လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။
ဒီလို ..... ဒီလို
25 October 2007
မီးလေးက Tag လုပ်ထားလို့ ရေးမယ်လို့ အန်ကျိတ်ပြီး Text editor ကို ဖွင့်လိုက်တယ်။ အတော်ကြာတဲ့အထိ ဘာမှ စဉ်းစားမရ။ ပေါ်လာတာက သူများအကြောင်းချည်း။ ဘာပဲဖြစ်ဖြစ် ရေးပစ်မယ်လို့ ကီးဘုတ်ပေါ်လက်တင်ပြီး ဂျောက်ဂျောက်ဂျက်ဂျက် လျှောက်ရိုက်လိုက်တော့မှ ............
ငယ်ငယ်က အသားအတော်ဖြူလို့ ရပ်ကွက်ထဲက ဖိုးဖြူလို့ ခေါ်ကြပါတယ်။ ရပ်ကွက်ထဲမှ အဖိုးကြီးအဖွားကြီးများက ကျနော်ကို ချစ်ကြလို့ အမြဲလာလာခေါ်ပါတယ်။ ညပိုင်းဆို ရပ်ကွက်ထဲကကွတ်ပြစ်မှာ အသက် ၆၀၊ ၇၀ ကျော် အဖိုးကြီး အဖွားကြီး (၁၀) ယောက်လောက်နဲ့ ၃ နှစ်သား ကလေးတစ်ယောက် အမြဲဝိုင်းဖွဲ့နေတတ်ကြပါတယ်။ အညာဓလေ့အတိုင်းပဲ လက်ဖက်သုတ်၊ ထန်းလျက်၊ ရေနွေးကြမ်းနဲ့ ကွမ်းအစ်ချပြီး ၀ိုင်းဖွဲ့စကားပြောနေကြတယ်။ သူတို့ပြောသမျှ မုန့်စားပြီး ထိုင်နားပေးနေတာ ပီကေပဲပေါ့။ သူတို့ရဲ့ Listening partner ပေါ့။ ဟဲဟဲ။ အဲဒါ (၁၃) နှစ်သားလောက်ထိပဲ။ ဒါကြောင့် လူကြီးတွေရဲ့ ကြီးကြီးကျယ်ကျယ်ပြောနည်းကို အတော်နားရည်ဝနေတာ ပါ။
ပါးကလေးက ပန်းရောင်သမ်းပြီး ဖောင်းကစ်နေတာဆိုတော့ တောင်ပေါ်သားလေးလိုဖြစ်နေပါတယ်။ အတော် ချစ်စရာကောင်းတာနော်။ (ဟေ့ ဟေ့ .... ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်တဲ့နော်)။ မယုံကြဘူးထင်တယ်။ သက်သေပြစရာ အဖြစ်အပျက်တစ်ခုရှိပါတယ်။ ကျနော် သုံးတန်းကျောင်းသား အဖြစ်နဲ့ပေါ့။ ကျောင်းတက်နေတုန်း သူငယ်ချင်းမိဘတွေက ကျောင်းရောက်လာတယ်။ အဲဒီမှာ ကလေးလေးတစ်ယောက်ပါလာတယ်။ လမ်းမလျှောက်တတ်သေးဘူး။ ချစ်စရာလေးမို့ အဲဒီကလေးလေးကို ကျနော်က ယူချီလိုက်တယ်။ မချီတတ် ချီတတ်နဲ့ပေါ့။ ခဏနေကျ အဲဒီ ကလေးက ဘာမပြောညာမပြောနဲ့ ကျနော့ ပါးကို ကုန်းကိုက်တယ်ဗျ။ အားလို့အော်ထည့်လိုက်တော့ ဆရာမတွေ ပြေးလာပြီး ကလေးကိုဆွဲချီယူသွားတယ်။ အဲဒီမှာ ကလေးက အော်ငိုပြီး ဘာအော်တယ်မှတ်လဲ။ `သား မုန့် သား မုန့်´ တဲ့။ အောင်မလေးဗျ။ ပန်းသီးများ အောက်မေ့နေလား မသိဘူး။ တော်တော်အီသွားတာ။
