လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

ဘာကြောက်သလဲ တဲ့။

10 November 2007

အခုတစ်လော ဘလော့ဂ်တွေမှာ ကြောက်နေလိုက်ကြတာ အကောင်တွေ။ ထူးထူးဆန်းဆန်း မေပျိုကတော့ လူကြောက်သတဲ့။ အင်း ညီမရယ် လူဆိုတာ ၀ါးမစားတတ်ပါဘူးကွယ်၊ ၀ါးပဲ ချတတ်တာပါ။ သူတို့ ကြောက်တာကြည့်ပြီး ကိုယ်တောင် ဘာကြောက်လို ကြောက်ရမှန်း မသိတော့ဘူး။

ငယ်ငယ်ကနေ စပြောမယ်။ ငယ်ငယ်က သက်ရှိထဲမှာ အကြောက်ဆုံးကတော့ အမေပဲ။ ကလေးအတော် များများကတော့ ဒုတ်ကြောက်တယ်ဗျ။ ကျနော်ကတော့ မကြောက်ပေါင်။ အမေက ကျနော်တို့ကို ဒုတ်နဲ့ သိပ်မရိုက်ဘူး။ သူ့သားသမီးတွေ အနာတရ ဖြစ်သွားမှာ စိုးရိမ်ရှာ သပေါ့ဗျာ။ အဲ ဒါပေမယ့် ကျနော်က အမေ့ကိုတော့ ကြောက်ရတယ်ဗျ။ ကျနော်က ကန်လန်ကဆန် သိပ်လုပ်တတ်တာ ဆိုတော့ အမေက သူ့နားဘေးကနေ ကျနော့်ကို တစ်ဖ၀ါးမှ မခွာစေရဘူးလေ။ အဲဒီလို ချစ်တာ။ ကျနော် စကားနား မထောင်ရင် ဒုတ်နဲ့ ရိုက်တာ သူနာကိုယ်နာလေ။ Lose-Lose Situation ပေါ့။ နောက်ပြီး အိနြေ္ဒပျက်တယ်လေ။ ဒါကြောင့် အမေက စိတ်ဆိုးရင် ထိပ်ထိုးတယ် ဆိုသလိုပဲ အပ်နဲ့ ထိုးတယ်ဗျ။ ငယ်ငယ်က အိမ်မှာ အင်္ကျီ ချုပ်တော့ အပ်က တယ်ပေါသကိုး။ ဖွက်လို့ကို မနိုင်ဘူး။
နောက်တစ်ခုက ဖျာ။ အတော် ထူးဆန်းနေမယ်နော်။ အင်းးးးး ဒါကလည်း အကြောင်းရှိသကိုး။ တစ်ခုသော ညမှာပေါ့ဗျာ .....။ ကျနော် အတော် ငယ်ပါသေးတယ်။ ဘယ်လောက် ငယ်လဲဆို ကိုယ့်ဖာသာကိုယ်တောင် မမြင်ရဘူး။ အဲ ... ဟုတ်ဘူး။ နောက်တာနော်။ ည အိပ်တော့မယ် ဆိုပြီး အိမ်ပေါ် တက်အလာ အိပ်ခန်းထဲမှာ တအီးအီး တအားအား၊ တ၀ူးဝူး တ၀ါးဝါးနဲ့ အော်နေသံ ကြားရတော့ သွားကြည့်တယ်။ ဖျာလိပ်ကြီးက ကြမ်းပြင်ပေါ် လှိမ့်လို့လေ။ ၀ူးဝူးဝါးဝါးနဲ့ အော်နေလိုက်တာ။ ဒါနဲ့ ဘယ်ရမလဲ အားကနဲ အော်ပြီး တန်းပြေးတာပေါ့။ အဲဒီညက အပေါ်မှာ မအိပ်တော့ဘူး။ အမေနဲ့ပဲ အတူအိပ်တော့တယ်။ ကံကဆိုးချင်တော့ အဲဒီညပဲ အိပ်မက်ထဲမှာ အိမ်ပေါ်အတက် ဖျာလိပ်ကြီးလိုက်လို့ ပြေးရတာ ဖက်ဖက်ကိုမောလို့။ အိမ်အပေါ်ထပ် တက်တဲ့လှေကား ထိပ်မှာ အမြဲတမ်း ဖျာကိုလိပ်ပြီး ထောင်ထားတတ်တယ်။ အဲဒီညကစပြီး ညဆို တစ်ယောက်တည်း အပေါ် မတက်တော့ဘူးလေ။ အတော် ကြီးတဲ့ အထိပဲ။ နောက်မှ သိရတာက အကိုလေ၊ အဲဒီညက ဘယ်လို အိပ်လဲမသိဘူး။ အောက်မှာခင်းထားတဲ့ ဖျာနဲ့ လူနဲ့ ပတ်ပြီး လုံးချာလည် ရိုက်နေတာတဲ့။ မဟာသူရဲကောင်းနဲ့ တွေ့တော့ သူ့ခမျာ တစ်ညလုံး မွန်းနေရှာသတဲ့။ ဒီက လှည့်တောင် မကြည့်ဘူး တချိုးတည်း လစ်ပြေးတာပဲလေ။

