တစ်ချပ်ဆိုပြီးပြီ။

တစ်နေ့ ဦးလေးအိမ်မှာ နေတုန်း စမူဆာသုတ် သွားဝယ်မယ်ဆိုပြီး အဒေါ်က ထွက်သွားတာ ကြည့်လိုက်တော့ ချိုင့်ကြီး ဆွဲသွားတယ်။ အော် လက်ဘက်ရည် ထည့်မလို့ထင်တယ်ပေါ့။ နောက် ၀ယ်လာပြီး ပန်းကန်လုံးနဲ့ လာချပေးမှ ကြည့်လိုက်တယ်။ အား စမူဆာသုတ်မှ မဟုတ်ဘဲ စမူဆာပြုတ်ကြီးကို။ ရန်ကုန်က စမူဆာသုတ်က စမ်းထားတဲ့ အရည်က စမူဆာတွေ နစ်သေလောက်တယ်။ ဒါကြောင့် စမူဆာသုတ် စားမလား ဆိုတာထက် စမူဆာသုတ် သောက်မလားလို့ မေးရမလိုပဲ။

မုန့်တီဆို မန္တလေးက နာမည်ကြီးပဲလေ။ ကျနော်က မုန့်တီ သိပ်မကြိုက်ဘူး။ ဒါပေမယ့် တစ်ခါတစ်လေ စားစရာ မရှိမှ မှာစားဖြစ်တာများတယ်။ ရန်ကုန်ရောက်ခါစ ဆိုင်မှာ မုန့်တီတစ်ပွဲလို့ မှာရင် ကောင်လေးတွေက အူကြောင်ကြောင်နဲ့။ နန်းကြီး တစ်ပွဲ ပေးပါဆိုမှ သိတယ်လေ။ မန်းမှာက နန်းကြီး၊ နန်းလတ် နဲ့ နန်းသေး ဆိုပြီး သုံးမျိုးရှိတာ။ ဒီမှာက ဆိုင်အများစုက နှစ်မျိုးပဲ ရှိတယ်။ အခု စာဖတ်တဲ့သူ ထဲမှာ မုန့်တီကြိုက်တာ ဘယ်နှယောက်ရှိလဲ မသိဘူးနော်။ နည်းနည်း ပြောပြဦးမယ်။ ကျနော်တို့ မန်းအိမ်က ရေကန် တစ်ကန် ရှိတယ်။ မိုးရာသီဆိုရင် တီကောင်တွေ ကန်ဘောင်ပေါ် တက်ကြတယ်လေ။ သူတို့တွေက ပူလို့လား မသိဘူး။ ရေဆင်းကူးကြတယ်။ ရေ မကူးတတ်တော့ သေရော။ သူတို့ သေတာ ရေမှာ ပေါလော မပေါ်ဘူး။ ဘယ်မသာမဆို သေရင် ရေမှာ ပေါလော ပေါ်တယ်လေ။ အဲဒီ တီကောင် အသေတွေက ကြာတော့ အနီရောင်ကနေ အဖြူရောင် ပြောင်းလာကြတယ်။ အဖြူရောင် ရှည်ရှည်လမျောတွေလေ။ ရှင်းရှင်းပြောရရင် အဲဒီ တီကောင်အလောင်း အဖြူတွေက မုန့်တီအဖက်တွေနဲ့ တူလို့ တစ်ခါတစ်ခါ မြင်ယောင်လာရင် မုန့်တီတောင် စားမရဘူး။

