လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။
ကျိုက်ထီးရိုးသွား တောလား .....
30 October 2007
၂၆ရက် အောက်တိုဘာလ ၂၀၀၇။ ည ၁၀း၁၅
လက်မှတ်ဝယ်ထားတဲ့ကားက ည ၉း၃၀ မှာ စထွက်မယ်လို့ ပြောထားပေမယ့် အခုမှထွက်ဖြစ်တယ်။
တစ်လမ်းလုံး သီချင်းနားထောင် ဗီဒီယိုကားကြည့်ရင်းနဲ့ပဲ အချိန်ကုန်သွားတယ်။
၂၇ရက် အောက်တိုဘာလ ၂၀၀၇။ နံနက် ၄ နာရီလောက်
ကျိုက်ထီးရိုးတောင်တက်လမ်း တောင်ခြေဖြစ်တဲ့ ကင်ပွန်းစခန်းကို ရောက်ပါတယ်။ ထမင်းဆိုင်တစ်ဆိုင်မှာ ရပ်ပေးတော့ အဲဒီဆိုင်မှာရှိတဲ့ ကွတ်ပစ်မှာ တစ်ရေးအိပ်ခွင့်ရတယ်။
နံနက် ၆ နာရီ
ကားမောင်းသံ၊ ခရီးသည်ခေါ်သံ ကြားရတော့ လန့်နိုးလာတယ်။ တောင်တက်ကားပေါ်တက်ဖို့ ပြင်ဆင်နေကြပြီ။ ကျနော်တို့ကတော့ ကွေးကောင်းတုန်း။ ဒါနဲ့ မျက်နှာသစ်၊ နံနက်စာစားပြီး တောင်ပေါ်တက်မယ့်ကားရှိရာ ကားဝင်းကို ရောက်လာခဲ့တယ်။
နံနက် ၇ နာရီ
ဒီလို ကားမျိုးတွေနဲ့ တောင်ပေါ်တက်ကြရတယ်လေ။ ကားနောက်ခန်းမှာ လူထိုင်ဖို့ တန်းလေးတွေ လုပ်ပေးထားတယ်။ ရန်ကုန်မှာလိုပဲ တစ်တန်းကို ၆ ယောက်ပြည့်အောင် ထိုင်ရတယ်။ ဘာဖြစ်ဖြစ် လူပြည့်အောင် ထည့်တယ်။ (တစ်နိုင်ငံလုံးမှာရှိတဲ့ စပယ်ယာတွေ ဒီအတိုင်းပဲထင်ပါတယ်) အနောက်မှာ သံခြင်းလေးလုပ်ပေးထားတယ်။ ပစ္စည်းထည့်ဖို့ပါ။ တစ်ယောက်ကို ယာဉ်စီးခ ၂၅၀၀ကျပ် ပေးရပါတယ်။ ရင်ပြင်တော်အရောက်မို့ပါ။ အထမ်းသမားတွေ အဲဒီနောက်ကနေ အခမဲ့လိုက်ကြတယ်။ တစ်တန်းကို လူခြောက်ယောက်ပြည့်မပြည့် စစ်ပြီးရင်တော့ တောင်ပေါ်ကို စတက်ပါပြီ။
တက်ခါစမှာ စစ်ဆေးရေးဂိတ်ရှိတယ်။ ပိုက်ဆံပိုတောင်းလား စစ်တယ်။ သက်မှတ်လူထက် ပိုတင်လား စစ်တယ်။ တောင်ပေါ်စတက်ပါပြီ။ ကွေ့လိုက်ကောက်လိုက်နဲ့ အတက်ချည်းပါပဲ။ အတက်တော်တော်များများဟာ စောက် ၃၀ံအထက်ချည်း ရှိမယ်ထင်တယ်။
နံနက် ဂ နာရီ ၁၀ မိနစ်
ရသေ့တောင် ယာဉ်ရပ်နားစခန်းကို ရောက်ပါပြီ။ အဲဒီမှာ သတင်းပို့ပြီး ခဏစောင့်ရပါတယ်။ ၁၅ မိနစ်လောက်ကြာမှ တက်ခွင့်ရပါတယ်။ ကားအတော်များများက ရသေ့တောင်စခန်းမှာပဲ ခရီးဆုံးပါတယ်။ ရင်ပြင်အထိဆက်တက်ချင်ရင် ရင်ပြင်တော်တက်တဲ့ကား သက်သက်ရှိပါတယ်။ အဲဒီကား ပြောင်းစီးရတယ်။ ကျနော်တို့ အဆင်ပြေသွားတယ်။ အများစုကတော့ ရသေ့တောင်ကနေ လမ်းလျှောက်ကြတာများတယ်။ ၁ မိုင်ကျော်ပဲ ကျန်တော့တာကိုး။ လေ့ကျင့်ခန်းလုပ်တဲ့ အနေနဲ့ပေါ့။
