လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

ရႊီး

07 November 2007

ပြီးခဲ့တဲ့ လကုန်လောက်ကစပြီး ဘလော့ဂါ အတော်များများ စားမေးပွဲ ရှိလို့ဆိုပြီး အရေးအဖတ် နားမယ်ပေါ့။ ဒါလေးတွေ ကျနော်ဖတ်လိုက်ရတော့ စာမေးပွဲဆိုတာကြီးကို မျက်လုံးထဲ ပြန်မြင်ယောင်လာမိတယ်။ ကျနော် စာမေးပွဲနဲ့ လွတ်ခဲ့တာ ၅ နှစ်လောက်ရှိပြီ။ စာမေးပွဲဆိုတဲ့အတိုင်း အခန်းထဲမှာ လူတကာကို စာတွေ လိုက်လိုက်မေးရတာ အမော။ နင့်အဖြေမှန်တယ်၊ ငါ့အဖြေမှန်တယ်နဲ့ ခိုးခိုးပြီး ငြင်းလိုက်ရတာလဲ အမောပဲ။ ဆယ်တန်းဆရာ တစ်ယောက်ပြောဖူးတာ မှတ်မိတယ်။ စာမေးပွဲဆိုတာ နတ်တင်မှရတယ် မှတ်ထားတဲ့။ အဲဒီစကားကို ဘယ်လိုသဘောရလဲ။ ဆရာ၊ အဲဒီနတ်ကို ဘယ်လိုတင်ရမလဲ။ အုန်းပွဲနဲ့လား။ ဆွမ်းပွဲနဲ့လားလို့ မေးတော့၊ ဟဲ့ ငတုံးရ နတ်တင်မှရမယ်ဆိုတာ နင်တတ်မှ ရမယ်လို့ပြောတာကွ။ အော် မှတ်သားလောက်ပါပေတယ် ဆရာရယ်။

စာမေးပွဲဆိုရင် ကြီးကြီးကျယ်ကျယ် ဖြေတတ်တဲ့ သူငယ်ချင်းတစ်ယောက်ကို သွားသတိရမိတယ်။ ကျနော်တို့ စာဖြေတာ တစ်ရွက်မှ ရေးလို့မပြီးသေး သူက အမြဲတမ်း သုံးလေးရွက်တောင်းပြီးပြီ။ တစ်တန်းလုံးသူ့ကို မျက်စောင်းဝိုင်းထိုးကြတယ်။ အဲဒီအခါမှာ သူက အမြဲပြောတယ်။ ငါက မင်းတို့လို မဟုတ်ဘူးကွ ကြီးကြီးကျယ်ကျယ် ဖြေနေတာကွ တဲ့။ ဆရာမတွေကလည်း မသင်္ကာဘူး။ သူကြည့်တော့လည်း တကယ်ရေးနေတယ်။ နောက်မှ တိုးတိုးလေး မေးကြည့်တော့မှ ဟဲ့ကောင်ရ မသေမချင်းမှတ်ထား စာလုံးကို ကြီးကြီးနဲ့ ကျယ်ကျယ်ရေးတော့ လူအထင်ကြီးအောင် စာရွက်ခဏခဏ တောင်းလို့ရတာပေါ့ကွ တဲ့။ အော် မှတ်သားလောက်ပါပေတယ်ဗျာ။ ကဲ သယ်ရင်းတို့ရေ ... ကြီးကြီးကျယ်ကျယ်သာ ဖြေခဲ့ကြပေတော့။

