လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

အောင်နိုင်သူသို့ ....

16 October 2007

ကဝေမှတ်စု - မင်းခိုက်စိုးစန် စာမျက်နှာ (၁၀၂-၁၁၁) မှ ကောက်နှုတ်ထားသည်။ (ကြိုက်လွန်းလို့ မျှဝေခံစားခြင်းသက်သက်ပါ)

အောင်နိုင်သူသည် သူ့စိတ်ကူးအတိုင်း ဖြစ်စေနိုင်သော အခွင့်အရေးကို ရသည်။
Conqueror gets a chance to realize his idea.

အောင်နိုင်သူဆိုတာဘာလဲ။ ဂျူးလိယက်ဆီဇာတစ်ယောက် အောင်နိုင်သူဖြစ်ဖို့ လူသန်းပေါင်းမည်မျှ သေပေးခဲ့ရ ပါသလဲ။ (ကျွန်တော် မအောင်နိုင်ချင်သော အရာနှစ်ခုရှိပါသည်။ ပထမတစ်ခုမှာ အချစ်ဖြစ်ပြီး၊ ဒုတိယတစ်ခုမှာ စစ်ပွဲဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ထိုနှစ်ခုကို အောင်နိုင်ပြီးလျှင် နောက်ဆက်တွဲလိုက်၍ ပံ့ပိုးရသော ကုန်ကျ စရိတ်မှာ မဆုံးနိုင်အောင် ကုန်ရလွန်းသောကြောင့် ဖြစ်ပါသည်။

နောက် ... ထပ်မံစဉ်းစားရမည့် အချက်တစ်ချက်မှာ မိမိစိတ်ကူးများ ရုပ်လုံးပေါ်လာဖို့အတွက် ကိုယ်က အောင်နိုင်သူကြီးဖြစ်နေဖို့ အမှန်တကယ် လိုအပ်ပါသလား ... ဟူသည့် မေးခွန်းပင်ဖြစ်သည်။ သင်ကော စဉ်းစားဖူးပါသလား။ သင်က အောင်နိုင်သူဖြစ်ဖို့ အဓိကရည်ရွယ်ပါသလား။ (သို့တည်းမဟုတ်) သင့်စိတ်ကူး အကောင်အထည်ဖော်ဖို့ အဓိကရည်ရွယ်ပါသလား။