နံနက် ၉ နာရီ
ဒီမုဒ်ဦးဟာ ရင်ပြင်တော်ကို ၀င်ဖို့ ပထမဆုံးဖြတ်ရတဲ့ မုဒ်ဦးပါ။ လူတွေ အတော်စည်ကားနေပါတယ်။ ရင်ပြင်ကိုသွားမယ့်လူတွေမှာ ကိုယ့်ရင် ၀န်စည်စလယ် ပစ္စည်းတွေကို စောင့်တဲ့လူကစောင့်၊ အဖွဲ့ဝင်တွေ မရောက်သေးလို့ စောင့်တဲ့လူက စောင့်ပေါ့။ အဲဒီကနေ ၀င်ခါနီးမှာ အမျိုးသမီးများ အ၀တ်လဲခန်းဆိုတာ တွေ့ပါလိမ့်မယ်။ မိန်းကလေးတွေကို ဘောင်းဘီရှည်၊ ဘောင်းဘီတို၊ စကတ်တို၊ စကတ်ရှည်၊ လယ်ဟိုက်၊ ကိုယ်ကျပ်တွေ ၀တ်ခွင့်ပေးမထားဘူး။ ၀တ်ခွင့်ပေးမထားဘူး ဆိုတာထက် အဲဒီနေရာကနေ ၀င်ခွင့်မပေးဘူးဆို ပိုမှန်မယ်။ သူတို့ ခေါင်းစဉ်တပ်တာက သရုပ်ပျက်ယဉ်ကျေးမှုတဲ့။
ပစ္စည်းတွေချပြီး မုဒ်ဦးအတိုင်း လျှောက်လာလို့ရှိရင် ပထမဆုံးတွေ့ရမယ့်စေတီက လွမ်းစေတီပါ။ နောက်ပြီးတော့ ကျောက်သမ္ဗာန်စေတီ(ပုံ)ပေါ့။ နောက်တစ်ခု စိတ်ဝင်စားစရာကောင်းတာက ကျိုက်ထီးရိုးစေတီသမိုင်းရဲ့ ဇာတ်ကောင်တွေပါဝင်တဲ့ ရွှေနန်းကျင်နတ်နန်းပါပဲ။
အ၀င်လမ်းအတိုင်းလျှောက်လာလိုက်ရင် ဓမ္မာရုံတွေကို ဖြတ်လာပြီး စေတီရင်ပြင်တော်ကြီးကို တွေ့ရပါမယ်။ လူစည်းကားတဲ့ ညတွေမှာဆို အဲဒီလောက် ကျယ်ပြောတဲ့ရင်ပြင်မှာ လူတွေဖျာခင်းအိပ်ကြတာ နေရာတောင်မလောက်ပါဘူး။ ဒီလောက်ကျယ်တဲ့ ရင်ပြင်ကိုတော့ ကလေးတွေ အတော်သဘောကျကြတယ်။ ညနေဆို ပြေးလွှားဆော့ကစားတဲ့ ကလေးတွေ အပြည့်ပဲ။
ရင်ပြင်ကို ရောက်ရောက်ချင်းမှာပဲ ပထမဆုံးစေတီကို သွားကန်တော့ပါတယ်။ ဘယ်ဘက်အခြမ်းမှာ ဆီမီး၊ အမွှေးတိုင်တွေ ထွန်းညှိပူဇော်ကြပြီး ညာဘက်မှာတော့ အုန်းပွဲငှက်ပျောပွဲတွေ တင်ကြပါတယ်။ ပန်းတွေ ကပ်လှူကြတယ်။ အလယ်ခေါင်မှာ စေတီဆီကိုကူးဖို့ သံတံတားလေးရှိပါတယ်။ အဲဒီကနေစပြီး မိန်းကလေးမ၀င်ရပါဘူး။ ရွှေသင်္ကန်းကပ်ချင်ရင်တော့ အဲဒီတံတားကနေဖြတ်ပြီး သွားရပါတယ်။