နောက်ပြီး စာမေးပွဲကျပေမယ့် ဆရာအလေးစားခံရတဲ့ သူငယ်ချင်းတစ်ယောက်ကိုလည်း သတိရမိတယ်။ သူက စာမေးပွဲမအောင်ချင်။ သူ့ကောင်မလေးက စာမေးပွဲကျမှာ သူသိနှင့်ပြီးသား။ ဒါကြောင့် သူက ကောင်းကောင်းမဖြေ။ ဒါပေမယ့် သူ့က စာမရလို့ ကျတာပါကွာ လို့လည်း အထင်မခံနိုင်။ ဒီတော့ သူက မေးခွန်းတိုင်းရဲ့ အဖြေကိုရေးတော့ ဘယ်ဖတ်စာအုပ် စာမျက်နှာ ဘယ်လောက်က စာကြောင်းရေ ဘယ်လောက်ကနေ ဘယ်လောက်အထိ ဖြေရမယ်ပေါ့။ သူ ဒါတွေပဲရေးတယ်။ အမှားအမှန် ဖြည့်ရမယ်ဆိုလဲ သူက အဖြေရဲ့ပြောင်းပြန်တွေရေးတယ်။ အောက်မှာမှ `မှတ်ချက်။ ။ပြောင်းပြန်ယူရန်´တဲ့။ မေးခွန်းမှားနေရင်လည်း ဒီလိုဖြစ်ရမယ်ဆိုပြီး အသစ်ရေးပေးတယ်။ စာမျက်နှာ ဘယ်လောက်မှာ ကြည့်ရန် လို့ ရေးပေးလိုက်တယ်။ သူက စာအရမ်းတော်တယ်။ ဒါပေမယ့် အကျခံတယ်။ အော် မှတ်သားလောက်တယ်နော်။

ကြားဖူးတဲ့ဟာသလေးတစ်ခုရှိတယ်။ ကိုရင်လေးက စာရေးပြီးရင် ဆရာတော်ဆီကို မှန်မမှန် စာစစ်ဖို့ လာပြရတယ်။ အဲဒီမှာ ဆရာတော်က ကိုရင်ရေးထားတဲ့ ပေရွက်ကို ဖတ်ပြီး အမှားပါရင် မှာတဲ့နေရာကို ထုံးတို့ပေးရတယ်။ ဒါ ကုန်းဘောင်ခေတ် ပုံစံပေါ့။ ဒါနဲ့ တစ်နေ့တော့ ကိုရင်က သူအပ်ထားတဲ့ ပေရွက်လေး ဘုန်းဘုန်းဆီ လာယူတယ်။ ဘုန်းဘုန်း လက်ညိုးထိုးပြတဲ့ နေရာမှာလည်း မရှိတော့ မေးရတော့တာပေါ့။ ဟဲ့ ငတုံးရဲ့ မင်းရေးထားတဲ့ ပေရွက်က ဟိုထုံးအိုးထဲမှာကွ တဲ့။ သဘောက ထိုးချည်းတို့နေရတာ ပင်ပန်းတော့ ထုံးအိုးထဲ စိမ်ပစ်လိုက်ရတဲ့ အဖြစ်ပါ။ ကော်ရက်ရှင်ပန် မြင်တိုင်း ဒီအကြောင်းလေးကို သတိရမိပါတယ်။ အော် ကျနော်တို့ စာရွက်တွေ ထုံးတို့ရာတွေ ချည်းပါပဲလားပေါ့။ ကျနော်တို့ ကော်ရက်ရှင်အိုးလေး ဆောင်ထားသင့်ပါပြီ။

