လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

မြန်မာနိုင်ငံမှ ငွေစက္ကူများ

19 October 2007

ကိုလိုနီခေတ်ကနေစပြီး မြန်မာနိုင်ငံမှာ သုံးဖူးတဲ့ ငွေစက္ကူတွေကို ရနိုင်သလောက် စုစည်းပြီး တင်ပြလိုက်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ ဖြစ်နေကြပါလျက်နဲ့ ဒီနိုင်ငံမှာ လက်ရှိသုံးစွဲလို့ရနေသေးတဲ့ ငွေစက္ကူတွေအားလုံးကို လူငယ်တချို့ မြင်တောင်မမြင်ဖူးတော့ပါဘူး။ ဒီကွက်လပ်လေးကို ဖြည့်ပေးချင်လို့ ကိုယ့်မှာရှိတဲ့ ငွေစက္ကူရော၊ မရှိတာတွေကို အင်တာနက်မှာ ရှာပြီးတော့ အခုလို တင်ပြလိုက်တာပါ။ ဗဟုသုတရမယ်လို့ ယုံကြည်ပါတယ်။ လွတ်လပ်ရေးရပြီးခေတ်နောက်ပိုင်း ထုတ်ဝေတဲ့ ငွေစက္ကူအားလုံးနီးပါး ကျွန်တော်အပြင်မှာ မြင်ဖူးပါတယ်။ ဂျပန်ခေတ်နဲ့ ကိုလိုနီခေတ်က ငွေစက္ကူတွေကိုတော့ အင်တာနက်ကပဲ ရှာထားတာပါ။
ကိုယ်ကြည့်ပြီးလို့ရှိရင်လည်း တခြားလူတွေကို ညွန်ပေးစေချင်ပါတယ်။ နောက်ပြီး ဒီမှာရှိတဲ့ ငွေစက္ကူပုံတွေကို ကျွန်တော် အသည်းအသန်ရှာထားတာ ဆိုပေမယ့်လည်း အားလုံးကို သိစေချင်တဲ့ဆန္ဒ အပြည့်နဲ့ပါ။ ဒါကြောင့် ဒီငွေစက္ကူပုံတွေကို ကြိုက်သလို ကူးယူပြန့်ပွါးပေးကြပါ။ အကယ်၍ ကျွန်တော့ဆီမှာ လိုအပ်နေတဲ့ပုံတချို့ ရှိမယ်ဆိုရင်လည်း မျှဝေပေးပါဦးလို့ တောင်းဆိုချင်ပါတယ်။ ဂျပန်ခေတ်ကနေစပြီး ရှိရမယ့်ငွေစက္ကူတွေ ပြည့်ပြည့်စုံစုံရှိမယ်လို့ ယူဆတယ်။ ကိုလိုနီခေတ်မှာ အိန္ဒိယရဲ့ ပြည်နယ်တစ်ခုအနေနဲ့ ရှိနေပေမယ့် မြန်မာနိုင်ငံအတွက် ငွေစက္ကူသီးသန့် ထုတ်တာလည်းရှိသလို `ဗမာပြည်တွင် သုံးနိုင်သည်´ လို့ရေးပြီး ထုတ်တာလည်းရှိတယ်။ ကိုလိုနီခေတ်က မြန်မာနိုင်ငံမှာ သုံးလို့ရတဲ့ ငွေစက္ကူက အများကြီးလိုနေသေးတယ်။ ထပ်ရှာရဦးမယ်။ ရှိရင်လည်း မျှဝေပေးပါဦးလို့ တောင်းဆိုပါရစေ။
၁၉၄၄ ခုနစ်မှာ `ဂျပန်နိုင်ငံတော်အစိုးရ´ ဆိုတဲ့နာမည်နဲ့ ငွေစက္ကူတွေ ထုတ်ထားတာတွေ့ရသလို `ဗမာနိုင်ငံတော်ဘဏ်´ ဆိုတဲ့နာမည်နဲ့ ထုတ်ထားတဲ့ ငွေစက္ကူတွေလည်းတွေ့ရတယ်။ ၁၉၄၈ ခုနစ်မှာ တစ်ကျပ်တန်ကို ဗမာနိုင်ငံအစိုးရ ဆိုတဲ့နာမည်နဲ့ထုတ်ပြီး ၁၉၅၃ ခုနစ်မှာ အဲဒီ ဒီဇိုင်းကို မပြောင်းဘဲ `ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ်´ ဆိုတဲ့နာမည်နဲ့ ပြောင်းထုတ်တယ်။ နောက်ထူးခြားချက်တစ်ခုကတော့ အများသိတဲ့အတိုင်းပဲ ၁၉၉၄ ခုနစ်က ထုတ်ခဲ့တဲ့ ၅၀၀ကျပ်တန် နဲ့ ၁၉၉၈ ခုနစ်မှာ ထုတ်ခဲ့တဲ့ ၁၀၀၀ကျပ်တန် ငွေစက္ကူတွေကို ၂၀၀၄ ခုနစ်မှာ ဒီဇိုင်းလုံးဝမပြောင်းဘဲ အရွယ်အစားသေးပြီး ထပ်မံထုတ်ခဲ့တာပဲ။ နောက်ပြီး ၂၀၀၅ ခုနစ်က ၅၀၀၀ကျပ်တန်ငွေစက္ကူတွေ ပုံနှိပ်ပြီးလို့ ထွက်တော့မယ်ဆိုတဲ့ ကောလဟာလတွေ ထွက်ခဲ့တယ်။
ထွက်ခဲ့ဖူးတဲ့ငွေတွေထဲမှာ ၁၉၁၇ ခုနစ်ထုတ်တဲ့ Rupees Two Annas Eight ( Rs. 2/8 ) ဆိုတဲ့ ငွေစက္ကူရဲ့ တန်ဖိုးကို နားမလည်ဘူး။ အဲဒီခေတ်က ၁ရူပီး (Rupee) ကို ၁၀၀ စန့် (Cent) ရှိတယ်။ ဒါဆို အဲဒီ Annas ဆိုတာကကော ဘာလဲ။ အဘိဓာန်ရှာကြည့်မှ Anna ဆိုတာ Rupee ရဲ့ ၁၆ ပုံ ၁ ပုံ ဆိုတာသိရတယ်။ မြန်မာလိုပြောရင် တစ်ပဲ ပေါ့။ ဒါဆို ၁၉၁၇ ခုနစ်က ထုတ်တဲ့ Rupee Two Annas Eight ဆိုတဲ့ ငွေစက္ကူက တစ်မတ်တန်ပဲ ဖြစ်ရမယ်။ အဲဒါ အိန္ဒိယအစိုးရကထုတ်တာ။ ၁၉၄၂ ခုနစ်မှာကျတော့ 1/4 Rupee လို့ ရှင်းရှင်းလင်းလင်းရေးထားတော့ တစ်မတ်မှန်းတန်းသိတာပေါ့။
အကြွေစေ့တွေကိုတော့ ရှာတုန်းပဲရှိသေးတယ်။ သိပ်မတွေ့သေးဘူး။ ရခိုင်ကိုရောက်တုန်းက ပြတိုက်မှာ ရခိုင်ဒင်္ဂါးတွေ တွေ့ခဲ့လို့ အကုန် ဓါတ်ပုံရိုက်ယူလာခဲ့တယ်။ အဲဒါတွေက Editing လုပ်တုန်းရှိသေးတယ်။
လိုတာလေးတွေ ရှိရင်၊ သိရင် ထပ်ဖြည့်ပေးခဲ့ပါဦးလို့ ထပ်ပြောပါရစေ။