အသက်ကလေးရလာတော့ (အဘိုးကြီးလေသံဖြင့်) ဘာမှ မကြောက်တတ်တော့ သလိုပါပဲ။
၂၀၀၀ ခုနစ်က သူငယ်ချင်းတစ်ယောက် ခွေးကိုက်လို့ ရူးပြီးသေတယ်လေ။ ခွေးရူးရောဂါ ပြောတာပါ။ သူသေသွားတော့ ခွေးဆို အတော်မုန်းသွားတယ်။ ရှင်းရှင်းပြောရရင် သောက်မြင်ကပ်တယ် ပေါ့ဗျာ။ ငယ်ငယ်ကတည်းက ခွေးဆို မကြောက်ပါဘူး။ ဒါပေမယ့် .... ။ တစ်နေ့ အပြင်သွားတော့ အံမယ် ခွေးတစ်ကောင် ဘာမဆိုင် ညာမဆိုင် ကိုယ့်လာပြီး မာန်ဖီနေတယ်။ တဂီဂီနဲ့ပေါ့။ ဒါနဲ့ ကျနော်လည်း သွားကြီးဖြဲပြီး ပြန်ပြီး ဂီးဂီးလုပ်ပစ်လိုက်တယ်။ သူနဲ့ ငါးမိနစ်လောက် ပြိုင်ဂီနေတာ။ အတော်ကြာတော့ သူက အီကနဲ့ အဂီရပ်သွားတယ်။ ကျနော်က အလယ် ဒီကောင် ငါ့ကြောက်လို့ ရပ်သွားပြီပေါ့။ အဲဒီကောင် ကျနော်ကို သေချာစိုက်ကြည့်တယ်။ ဒီသူတောင်းစား လေးဘက်မသွားဘဲ စတိုင်ထုတ်ပြီး မတ်တပ်သွားနေတယ် လို့များ စဉ်းစားနေလား မသိဘူး။ ခဏကြာတော့ သားရေ တများများနဲ့ လိုက်ဆွဲလို့ ပြေးလိုက်ရတာ တန်းနေတာပဲ။ သူငယ်ချင်း ခွေးရူးရောဂါနဲ့ သေတော့ ဆရာဝန်က ကျနော့်ကိုလည်း ကာကွယ်ဆေး ထိုးပေးတယ်လေ။ ပြီးတော့ ဆရာဝန်က အားပေးစကားပြောတယ်။ ငါကောင် မင်း သူတို့နဲ့ ပြိုင်ကိုက်လို့တောင် ရပြီ တဲ့။
သူငယ်ချင်း တစ်ယောက်အကြောင်း ပြောပြမယ်။ တစ်နေ့ သူငယ်ချင်းတွေ အတူတူ အပြင်က ပြန်လာပြီး သူ့အိမ်ပေါ်မှာ ခဏနားကြတယ်။ သူက အိမ်သာသွားတက်တယ်။ ခဏကြာတော့ ၀ုန်းဒိုင်း အား .... ဆိုပြီး အသံဗြဲကြီးနဲ့ ပြေးထွက်လာတယ်။ တန်းလန်းကြီး ပြေးလာတာ။ အင်း ရှုးပေါက်ရင်း တန်းလန်းပြောတာ။ အာ ရှုပ်ကုန်ပါပြီ။ တန်းလန်းပေါ့ဗျာ အဲဒီလိုပဲ မှတ်လိုက်။ အဲဒီလိုနဲ့ အိမ်ထဲ ပတ်ပြေးနေတာ။ ဟဲ့ကောင် မင်းလက်နက်တွေလည်း သိမ်းထားပါကွာ ဘာဖြစ်လို့တုန်းလို့ မေးကြည့်တော့ အိမ်သာတက်ရင်း ပိုးဟပ်တက် ကပ်လို့တဲ့ဗျား။ ပိုးဟပ်ကြောက်သူများ သတိထားကြနော်။
နောက်တစ်ယောက်ကတော့ နည်းနည်းဆန်းတယ်။ သူကကျ အိမ်သာထဲမှာတင် မေ့ရော။ အိမ်သာဖျက်ဝင်ပြီး ကယ်ရတယ်။ အိမ်သာတက်ရင်း သူ့ဖင်ကို လက်အေးကြီးနဲ့ လာကိုင်လို့တဲ့။ မေ့သွားတာ။ သူ့ကို သေချာကြည့်လိုက်မှ ဖင်မှာ ရေစိုနေတဲ့ တစ်သျှားစက္ကူကြီး ကပ်လို့နေ။ သရဲကြောက်တတ်ရင် သတိထားကြနော် ... ။
အင်းးး နောက်တစ်ယောက်က မျော့ ကြောက်သဗျ။ ကြောက်ဆို ကြောက်စရာပဲကိုး။ ကိုယ်သာ ဆိုလည်း မတွေးဝံ့စရာပါ။ ဒဂုံတက္ကသိုလ်မှာ ပေါ့ဗျာ။ သူက အတန်းမရှိတုန်း သူငယ်ချင်းတွေနဲ့ ဟိုး လယ်ကွင်းထဲက ရေအိုင်ထဲမှာ ရေသွားကူးကြတယ်လေ။ ကျွဲလူးအိုင်ပေါ့။ တစ်ယောက်က ချန်နေခဲ့ပြီး ကျန်တဲ့လူတွေ အကုန်ကူးကြတယ်။ ကျန်တဲ့ တစ်ယောက်က အဲဒီ အင်္ကျီ၊ ပုဆိုးတွေ ပိုက်ပြီး စောင့်ပေးပေါ့။ ဒါနဲ့ ကူးရင်းကူးရင်း မဲမဲအုပ်ကြီးရောက်လာတယ်။ အပေါ်ကကောင်က မြင်တော့ ဘာကြီးလဲဆိုပြီး ကြည့်လိုက်တာ မျော့လည်းမြင်ရော ပိုက်ထားတဲ့ အ၀တ်အစားကိုတောင် မချအားတော့ဘူး တချိုးတည်း ပြေးတာတန်းနေတာပဲ။ အောက်မှာ ကျန်ခဲ့တဲ့ ကောင်တွေက ရေထဲမှာက မျော့တွေ ကုန်းပေါ်တက်ရအောင် ကလည်း တုံးလုံးကြီး။ ဒုက္ခနဲ့ လှလှ တွေ့ကြတာပေါ့။ အဲဒီ အထဲမှာ ကံအဆိုးဆုံး အကောင်ဆီကို မျော့ဝင်သွားသတဲ့။ ဘယ်ထဲလဲ သိလား။ အဟိ အရှင်းဆုံး ပြောရရင် ဖင်ထဲကို။ တော်သေးတယ်။ အ၀မှာတင် တစ်လစ်တစ်လစ်နဲ့ ကပ်နေလို့။ အတော် ဆွဲထုတ်လိုက်ကြ ရတယ်။ ကဲ ဘယ်လောက် ခံစားလိုက်ရမလဲ။ ကြောက်လဲ ကြောက်လောက်ပါပေတယ်။ ကဲ ဒဂုံတက္ကသိုလ်က ကျောင်းသားကျောင်းသူများ သတိနော်။ (ဒါ ညီငယ်တစ်ယောက်ရဲ့ ကိုယ်တွေ့ပါ)