ကျနော် စာမေးပွဲတစ်ခါ ကျဖူးတယ်။ တစ်ဘာသာပေါ့။ အဲဒီ တစ်ဘာသာတည်း ပြန်ဖြေရမယ်။ ကျတဲ့ဘာသာက ကျနော် အပိုင်နိုင်ဆုံးဘာသာပါ။ ဘာလို့အဲဒီလို ပြောလည်းဆိုတော့ အတန်းထဲမှာ ကျနော်က အဲဒီဘာသာကို သူငယ်ချင်းတွေကို ပြန်ရှင်းပြပေးတယ်လေ။ သူတို့ အကုန်အောင်တယ်။ ကျနော်ခမျာ ကျရှာတယ်လေ။ ဒီတော့ စိတ်ပျက်လက်ပျက်ပေါ့။ ဆရာများနားနေဆောင်မှာ အမြဲတမ်း သွားမှိုင်နေတတ်တယ်။ ဒီလောက်ပိုင်တဲ့ဘာသာ၊ ဂုဏ်ထူးမှန်းတဲ့ဘာသာ၊ အကုန်ဂုဏ်ထူးထွက်ပြီး သူကကျတယ်။ သူများကို ဖြေရှင်းချက်ပေးဖို့ မပြောနဲ့ ကိုယ့်ကိုယ်ကိုတောင် နားမလည်တော့ဘူး။ ဒီလောက်တောင် ဖြေခဲ့ပြီးပြီပဲ။ ဘယ်လောက် ထပ်ဖြေရဦးမလဲ။ မစဉ်းစားတတ်တော့။ ဒါကြောင့် ကျနော် မှိုင်နေမိတယ်။ ခြေကုန်လက်ပန်း ကျသွားတဲ့ အပြေးသမား တစ်ယောက်လိုပေါ့။ ကျနော် ဘာဆက်လုပ်ရမှန်း မသိတော့။
ဆရာများ နားနေဆောင်မှာ အမြဲတမ်းလာလာ အနားယူတတ်တဲ့ ဆရာဦးဝင့်ကျော်က ကျနော်ကို သနားလာပုံရပါတယ်။ သောက်မြင်ပဲ ကပ်လာသလား မသိဘူး။ တစ်နေ့တော့ သူက ကျနော်ကို နားချပါတော့တယ်။ သူနဲ့ စကားပြောလိုက်တော့မှ ကျနော့ရဲ့ ရှေ့ဆက်လျှောက်ရမယ့် လမ်းလေးပွင့်သွားပါတယ်။ ဆရာက တကယ် အဖြစ်အပျက်ကလေးနဲ့ ပမာချီပြီး ဥပမာပေး ပြောသွားပါတယ်။ ဒီ ဥပမာလေးကို စာမေးပွဲ ဖြေထားတဲ့ (သို့) စာမေးပွဲ ကျထားတဲ့ လူငယ်တွေ အားလုံးအတွက် လက်ဆောင် ပါးလိုက်ချင်လို့ပါ။ ဆရာနဲ့ ကျနော်ရဲ့ စကားပြောတချို့ကို တင်ပြလိုက်ပါတယ်။ စကားလက်ဆင့်ကမ်းခြင်းဖြင့် ဆရာဦးဝင့်ကျော်ကို ဂုဏ်ပြုလိုက်ပါတယ်။

