လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

ရှင်းပြပေးကြပါဦး

20 October 2007

မြန်မာနိုင်ငံမှာ ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့ ပတ်သက်ပြီး ကျွန်တော် သိပ်နားမလည်ပါ။ ကျွန်တော် ဘယ်လိုမှ နားလည်လို့မရသော ဥပဒေဆိုင်ရာ ကို့ယို့ကားယား အဖြစ်အပျက်တစ်ခုကို တင်ပြချင်ပါတယ်။ ဘာလို့ အဲဒီလို ဖြစ်နေသလဲဆိုတာကို စာဖတ်သူက နာလည်မယ်ဆိုရင် တစ်စိတ်လောက် ရှင်းပြပေးခဲ့စေချင်ပါတယ်။ ဒီဇာတ်လမ်းက ကျွန်တော့ ဦးလေးရဲ့အဖြစ်အပျက်ပါ။

တစ်နေ့ ကျွန်တော့ဦးလေးက ကျွန်တော့အိမ်ရောက်လာပြီး အမှုတစ်ခုမှာ သက်သေအနေနဲ့ ကျွန်တော်နာ မည်ကို ထည့်ချင်တယ်လို့လာပြောတယ်။ ဒါနဲ့ ကျွန်တော်လည်း ဘာအတွက်လဲ၊ ဘာကြောင့်လဲ မေးရတော့ တာပေါ့။
`ကျွန်တော်က ဘာသက်သေလိုက်ပေးရမှာလဲ။´
`တရားရုံးမှာ အုပ်ထိန်းခွင့် လျှောက်ချင်လို့လေ။ အဲဒါ သက်သေနှစ်ယောက်လိုလို့ မင်းကို တစ်ယောက်အနေနဲ့ လုပ်ပေးဖို့ လာပြောတာ။´
`ရပါတယ်၊ ဦးလေးရယ်။ ဒါနဲ့နေပါဦး။ ဘယ်သူ့ကို အုပ်ထိန်းဖို့ လျှောက်တာလဲ´
`အဖြစ်ကတော့ ပြောရမှာတောင် စိတ်ကုန်တယ်။ ငါ့သမီးကိုလေ။´
`ဟေ ..........၊ ကိုယ့်သမီးကို အုပ်ထိန်းဖို့ အစိုးရဆီ ခွင့်တောင်းရသေးလား။ ဘာဖြစ်လို့တုန်း။´
`အဲဒါကြောင့် ပြောရမှာစိတ်ကုန်တယ် ပြောတာပေါ့ကွာ။ ငါ့သမီးပဲ သူတို့ဆီ အုပ်ထိန်းဖို့ ခွင့်ပန်နေရ သေးလား။ တရားဝင်စာတင်မှ ရမယ်တဲ့ကွာ။´
`ရှင်းပါဦး ဦးလေးရယ်၊ ကျွန်တော်တောင်လည်နေပြီ။´
`ဒီလိုကွ၊ လွန်ခဲ့တဲ့ တစ်နှစ်က ငါ့သမီးနာမည်ကို အိမ်ဂရံမှာ ထည့်ပေးချင်လို့ အိုးအိမ်ဦးစီးဌာနကို သွားမေးတော့ အသက်ပြည့်ပြီမို့ ထည့်လို့ရတယ်တဲ့။ ဒါနဲ့ ငါလည်း အဆင်ပြေတုန်း သူ့နာမည်ကို အိမ်ဂရံမှာ ထပ်တိုးလိုက်တယ်။ အဲဒီတုန်းက အဆင်ကိုချောလို့။ အခု ငါ အဲဒီအိမ်ကို ဘဏ်မှာအပေါင်တင်မလို့ သွားတော့ အိမ်ပိုင်ရှင်အားလုံး (ဂရံမှာပါတဲ့လူတွေ) လက်မှတ်ထိုးရမယ်တဲ့။ အိုကေ အဲဒီထိနားလည်တယ်။ ပြဿနာက အခုမှစတယ်။ သမီးက အသက်မပြည့်လို့ လက်မှတ်ထိုးခွင့်မရှိဘူးတဲ့။´
`ဟာ၊ ဦးလေးကလည်း သူတို့ပဲ အသက်ပြည့်လို့ ဂရံတောင်လုပ်ပေးပြီးပြီပဲ။´
`ငါလည်းအဲဒီလိုပြောတာပဲ။ သူတို့က လက်မှတ်ထိုးနိုင်တဲ့ အသက်ကို မရောက်သေးဘူးတဲ့။ ဒီတော့ ကိုယ်စား အနေနဲ့ အုပ်ထိန်းခွင့်ရှိတဲ့ လူကြီးတစ်ယောက်က လက်မှတ်ထိုးရမယ်တဲ့။´
`ဦးလေးက သူ့အဖေပဲ။ လက်မှတ်ထိုးပေးလို့ ရမှာပေါ့။´
`အဲဒီလောက် မရိုးရှင်းဘူးကွ။ ငါ့မှာ ဒီသမီးကို တရားဝင်အုပ်ထိန်းခွင့်လက်မှတ် မရှိဘူးတဲ့လေ။´
`ဟောဗျာ။ အဖေလေ။ အုပ်ထိန်းခွင့်ဆိုပြီး တရားဝင်ဖြစ်အောင် တင်နေရသေးလား။ ကိုယ့်မိဘကမှ အုပ်ထိန်းခွင့်မရှိရင် ဘယ်သူကရှိဦးမှာလဲ။ ဟား ဟား ဟား။ ဒါဆို ကျွန်တော့အဖေလည်း ကျွန်တော့်ကို အုပ်ထိန်းဖို့ တရားဝင်ခွင့်ပြုချက် ဘယ်ရှိမလဲ။ ငယ်ငယ်ကသာ သိလို့ရှိရင် အဖေ့မှာ တရားဝင်အုပ်ထိန်းခွင့် မရှိဘဲနဲ့ သားကို ရိုက်ခွင့်မရှိဘူးလို့ ပြောလို့ရတယ်။´
`အေး ... ။ ငါ့မှာ ငါ့သားသမီးတွေကို တရားဝင်အုပ်ထိန်းခွင့် မရှိတော့ အမွေလဲ ပေးစရာမလိုတော့ဘူးပေါ့ ကွာ။ ငါကသူတို့ရဲ့ တရားဝင်အုပ်ထိန်းသူမှ မဟုတ်ဘဲ။´