ရယ်စရာပုံပြင်လေးတစ်ပုဒ် ပြောပြချင်ပါသည်။ ဥရောပတိုက်သားများ၏ ဓလေ့ကို အခြေခံထားသော ပုံပြင်ဖြစ်ပြီး အဓိကဇာတ်ကောင်မှာ အီတလီနိုင်ငံရှိ ပုဂ္ဂလိကစီးပွားရေးကုမ္ပဏီ ပိုင်ရှင်တစ်ယောက်ဖြစ်၏။ (အီတလီဟူသော ဒေသစွဲနှင့်ပတ်သက်၍ လိင်ဆိုင်ရာဟာသများအကြောင်းကို သင်ကြားဖူးထားနှင့်ပြီးသား ရှိကောင်းရှိမည်ဖြစ်ရာ .. ယခုကျွန်တော် ပြောပြမည့်ပုံပြင်အမျိုးအစားကို သင်ခန့်မှန်းနိုင်လောက်ပြီ ထင်ပါသည်။
တစ်ခုသောနံနက်ခင်းတွင် ကုမ္ပဏီပိုင်ရှင်က အိပ်ယာမှ နိုးလာသည်။ နိုးလျှင်နိုးချင်း ထိုနေ့သည် သူ့မွေးနေ့ ဖြစ်သည်ကို သူသတိရလိုက်၏။ သူတို့ အနောက်တိုင်းထုံးစံအရ ရုတ်တရက် အံ့သြ၀မ်းသာဖြစ်သွားစေရန် ကျန်သူများက (ကိုယ့်မွေးနေ့ကိုယ် အမှတ်တမဲ့မေ့လျော့နေသော) မွေးနေ့ရှင်ကို အသိမပေးဘဲ ကျိတ်၍ အစီအစဉ်လုပ်ထားပြီး မထင်မှတ်သည့်အခိုက်တွင်မှ ဗြုန်းခနဲလက်ဆောင်ပေးခြင်း (သို့မဟုတ်) ပါတီပေးခြင်း မျိုးလုပ်လေ့ရှိ၏။
ကုမ္ပဏီပိုင်ရှင်ကလည်း ထိုအတိုင်းပင်တွေးမိရာ သူ့ဇနီးနှင့်သားသမီးများ ကျိတ်၍ အစီအစဉ်တစ်ခုခု လုပ်ထား လိမ့်မည်ဟု ထင်မှတ်မိ၏။ ထို့ကြောင့် ... သူက သူ့မွေးနေ့ဖြစ်မှန်း သူမသိချင်ယောင် ဟန် ဆောင်နေလိုက်သည်။
ရေချိုး၊ အ၀တ်အစားလဲ၊ နံနက်စာစားရင်း သူ့ဇနီး၏အမူအရာကိုလည်း တစေ့တစောင်း အကဲခတ်မိ၏။ သူ့ဇနီးက ဘာမှမသိသည့်ပုံပေါ်နေသည်။ နေ့စဉ်လုပ်နေကျ ၀တ္တရားအတိုင်း အေးအေးဆေးဆေးပင်။
တစ်အိမ်လုံးကိုကြည့်သောအခါတွင်လည်း ဘာမှ ထူးထူးခြားခြား ပြင်ဆင်ထားသည်ကိုမတွေ့ရ။ သူ့သမီးများက လည်း မသိ။ သူ့ကို လှည့်၍ပင် ကြည့်ဖော်မရ။ ၀တ်စားပြင်ဆင်ပြီး ကျောင်းသို့ ထွက်သွားကြတော့သည်။
သူက ရေလာမြောင်းပေးသဘောဖြင့် သူ့ဇနီးကို
`ဒီနေ့ ဘာနေ့ပါလိမ့်´ ဟူသောစကားမျိုးဖြင့် အစဖော်ပေးရန် ကြိုးစားကြည့်သေးသည်။ သို့ရာတွင် ... သူ့ဇနီးက သတိမရ။ နောက်ဆုံးတွင် သူကစိတ်ပျက်စွာ လက်လျော့လိုက်ပြီး ရုံးသို့ ထွက်လာခဲ့တော့သည်။
`ရုံးမှာများ ငါ့ဝန်ထမ်းတွေက ငါ့အတွက် မွေးနေ့ကိတ်မုန့်ကြီးပြင်ပြီး ပါတီပေးဖို့ စောင့်နေလေမလား´ ဟူသည့်အတွေးဖြင့် သူစိတ်ကူးယဉ်ပြီး ၀မ်းသာကြည့်လိုက်သေးသည်။ ရုံးတံခါးဝကို သူဖြေညှင်းစွာ တွန်းဖွင့်လိုက်သည်။ သူ့အတွက် လက်ခုတ်သံတွေများ ကြားရမလား။ Happy Birthday to you ... ဟု သံပြိုင်ဆိုလိုက်သော သီချင်းသံကို ကြားရလေမလား။ သူ ရုံးထဲသို့ဝင်လိုက်သည်။ လက်နှိပ်စက်သံ တဖြောက်ဖြောက်မှလွဲ၍ ဘာသံမှမကြားရ။ ဖိုင်တွဲသူကတွဲနေသည်။ လက်နှိပ်စက်ရိုက်သူက ရိုက်နေသည်။ ခါတိုင်း သာမန်နေ့ရက်များအတိုင်းပင် အလုပ်ရှုပ်နေကြသည်ကို တွေ့လိုက်ရသောကြောင့် သူစိတ်ပျက်သွား၏။
နောက်ဆုံး ... သူ့ကုမ္ပဏီဥက္ကဋ္ဌအခန်းကလေးထဲ ရောက်သောအခါတွင်မှ သူ့အတွင်းရေးမှူးမကလေးက ... `ဆရာ .. ဒီနေ့ ဆရာ့မွေးနေ့လေ ဆရာ´ သူဝမ်းသာသွား၏။ ငါ့မွေးနေ့ကို အမှတ်ရတာ ဒီကောင်မလေးတစ် ယောက်ပဲ ရှိတယ် .. ဟု သူကြည်နူးစွာတွေးလိုက်သည်။ အတွင်းရေးမှူးမလေးက ... `ဆရာ့မွေးနေ့အတွက် ကျွန်မ အထူးအစီအစဉ် လုပ်ထားတယ်ဆရာ´ ထိုစကားကို ကြားရသောအခါတွင်မှ အတွင်းရေးမှူးမလေးကို သူ အသေအချာကြည့်ဖြစ်သည်။ ကောင်မလေးက ဒီနေ့ကျမှ ရုံးယူနီဖောင်းဝတ်မထား။ အင်္ကျီကျပ်ကျပ်နှင့် ပါးလွှာသောဂါဝန် တိုနှံ့နှံ့လေးကိုသာ ၀တ်ထားသည်။
ကောင်မလေးက သူ့ကိုအဓိပ္ပါယ်ရှိစွာ ပြုံးပြီး စိုက်ကြည့်နေ၏။ သူတစ်ခုခုကို နားလည်သလိုလို ခံစားလာ ရသည်။ ကောင်မလေး၏ ဂါဝန်တိုတိုလေးကို ထပ်ကြည့်မိပြန်၏။
အတွင်းရေးမှူးမလေးက .. `ကျွန်မနေတဲ့အခန်းကို ဆရာ့ကို တစ်ခါမှခေါ်မသွားဖူးဘူးနော်၊ ဒီနေ့တော့ ဆရာလိုက်ခဲ့ပေတော့´
`ကောင်းပြီလေ၊ သွားကြတာပေါ့´ ကုမ္ပဏီပိုင်ရှင်က အတွင်းရေးမှူးမလေးပြောသော `အထူးအစီအစဉ်´ကို အဓိပ္ပါယ်ဖွင့်ကြည့်လိုက်ပြီး စိတ်ထဲတွင်ကျိတ်၍ ပျော်နေမိသည်။
ကောင်မလေးရဲ့အခန်းကို လိုက်သွား ...
အင်း ... ၊ ပြီးတော့ ... ၊
အနမ်းတွေဝေကြမည်။ ပြီးလျှင်တော့ ... ၊
ကောင်မလေး၏တိုက်ခန်းသို့ သူတို့နှစ်ယောက်ရောက်လာကြသည်။ အခန်းထဲဝင်လိုက်သောအခါ မှောင်မိုက်နေ ၏။
`ဆရာ ... ဧည့်ခန်းထဲမှာ ခဏထိုင်ဦးနော်၊ မီးမဖွင့်နဲ့သိလား၊ ကျွန်မအ၀တ်အစား သွားလဲမလို့´
ကောင်မလေးအိပ်ခန်းထဲပြေးဝင်သွား၏။ ကုမ္ပဏီဥက္ကဋ္ဌကတော့ ဧည့်ခန်းထဲရှိ ဆိုဖာရှည်ပေါ်တွင်ထိုင်ရင်း သူမနှင့်နှစ်ကိုယ်တူ ချစ်ရည်လူးဖို့ ရည်ရွယ်ကာ မှောင်ထဲမှာပင် သူ့အ၀တ်အစားအားလုံးကို ချွတ်ပြီး ကြမ်းပြင်ပေါ် ပုံချထားလိုက်သည်။ နောက် ... ဆိုဖာရှည်ပေါ်တွင် လဲလျောင်းရင်း ကောင်မလေးထွက်အလာကို စောင့်နေ၏။ ထိုအခိုက်တွင် ... လက်ခုပ်သံများကို ရုတ်တရက် ကြားလိုက်ရသည်။ ဗြုံးခနဲ အခန်းထဲရှိမီးများ ထိန်ထိန်လင်းသွား၏။ အိမ်ခန်းတွင်းမှ သူ့ဇနီး၊ သားသမီးများနှင့် ရုံးဝန်ထမ်းများအားလုံးက Happy Birthday to you ... ဟု သီချင်းသံပြိုင်ဆိုကာ ဧည့်ခန်းဆီ ပြေးထွက်လာကြလေသည်။
သူကတော့ ... မီးရောင်အောက်၊ ဆိုဖာပေါ်တွင် ... အ၀တ်ဗလာနှင့်။