ငါတပည့်၊ မင်းကြည့်ရတာလဲကွာ ကျက်သရေမရှိတာ။ ခါတိုင်းလို ရွှင်ရွှင်လန်းလန်း နေစမ်းပါ။
ဆရာကလည်း တစ်သက်နဲ့တစ်ကိုယ် ဒီတစ်ခါ စာမေးပွဲကျဖူးတာ။ ကျမယ့်ကျတော့လဲ ကျနော် အပိုင်ဆုံးဘာသာကြီး။ ကျနော် သင်ပေးထားတဲ့ လူတွေကို ဘယ်လိုမျက်နှာ ပြရမှာလဲဗျာ။
မင်း စာမေးပွဲခန်းထဲမှာ ပေါ့ဆလို့ နေမှာပေါ့ကွ။
ဆရာ ကျနော် သုံးခေါက်တောင် ပြန်စစ်နိုင်ခဲ့တယ်။ အမေးနဲ့ အဖြေလည်း မမှားဘူး။ ကျန်ခဲ့တာလဲ မရှိဘူး။ ဒါပေမယ့် ကျတယ်ဗျာ။ မိုက်ရိုင်းလိုက်လေ။
အေး ဒါဆို မင်းက ဟိုလူနဲ့ အဖြစ်သွားတူနေပြီကွ။
ဘယ်သူနဲ့တုန်းဆရာ။
ကိုလိုနီခေတ် နှောင်းပိုင်းကတည်းက သူက ရန်ကုန်တက္ကသိုလ်မှာ အလုပ်ဝင်လုပ်တယ်။ ကျောက်စာတွေကို စိတ်တအားဝင်စားတယ်။ ဒါကြောင့် ရှိရှိသမျှ ကျောက်စာတွေ အကုန်ဖတ်တတ်အောင် လေ့လာလိုက်တာ နောက်တော့ ကျောက်စာဝန်ဖြစ်လာတယ်။ ဆိုးတာ သူက (၁၀) တန်းမအောင်ဘူး။ ဒီတော့ ရာထူးတိုးပေးလို့ မရဘူး။ သူဘယ်လောက်တော်သလဲဆို ရန်ကုန်တက္ကသိုလ်က ပါမောက္ခချုပ်တွေ၊ ပါမောက္ခတွေ၊ ပါရဂူတန်းဖြေမယ့် ကျောင်းသားတွေက သူ့ကို လက်လွှတ်လို့မရဘူး။ သူက မေးသမျှ အကုန်ဖြေနိုင်တယ်လေ။ သမိုင်းနဲ့ ပတ်သက်တာ၊ မြန်မာစာနဲ့ ပတ်သက်တာ၊ အရှေ့တိုင်းဘာသာရပ်နဲ့ ပတ်သက်တာ၊ ရှေးဟောင်းသုတေသနနဲ့ ပတ်သက်တာ၊ အကုန် သူ့ကို လက်မလွှတ်နိုင်ဘူး။ သူက အဲဒီလောက်တော်တယ်။ သူ့ကို ဆယ်တန်းဖြေပြီး ရာထူးတိုး လျှောက်ဖို့ပြောတော့ မဖြေဘူးတဲ့။ ဒါနဲ့ ပင်စင်ယူခါနီးတော့ ပါမောက္ခကြီးတွေ ၀ိုင်းပြီးပြောတော့မှ ကဲ ဒီနှစ်တော့ ဖြေမယ်ဆိုပြီး စီစဉ်ရတော့တယ်။
သူ့အတွက် သမိုင်းဆိုတာ ပါမွှားလေ။ ဒီသမိုင်း ပြဌာန်းစာအုပ်ရေးတော့ သူတောင်ပါသေးတယ်။ သူ့အတွက် အခက်တွေ့မှာက သင်္ချာတို့ ပထ၀ီတို့ပေါ့။ အဲဒါတွေကို သူ့မိတ်ဆွေ ပါမောက္ခတွေက အနီးကပ် လုပ်ပေးကြတယ်။ ဒါနဲ့ပဲ စာမေးပွဲ ဖြေပြီးပြီဆိုပါတော့။
စာမေးပွဲ အောင်စာရင်းကို မျှော်ကြပြီလေ။ အဲဒီ ကျောက်စာဝန်ကတော့ အေးဆေးပါပဲ။ ဒီပါမောက္ခတွေနဲ့ အနီးကပ်နေတဲ့ လူတစ်ယောက်က ဆယ်တန်းစာမေးပွဲအတွက် ဘာရင်ခုန်စရာ ရှိလဲ။ ထူးစမ်းတာက အောင်စာရင်းထွက်တော့ အဲဒီ ကျောက်စာဝန်နာမည် မပါဘူးဗျာ။ ဒီထက် ထူးဆန်းတာရှိသေးတယ်။ ဘယ်ဘာသာကျသလဲလို့ ရှာလိုက်တော့ ကျတာက သမိုင်းတဲ့ဗျာ။ ပြောရင်ရုံမှာတောင် မဟုတ်ဘူး။ သုညနဲ့ ကျသဗျာ။ ဒီသတင်းကြောင့် ရန်ကုန် တက္ကသိုလ်ကြီး တစ်ခုလုံး ရောက်ရက်ခပ်သွားတယ်။ ဘယ်နှယ့်ဗျာ ဒီပါမောက္ခတွေရဲ့ ဆရာက သမိုင်းကျရတယ်လို့။ ဘယ်သူမှ မကျေနပ်ကြဘူး။ ဒါနဲ့ပဲ ပါမောက္ခတွေ ၀ိုင်းပြီး စာတင်ကြတယ်။ အခြေခံပညာဦးစီးဌာနကိုလေ။ အဲဒီ ကျောက်စာဝန်ရဲ့ သမိုင်းအဖြေလွှာလေး ခဏလောက် ကြည့်ပါရစေပေါ့။