ကျွန်တော်တို့ ဟားတိုက်၍ ရယ်မောလိုက်ကြတယ်။ ပြောခဲ့တဲ့စကားတွေကိုလား၊ ပြဌာန်းထားတဲ့ဥပဒေကိုလား၊ ဒီဥပဒေကို ကို့ယို့ကားယား အကောင်အထည်ဖော်ထားတာကိုလား၊ ကျွန်တော်တို့ မသိပါ။ တခါတလေ ကို့ယို့ကားယား ဖြစ်တာကိုက ရယ်ချင်စရာဖြစ်နေတော့တယ်။
လူတစ်ယောက်ကို ဥပဒေအရ အသက်ပြည့်လို့ ဂရံလျှောက်ခွင့်ပေးထားတယ်။
ဒါပေမယ့် စာချုပ်စာတမ်းဥပဒေအရ အသက်မပြည့်ပြန်တော့ အဲဒီ ဂရံပါမြေ၊ အဆောက်အဦကို ရောင်း၊ ငှား၊ ပေါင် ခွင့်မရှိဘူး။ ဘာလို့လဲဆိုတော့ လက်မှတ်ထိုးဖို့ အသက်မပြည့်လို့။ ရောင်းချင်၊ ငှားချင်၊ ပေါင်ချင်ရင် သူ့ကိုယ်စားအနေနဲ့ သူ့ကို တရားဝင်အုပ်ထိန်းခွင့်ရှိတဲ့လူက လက်မှတ်ထိုးပြီး ရောင်း၊ ငှား၊ ပေါင်လို့ရတယ်။
နားမလည်တာက ကိုယ့်ရဲ့ အမိအဖတွေဖြစ်နေပါလျက်နဲ့ အာဏာပိုင်ဆီမှာ အုပ်ထိန်းခွင့် ဘာဖြစ်လို့ လျှောက်နေရသလဲ။ ဒါဆိုသဘောက အခုရှိရှိသမျှ မိဘဆိုတာတွေက သူတို့သားသမီးကို တရားဝင် အုပ်ထိန်းခွင့် မရှိဘူးပေါ့။