အင်း သူများအကြောင်း လျှောက်ပြောရတာ ခံတွင်းတွေ့ပါ့။ ကိုယ့် အကြောင်းကျ ဘာပြောရမှန်း မသိဘူး။ အမှန်ကို ဘာမှ မကြောက်တာပါ။ မကြောက်ပေမယ့် သတိရှိရှိနဲ့ နေရတဲ့ သတ္တ၀ါတချို့တော့ ရှိတယ်။ မိန်းမလှလေးတွေလေ။ အဟဲ။ သူတို့ကျတော့ ကြောက်၊ ချစ်၊ ရိုသေပေါ့ဗျာ။
သတ္တ၀ါထဲကတော့ မဟုတ်ဘူး။ ကမ္ဘာပေါ်မှာ အကြောက်ဆုံး အရာ တစ်ခုတော့ ရှိတယ်။ သူငယ်ချင်းတွေ အားလုံးနဲ့ အဆက်အသွယ် ပျက်သွားမှာကိုပါ။ အားလုံးရဲ့ အဝေးမှာ မနေနိုင်ပါဘူး။ ဒါကတော့ အကြောက်ဆုံးပါပဲ။

ကဲ Rosy (နှင်းဆီနီနီ) ရေ ကျေနပ်လောက်ရောပေါ့။ လက်ကလေးနဲ့ (Gtalk မှ) မေးမေးနေတဲ့ မေပျို့ကိုပါ ဖြေပေးလိုက်တယ်နော်။