ဦးချပြီးပြီဆိုတော့ ၀မ်းရေးကို ဖြေရှင်းရတော့မယ်လေ။ ဒါနဲ့ မုဆိုးတောင်လမ်းအတိုင်း လျှောက်လာခဲ့တယ်။ အဲဒီ လမ်းတလျှောက်လုံးက ဆိုင်တွေချည်းပါပဲ။ မုန့်ဆိုင်၊ စတိုးဆိုင်၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ပုဂ္ဂလိကတည်းခိုခန်း နဲ့ အိပ်သာ၊ ရေချိုးခန်းတွေ ရှိတယ်။ တစ်ခုခုစားချင်ရင် မုဆိုးတောင်လမ်းကို လာကြရတာပါ။ အတော်စည်တဲ့ လမ်းမပါပဲ။ အဲဒီမှာပဲ အဆာပြေ လက်ဖက်ရည်ဆိုင် ၀င်တီးလိုက်တယ်။
နောက်ထပ် ထပ်သွားဦးမယ်လို့ စိတ်ကူးမိတာက ကျောက်ထပ်ကြီးစေတီပါ။ ရင်ပြင်ကနေ ၁ မိုင်ခွဲလောက် ဝေးပါတယ်။ တက်လိုက်ဆင်းလိုက်နဲ့၊ ပြေးလိုက် ဒရွတ်တိုက်ဆွဲသွားလိုက်နဲ့၊ နားလိုက် အိပ်လိုက်နဲ့ ၁ နာရီကျော် လျှောက်ပြီးသကာလ ကျောက်ထပ်ကြီးစေတီကို ရောက်လာပါတော့တယ်။ ဒီပုံက ကျောက်ထပ်ကြီးစေတီပေါ်တက်တဲ့ အ၀င်လမ်းလေးပါ။ အတော်စိမ်းလန်းတဲ့ လမ်းအိုလေးပါ။
ကျောက်ထပ်ကြီးစေတီမှာ ထူးခြားတာလေးတစ်ခုရှိပါတယ်။ ဘာလဲဆိုတော့ ရွှေချချင်တဲ့ အလှူ့ရှင်တွေအတွက် ရွှေတက်ချပေးတဲ့ အစီအစဉ်ပါ။ တစ်ပေပတ်လည်း ရွှေဆိုင်းလေး အလှူခံလို့ ရပြီဆိုရင် ကြိုးမင်းသားလေး (သူတို့အခေါ်) က ကောင်းကင်ကြိုးနဲ့တက်ပြီး သူကိုယ်တိုင် ရွှေသင်္ကန်းကပ်တာကို ဖူးမျှော်ရမှာပါ။ အတော် အန္တရာယ်များတဲ့ အလုပ်ပါ။ ဒါကို စီးပွားရေးအမြင်အရ ပရိုမိုရှင်းပရိုဂရမ်တစ်ခုလို့ မြင်မိပါတယ်။ တစ်ပေပတ်လည်ရမှ တက်ကပ်ပေးပါတယ်။ ပုံမှာ အပေါ်ဆုံးက ပန်းချီကားပါ။ အောက်ဘက်သုံးပုံက တကယ့်အတက်အဆင်းလုပ်တာကို ရိုက်ထားတာပါ။ ကျပ်စိလောက်လုံးပတ်ရှိတဲ့ ကြိမ်လုံးနဲ့ အဆက်အသွယ်လုပ်ထားတယ်။ အဲဒီပေါ်ကနေ သွားနေတာပါ။ ဆင်းလာတော့လဲ လက်လွှတ်ပြီး ကြိုးပေါ်ကနေ လျှောကနဲ ဆင်းလာတာပါ။ သူ့ရဲ့သတ္တိ၊ အစွမ်းနဲ့ လုံ့လကို ချီးမွမ်းစရာပါ။ အခုလိုရက်မျိုးတွေမှာ တစ်နေ့အခါ ၃၀ မက အတက်အဆင်း လုပ်ရတယ်လို့ သူကပြောပါတယ်။
၁၁ နာရီခွဲ
အတော်လေးဗိုက်ဆာနေပါပြီ။ ဒါပေမယ့် ကျီးကန်းပါးစပ်ရောက်မှ စားမယ်လို့ ဆုံးဖြတ်ထားတော့ ဒီအကြော်တဲမှာပဲ ၀င်ဆွဲလိုက်ကြတယ်။ `ဗူးသီးကြော် ငါးပွဲဗျို့၊ မြန်မြန်လေး။´
မုဆိုးတောင်အထိ အရောက်လာပြီးမှ ကျီးကန်းပါးစပ်ကို လမ်းပြန်ခွဲတယ်။ ဆက်တိုက် အဆင်းချည်းပဲ။
၁ နာရီ ၂၀ မိနစ်