ထိုဟာသလေးကို ဖတ်ပြီး ကျွန်တော် ရယ်မောမိပါသည်။ နောက်ဆုံးတော့ ... သူ့စိတ်ကူး အကောင်အထည်ပေါ် တာပဲ မဟုတ်ဘူးလား ... ဟု တွေးမိ၏။ သူက ... သူ့ဇနီး (သို့မဟုတ်) သားသမီးများ (သို့မဟုတ်) ရုံးဝန်ထမ်းများအနေဖြင့် သူ့မွေးနေ့ကို အံ့သြစရာတစ်ခုခု ဖန်တီးကျင်းပပေးစေချင်သော ဆန္ဒရှိသည်။ နောက်ဆုံး ... သူ့ဆန္ဒအတိုင်းဖြစ်လာသည်။
သို့ရာတွင် လမ်းခုလတ်တွင် အကွေ့ကောက်ကလေးများ ဖြစ်သွားခဲ့၏။ ထို့ကြောင့်သာ ကျွန်တော်တို့ ရယ်မောမိကြခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့၏ စိတ်ကူးများ ဆန္ဒများကကော။ ကျွန်တော်တို့၏ စိတ်ကူးများ အကောင်အထည်ပေါ်လာသည်ဆိုစေကာမူ ထိုသို့ အကွေ့အကောက်များနှင့်ဆိုလျှင် ရယ်မောနိုင် စွမ်း ရှိမှရှိပါ့မလား ... ဟုတွေးမိ၏။ (အောင်နိုင်သူတစ်ယောက်ဖြစ်ရခြင်းမှာလည်း ဘာမှ အဓိပ္ပါယ်ရှိတော့မည် မဟုတ်သည်မှာ သေချာပါသည်။) လူ့ဘ၀ဆိုသည်ကလည်း မမျှော်လင့်ထားသော အကွေ့အကောက်များဖြင့် ခဏခဏ ကြုံရတတ်သည် မဟုတ်လား။
ကျွန်တော့ မိတ်ဆွေတစ်ယောက်က မေးဖူး၏။
`မမျှော်လင့်ထားတာတွေ ဖြစ်လာတတ်တာကို ဘယ်လိုရှောင်လွှဲရနိုင်မလဲ´
`ဘာကိုမှ မျှော်လင့်မထားနဲ့ပေါ့´ ဟု ကျွန်တော်ပြန်ဖြေလိုက်ပါသည်။

