လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။
အကြည့်
24 October 2007
ရွှေရောင်လင်းလဲ့နေသော လမင်း၏အလင်းရောင် .....
ကျောက်တောင်တွေပေါ်သို့ လှိုင်းများပုတ်ပုတ်တင်နေသော သက်ရှိပင်လယ် .....
အုန်းလက်အရိပ်များ .....
သူခပ်တိုးတိုးပြောလိုက်သည်။
`ကိုယ့်ရင်ထဲမှာ စကားလုံးတွေ အများကြီးရှိပါတယ်။ ယမင်းကို ပြောချင်ပါတယ်။ ဒါပေမယ့် ... ကိုယ်ကြောက်နေတယ် သိလား။ ကိုယ့်ရင်ထဲက စကားလုံးတွေ အားလုံးကို ပြောလို့ပြီးသွားတဲ့အချိန်မှာ အမြင်နိုင်တဲ့တစ်နေရာက တစ်စုံတစ်ယောက်က "Cut" လို့ လှမ်းအော်ပြီး အားလုံးပြီးဆုံးသွားလေမလားလို့ ကိုယ်ကြောက်နေတယ်။ တကယ့်ဘ၀ထဲအထိ ရုပ်ရှင်က၀င်လာပြီး ရိုက်နေမှာကို စိုးတာပါ။´
သူ ကောင်းကင်ကို ဖြည်းဖြည်းချင်းမော့ကြည့်ရင်း ဆက်ပြောသည်။
`ဘ၀ကိုအစစ်လို့ အကြီးအကျယ် ယုံစားထားပြီးကာမှ တို့အားလုံးကို ဖန်ဆင်းနေတဲ့ ဒါရိုက်တာက "Cut" လို့ လှမ်းအော်လိုက်တာနဲ့ တပြိုင်နက် လမင်းရဲ့အလင်းရောင်မှိန်သွားမှာ၊ ပင်လယ်ကြီးပျောက်သွားမှာကို ကိုယ် ... မခံစားရဲဘူး။ ဘ၀ဆိုတဲ့ရှင်သန်မှုတွေ ခံစားချက်တွေအားလုံးဟာ နောက်ဆုံးကျရင် အဲဒီလို ပြီးဆုံးသွားပစ်လိုက်ရမှာလား။ ကိုယ့်ကို ရူးအောင်မလုပ်ပါနဲ့။ ကျေးဇူးပြုပြီး မင်းသိထားရင် ဖြေစမ်းပါ။ ဟောဒီလောကကြီးတစ်ခုလုံးဟာ ရုပ်ရှင်ကားတစ်ကားလား။´
ဆုယမင်းကျော်ထံမှ အဖြေကို သူမျှော်လင့်ချက်မထား။ သို့သော် ...
`သမီး ဘာကိုမှ နားမလည်ခဲ့ပါဘူး ဦးဇောရယ်။ `ငါ´ ဟာ ငါကိုယ်တိုင်အစစ် ဟုတ်ရဲ့လားဆိုတာတောင် သမီးမသိတော့ပါဘူး။ ကိုယ့်ကိုယ်ကို ပျောက်ဆုံးနေတာ ကြာပါပြီ။ သမီးမှာ `ဘ၀´ဆိုတာ မရှိတော့ဘူးလေ။ ဘ၀တစ်လျှောက်လုံး သူများတွေရဲ့ စရိုက်တွေချည်း သရုပ်ဆောင်နေခဲ့ရတော့ ကိုယ့်ရဲ့စရိုက်အမှန်ဟာ ဘာလဲဆိုတာ မသိတော့ဘူး။ ဇာတ်ကောင်တွေရဲ့ ခံစားမှုအတိုင်းပဲ အမြဲငိုခဲ့ ရယ်ခဲ့ရတာဆိုတော့ ကိုယ့်ရဲ့ ခံစားချက်အစစ်က ဘယ်အခါမှာငိုပြီး ဘယ်အခါမှာ ရယ်သလဲဆိုတာ မသိတော့ဘူး။ သရုပ်ဆောင်ချက်တွေက သမီးရဲ့ဘ၀ကို အပိုင်သိမ်းသွားပြီ။ တကယ်တော့ သမီးဟာ တုံ့ပြန်လှုပ်တတ်တဲ့ စက်ရုပ်တစ်ရုပ်ပါပဲ။´
`နောက်ဆုံးအနေနဲ့ ကိုယ့်မျက်လုံးတွေထဲကို တစ်ချက်လောက် စူးစူးနစ်နစ် ကြည့်လိုက်ပါလား ယမင်း။ ရွိုင်ရယ်ဂါးဒင်းမှာ ဒင်နာကျွေးတုန်းက ကိုယ်ပြောခဲ့တဲ့ စကားလေးကို မှတ်မိသေးလား ယမင်း။´
`ကိုယ် မနက်စောစော လမ်းလျှောက်ထွက်တဲ့အခါတိုင်း သစ်ပင်တွေပေါ်ကနေ အသံပဲကြားရပြီး မမြင်ရတဲ့ ငှက်ကလေးအကြောင်းလေ။´
`အသံလေးကို ချစ်တယ်ဆိုရင် အသံကြားရယုံနဲ့ ကျေနပ်လိုက်တာ အကောင်းဆုံးပါပဲ။ ငှက်ကလေးကို ပိုင်ဆိုင်ခွင့်ရဖို့အထိ မတမ်းတကောင်းပါဘူး။ ဒီလိုပဲပေါ့ ယမင်းရယ် .... ။ ကိုယ်လည်း .....´
`ကိုယ့်အတွက် အချစ်ဆိုတာ အဲဒီ "အကြည့်" လေး တစ်ကြည့်စာလေးနဲ့တင် လုံလောက်ပါတယ်။´
............
`ဒီနေ့မပြန်ခင် နောက်ဆုံးညမှာ ဟောဒီပင်လယ်၊ ဟောဒီလရောင်နဲ့ ဟောဒီလှိုင်းတွေ၊ သောင်ပြင်တွေကို နားလည်မှုတစ်ခုခု ပေးသွားချင်တယ်။ ပြီးတော့ သူတို့ဆီကနေ နားလည်မှုတစ်ခုခု ပြန်ယူသွားချင်တယ်။ နောက် ..... နောက်ပြီး´
`နောက်ပြီးတော့ကော ဘာဖြစ်သေးလဲ ယမင်း´
`နောက်ပြီး .... ဦးဇောဆီကလည်း နားလည်မှုတစ်ခုလောက် အပြန်အလှန် ဖလှယ်သွားချင်တယ်။ သမီးဆန္ဒက ဒါပါပဲ။ ဦးဇော ဘာပြောစရာရှိလဲ ပြောလေ။ သမီးနားထောင်နေမယ်။´
စိုမှာစိုး၍ မိုးမိတယ် - မင်းခိုက်စိုးစံ မှ ကောက်နှုတ်ဖော်ပြသည်။
ဦးသံလွင်ကျော်ဇော - အသက် (၄၀) ကျော် ထမင်းဆိုင်ပိုင်ရှင်။
ဆုယမင်းကျော် - အသက် (၂၀) ကျော် နာမည်ကြီး ရုပ်ရှင်မင်းသမီး။