နတ်ရေကန်ကိုအရင်ဆုံးရောက်တယ်။ ပုံပြင်တွေထဲမှာ နတ်ရေကန်က အဖိုးအိုစိမ်လိုက်ရင် လူပျိုလေးဖြစ်သွားတယ် ဆိုပဲ။ ဒီမှာက ရေရှားတော့ စိမ်စရာကန် သိပ်မရှိဘူး။ ဒီနတ်ရေကန်က ရေသောက်ဖို့ပဲထားတယ်။ ဒီနတ်ရေကန်ကရေကို နာနာဖိသောက်ပေးတဲ့။ ဆီးကောင်းတယ်ဆိုပဲ။ ဆီးရောဂါရှိတဲ့လူတွေအတွက်တော့ သတင်းကောင်းပဲ။ အဲဒီကနေ တစ်ပြလောက် ဆက်သွားလိုက်ရင် ကျီးကန်းပါးစပ်ရောက်တယ်။ စားသောက်ဆိုင်တွေ့လို့ ထမင်းအရင် ၀င်တွယ်ကြတယ်။ ယုန်သားဆိုတာ မြို့မှာ ရှာရခက်သား။ ယုန်သားတစ်ပွဲ မှာပစ်လိုက်တယ်။ အောက်မလေး ပိုက်ဆံရှင်းမှ ယုန်သားက တက်စာမှန်းသိတော့တယ်။ တစ်ပွဲ လေးထောင်တဲ့လေ။ (တက်စာ - ဈေးကြီး၍ လူကို တက်စေနိုင်သော အစာ)
ကျီးကန်းပါးစပ်လိုဖြစ်နေတဲ့ ကျောက်ဆောင်ရဲ့အောက်နားမှာ လိုဏ်ဂူလေးရှိတယ်။ ကျိုက်ထီးရိုးစေတီသမိုင်းမှာ ဇော်ဂျီနဲ့ နဂါးမတို့ရဲ့ ဆုံဆည်းရာလေးပေါ့။ အဲဒီဂူကနေ စစ်တောင်းမြို့ ပေါင်းလောင်းမြစ်အရှေ့ဘက်ကမ်း ဇေယျပဗ္ဗတကျောက်တောင်အထိ တောက်လျှောက်ပေါက်တယ်လို့ ပြောကြတယ်။ အခုတော့ သွားမရလောက်တော့ပါဘူး။ အဲဒီမှာ ထူးဆန်းတာက ဘုရားသခင်ဆီကို မတ်စိပို့လို့ ရတယ်လေ။ မတ်စိ လေးစေ့ကို ကျပ် (၁၀၀) နဲ့ ပေးဝယ်ကြရတယ်။ ၀ယ်တယ်လို့လဲ ဘယ်ခေါ်မလဲနော်။ ငှားတယ်ပဲ ပြောရမလား။ ခဏငှားပြီး ကျောက်ဖျာပေါ် ဆုတောင်းပြီး ပစ်ကြတယ်လေ။ ဆုတောင်းပြည့်မယ်ဆိုရင် အပေါ်မှာတင်ပါစေပေါ့။ ဒါပေမယ့် ပစ်နေလိုက်ကြတာ မတင်မချင်းပါပဲ ... အဟိ။ မတင်ရင်ပြန်ကျ၊ ပြန်ကျတော့ ပြန်ကောက်၊ ပြီးတော့ ပြန်ပစ်ပေါ့။ ဆုတောင်းတွေ အတော်ပြည့်ချင်ကြတာကိုး။ တင်တော့ ဘာထူးလဲဆိုတော့ ပြန်မကောက်ရတော့ဘူးပေါ့။ အဲဒါထူးတယ်။ နောက်ပြီး ဂေါပကလူတွေက ကျောက်ဖျာပေါ် မတ်စိ တက်ကြုံးပြီး အဲဒါနဲ့ ပြန်ရောင်းကြတာပါပဲ။ အော် ... ကိုယ့်ရဲ့ဆန္ဒတွေကို ငွေတစ်ရာနဲ့ အာသာဖြေနေကြသကိုး။
ကျီးကန်းပါးစပ်ကနေ ပြန်ကြတော့ ခြေထောက်ကလည်း အတော် နာနေပြီ။ လမ်းမှာ ဆေးအလကားလိမ်းလို့ ရတယ်ဆိုလို့ အများကြီး ၀င်လိမ်းပစ်လိုက်တယ်။ အဲဒီဆေးမြစ်နဲ့ ဖော်ထားတဲ့ဆေးတွေက အတော်ကောင်းပါတယ်။ ကိုယ်တွေ့ပါ။ ကျနော် ကျိုက်ထီးရိုးရောက်တိုင်း အလကားဝင်လိမ်းနေကျမို့ အာမအပြည့်ခံနိုင်ပါတယ်။
၂ နာရီ ၄၀ မိနစ်