အမှန်အတိုင်းပြောရရင် ကျနော်ပို့စ်တွေမှာ ပုံတွေအများကြီး မတင်ချင်ပါ။ မလွှဲသာလို့ ပုံတင်ရမယ်ဆိုရင် အဲဒီပုံကို တတ်နိုင်သလောက် သေးအောင်လုပ်ပါတယ်။ ဘာလို့မတင်ချင်လဲဆိုတော့ ပုံတွေအများကြီးတင်ရင် ဘလော့ဂ်တက်ဖို့ အတော်နှေးမှာမို့ပါ။ ကျနော်ဘလော့ဂ်ကို တင်ဖို့ အများဆုံး တစ်မိနစ်လောက်ပဲ အချိန်ကြာစေချင်တယ်။ တစ်မိနစ်အကြာမှာ စဖတ်လို့ရရမယ်။
အခု ဒီပိုက်ဆံပုံတွေကို တင်ဖို့ အင်မတန် ၀န်လေးနေခဲ့ပါတယ်။ မကြာအောင် ဘယ်လိုလုပ်မလဲလို့လဲ အသည်းအသန် စဉ်းစားခဲ့တယ်။ ဒီပိုက်ဆံတွေရဖို့လည်း အတော်ကြိုးစားထားတာဆိုတော့ ကိုယ်တစ်ယောက်တည်း ကြိတ်ပြီး မခံစားချင်ဘူး။ မျှဝေပေးချင်တယ်။ ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် တင်မယ်လို့ ဆုံးဖြတ်ခဲ့တာ။ ကော်နက်ရှင် တအားနှေးတော့ ဒီပုံတွေအားလုံးတင်ဖို့ ၉ နာရီနီးပါးလောက် အချိန်ပေးခဲ့ရတယ်။ အရေးထဲနှေးပါတယ်ဆိုမှ ဘန်းကျော်သုံးရတော့ ပြောနေဖို့မလိုတော့ပါဘူး။
ဒါကြောင့် ဒီပို့စ်လေးကို ကြည့်ရင်လည်း စိတ်ရှည်ပေးကြပါလို့ တောင်းပန်ပါတယ်။ ကျနော်ရဲ့ ကြိုးစားအားထုတ်ခဲ့မှုကို အသိမှတ်ပြုတဲ့ အနေနဲ့ပေါ့ဗျာ။ မြန်မာနိုင်ငံသားတိုင်းနဲ့ဆိုင်တဲ့ မှတ်တမ်းတစ်ခုအနေနဲ့ ကျန်နေခဲ့စေချင်ပါတယ်။






























၁၉၃၇ ခုနစ်မှ ၁၉၄၅ ခုနစ်အထိ ထုတ်ဝေခဲ့သော ငွေစက္ကူပုံများ
၁၉၄၈ ခုနစ်မှ ၁၉၈၇ ခုနစ်အထိ ထုတ်ဝေခဲ့သော ငွေစက္ကူပုံများ
၁၉၉၀ ခုနစ်မှ ယခုအချိန်ထိ ထုတ်ဝေခဲ့သော ငွေစက္ကူပုံများ