**************** ပြီးပါပြီ ****************

ကျွန်တော် တောင့်တခဲ့ဖူးတဲ့ ဆန္ဒမှန်သမျှ ပြည့်ခဲ့တာချည်းပါပဲ။ ဒါကို ဂုဏ်ယူစရာအနေနဲ့ ပြောလိုက်တာမ ဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အပေါ်ကပုံပြင်ထဲကလိုပဲ။ ကုမ္ပဏီပိုင်ရှင်လို ကမောက်ကမတွေနဲ့ အောင်မြင်ခဲ့ တာများပါတယ်။ ဒီတော့ ဂုဏ်ယူစရာလို့တောင် မထင်မိဘူး။ ဒီပုံပြင်ကို ဖတ်ရပြီး စဉ်းစားမိတိုင်း ရယ်လိုက် မိတယ်။ ဆန္ဒတစ်ခု ပြည့်စုံဖို့ ဘယ်လောက်အရေးပါသလဲ။ အောင်မြင်ဖို့ကော ဘယ်လောက်အရေးပါသလဲ။ ဒီထက်ဂုဏ်သိက္ခာဆိုတာကော ဘယ်လောက်အရေးပါသလဲ။ ဒီမေးခွန်းတွေအတွက် အခုထိ အဖြေမရသေးပါဘူး။ ကူပြီးဖြေပေးကြပါဦးဗျာ .....