ရုတ်တရက် အမှောင်က၀င်လာတယ်။ မြူတွေဆိုင်းလာတယ်။ အအေးဓါတ်ကလေးလည်း အတူပါလာတယ်။ ဒါနဲ့ လက်ဖက်ရည်ဆိုင်မှာ တီးဝင်ကိုင်ကြတယ်။ တစ်မနက်လုံး ကျောပိုးအိတ်ထမ်းပြီး လျှောက်သွားနေတာဆိုတော့ ခြေလက်လေ့ကျင့်ခန်းက အပြည့်ပဲ။ အခု လက်ဖက်ရည်ဆိုင်မှာ ဇက်လေ့ကျင့်ခန်း စလုပ်ကြတယ်။ လမ်းမပေါ်မှာ ဖြတ်သွားတဲ့ ကောင်မလေးတွေကို ညာဘက်ယိမ်းကြည့်လိုက် ဘယ်ဘက်ယိမ်းကြည့်လိုက်နဲ့ပေါ့။ လက်ဖက်ရည်ဆိုင် နှစ်ဆိုင်ပြောင်းထိုင်တယ်။ ဂျကာ မကောင်းလို့။
၆ နာရီ ၁၅ မိနစ်
အခုထိ အိပ်စရာနေရာ မရှာရသေးဘူး။ ဒီနှစ်က ခါတိုင်းထက်လူနည်းတော့ ရင်ပြင်မှာ မအိပ်ရကောင်းပါဘူးလို့ တွေးနေမိတယ်။ ဓမ္မာရုံသုံးခုလောက် ၀င်မေးတော့ အခန်းကုန်ပြီတဲ့။ အော် ဘာတတ်နိုင်မှာလဲ။ ဒီလိုပဲ ရင်ပြင်တော်မှာ ထိုင်ရင်း လောကကြီးအကြောင်း ကြီးကြီးကျယ်ကျယ် ဆွေးနွေးနေကြတယ်။
၈ နာရီ ခွဲ
အော် ၈နာရီခွဲပြီ။ ဘုရားရှိခိုးတော့မယ်ပေါ့။ ဒါနဲ့ ဘုရားအောက်ဘက်ပတ်လမ်းကို ဆင်းတဲ့ လှေကားနားမှာပဲ ထိုင်ပြီး ဘုရားရှိခိုးလိုက်တယ်။ ကျောပိုးအိတ်တွေ ကိုယ်စီ ဘေးမှာချပြီးပေါ့။ ပြီးတော့ သူငယ်ချင်းအားလုံး မျက်လုံးလေးတွေမှိတ်ပြီး ဘုရားကို အာရုံပြုကြတယ်ပေါ့ဗျာ။ မျက်စိမှိတ်လိုက်တော့ ပထမဆုံးမြင်ရတာ ကျနော့ရဲ့ဆီပုံးကြီးပဲ။ နောက် တစ်ခုပြီး တစ်ခုပေါ့ဗျာ။ ဘုရားကိုရောက်ဖို့ အတော်စောင့်လိုက်ရတယ်။ အတော်ကြာတော့ စကားပြောသံကြားလို့ လန့်ပြီးမျက်လုံး ဖွင့်ကြည့်လိုက်တယ်။ ပြောလိုက်တာက `အော် သူတို့က ဒီလိုအိပ်ကြရတာကိုး´ တဲ့။ ဒါနဲ့ ဘေးကကောင်တွေကို ကြည့်လိုက်တော့ အကုန်လုံး တင်ပလင်ခွေလျက်၊ ခေါင်းက ငိုက်စိုက် အောက်က ကျောက်ပြားထိလို့။ `ဟဲ့ကောင်တွေ ထ ထ´ဆိုပြီး ရင်ပြင်မှာ လေကွယ်ရာလိုက်ရှာကြတယ်။ နောက် ဖျာတစ်ချပ် ငှားခ ၄၀၀ အပေါင်ငွေ ၁၀၀၀ နဲ့ ဖျာတွေ ငှားကြတယ်။ ပါလာတဲ့ စောင်နဲ့ ကိုယ်ကို လုံအောင်ပတ်ပြီး အိပ်မယ်လို့ ပြင်နေတုန်းမှာပဲ လူတစ်ယောက်ရောက်လာပြီး `မင်းတို့တွေ ဒီမှာ အိပ်မလို့လား၊ ခဲကုန်မှာပေါ့။ လာ ငါနဲ့လိုက်ခဲ့။´ ဆိုပြီး ဓမ္မာရုံထဲ ခေါ်သွားတယ်။ ကံကောင်းတော့ လုံခြုံနွေးထွေးစွာနဲ့ပဲ နေ့တစ်နေ့ကို သတ်ပစ်လိုက်တယ်။
၂၈ ရက် အောက်တိုဘာလ ၂၀၀၇
နံနက် ၅ နာရီ (၅ မိနစ်လို)