ငယ်ငယ်က အလှပြင်ပေးရင် အင်မတန်မုန်းတာ။ ငယ်တုန်းက ငိုတယ်။ နည်းနည်းကြီးလာတော့ အော်တယ်။ ဒီထက် ကြီးလာတော့ ထွက်ပြေးတယ်။ သနပ်ခါးလိမ်းပေးရင်တောင် မကြိုက်ဘူး။ ဒါပေမယ့် သုံးတန်းမှာ ကဗျာလွတ်ပြိုင်ဖို့ ဆရာမက ကျွန်တော့နာမည်ကို တိတ်တဆိတ် စာရင်းသွင်းလိုက်တယ်။ အဲဒီပြိုင်မယ့်နေ့မှာ လှလှပပ လိမ်းခြယ်လာဖို့ အမေ့ကို မှာလိုက်တယ်။ ကျနော် မကြိုက်မှန်း အမေကသိပြီးသားဆိုတော့ အင်္ကျီအသစ်ပဲ ၀တ်ပေးလိုက်တယ်။ ဆရာမကလည်း နပ်ပြီးသား။ ကျောင်းရောက်တော့ မိတ်ကပ်ပုံးကြီးနဲ့ အသင့်စောင့်နေတယ်။ သေပြီ။ ကျောင်းကိုပတ်ပြေးလို့ လူသုံးယောက်လောက် ၀ိုင်းဖမ်းကြတယ်။ နောက် ချုပ်ထားပြီး မိတ်ကပ်လိမ်း၊ အလှပြင်ပေးတယ်။ ငိုတော့ မျက်ရည်နဲ့ မိတ်ကပ်တွေပျက်တယ်။ ပျက်တော့ ပြန်လိမ်းတယ်။ ဒီလို လေးခါလောက် လုပ်ပြီးတော့ ဆရာမက ကျနော့်ကို စည်းရုံးရေးဆင်းရတော့တယ်။ မိတ်ကပ်လိမ်းတာ လက်ခံဖို့ပေါ့။ နောက်ဆုံးသဘောတူညီချက် ရလိုက်တယ်။
ပါးနီတွေ၊ မျက်လုံးမှာခြယ်၊ နှုတ်ခမ်းနီဆိုး၊ ဆံပင်တွေဆီလိမ်း၊ နားကပ်တောင် ပါလိုက်သေး။ ကဗျာလွတ်ဝင်ပြိုင်တယ်။ တတိယဆုရတယ်။ ပြိုင်ပွဲလည်းပြီးရော အဲဒီ ဆေးဆိုးပန်းရိုက်မျက်နှာနဲ့ အိမ်ဘယ်လိုပြန်ရမလဲ အတော်အတွေးကြပ်သွားတယ်။ ကလေးပီပီ ဘာမှရှည်ရှည်ဝေးဝေးတွေးမနေတော့ဘဲ မျက်နှာကို လက်နဲ့ ပွတ်ချပစ်လိုက်တယ်။ ပုန်းနေတဲ့အခန်းရှေ့က ဖြတ်သွားတဲ့လူတိုင်း ရယ်ရယ်သွားကြတယ်။ သေပြီ။ ပိုဆိုးသွားပြီဆိုတာ သိလိုက်တယ်။ မျက်နှာတစ်ခုလုံး တရုတ်ပြဇာတ်ထဲကလို ရောင်စုံခြယ် ဖြစ်သွားပြီ။ ဘယ်လိုပြန်ရပါ့။ အိမ်ကို (မန္တလေးအခေါ် နှစ်ပြ) နှစ်ဘလောက်တော့ လမ်းလျှောက်ရမယ်။ စဉ်းစားရင်းနဲ့ ညနေ (၄)နာရီကျော်လာတယ်။ မပြန်ရဲဘူး။ (၅) နာရီလောက်ကျ အမေက စိတ်ပူပြီး လိုက်လာတယ်။ ကျနော် အခန်းထဲမှာ ပုန်းနေတုန်း။ ဒါနဲ့ အမေက အကြံတစ်ခုပေးတယ်။ အဲဒီအကြံတိုင်း လုပ်လိုက်မှ အိမ်ပြန်ရောက်တော့တယ်။ ဘာအကြံလဲ သိလား။ ပါလာတဲ့လွယ်အိတ်ခေါင်းမှာစွတ်၊ သူ့ကို လက်တွဲပြီး သူ့နောက်လိုက်ခဲ့တဲ့။