နောက်ပြီး အခုခေတ်မှာ အလုပ်လျှောက်ချင်ရင် ရဲစခန်းထောက်ခံစာလိုတယ်။ စာရိတ္တကောင်းမွန်ကြောင်း ရဲစခန်းကနေ ထောက်ခံစာယူရတယ်။
တက္ကသိုလ်မှ ကျောင်းအပ်စာရင်းသွင်းရင် ကျောင်းလခပုံမှန်ပေးပါမယ်ဆိုတာ ကိုယ့်ရဲ့မိဘ (သို့) အုပ်ထိန်းသူ က လက်မှတ်ထိုးထောက်ခံရတယ်။ ဒါက ရှင်းတယ်။ ကိုယ်မပေးနိုင်ရင် သူတို့ပေးလိမ့်မယ်ပေါ့။ ကိုယ်မရှိပေမယ့် သူတို့မှာရှိတော့ သူတို့ ထောက်ခံလို့ရတယ်။
ဒီတော့ ကျွန်တော့ကို ထောက်ခံစာရေးပေးမယ့် ရဲက စာရိတ္တကောင်းမွန်ပါတယ်ဆိုတာကိုကော ဘယ်သူထောက်ခံ နိုင်မလဲ။

နောက် ပင်စင်နဲ့ပတ်သက်ပြီး ကိုးယို့ကားယား အဖြစ်အပျက်တစ်ခု ကြားဖူးလို့ ဖောက်သည်ချလိုက်ဦးမယ်။
ဝန်းထမ်းဟောင်းတွေ ပင်စင်လစာထုတ်ဖို့ ဘဏ်ကို လူကိုယ်တိုင်သွားတော့ ဘဏ်က ဘာစာရွက်စာတန်းတောင်း လဲဆိုတော့ မသေသေးကြောင်း ထောက်ခံစာယူခဲ့ပါတဲ့။
`ဟဲ့ ငါမသေသေးလို့ လူကိုယ်တိုင်လာနေတာကို ထောက်ခံစာလိုသေးသလား။´ လို့ပြန်ပြောတော့လည်း မတုန်မလှုပ်ပဲ။ အတော်ရယ်ရတဲ့ လုပ်ထုံးလုပ်နည်းတွေပဲ။

နောက် မှတ်ပုံတင်သွားထုတ်တော့ ကြုံရတာ ပြောဦးမယ်။ မှတ်ပုံတင်ရတော့ ရစ်နေမှာစိုးလို့ လူကိုယ်တိုင်ပဲ သွားထုတ်လိုက်တယ်။ အဲဒီတော့ ဘာပြောလဲ သိလား။
`ဒီမှတ်ပုံတင်ပိုင်ရှင်ကိုယ်တိုင် လာထုတ်ပါတယ်လို့ မင်းဘာထောက်ခံစာပါလဲ။´ တဲ့

အော် ...... ရုတ်တရက် စကားပုံလေးတစ်ခုကို သွားသတိရတယ်ဗျာ။
လူခင်ရင် မူပြင်တယ်။ လူမုန်းတော့ မူသုံးတယ် တဲ့။
ဆိုင်မလားတော့ မသိဘူးဗျာ။

လူကြံရင် မူတောင်လန်ထွက်တယ် လို့ထပ်ဖြည့်ဖို့ လေးမက အကြံပေးထားပါတယ်။