အိပ်ယာက နှိုးလာတော့ သူတို့တွေ အိပ်နေတုန်း။ ဒါနဲ့ ကိုယ့်ဖာသာ မျက်နှာသွားသစ်တယ်။ ရေတစ်ခွက် ၅၀ ကျပ်ပေးပြီး ရေ ၂ ခွက်နဲ့ မျက်နှာသစ် သွားတိုက် အပြီးရှင်းတယ်။ ငွေ တစ်ရာနဲ့ အိုကေသွားတယ်။
နံနက် ၆ နာရီ ကျော် (နည်းနည်း)
အာရုံဆွမ်းကပ်မယ်ဆိုပြီး ဈေးသည်တွေ ဈေးသွားမေးတော့ ၄၀၀၀၊ ၂၅၀၀၊ နဲ့ ၁၅၀၀ သုံးမျိုးရှိတယ်တဲ့။ ကုသိုလ်ရဖို့တော့ ဓမြ အတိုက်မခံနိုင်ဘူး။ တန်လည်းတန်းဘူး။ ဒါနဲ့ အာရုံးဆွမ်းမကပ်တော့ဘဲ လျပ်စစ်မီးပဲ လှူပစ်လိုက်တယ်။
နံနက် ၈ နာရီ ၂၅ မိနစ်
လက်ဖက်ရည်ဆိုင်မှာ ကိုယ့်ပိုက်ဆံနဲ့ကိုယ် လုစားပြီး တောင်ခြေကို ခြေကျင် ဆင်းခဲ့ကြတယ်။
တချို့က ကိုယ့်ကိုယ်ကို မနိုင်တော့ ဒီလိုဆင်းကြသဗျ။ တစ်ယောက်ကို အတက် ၁၃၀၀၀ ကျပ်၊ အဆင်း ၁၂၀၀၀ ကျပ် တဲ့။ တချို့တော့ ကိုယ့် ပစ္စည်းလေးတွေပဲ အထမ်းနဲ့ တင်ပေးလိုက်တယ်။ အဲဒီလူတွေကို လေးစားတယ်ဗျာ။ ထမ်းနိုင်ပါပေ့။
ရသေ့တောင်ရောက်တော့ တက်မလားလို့ စိတ်ကူးနဲ့ အထစ် ၃၀ လောက် တက်သွားလိုက်သေးတယ်။ ပုံမှာ ကြည့်ပါလားဗျာ။ ကျနော် ဘယ်လို စိတ်ဓါတ်နဲ့ ဆက်တက်ရမလဲ။ ဒါပေမယ့်ကြည့်ပါဦး။ ကလေးလေး ရေထမ်းသွားလိုက်တာ ပေါ့ပေါ့လေးပါပဲ။
ကားခငွေ ၁၃၀၀ ကျပ်နဲ့ တောင်ခြေကို ရောက်ခဲ့ပါပြီဗျာ။ တောင်ခြေရောက်တော့ ထမင်းစားရတော့မယ်။ ခြင်္သေ့စိမ်းတွေက အကောင်ရေနည်းနေပြီ။ ဒါနဲ့ ထမင်းဆီဆမ်းနဲ့ ကြက်ဥကျော်ကလေးပဲ ကစ်ခဲ့ရတယ်။
ဘာလေးညာလေး ၀ယ်မလားပေါ့။ လက်ထဲမှာ ကျန်တာက စုစုပေါင်း ငွေလေး ၂၀၀၀။ ဒါနဲ့ပဲ ရသေ့စိတ်ဖြေ ဓါတ်ပုံလေးပြေးရိုက်လိုက်တယ်။ ကဲကဲ သယ်ရင်းတို့ရေ။ ယိုကျွေးမယ် လာကြလာကြ။ ကြိုက်ရာစားကြနော်။ ဟေ့ ကလေးတွေ ကြိုက်တဲ့သေနတ်ဖြစ်ဖြစ် ဓါးဖြစ်ဖြစ်၊ စက်ဘီးတွေကော၊ ကားတွေကော ကြိုက်တာရွေးယူကြ။
ကျနော် အပြန်လမ်းတစ်လျှောက် စဉ်းစားရင်း မကျေလည်တာလေး တချို့ရှိတယ်ဗျ။ သိရင် ကူပြီးဖြေပေးကြပါဦး။
၁။ သမိုင်းစာမှာ `ရသေ့ကြီးဦးခေါင်းနှင့်တူသော ကျောက်တုံးကြီးပေါ်တွင် စေတီတည်ထားသည်ကို အစွဲပြု၍ စေတီကို ရသေ့ရွက်သောဘုရား "ကျိုက်ဣသိယို" (ကျိုက်ထီးရိုး) လို့ မွန်ဘာသာလိုခေါ်ပါတယ်တဲ့။ အဲဒီမှာ ညွှန်းထားတဲ့ ရသေ့ဆိုတာက တိဿရသေ့ပါ။ စေတီအောက်က ကျောက်လုံးတော်ကို ကြည့်ပြီး အတော်စဉ်းစားရကြပ်သွားတယ်။ ခေါင်းနဲ့မတူဘူးလေ။ ဒါဆို တိဿရသေ့ရဲ့ ခေါင်းက အဲဒီလိုနေမှာပေါ့ ဆိုပြီး ရသေ့ရဲ့ ပုံတူရုပ်တုကို လိုက်ရှာကြည့်တယ်။ တွေ့ပါတယ်။ ဒါပေမယ့် ကျောက်လုံးတော်နဲ့ မတူဘူး။ ဒါဆို ဘာလို့ ရသေ့ဦးခေါင်းလို့ ညွှန်းလဲ။ နောက်မှ အတွေးထဲ ၀င်လာတာက ဒီစေတီတည်တော့ ရသေ့ သေအံ့ဆဲဆဲ ဖြစ်နေပြီ။ ဒါဆို သူက လှဲနေရမှာပေါ့။ လှဲနေတဲ့ လူရဲ့ခေါင်းနဲ့ဆို အတော်တူသွားပြီလို့ ဖြေလို့ရသွားတယ်။
၂။ ရင်ပြင်တော်ဝင်ခါနီးမှာ ရွှေနန်းကျင်မိဖုရားရဲ့ ကျောက်ရုပ်ကို ဓမ္မာရုံဆောက်ပြီး ကိုးကွယ်ထားကြတာရှိတယ်။ အဲဒီ ရွှေနန်းကျင်မိဖုရားက သေပြီး အဲဒီနေရာမှာပဲ ကျောက်ရုပ်ဖြစ်သွားတယ်လို့ သမိုင်းရှိတယ်။ ရွှေနန်းကျင် ကျောက်ဖြစ်သွားတဲ့ ကိစ္စကို စောဒက မတက်ချင်ပါ။ ကျနော့အတွက် မရှင်းတာက ကျောက်ဖြစ်တုန်းက တစ်ယောက်တည်း။ ဘာလို့ နောက်ထပ် ကျောက်ရုပ်သုံးရုပ် အပိုထုပေးထားသလဲ။ တကယ်တမ်း ရွှေနန်းကျင် သေတော့ သူဘေးနားမှာ သုံးယောက်မကပါ။ သမိုင်းအရ အဖ ဖိုးကော်လွှတ်၊ အမိ နန်းကြာဟဲ၊ ငပန်းတင်၊ ရသေ့ဘိုးခွေးဖြူ အပြင် ဆွေမျိုးတွေ လာကြတယ်လို့ ဖော်ပြထားပါတယ်။ ဖြစ်သွားတဲ့ ကျောက်ရုပ်က တစ်ရုပ်၊ ပြထားတာက လေးရုပ်ပါ။
၃။ ပါးစပ်သမိုင်းအရ ကျိုက်ထီးရိုးစေတီအောက်ခြေတော် ကျောက်လုံးကြီးက သိကြားမင်း သမုဒ္ဒရာထဲက ဆည်ပြီး ရသေ့ကြီးကို ကြိုက်ရာ ရွေးခိုင်းထားတာလို့ သိထားပါတယ်။ ကျနော် ကျိုက်ထီးရိုးစေတီရောက်တော့ အဲဒီ ပတ်ပတ်လည်မှာ အဲဒီလောက်မကြီးတောင် အဲဒီလို ကျောက်တုံးမျိုး အတုံး ၅၀ မက ရှိပါတယ်။ ဒါဆို ဒါတွေ အားလုံးကော သိကြားမင်းက သမုဒ္ဒရာထဲက ဆည်ထားတာလားလို့ သံသယဖြစ်မိတယ်။ ကျနော်မြင်တာတင် အလုံး ၅၀ မကပါဘူး။ ဒီထက် အများကြီး ရှိနိုင်ပါတယ်။ အကုန်လုံး ဆည်ထားတယ်ဆိုတာ ဘယ်လိုသွားဖြစ်နိုင်မလဲ။ ဒါနဲ့ ကျနော် စာအုပ်လိုက်ရှာဖတ်ကြည့်တော့ ကျိုက်ထီးရိုးစေတီ ရှိတဲ့တောင်ကို `ဒိုးခမော့ခတွံဂလိုင်း´လို့ မွန်လို ခေါ်ပါတယ်။ ကျောက်အလုံးများ ပေါများသောတောင် လို့ အဓိပ္ပါယ်ရပါတယ်။ ရှေးမြန်မာတွေက `လုံးတင်တောင်´လို့ ခေါ်တယ်လို့ ဖတ်လိုက်ရမှ ကျနော် ဘ၀င်ကျသွားပါတယ်။