အသိတစ်ယောက်ကို ဈေးသွားတုန်း ခါကြက်ဥ စားချင်လို့ မှာလိုက်တာ မရှိဘူးတဲ့လေ။ အော် ဒီမှာ ခါကြက်ဥကို မုန်လာဥ အနီတဲ့။ နောက်ပြီး ကိုင်းလန့် စားချင်လို့ ၀ယ်ခိုင်းလိုက်တိုင်း မုန့်ညင်းတွေပဲ ပါပါလာတယ်။ ဒီက လူတွေက ကိုင်းလန့်နဲ့ မုန့်ညင်းကို အခုထိ မကွဲသေးဘူး။ ဟုတ်ပါတယ်။ ကိုင်းလန့်ဆိုတာ မုန့်ညင်းတစ်မျိုးပါ။ မုန့်ညင်းက အမျိုးအစား အများကြီးရှိတယ်လေ။ နောက်ပြီး ရန်ကုန်ရောက်စက ကြက်သားပလာတာ ဆိုတာ ကိုယ့်အတွက် အဆန်းကြီး ဖြစ်နေတယ်။ ကြက်ပေါင် ဆိုလို့ တစ်ပွဲ မှာကြည့်တာ ကြက်ဥ ပါမုန့်ကျော် ရောက်လာတယ်။ မိုးကုတ်မှာ တုန်းကလည်း `တင်ကျော်´ ဆိုတော့ ကြက်ဥ တင်ပြီး ကျော် ထားသတဲ့လေ။ မန်းမှာက ပဲလိတ်ခုတ် ဆိုတော့ ပဲထည့်ပြီး လိတ်၊ နောက်ပြီး အတုံးတုံး ခုတ်ထားတာ။ စားချင်လို့ ရန်ကုန်မှာ ရှာမရတာကတော့ `ခပဲပေါင်း´ ပဲ။ ကောက်ညင်းကို ကုလားပဲနဲ့ ပေါင်းထားတာ။ နောက်တစ်ခုက `မုန့်ပေါက်ကျော်´၊ နောက် မန်းသားဆိုတော့ သီးသီးလည်း လွမ်းသဗျ။ နောက်တစ်ခုက `အုန်းပေါင်း´။ အုန်းထမင်းနဲ့ မတူဘူး။ ငှက်ပျောကြော်နဲ့ စားရတာ။ ငှက်ပျောပလာတာ ကတော့ မောနင်းစတားမှာ ရတော့ အလွမ်းပြေ သွားစားလို့ ရတယ်။ နောက် တစ်ခုက `ကျိတ်မုန့်´။ သူကတော့ ဗဟိုလမ်းပေါ်က မန္တလေး ဆိုတဲ့ ဆိုင်မှာ ရတော့ အဆင်ပြေတယ်ဗျ။ မန်းကကောင်တွေက ခပ်ကြမ်းကြမ်းတွေလို့ ထင်ကြမှာပဲနော်။ စားတဲ့မုန့်ကိုက ခေါက်မုန့်တဲ့၊ ထိုးမုန့်တဲ့၊ နောက် ကျိတ်မုန့်တဲ့။ နောက် ဗျင်းမုန့်တို့၊ ဘေမုန့်တို့ ထွင်ရဦးမယ်။ သေချာတာ တစ်ခုကတော့ သားရေစာတွေမှာတော့ ရန်ကုန်က မန္တလေးကို လိုက်မမီသေးတာ အမှန်ပဲ။ ကျနော် ရန်ကုန်ရောက်လာတာ ငတ်နေရသလိုပဲဗျ။ မကျေနပ်တဲ့ ရန်ကုန်သားများ နောက်နေ့ မုန့်သွားစားရင် လာခေါ်ပါ။ လက်တွေ့မှ စားကြည့်ရမှ ယုံမှာ မို့ပါ။

ကဲ ကဲ။ ဖတ်တဲ့လူတော့ မသိဘူး။ ရေးရင်းနဲ့ ဗိုက်တောင် အတော်ဆာလာပြီ။ နှင်းဆီရေ ကျေနပ်ရောပေါ့။ မိတ္တီလာက မုန့်ကျွတ်ကျော်လည်း အတော်ကောင်းသဗျ။ အားလုံးကို ဗိုက်ဆာအောင် လုပ်မိရင် ဆောရီးပါဗျာ။

ဒီပို့စ်ကို နှင်းဆီနီနီက ပါးစပ်နဲ့ TAG လို့ ဖြေပေးလိုက်ပါတယ်ဗျာ။ နောင်လည်း TAG နိုင်ကြပါစေလို့ ဆုတောင်းရင်း ............