အဲဒီ အဖြေလွှာလည်း ကြည့်လိုက်ရော အားလုံးက ငိုရမလို၊ ရယ်ရမလို ဖြစ်ကုန်ကြရော။
ဆရာ၊ အဲဒီလူက သုညနဲ့ ကျတာဆိုတော့ အဖြေလွှာမှာ ဘာမှ မရေးထားလို့လား။
ရေးထားတာမှ ရွှမ်းရွှမ်းကိုဝေလို့။ ဘယ်မင်းက ဘယ်နေ့ဘယ်ရက်မှာ နောက်ပါခြံရံ ဘယ်သူဘယ်သူတွေနဲ့အတူ ဆင်တပ်အင်အားဘယ်လောက် မြင်းတပ်အင်အားဘယ်လောက် ခြေလျင်တပ်အင်အား ဘယ်လောက်နဲ့ ဘယ်ကို သွားကြတယ်ပေါ့။ ဂဏန်းတွေမှ အတိအကျတွေပဲ။ ဒါဘယ်သူငြင်းနိုင်မှာလဲ။ အေး သမိုင်း ပါမောက္ခတောင် အဲဒီလောက်မသိဘူး။
အင်း ဆရာကလည်း ဒါဆို ဘာလို့ သုညပေးရတာလဲ။
အေး အဲဒီကျောက်စာဝန် ရေးထားတာကို သမိုင်းပါမောက္ခ ပြကြည့်တော့ အမှားတစ်ခုမှ မပါဘူး။ ဒါပေမယ့် အဲဒီ အဖြေလွှာပေါ်မှာ စာစစ်တဲ့ဆရာမ ပေးထားတဲ့ မှတ်ချက်က အဓိကကျတယ်ကွ။
ဆရာမက ဘာရေးထားလို့လဲ။
တစ်လုံးတည်းပဲကွ။ စာမျက်နှာတိုင်းမှာ ဒီတစ်လုံးတည်းပဲ မှင်နီကြီးနဲ့ အကြီးကြီး ရေးထားတာ။ `ရွှီး´ တဲ့။
ဗျာ ........။
ဟုတ်တယ်လေ။ အဲဒီ စာစစ်တဲ့ ဆရာမက အဲဒီလောက် ဘယ်သိမလဲ။ ဒီဖြေတဲ့ ကျောင်းသားက ဘာတွေ လျှောက်ရေးမှန်း မသိလို့ လျှောက်ရွှီးနေတယ် ဆိုပြီး ဘဲဥကျွေးလိုက်တာပဲ။
နောက်တစ်နှစ်ကော ထပ်ဖြေသေးလား ဆရာ။
အကုန်လုံးက ၀ိုင်းပြီး ဆရာရယ် ပြဌာန်းစာအုပ်ထဲကအတိုင်း ဖြေပါလို့ တောင်းပန်လိုက်တော့ နောက်တစ်နှစ်မှာ ဆယ်တန်းအောင်သွားတယ်။ အခုဆို Ph.D. တောင် ရလို့ ဒေါက်တာဖြစ်နေပြီ။ မင်းအဖြစ်က သူ့လို ဖြစ်နေတာ နေမှာ ငါ့တပည့်ရ။
အင်း ... ဆရာပြောလိုက်တော့လည်း ကိုယ့်ကိုယ်ကို တယ်ဟုတ်သွားသလို ခံစားလိုက်ရတယ်။ ကျေးဇူးပါပဲ ဆရာရယ်။

ကျနော် နောက်ခြောက်လနေတော့ စာမေးပွဲ ပြန်ဖြေပါတယ်။ ဆရာပြောသလို ကျနော် ပညာအတော် လျှိုလိုက်ရပါတယ်။ ဆရာမက အခန်းဝင်ခါနီး လာပြောပါတယ်။ ငါ့သား လျှောက်မစဉ်းစားနဲ့နော်။ ဒါမေးရင် ဒါပဲဖြေတဲ့။ အားပေးသွားရှာပါတယ်။ အောင်စာရင်းမှာ ကျနော့် နာမည်လေး စိုက်စိုက်မြိုက်မြိုက် ပါလာပါတယ်။
ကျနော်ရဲ့ အဖြစ်အပျက်ကလေးကို ကျောင်းသားမောင်မယ် သယ်ရင်းများ သိအောင် အားတက်အောင် တင်ပြလိုက်ပါတယ်။

မှတ်ချက် ။ ။ ထိုကျောက်စာဝန်ဆိုသူကို နောင်တွင် လေ့လာကြည့်ရာ ဒေါက်တာနိုင်ပန်းလှ ဖြစ်မည်ဟု ယူဆမိပါသည်။