မနက်ဖြန် သီတင်းကျွတ်လပြည့်ဆိုတော့ သီတင်းကျွတ်နဲ့ဆိုင်တဲ့ အမေးအဖြေလေးတစ်ခု ပြောပြပါ့မယ်။ ကျနော် ငယ်ငယ်က သီတင်းကျွတ်လပြည့်မှာ ဘာလို့ဆီမီးထွန်းရသလဲလို့ မေးဖူးတယ်။ မြတ်စွာဘုရား ၀ါတွင်းသုံးလလုံးလုံး ဗြဟ္မာပြည်မှာ တရားဟောပြီး သီတင်းကျွတ်လပြည့်မှာ လူ့ပြည်ကို ဆင်းလာတယ်။ ဒါကို အဲဒီမြို့သားပြည်သူတွေက ကြိုဆိုတဲ့အနေနဲ့ ဆီမီးထွန်းပြီး ကြည်ညိုပူဇော်ကြတယ်။ ဒါရှင်းပါတယ်။ ဒီမေးခွန်းကို လူတော်တော်များများ အဖြေသိပြီးသားပါ။ ဒါပေမယ့် အဲဒီအဖြေကို ကျွန်တော် ဘ၀င်မကျခဲ့ဘူး။ ကျွန်တော် စောဒကတက်ခဲ့တယ်။ အဲဒီလို ပြောရမလားဆိုပြီး ကျနော် အရိုက်ခံရတယ်။ သီတင်းကျွတ်အမှတ် တရပေါ့။ ကျနော် စောဒက တက်လိုက်တာက ...........
`ပူဇော်ဖို့သက်သက်တော့ မဖြစ်နိုင်ဘူးထင်တယ်မေမေ။ ဒါဆို ဘာလို့ အမွေးတိုင်နဲ့ မပူဇော်ဘဲ ဆီမီးနဲ့ပဲ ပူဇော်တာလဲ။ မေမေ ညဘက် လေယာဉ်ပျံဆင်းတာ မြင်ဖူးလား။ လေယာဉ်ပျံကြီး လမ်းမချော်အောင်လို့ သူဆင်းမယ့်လမ်းတလျှောက် မီးထွန်းပေးရတယ်။ ဒါမှ မှောင်ကြီးမဲကြီးထဲ ဟိုးအပေါ်ကနေ သူဆင်းရမယ့် နေရာကိုမြင်ရပြီး နေရာမှန်ဆင်းနိုင်မှာပေါ့။ ဘာမှ မမြင်ရရင် မြေကြီးပေါ် ဘယ်ဆင်းလို့ရမလဲ။ အဲဒီလိုပဲနေမယ်ထင်တယ်။ မြတ်စွာဘုရားက မိုးကောင်းကင်ကနေ ညကြီးမိုးချုပ် ဆင်းလာမှာဆိုတော့ .......။´
စကားပင်မဆုံးလိုက်ပဲ ငရဲကြီးမယ်၊ ဘာညာ ကွိကွ ဆိုပြီး စော်ပလော်တီးပါတော့သည်။
မီးလေးနှင့်ပတ်ဝန်းကျင် တွင် မီးလေးမှ TAG လုပ်ထား၍ ပီကေမှ ပြန်လည်ဖြေကြားသည်။

ဤပို့စ်အား Thursday, October 25, 2007 နေ့တွင် ရေးသားထားပြီး
About Me
,
TAG
,
ရောက်တက်ရာရာ
နာမည်ဖြင့် အညွှန်း သက်မှတ်ထားပါသည်။
ကွန်းမန့်များအား အချိန်နှင့် တပြေးညီ သိလိုလျှင် RSS 2.0 ဖြင့် တောင်းဆို၍ ရယူနိုင်သည်။
လာရင်းနေရာ သို့ ပြန်လည် သွားရောက်နိုင်ပါသည်။
Thursday, October 25, 2007
|
စာညွှန်း
About Me,
TAG,
ရောက်တက်ရာရာ