၎။ ကျိုက်ထီးရိုးတောင် ပတ်ဝန်းကျင်မှာ ရသေ့ အတော်များများတွေ့ပါတယ်။ ဗုဒ္ဓသာသနာ ထွန်းကားနေပါလျက်၊ ဗုဒ္ဓသာသနာတော် ရှိနေပါလျက် ဘာကြောင့် သာသနာပြင်ပကလို ရသေ့ဝတ်နေကြသေးသလဲ ဆိုတာ မစဉ်းစားတတ်အောင်ပါပဲ။ ဗုဒ္ဓသာသနာ မရှိခင်က ရဟန်းဆိုတာ မရှိပါဘူး။ ရသေ့ပဲရှိပါတယ်။ အဲဒီရသေ့တွေဟာ သမထ ကျင့်စဉ်တွေနဲ့ ပွားများအားထုတ်တဲ့ တောထွက်ပုဂ္ဂိုလ်တွေပါ။ ဗုဒ္ဓကျမ်းဂန်တွေမှာ ရသေ့တွေ မြတ်စွာဘုရားရဲ့ တရားကိုနာပြီး ဗုဒ္ဓဘာသာကိုလက်ခံလိုက်ကြရင်ဖြင့် ရသေ့ကနေ ရဟန်းပြောင်းလိုက်ကြပါတယ်။ ဒီမှာ စဉ်းစားရကြပ်နေတာက တိဿရသေ့ဟာ မြတ်စွာဘုရားနဲ့ တွေ့ခဲ့ဖူးပါလျက်၊ တရားနာခဲ့ဖူးပါလျက် ဘာလို့ ရဟန်းဖြစ်မသွားသလဲဆိုတာပါ။ ဘုရားသမိုင်းထဲမှာ ရဟန္တာတချို့ရဲ့ အကြောင်းပါပါတယ်။ ဒါပေမယ့် တိဿရသေ့လို့ပဲရေးထားတော့ သူက ရသေ့အနေနဲ့ပဲ နေခဲ့လို့ပေါ့။ ဒါဆို ဗုဒ္ဓဘာသာကို မသက်ဝင်လို့လား။
၅။ ရင်ပြင်မုဒ်ဦးအ၀င်မှာ သရုပ်ပျက်ယဉ်ကျေးမှုကို ကာကွယ်ဖို့ဆိုပြီး ထမီနဲ့ဘဲဝင်ခိုင်းတယ်။ ရည်ရွယ်ချက်တော့ကောင်းပါတယ်။ မြန်မာမိန်းကလေးတွေ သရုပ်မပျက်အောင်ပေါ့။ ဒါပေမယ့် ၀င်လို့ရအောင်ဆိုပြီး အတွင်းက ဂျင်းဘောင်းဘီကို မချွတ်ဘဲ အပေါ်က ထမီထပ်ဝတ်ထားတဲ့ မိန်းကလေးတွေရဲ့ သရုပ်က အတော်ပဲ ကြည့်လို့ကောင်းသလားလို့ ကျနော် စဉ်းစားနေမိတယ်။
၆။ ဆိုင်းဘုတ်တစ်ခု စေတီတော် ခြေရင်းကိုဝင်တဲ့ တံတားအ၀မှာ ထောင်ထားတယ်။ ဘောင်းဘီတို၊ ခြေအိတ်၊ စွတ်ကျယ် ၀တ်တဲ့သူ မ၀င်ရဆိုတာ နားလည်လို့ရတယ်။ ဘာလို့ နားကွင်းဝတ်သူများ၊ ဆံပင်ရှည်ထားသူများ မ၀င်ရလို့ ရေးထားသလဲ ကျနော်မသိ။ ဆိုင်းဘုတ်ကို ဒီစေတီတည်ခဲ့တဲ့ တိဿဓမ္မသီဟရာဇာမင်းကြီး မြင်ရတော့ အဲဒီရေးတဲ့လူ ခေါင်းအဖြတ်ခံရတော့မယ်။ သူက ဆံပင်ရှည်၊ နားတောင်းကြီးနဲ့ကိုးဗျ။ ခင်ဗျားတို့က ဘာလို့ သူ့ကို ပေးမ၀င်ချင်ရတာလဲ။

ဤပို့စ်အား Tuesday, October 30, 2007 နေ့တွင် ရေးသားထားပြီး
ခရီးသွားမှတ်တမ်း
နာမည်ဖြင့် အညွှန်း သက်မှတ်ထားပါသည်။
ကွန်းမန့်များအား အချိန်နှင့် တပြေးညီ သိလိုလျှင် RSS 2.0 ဖြင့် တောင်းဆို၍ ရယူနိုင်သည်။
လာရင်းနေရာ သို့ ပြန်လည် သွားရောက်နိုင်ပါသည်။
Tuesday, October 30, 2007
|
စာညွှန်း
ခရီးသွားမှတ်တမ်း